[ တစ် ]
သူ ကားဂိတ်သို့ရောက်ချိန်တွင် နေက အစွမ်းကုန် ပူလောင်နေပြီ။ နံနက် ဆယ်နာရီ ထိုးတော့မည်။ ခါတိုင်းလည်း အတော်အတန် နောက်ကျတတ်သည်သာ ဖြစ်သော်လည်း ယနေ့တွင်မူ ခါတိုင်းထက် ပိုသည်။ အထိန်းမကွပ် မရှိသော တနင်္ဂနွေနေ့၏ ရေချိန်တို့က ယနေ့မနက်အထိပါ သူ့ကို လိုက်ပါထိုးနှက်နေသည်။ အိပ်ယာမှ ကိုးနာရီခွဲမှ နိုးလာခဲ့သည်။ အမှန်တော့ ထိုအချိန်ကျမှ ထလာနိုင်ခြင်းသာ ဖြစ်သည်။ နိုးနေပြီးဖြစ်သော်လည်း ခေါင်းက တစစ်စစ် ကိုက်နေသဖြင့် အသာ မှိန်းနေပြီး နောက်ထပ် အချိန်ဆွဲရန် မဖြစ်နိုင်တော့သည့် နောက်ဆုံးမိနစ်တွင်မှ အိပ်ယာမှ ထခဲ့ခြင်းဖြစ်သည်။ ရေချိုးရန် အချိန်မရှိတော့။ ညစ်ပတ်ပြီး စေးကပ်နေသည့် ကိုယ်ခန္ဓာပေါ်သို့ အမေ အသေအချာ လျှော်ဖွပ်ထားသည့် အ၀တ်အစား သန့်သန့်လေးကို ၀တ်ဆင်လိုက်သည်။ ထုံးစံအတိုင်း ကားဂိတ်တွင် ဘ၀၏နာရီအချို့ကို အရစ်ကျ ပေးသွင်းရပေဦးမည်။
ရုံးတွင် မန်နေဂျာအားရင်ဆိုင်ရမည့် ရာသီဥတုကိုတွေးရင်း စိတ်တွင်းမှ သူ တစ်ချက်ညည်းညူ လိုက်မိသည်။ ဖြစ်နိုင်လျှင် အိမ်ပြန်ပြီးသာ အိပ်ပစ်လိုက်ချင်သည်။ သို့သော် မဖြစ်နိုင်လို့ ကားဂိတ်အထိ ရောက်နေခဲ့ပြီပဲ။ သူ့မျက်နှာသည် တစ်လောကလုံးအား ရန်သူသဖွယ် သတ်မှတ်ထားသည့် အခြေအနေမျိုး ပုံဆိုးပန်းဆိုး ဖြစ်နေသည်။ သို့သော် နောက်ပြဿနာ နောက်မှရှင်း၊ လောလောဆယ် ကားမြန်မြန်လာဖို့ ကိစ္စက ပိုအရေးကြီးနေသေးသည်။ ပုံမှန်ရုံးတက်ချိန် ကျော်လွန်ခဲ့ပြီဖြစ်၍ လိုင်းကားများက အလာကျဲသွားသည်။ ကားဂိတ်တွင် လူလည်း ရှင်းနေပြီ။ သို့သော် သူတစ်ယောက်တည်း စောင့်နေသည်တော့ မဟုတ်။ သူက ခေါင်းထဲမှ ခြောက်ခြားမွမ်းကြပ်နေသည့် အတွေးများကို အချိုသတ်၍ ခေတ္တမောင်းထုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်မိသည်။ ကားဂိတ်ခုံတန်းလျား ရှေ့တွင် ကောင်မလေးတစ်ယောက် ရပ်နေသည်။ ကာလအတန်ကြာ ကင်းကွာနေသော စိတ်လှုပ်ရှားမှုတစ်ခုသည် ရုတ်ချည်း သူထံ ပူးကပ်လာသလို ခံစားလိုက်ရသည်။ ကောင်မလေးက လှသည်။
အပေါစားအချစ်ဝတ္ထုများထဲမှ ဇာတ်လိုက်မင်းသမီးတွေလိုပင် ကောင်မလေးက သာမန်ထက် လွန်လွန်ကဲကဲ လှနေသည်ဟု သူ့စိတ်ထဲမှ ထင်မိသည်။ ထမီအပြာနုရောင်နှင့် အင်္ကျီအဖြူလေးကို ခပ်ရိုးရိုး ၀တ်ဆင်ထားသည်။ အသားက ဖြူဝင်းနေသည်။ အလှတရားအား အသိအမှတ်ပြုရန် ဂျစ်ကန်ကန်နိုင်ခဲ့သော သူ့စိတ်က အခုတော့ ကောင်မလေး၏ ခန္ဓာကိုယ်အနှံ့အပြား ခိုးချောင်ခိုးဝှက် မကြာခဏ ရစ်ဝဲနေမိသည်။ ကိုယ်လုံးကိုယ်ပေါက် အတော်လှသည်ဟု စိတ်ထဲမှကျိတ်၍ မှတ်ချက်ချလိုက်သည်။ စိတ်ညစ်နေသည်များကို အာရုံလွှဲသည့်အနေဖြင့် သူက အလှတရားကို မသိမသာ ခံစားနေလိုက်မိသည်။ မြင်မြင်ချင်း အချစ်တွေ ဘာတွေအကြောင်း သူ မစဉ်းခဲ့ဖူးသော်လည်း မြင်မြင်ချင်း ချစ်ချင်စရာ ကောင်းသည်ကိုတော့ အသိအမှတ်ပြု လိုက်ရသည်။ ဆုတောင်း မပြည့်တတ်သည့် ဇာတာအတိုင်း မလာစေချင်တော့မှ ကားတစ်စီးက ထိုးဆိုက်လာသည်။ ကားက သူစီးရမည့် မြို့ထဲသို့ရောက်သည့် ကားမဟုတ်။ ဗိုက်ပူဟုခေါ်သော ချက်ပလက်ကားစုတ်ကြီး တစ်စင်းသာ ဖြစ်သည်။ သူ အသာလေးနောက်ချန်ပြီး အကဲခတ်နေလိုက်သည်။ ကောင်မလေးက ခပ်အေးအေးပင် ကားပေါ်သို့ တက်သွားသည်။ ဤတစ်ကြိမ်တွင် ကောင်မလေး၏ နောက်ပိုင်းကို သူ ရဲရဲတင်းတင်း တစ်ချက်ငေးကြည့်လိုက်သည်။ ထို့နောက်တွင် မစဉ်းစားဘဲ ချလိုက်မိသော ဆုံးဖြတ်ချက်ဖြင့် သူကိုယ်တိုင် ထိုကားပေါ်တက်စီး မိရက်သား ဖြစ်နေကြောင်း သူ့ကိုယ်သူ တွေ့လိုက်ရတော့သည်။ စိတ်တွင်းမှ ရှေ့လမ်းဆုံရောက်လျှင် မြို့ထဲသွားသည့်ကား ပေါ သွားသဖြင့် ကားပြောင်းစီးနိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ဆင်ခြေကန်နေမိသည်။
ကားက လူချောင်သည့်အပြင် သူက အချက်အချာကျသည့် နေရာတွင် ယူလိုက်သဖြင့် ကောင်မလေးနှင့် အကြည့်ချင်းဆုံနိုင်လောက်အောင် လမ်းကြောင်းသင့်သည်။ မန်နေဂျာ၏ ဒေါသအား သူမေ့လျော့စ ပြုနေပြီ။ ရင်တလှပ်လှပ် ဖြစ်နေခြင်းက ညကအရှိန်ကြောင့်လား သူမကြောင့်လား မကွဲပြားနိုင်အောင် ဖြစ်နေခဲ့ပြီ။ တစ်ကြိမ်နှစ်ကြိမ်ခန့် အကြည့်ချင်းဆုံချိန်တွင် ကောင်မလေး၏ ပင်ကိုယ်မျက်နှာထားက ပြုံးပြုံးလေးဖြစ်သည့်တိုင် သူ့မျက်နှာက ခပ်တည်တည်ပင် ရှိနေသေးသည်။ ကိုယ့်နှင့်မသိပါဘဲနှင့် ခုမှတွေ့ဖူးသည့် တစိမ်းမိန်းကလေး တစ်ယောက်အား ပြုံးဖြီးဖြီး လုပ်ပြလောက်ရအောင်လည်း သူ အရှက်မနည်းသေး။ စိတ်လိုက်မာန်ပါ ပြုံးပြလိုက်ချင်သည့် စိတ်ကို မနည်းထိန်းထားလိုက်ရသည်။ သို့နှင့် ကားပြောင်းစီးရမည့် လမ်းဆုံအား အတော်ကျော်လာခဲ့သည့်တိုင် သူ ကားပေါ်မှ မဆင်းဖြစ်သေး။ ခံစားချက်သည် လက်တွေ့အပြုအမူတို့ကို ပေါ်ပေါက်စေရန် တွန်းအားပေးသည်။ မိမိခံစားချက်အား သစ္စာရှိသည့်အနေဖြင့် ဤကိစ္စအတွက် သူက မည်သို့ ဆက်လက်လှုပ်ရှားရမည်လဲ။ လောလောဆယ်တွင် အဖြေတစ်ခု သူ မပေးနိုင်သေး။ မှတ်တိုင်တစ်ခုသို့ အရပ်တွင် ကောင်မလေးက ကားပေါ်မှ ရုတ်တရက် ဆင်းသွားလေသည်။ ဤတစ်ကြိမ်တွင်လည်း ဆင်ခြင်တုံတရားကြောင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ သူလည်း ကားပေါ်မှ ဆင်းပြီးသားဖြစ်နေကြောင်း သူ့ကိုယ်သူ တွေ့လိုက်ရပြန်သည်။ နောက်ယောက်ခံလိုက်နိုင်ဖို့ ကောင်မလေးကို ခြေလှမ်းအနည်းငယ် အကျောပေးလိုက်သည်။ ခဏအကြာတွင် လမ်းတစ်ဘက်သို့ ချိုးကွေ့ပြီး ကောင်မလေး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ သူ့ခြေလှမ်းများကို စတင်လိုက်သည်။ သူကိုယ်တိုင် ကောင်မလေး ချိုးသွားသည့် လမ်းဆုံသို့ရောက်ချိန်တွင် ကောင်မလေးကို အရိပ်အယောင်မျှ မတွေ့ရတော့။ မြို့သစ်၏ မိန်းလမ်းမကြီးပေါ်တွင်ပင် လူသူကင်းရှင်းနေသည်။ သူရှေ့သို့ အနည်းငယ် ဆက်လျှောက်လိုက်သည်။ ထို့နောက် နောက်ပြန်လှည့်လာလိုက်သည်။ လိုချင်သည့်အချက်ကို သူ တွေးဆ၍ ရခဲ့ပြီ။ အလုပ်သို့ အမြန်ဆုံးဆက်သွားဖို့သာ လိုတော့သည်။ လမ်းတစ်ဘက်တွင် ပြန်ကြားရေးရုံးရှိသည်။ ကောင်မလေးဝတ်ထားသော ၀တ်စုံနှင့် လမ်းပေါ်တွေ့ရသည့် ရုံး၊ အချက်အလက်များကို စိတ်ထဲတွင် ဆက်စပ်ပုံဖော်ပြီး သူကျေနပ်သွားသည်။ မျက်စိနှင့်တပ်အပ်မမြင်လိုက်ရသည့်အတွက် သူ မည်သို့မျှ စနိုးစနောင့် မဖြစ်မိ။ သူတွေ့ဖူးခဲ့သမျှ အစိုးရ၀န်ထမ်းတွေနဲ့များ ကွာပါ့ဟု မလိုတမာတွေးမိလိုက် သေးသည်။ မကြာမီပင် မြို့ထဲသို့ဦးတည်မောင်းနှင်နေသည့် လိုင်းကားတစ်စီးပေါ်တွင် ထိုင်စရာနေရာတကျနှင့် ဣနြေ္ဒရစွာ သူ လိုက်ပါလာခဲ့သည်။
§ § § § §
ကုမ္ပဏီဝန်ထမ်းတစ်ဦးအတွက် မရှောင်လွှဲနိုင်သည့်အရာမှာ စိတ်ဖိစီးမှုပင်ဖြစ်သည်။ လစာအတော်အတန် ကောင်းသည်ဟု ဆိုနိုင်သော အလုပ်တစ်ခုတွင် ၀င်ရောက်ခွင့်ရခဲ့ပြီး နှစ်အတန်ကြာတွင် သူအရက်ကို ပုံမှန်သောက်ဖြစ်လာသည်။ စိတ်ဖိစီးမှုများအတွက် ထွက်ပေါက်ရှာသည်ဟု အတိအလင်းဆိုနိုင်မည် မဟုတ်ကြောင်း သူ သိသည်။ သို့ရာတွင် ဤသည်မှာလည်း အကျိုးတစ်ခုဖြစ်စေသည့် အကြောင်းပေါင်းများစွာ ထဲမှ တစ်ချက်သာ ဖြစ်ပေမည်။ သူကိုယ်တိုင်က အရက်ကို ခုံမင်နေခြင်းက ပိုမိုထင်ရှားသည့် အချက်ဖြစ်လိမ့်မည်ဟု သူ ၀န်ခံနိုင်ပါသည်။ အဆိုးကျော့သံသရာဟူသော စကားလုံးကို သူတွေးမိလိုက်သည်။ စိတ်ညစ်လို့သောက် သောက်လို့ စိတ်ပိုညစ်၊ ဤစက်ဝိုင်းအတွင်း နှစ်အတန်ကြာ ကျင်လည်ခဲ့ပြီးနောက်တွင် တီဗီမှပြသည့် ပညာပေးဇာတ်လမ်းများထဲမှလို အောင်မြင်စွာ ရုန်းထွက်နိုင်ရန် မလွယ်ကူလှကြောင်း သူ ကောင်းကောင်း သဘောပေါက်ခဲ့ရသည်။ ကိုယ်ရည်ကိုယ်သွေး အားနည်းချက်များ ရှိသည့်တိုင် ရေစီးသန်သော ချောင်းအတွင်း စိတ်ကြိုက်ကူးခတ်နိုင်သည်ဟု ပြောသကဲ့သို့ နာကျည်းဖွယ် လွတ်လပ်မှုကို သူ လေးလေးနက်နက် သိရှိလာခဲ့ရသည်။ စင်စစ်သူသည် ရေကူးမသန်သော လူတစ်ဦးသာ ဖြစ်ပေမည်။ သို့ရာတွင် ရေစီးသည် သန်လွန်းသည်ဟုလည်း တစ်ပြိုင်နက် ယူဆမိပြန်သည်။
သူ့အတွက် ဖြေသာဖွယ်တစ်ချက်မှာ လကုန်လျှင် အမေ့ကို ပြန်ပေးနိုင်သည့် ငွေစကြေးစ အချို့သာ ဖြစ်သည်။ ဤသည်ကပင် သူ့ဘ၀၏ အရစ်ကျ တိုက်စားခံနေရမှုများကို တစ်ခါတစ်ရံတွင် သူကိုယ်တိုင် ဂုဏ်ယူမိစေသည်။ မူးယစ်ရီဝေနေသည့် ညပေါင်းများစွာတွင် သူ အိမ်ပြန်နောက်ကျခဲ့ခြင်းများအား အမေကိုယ်တိုင် အသားကျနေခဲ့ပြီ။ ငွေကြေးရှာဖွေနိုင်သည့် ငယ်ငယ်ရွယ်ရွယ် သားတစ်ယောက်အနေဖြင့် အမေ့ဆုံးမစကားတို့အား လျစ်လျူရှုထားခဲ့ခြင်းဟုတော့ သူက သူ့ကိုယ်သူ မယူဆပါ။ သူကိုယ်တိုင်၏ ဆုံးဖြတ်ချက်အရသာ သူအရက်သောက်နေခြင်းဟု သူက ခေါင်းမာစွာ ခံယူထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ အမေနှင့် သူ့အကြားတွင် နားလည်မှုနှင့် မေတ္တာသာ ရှိခဲ့သည်။ အလုပ်တွင် အချိန်မလေးစားသော ၀န်ထမ်းကောင်းတစ်ဦးဖြစ်သည့် သူသည် အိမ်တွင်လည်း နာလည်မှုကြီးမားသည့် သားဆိုး တစ်ယောက်ပမာသာ ဖြစ်ခဲ့ပေလိမ့်မည်။
§ § § § §
ကျဲတောက်နေသည့် နေရောင်ခြည်အောက်တွင် ဘီအမ်ကားက ငြီးငွေ့စွာ မောင်းနေဆဲဖြစ်သည်။ သက်တောင့်သက်သာ ထိုင်ရက်သားလိုက်ပါလာသော်လည်း သူ အတော် ပင်ပန်းနေသည်။ အစွန်းရောက်အောင် လွန်ခဲ့သည့် ရေချိန်နှင့် ဗိုက်ထဲတွင် အစာလည်း လုံးဝမရှိသေး။ အာခေါင်တွေခြောက်ပြီး ရေဆာလာသည်။ ရုံးတွင် သူ့အား အလုံးအရင်းနှင့်စောင့်နေကြမည့် အလုပ်များကို တွေးမိသောအခါ သူ အလိုလို ခေါင်းရမ်းမိသွားသည်။ သူ့တွင် ထိုအလုပ်များကို ယနေ့လုပ်နိုင်စရာ အားအင်မရှိတော့။ ပြီးတော့ ယခု သူ့ခေါင်းထဲတွင် ထမီပြာပြာနှင့် ကောင်မလေး ရောက်နေသည်။ ချစ်ခြင်းတရား၏ သေနင်္ဂဗျူဟာတွင် အချိန်သည် အခရာဖြစ်ကြောင်း သူ ယုံကြည်သည်။ မန်နေဂျာ၏ တင်းမာသော မျက်နှာကြီးကို နောက်တစ်ရက်ရွှေ့ပြီးမှ ရင်ဆိုင်တော့မည်ဟု သူဆုံးဖြတ်လိုက်သည်။ သူ့အား တင်ဆောင်လာသော ကားကတော့ ဆူးလေသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ခြောက်ကပ်နေသော အာခေါင်အား သူ ကျောက်ကျောတစ်ခွက်နှင့် ပက်ချလိုက်သည်။ တစ်ဘက်ကားလမ်းသို့ ကူးလိုက်ပြီး ဆူးလေမှ မြို့သစ်သို့ပြန်မည့် ဘတ်စ်ကားတစ်စီးပေါ် ချက်ခြင်းသူ ပြန်တက်လိုက်သည်။ စိတ်ထဲတွင်တော့ ရှုပ်ထွေး နောက်ကျိနေဆဲပင်။
ထို့နောက် ကောင်မလေးဆင်းသွားခဲ့သည့် မှတ်တိုင်သို့ သူပြန်ရောက်ခဲ့ပြန်သည်။ လိုင်းကားပေါ်မှ အချိန်အချို့ကို သူက လက်တွေ့လုပ်ရမည့် အစီအစဉ်လေးတစ်ခု စိတ်ကူးနှင့်ပုံဖော်ရင်း အကျိုးရှိစွာ အသုံးချခဲ့သည်။ သူ့စိတ်ကူးသူ အလွန်ကျေနပ်နေမိသည်။ စိတ်က ကြည်လင်လာပြီ။ ပြန်ကြားရေးရုံးထဲသို့ သူ ၀င်ရောက်လာချိန်တွင် ကောင်မလေးက သူ့ကို အပြုံးနှင့် ဆီးကြိုသည်။ သူမအနေဖြင့် အံ့သြသည့် ဟန်ပန်ဖြင့်သာ သူ့ကို နှုတ်ဆက်သင့်ပါလျှက် ပြုံးနေသည့်အတွက်မူ သူ မအံ့သြမိခဲ့။ အလိုအလျောက် ပြန်လည်ပြုံးပြမိလျက်သားသာ ဖြစ်သွားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း စာအုပ်ရှိပါသလားဟု သူက ယုံကြည်စိတ်ချစွာ မေးလိုက်သည်။ ကောင်မလေးနှင့်အတူ သူ့သူငယ်ချင်း ကောင်မလေးတစ်ယောက်ပါ အလုပ်ရှုပ်သွားကြသည်။ အတော်ကြာ ရှာသည်အထိ မတွေ့။ ထို့နောက်တွင် အပေါ်ထပ်ရှိ ဘီရိုတစ်ခုအတွင်းမှ နောက်ဆုံးလက်ကျန်အဖြစ် ကပ်နေသော စာအုပ်အား သူ့ထံယူလာပေးခဲ့သည်။ တစ်ထောင်တန်နှစ်ရွက်ကို သူက ကောင်မလေးလက်ထဲ ကျေးဇူးတင်စွာ ထည့်လိုက်သည်။ ထို့ပြင် ရုံးမှာ စာကြည့်တိုက်ရှိသေးလားဟု စနည်းနာ ကြည့်လိုက်ပြန်သည်။ ကောင်မလေး၏ သူငယ်ချင်းက သူ့ကို အပေါ်ထပ် ခေါ်သွားပြီး စာအုပ်များကို ပြသည်။ အားလုံးမှာ အစိုးရထုတ်သည့် အရောင်စွန်း စာပေများချည်းသာ ဖြစ်၏။ သို့သော် လောလောဆယ် ဤကိစ္စက သူ့အတွက် မည်သို့မျှ အရေးမကြီး။ စာအုပ်ငှား၍ မရဘဲ ရုံးသို့ လူကိုယ်တိုင်လာဖတ်နိုင်ကြောင်း ကောင်မလေး၏ သူငယ်ချင်းမ ထံမှ သိလိုက်ရသည်။ ကားပေါ်တွင် ပြုစုခဲ့သည့် သူ၏ စိတ်ကူးမှာ အတိုင်းအထက်အလွန် အလုပ်ဖြစ်သည်။ ရလဒ်မှာ မျှော်လင့်ထားသည်ထက် သာသာထိုးထိုးပင် ဖြစ်နေသည်။ သူ စိတ်တွင်းမှ ကျေနပ်စွာ ပြုံးလိုက်မိသည်။ အောက်ထပ်တွင် ကောင်မလေးနှင့် ထပ်တွေ့ရသည်။ အခါအားလျော်စွာ စာလာဖတ်မည်ဖြစ်ကြောင်း သူက တိုင်တည်သည့်သဘောမျိုး ကောင်မလေးကို ပြောလိုက်သည်။ ကောင်မလေးကလည်း လှပစွာပြုံးပြီး ဖိတ်ခေါ်သည်။ ပြောစရာစကား မရှိတော့၍ ပြန်သင့်ပြီဖြစ်သည့်အချိန်တွင် သူ အချိန်မဆွဲတော့ဘဲ နှုတ်ဆက်၍ စနစ်တကျ ပြန်ထွက်လာခဲ့သည်။ သူ၏ အကွက်ကျကျစိတ်ကူးအတွက် သူ့ကိုယ်သူ အမှတ်ပေးလိုက်မိသည်။ သို့ရာတွင် အပြင်သို့ ထွက်လျှင်ထွက်ချင်း သူ၏ အစီအစဉ်ထဲတွင် မပါခဲ့သော အဖြစ်တစ်ခုကို တွေ့လိုက်ရသည်။
ရုံးရှေ့ရှိ ကားလမ်းဘေး မြက်ခင်းအစပ်တွင် လူတစ်ဦး လဲကျနေသည်။ ထိုသူက ညစ်ပတ်ပေရေနေသော အ၀တ်အစားများကို ၀တ်ဆင်ထားသည်။ လူကောင်းတစ်ဦးဦးတော့ မဖြစ်နိုင်။ သူတောင်းစား တစ်ဦးများလားဟု သူတွေးမိလိုက်သည်။ အနီးကပ်မြင်ရမှ စောစောစီးစီး အရက်မူးနေသည့် ယစ်ထုပ်တစ်ဦးသာဖြစ်ကြောင်း တွေ့ရ၏။ လျစ်လျူရှု၍ ရှေ့ဆက်သွားရကောင်းမလား စဉ်းစားမိချိန်မှာပင် သူ့လက်က ထိုသူအား ဆွဲထူနေမိကြောင်း သူသိလိုက်ရသည်။ ထိုလူမှာ ရေစပ်စပ်မြက်ခင်းပေါ်မှနေ၍ သူ့ဆီသို့ လက်ကမ်းပေးပြီး ထရန် ကြိုးစားနေသည်။ သူက ထိုသူအား လက်တစ်ဘက်ဖြင့် ဆွဲယူလိုက်သည်။ သို့ရာတွင် သူထူရာသို့ ပါမလာဘဲ တင်းခံနေသည်။ တကယ်ဆို သူကိုယ်တိုင်လည်း အရက်နာကျနေသူသာဖြစ်သဖြင့် အားကမရှိ။ သူပါ မြက်ခင်းပေါ် လဲကျသွားမှာလည်း စိုးရိမ်ရသေးသည်။ အမှန်တွင် ဤသို့ ထိုသူအား ဆွဲထူနေမိခြင်းအကြောင်း ကိုယ်နှိုက်က ကောင်မလေး၏ ရှေ့မှောက်တွင် ဆုံးဖြတ်ချက်မချလိုက်ရဘဲ ပြုမူမိသော သူ၏ တတိယအမြောက် အလိုအလျောက်လုပ်ရပ်သာ ဖြစ်ကြောင်း သူကိုယ်တိုင် သိလိုက်ပါသည်။ ဤမျှလောက်ဆိုလျှင် သူသည် လဲနေသူကို ထူပေးတတ်သည့်လူတစ်ယောက်ဖြစ်ကြောင်း ကောင်မလေး သိလောက်ပေပြီ။ ထိုသူ၏ ထနိုင်ခြင်း မထနိုင်ခြင်းသည် သူနှင့် မဆိုင်တော့။ ထိုသူအား လက်မှဖြုတ်ချလိုက်ပြီး ရုံးဘက်သို့ သူ ပြန်လှည့်ကြည့်လိုက်သည်။ သူ့လက်တွင်လည်း ရွှံအနည်းငယ် ပေသွားသည်။ သူတွေးထားသည့်အတိုင်း တစ်သွေမတိမ်းပင် ကောင်မလေးက အပေါက်ဝတွင်ထွက်ကာ ရပ်၍ သူ့အပြုအမူကို ပြုံးပြီးကြည့်နေသည်။ သူကလည်း ပြန်ပြုံးကာ ပုခုံးတွန့်ပြီး ခေါင်းယမ်းပြလိုက်ခြင်းဖြင့် ကိုယ်ထူတော့ထူတာပဲ သူမထနိုင်ဘူးဟူသော အဓိပ္ပာယ်များကို အသံမပါဘဲ အခိုင်အမာ ပေးပို့လိုက်သည်။ ထို့နောက် ကားဂိတ်သို့ သူ့ခြေလှမ်းများကို ဦးတည်လိုက်လေသည်။
◄ တေဇာ ►
Comments
Post a Comment