လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

ကျွန်တော်တို့ ဖြူစင်ခဲ့ကြပါသည်။ အစွန်းအထင်း ကင်းခဲ့ကြပါသည်။ ကျွန်တော်တို့ အကြား ချည်နှောင်ထားခဲ့သော နှောင်ကြိုးသည် မှဲ့တစ်ပေါက်မစွန်းဘဲ ဖြူစင်ရှင်းသန့်နေခဲ့သည်ကို အခြားသူများ ကောင်းစွာ အသိအမှတ်ပြု လက်ခံထားခဲ့ကြပါသည်။ ဤသို့လျှင် ကျွန်တော် သူမကို ဖြူစင်စွာ ချစ်ခဲ့သည်။ သို့မဟုတ် သူမကို ချစ်သော ကျွန်တော်၏အချစ်သည် ဖြူစင်ရှင်းသန့်သည်ဟု အခြားသူများက မြင်တွေ့လက်ခံနိုင်ခဲ့ကြပါသည်။ ဤသို့ ကျွန်တော်နှင့် သူမအပေါ် အများ၏ ရှုမြင်ထားချက်သည် မှန်ကန်သည်ဟု သက်သေပြရန်၊ သို့မဟုတ် ကျွန်တော်တို့သည် အဖြူစစ်စစ်ဖြစ်ကြောင်း သက်သေပြရန် တစ်ကြိမ်တစ်ခါက ကျွန်တော် အားထုတ်ခဲ့ဖူးပါသည်။

မျက်စိ၊ နား၊ နှာခေါင်းစသည့် ရုပ်ပိုင်းဆိုင်ရာ အာရုံခံအင်္ဂါများမှ ခံစားနိုင်သော နယ်ပယ်အ၀န်းအ၀ိုင်းအတွင်း ကျွန်တော် သူမအပေါ် ဖြူစင်ခဲ့ပါသည်။ ထိုသို့ အများလက်ခံသလို သူမလည်း သံသယကင်းစွာ လက်ခံခဲ့သည်။ သို့သော် လူအများ မြင်ကွင်းမှ ပုန်းလျှိုးနေသည့်၊ ရုပ်ပိုင်း အာရုံခံအင်္ဂါများမှ လောင်းရိပ်မိနေသည့် ကျယ်ပြန့်လှသော မနောကံဖြင့် သူမအပေါ် ကျွန်တော် ပြစ်မှားလွန်ကျူးမိသမျှတို့ကို မည်သူမျှ တရေးတယူ ထည့်တွက်ခြင်းမပြုဘဲ လျစ်လျူရှုထားနိုင်ခြင်းနှင့် ဖြူစင်ခြင်းဟူသော စကားလုံးကို စိုးစဉ်းမျှ အငြင်းမပွားကြခြင်းအပေါ် ကျွန်တော် အနည်းငယ် အံ့အားသင့်မိရသည်။ ထိုထက် သူမကိုယ်တိုင်က ကျွန်တော်၏ ဖြူစင်မှုအပေါ် မေးခွန်းမထုတ်သည်သာမက နှစ်နှစ်ကာကာ ယုံကြည်ပါသည်ဟု ကျွန်တော်သိသာစေရန် ပြသခဲ့ခြင်းများနှင့် ပတ်သက်၍ နားလည်နိုင်ရန် ကျွန်တော်၏ အသိဉာဏ်က မလုံမလောက်ဖြစ်နေခဲ့ရသည်။ တစ်နေ့သော် ကျွန်တော်၏ သူမအပေါ် မနောကံဖြင့် ပြစ်မှားလွန်ကျူးမိသမျှတို့ကို သူမအား အသိပေးရန် ကျွန်တော်ကြိုးစား ကြည့်မိခဲ့ပါသည်။ ဤသို့ ၀န်ခံခြင်းအားဖြင့်သာ စစ်မှန်သော ဖြူစင်မှုကို ကျွန်တော်ရရှိနိုင်လိမ့်မည်ဟု ယုံကြည်မိသည်။ ဤနည်းအားဖြင့်သာ ကျွန်တော်၏ ဖြူစင်မှုကို ကျွန်တော်ကိုယ်တိုင် လက်မထောင်နိုင်ပေလိမ့်မည်။

သူမနှင့် ကျွန်တော့်ကြားရှိ တစ်ခုတည်းသော ကြားခံဆက်သွယ်ချက်မှာ ဘာသာစကားသာ ဖြစ်သည့်အတွက် ကျွန်တော်၏ မနောကံမှ ပုံရိပ်များကို ဘာသာစကားအားဖြင့် ဖမ်းယူပုံဖော်နိုင်ရန် ကျွန်တော် အားထုတ်မိခဲ့သည်။ သူမအပေါ် ကျွန်တော်ထားရှိခဲ့သည့် စိတ်ကူးအတွေးထည်များအား ဘာသာစကားဖြင့် တည်ဆောက်လိုက်မိသည်နှင့် တစ်ပြိုင်နက် ကျွန်တော်ကိုယ်တိုင်ပင် ပြန်လည်ဖတ်ရှုရန် မ၀ံ့မရဲဖြစ်ရသည့် စကားလုံးများနှင့်၊ ၀ါကျအချို့ကို ကျွန်တော် ဖန်တီးလိုက်မိသည်။ ကျွန်တော်၏ မနောကံမှ သူမအပေါ် လွန်ကျူးခဲ့သည်များကို ဘာသာစကားအားဖြင့် ဘယ်တော့မျှ အပြည့်အ၀ ဖော်ထုတ်နိုင်မည် မဟုတ်မှန်း ကျွန်တော် ၀မ်းနည်းစွာ သိရှိခဲ့ရပါသည်။ များပြားလွန်းသဖြင့် ကျွန်တော်ကိုယ်တိုင် အပြည့်အ၀ ပြန်လည် မမှတ်မိခြင်းကြောင့်သော်လည်းကောင်း၊ စိတ်ကူးထည်မှ ဘာသာစကားသို့ အသွင်ကူးပြောင်းရာတွင် မလိုလားအပ်ဘဲ ၀င်ရောက်လာသော အကျည်းတန်မှုကို ရင်ဆိုင်ရန် ကျွန်တော်၏ ရဲစွမ်းသတ္တိ မလုံလောက်မှုကြောင့်သော်လည်းကောင်း ကျွန်တော်၏ မနောကံမှ ဖမ်းဆုပ်မရသည့် အရှိတရားအချို့ကို သူမထံသို့ ရိုးသားဖြူစင်စွာ ဖွင့်လှစ်ပြသရန် ဘယ်တော့မျှ ဖြစ်နိုင်တော့မည် မဟုတ်ပေ။ သူမနှင့် ကျွန်တော်ကိုယ်တိုင်တို့၏ ထင်ရှားသည့်အမှတ်အသားမရှိသော ဂုဏ်သိက္ခာဆိုသည့် စိတ္တဇနာမ်အား မလွန်ဆန်နိုင်စွာ လေးစားနေရခြင်းအားဖြင့် ကျွန်တော်၏ ဖြူစင်မှုမှာ အများတကာ၏ အမြင်အတွက်သာ ဖြစ်ခဲ့ရပြီး ကျွန်တော်ကိုယ်တိုင်အတွက် မဟုတ်ဟု ချောင်ထဲက ခွေးလေးတစ်ကောင်လို နားလည်ခဲ့ရသည်။ ဤသို့လျှင် ကျွန်တော်၏ ရိုးသားဖြူစင်မှုကို ကျွန်တော်ကိုယ်တိုင် အသိအမှတ်ပြုနိုင်ရန် ကြိုးစားနေခဲ့မှုမှာ အချည်းအနှီးဖြစ်ခဲ့ရပါသည်။ ဤနည်းအားဖြင့် ကျွန်တော်၏ မနောကံမှ သူမအပေါ် ပြစ်မှားလွန်ကျူးမိသမျှတို့သည် သူမအား စိုးစဉ်းမျှ ထိခိုက်မှုမရှိစေဘဲ ကျွန်တော့်တစ်ဦးတည်း အပေါ်သို့သာ ကွက်၍ နှိပ်စက်ညှင်းဆဲနေခဲ့ပါသည်။

စိတ်ကူးအတွေးထည်များအား သူမနှင့် ကျွန်တော့်ကြား ကူးလူးဆက်သွယ်စေရန် တစ်ခုတည်းသော ကြားခံနယ်မှာ ဘာသာစကားသာ ဖြစ်ခဲ့သည့်အတွက်မူ ကူကယ်ရာမဲ့နေသူတစ်ဦးပမာ ကျွန်တော် ခံစားနေရသည်။ ကျွန်တော့်မျက်စိမှ မြင်တွေ့ရသော သူမ၏ သိမ်မွေ့သော ကောက်ကြောင်းများ၊ သူမ၏ ကိုယ်သင်းရနံ့၊ ကျွန်တော် (ယနေ့ထိ) ကိုင်တွယ်မကြည့်ခဲ့ဖူးသော်လည်း နူးညံ့မည်ဟု ယုံကြည်ရသည့် သူမ၏ လက်ချောင်းလေးများ၊ သူမ၏ ဟက်ဟက်ပက်ပက် ရယ်မောသံအချို့။ ဤသို့ သူမ၏ အနက်အဓိပ္ပာယ်ကို မည်သို့မျှ ဖော်ညွှန်းနိုင်ခြင်းမရှိသည့် အာရုံများမှအပ သူမနှင့် ကျွန်တော့်ကြား နီးစပ်စွာ ဆက်သွယ်ပေးသည့် တစ်ခုတည်းသော အရာမှာ ဘာသာစကားဖြစ်ခဲ့သည့်အတွက် လူမြင်မခံဝံ့လောက်သည့် ဘာသာစကား၏ အကျည်းတန်မှုကို ရှာဖွေတွေ့ရှိရသောအခါ ကျွန်တော် ကြေကွဲရပါသည်။ ၎င်းအား ဘာသာစကား၏ အကျည်းတန်မှုမဟုတ်ဘဲ ကျွန်တော့်စိတ်ကူးထည်များ၏ ညစ်ညမ်းမှုသာဖြစ်သည်ဟု တစ်စုံတစ်ယောက်က ဆင်ခြေကန်မည်ဆိုသော် ကျွန်တော်က ပြတ်ပြတ်သားသား ငြင်းရပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏ မနောကံအတွင်းမှ သူမနှင့်ပတ်သက်သည့် စိတ်ကူးထည်များအပေါ် ကျွန်တော့်အနေဖြင့် ဘယ်တုန်းကမျှ မအီမသာနှင့် အပြစ်မကင်းစိတ်ကို စိုးစဉ်းမျှ မခံစားခဲ့ရဖူးသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်နှင့် သူမကြားရှိ စေတမန်မှာ ရုန်းရင်းကြမ်းတမ်းလှသည့်အတွက် ကျွန်တော် သူမအပေါ် မနောကံဖြင့် ပြစ်မှားလွန်ကျူးမိသမျှတို့ကို ၀န်ခံနိုင်ရန် အခွင့်အလမ်းမှာ ကွယ်ပျောက်သွားခဲ့ရပါပြီ။ သူမနှင့်ပတ်သက်၍ ကျွန်တော်သည် ကျွန်တော်ကိုယ်တိုင်၏ အမြင်တွင် မည်သည့်အခါမျှ ရိုးသားသူတစ်ဦးအဖြစ် ရပ်တည်နေနိုင်တော့မည် မဟုတ်ကြောင်း ကျွန်တော် သဘောပေါက်ခဲ့ရပါပြီ။

ယခုထိ ကျွန်တော်နှင့်သူမသည် ဖြူစင်နေဆဲ ရှိပါသည်။ အစွန်းအထင်း ကင်းဆဲရှိပါသည်။ မှဲ့တစ်ပေါက်မစွန်းသော ဆက်ဆံရေးနှင့် ကြည်လင်ရှင်းသန့်နေသည့် ရိုးသားမှုကို အများမြင်နိုင်ကြပါသည်။ ဆယ်ကျော်သက်အရွယ်များ အငမ်းမရ ဖတ်ရှုလေ့ရှိတတ်သည့် ရေးလက်စ မှင်ပြာပြာဝါကျအချို့ပါ စာရွက်လေးအား ကျွန်တော် လုံးချေပစ်လိုက်သည်။ ထို့နောက် စိတ်ပါလက်ပါ မီးရှို့နေလိုက်သည်။ သေးသွယ်သည့် အဆိုပါမီးတောက်လေးတွင် ကျွန်တော်၏ ရိုးသားဖြူစင်မှုတို့သည် လောင်ကျွမ်းပြာကျနေခဲ့သည့်အကြောင်း ကျွန်တော်တစ်ယောက်ထဲသာ သိခဲ့သည်ဟု တွေးမိသဖြင့် ခပ်ရေးရေး ပြုံးမိလိုက်သည်။ ကျွန်တော် သူမကို ချစ်ပါသည်။

◄ တေဇာ ►

1 comments:

Anonymous said...

ကျွန်တော် သူမကို ချစ်ပါသည်။
ခပ်ရေးရေး ပြုံးမိပါလိုက်သည်။ ............
:)

Post a Comment