ဦးကျော် နာမည်ပြောင်းသည့် သတင်းက ခုတလော ရပ်ကွက်အတွင်း လူပြောအများဆုံး သတင်းဖြစ်နေသည်။ နာမည်ရင်း ဦးထင်ကျော်ဟု တစ်သက်လုံး သိလာခဲ့ပြီးမှ နေ့ချင်းညချင်း ဦးမှန် ဖြစ်သွားရသည်ကို အားလုံး အံ့အားသင့်နေကြသည်။ ဘယ်လိုများ ဖြစ်ရတာပါလိမ့်။ ကျွန်တော် မောင်ထင်ကျော်၏ အမည်မှန်မှာ မောင်မှန်သာ ဖြစ်ပါသည်ဟူ၍ သတင်းစာထဲထည့် ကြေငြာခြင်းမျိုးတော့ မဟုတ်။ ဘုစုခရုလေးများက အစ ကလေးများ၏ ပါးစပ်ဖျားတွင် ဦးမှန်ဦးမှန်ဟု တစ်မှန်တည်းဖြစ်နေခြင်းက လူကြီးများအတွက်ပါ စိတ်ဝင်စားစရာ ကောင်းလာသည်။ ဖြစ်ပုံက ဒီလို။
ဘယ်လိုကဘယ်လို စိတ်ကူးပေါက်သည်မသိ ဆရာကြီးမင်းသိင်္ခ၏ မှော်ဘီမရမ်းတလင်းခြံကြီးတွင် ဦးကျော်တစ်ယောက် သီတင်းတစ်ပတ်ခန့် ဗေဒင်သင်တန်း သွားတက်သည်က စသည်။ နာမည်ရင်းအစား ဦးမှန် ဆိုသည့် အမည်နာမသစ်ကို ဆရာကြီးကိုယ်တိုင် ဝေဒနည်းကျ တွက်ချက်မှည့်ခေါ်ပေးလိုက်သည် ဟူ၏။ ဦးကျော်၏ လူသိသူသိ များပြားလှစွာသော ၀ါသနာများသည် အားလုံးအတွက် မဆန်းလှတော့သည့်တိုင် ပုန်းလျှိုးနေသည့် ဗေဒင်ဝါသနာကိုတော့ ခုမှပင် တအံ့တသြ သိကြရသည်။ ကလေးများနှင့် လွန်စွာ လက်ပွန်းတတီး ရှိလှသည့် ဦးကျော်အဖို့ ကလေးများအား သူ့ကို ဦးမှန်ဟု ပြောင်းလဲခေါ်ဆိုခိုင်းသည့်ကိစ္စမှာ အပန်းမကြီးလှပါ။ ကလေးများ အားလုံးကပင် စိတ်လိုလက်ရ ဦးမှန်ဟု တတွတ်တွတ်ခေါ်နေကြသည်။ သူတို့အဖို့ လူဟောင်းတစ်ယောက်အား နာမည်သစ်ကို ခေါ်ဆိုရသည်မှာ ခံတွင်းတွေ့ကြပုံရသည်။ ခါတိုင်းထက်ပင် ဦးမှန်၏ နာမည်ကို လိုလိုမလိုလို ခေါ်နေကြသည်။ ထို့နောက်တွင် လူကြီးများကပါ ပြုံးစိစိဖြင့် ဦးမှန်ဟု တစ်ဦးစနှစ်ဦးစ စတင်ခေါ်ဆိုရာမှ ဦးကျော်တစ်ယောက် ပြောင်ပြောင်တင်းတင်း ဦးမှန်ဘ၀ ရောက်လာခဲ့တော့သည်။ ဦးမှန်ဖြစ်တလဲ ဦးကျော်ကတော့ ပီတိပြုံးများ တဝေေ၀ဖြင့်။
ဘယ်လိုကဘယ်လို စိတ်ကူးပေါက်သည်မသိ ဆရာကြီးမင်းသိင်္ခ၏ မှော်ဘီမရမ်းတလင်းခြံကြီးတွင် ဦးကျော်တစ်ယောက် သီတင်းတစ်ပတ်ခန့် ဗေဒင်သင်တန်း သွားတက်သည်က စသည်။ နာမည်ရင်းအစား ဦးမှန် ဆိုသည့် အမည်နာမသစ်ကို ဆရာကြီးကိုယ်တိုင် ဝေဒနည်းကျ တွက်ချက်မှည့်ခေါ်ပေးလိုက်သည် ဟူ၏။ ဦးကျော်၏ လူသိသူသိ များပြားလှစွာသော ၀ါသနာများသည် အားလုံးအတွက် မဆန်းလှတော့သည့်တိုင် ပုန်းလျှိုးနေသည့် ဗေဒင်ဝါသနာကိုတော့ ခုမှပင် တအံ့တသြ သိကြရသည်။ ကလေးများနှင့် လွန်စွာ လက်ပွန်းတတီး ရှိလှသည့် ဦးကျော်အဖို့ ကလေးများအား သူ့ကို ဦးမှန်ဟု ပြောင်းလဲခေါ်ဆိုခိုင်းသည့်ကိစ္စမှာ အပန်းမကြီးလှပါ။ ကလေးများ အားလုံးကပင် စိတ်လိုလက်ရ ဦးမှန်ဟု တတွတ်တွတ်ခေါ်နေကြသည်။ သူတို့အဖို့ လူဟောင်းတစ်ယောက်အား နာမည်သစ်ကို ခေါ်ဆိုရသည်မှာ ခံတွင်းတွေ့ကြပုံရသည်။ ခါတိုင်းထက်ပင် ဦးမှန်၏ နာမည်ကို လိုလိုမလိုလို ခေါ်နေကြသည်။ ထို့နောက်တွင် လူကြီးများကပါ ပြုံးစိစိဖြင့် ဦးမှန်ဟု တစ်ဦးစနှစ်ဦးစ စတင်ခေါ်ဆိုရာမှ ဦးကျော်တစ်ယောက် ပြောင်ပြောင်တင်းတင်း ဦးမှန်ဘ၀ ရောက်လာခဲ့တော့သည်။ ဦးမှန်ဖြစ်တလဲ ဦးကျော်ကတော့ ပီတိပြုံးများ တဝေေ၀ဖြင့်။
ထိုသို့သော အကြောင်းများကြောင့် ကျွန်တော့်ကို ယခုကစ၍ ဦးကျော်စိတ်ကြိုက် ဦးမှန်ဟုသာ သုံးနှုန်းခွင့်ပြုပါတော့။ တကယ်တော့ ဦးမှန်ဆိုသည်မှာ နှယ်နှယ်ရရ လူတစ်ဦးတော့ မဟုတ်။ ရပ်ကွက်သုံးလေးခုတွင်မှ တစ်ခုတည်းသာ ရှိသော အိမ်ဆောက်ပစ္စည်းဆိုင် ပိုင်ရှင်။ ဦးမှန်တို့ နှစ်ထပ်တိုက်ကြီးက ပေလေးဆယ်ခြောက်ဆယ် ခြံဝန်းအပြည့်နီးပါး ကြီးသည်။ လူရိုသေရှင်ရိုသေပဲ ဆိုကြပါစို့။ ထို့နောက်တွင်မှ အိမ်ဆောက်ပစ္စည်းဆိုင်တွင် ကလေးများစားစရာ မုန့်ကလေးများတင်ရောင်းရာမှ တဖြည်းဖြည်း ကုန်စုံဆိုင်သဖွယ်ပါ ဖြစ်လာခဲ့သည်။ ဟိုးအရင်တုန်းကတော့ ဈေးဆိုင်ဆိုလို့ ရှားရှားပါးပါးသာ ရှိသဖြင့် အနီးတ၀ိုက်ရှိ လူအားလုံး ဦးမှန်နှင့် ကင်းသည့်သူ မရှိသလောက်။ ဦးမှန်၏ ပဒေသာစတိုးသို့ အမြဲ အ၀င်အထွက် ရှိကြသည်။ ဦးမှန်၏ ဇနီးက ဒေါ်ပူစူး။ အသားဖြူဖြူ အညာသူ။ ကျွန်တော်တို့ ကလေးအရွယ်က ဒေါ်ပူစူးက ဦးမှန် တောင့်တနေသည့် ကလေးတစ်ဦးတလေမျှ မမွေးဖွားပေးခဲ့သေး။ ဦးမှန်ကလည်း ကလေးဆို ငမ်းငမ်းတက် ချစ်တတ်သည်။ ဒီတော့ ကျွန်တော်တို့ ကလေးတစ်သိုက်နှင့် ဦးမှန်ဆိုတာ သူငယ်ချင်းအရင်းကြီးတွေလိုပဲ ပေါင်းခဲ့ကြသည်။
ကလေးများနှင့် ပေါင်းသူဆိုတော့ ဦးမှန်က ကလေးတို့တတ်အပ်သည့် ပညာပေါင်းစုံကိုလည်း တစ်ဖက်ကမ်းခတ်သည်။ စွန်လွှတ်ရာသီဆို စွန်၊ ဂျင်ပေါက်ချိန်ဆို ဂျင်၊ ဂေါ်လီရိုက်ဆိုလည်း ဘယ်တော့မျှ မငြင်း။ အစွဲမြဲဆုံးကတော့ ကိုယ်ပိုင်ရှိသည့် ဇယ်တောက်ခုံပင်ဖြစ်သည်။ ကျွန်တော်တို့ ကလေးတစ်သိုက်ကလည်း (တောက်တတ်ခါစ မချိန်ဘဲဖြောင့်နည်းမျိုးဖြင့် ကောက်ထည့်သလို ၀င်နေသကဲ့သို့) လက်ဖြောင့်သလို ဦးမှန်ကလည်း အမီလိုက်နိုင်သည်။ သူ တောက်လိုက်လို့ ဇယ်သီးတစ်လုံး ၀င်သွားပြီဆိုလျှင် တောက်သည့် ကိုယ်ခန္ဓာအနေအထားအတိုင်း လက်ကို မရုတ်ဘဲ ကျောက်ရုပ်ကြီးလို ငြိမ်နေလေ့ရှိသည်။ ဦးကျော် တော်ပြီတော်ပြီ ဆက်တောက်လေဗျာဟု ၀ိုင်းဝန်းအော်ဟစ်ကြမှ ပြုံးဖြီးဖြီးနှင့် ဆက်တောက်လေ့ရှိသည်။ စွန်ရာသီရောက်လျှင် သူ့ခြံဝန်းထဲ ပြတ်ကျလာသည့် စွန်လေးတစ်ကောင်ကို ပြဲသည့်နေရာ တိတ်ကလေးနှင့် ကပ်မည်။ လေပေါ်လွှတ်နိုင်သည်အထိ လက်ပူတိုက်ပြီး ပြုပြင်ဖာထေးမည်။ ထို့နောက် လွှတ်တင်ပြီး သူများစွန်များကို တစ်ကောင်ပြီးတစ်ကောင် ဖြတ်ချမည်။ ထိုအချိန်က လူပျိုပေါက်အရွယ် ကျွန်တော့်အစ်ကိုတို့ သူငယ်ချင်းများမှာ ဆွေ့ဆွေ့ခုန်နေကြသည်။ အလကားရသည့် စွန်အစုတ်ကလေးဖြင့် ဦးမှန်က အခြားစွန်အသစ် ဆယ်ကောင်လောက်ကို ဖြတ်ချပြနိုင်သည်။ ဒါကလည်း စွန်အသစ်တွေက သူ့ပဒေသာစတိုးကပဲ ရောင်းတာကိုး။ သူ များများဖြတ်နိုင်လေ သူ့စွန်တွေ ရောင်းရလေ။ ဤသည်မှာ ဦးမှန်၏ အရည်အချင်း တစ်စိတ်တစ်ဒေသသာ ရှိပါသေးသည်။
ဦးမှန်အား ကလေးဗိုကြီးပါပဲဟု နှိမ်နှိမ်ချချ ပြောရန်မဖြစ်သည့် အခြားအကြောင်းရင်းများလည်း ရှိသေးသည်။ ပုံမှန်သွေးလှူဒါန်းလေ့ရှိသည့်အတွက် လူမှုထူးချွန် တတိယဆင့်ရသဖြင့် သတင်းစာထဲ နာမည်ပါဖူးသူ ဒီရပ်ကွက်မှာ ဘယ်နှစ်ဦးများ ရှိလို့လဲ။ ဦးမှန်တစ်ဦးသာ ရှိပါသည်။ ထိုနေ့က ကျွန်တော့်ကို သူ့နာမည်ပါသော သတင်းစာကိုပြ၍ ဦးမှန်က ထည်ထည်ဝါ၀ါ ပြုံးနေသည်။ သူ့အပြုံးက မင်းတို့ဦးကျော် ဘယ့်နှယ့်ရှိစဟု မေးနေသလိုပင်။ ကလေးပီပီ ဟန်ဆောင်ထားခြင်းမရှိသော အထင်ကြီးသည့်မျက်နှာပေးနှင့် ဟာ ဦးကျော် တယ်ဟုတ်ပါလားဗျဟူသော စကားက သူ့အတွက် အလွန်ချိုမြိန်ပုံပေါ်သည်။ ထို့နောက် ဟင် ဒီမှာလည်း ကြေးမုံတွေပါလားဟု ဘေးတွင်ချထားသော သတင်းစာအသစ်အချို့ကို ကြည့်၍ ကျွန်တော်က အံအားသင့်စွာ ဆက်ပြောလိုက်သောအခါ ဦးမှန်က ရှင်းပြခဲ့သည်။ ဒီတစ်စောင်က သူများတွေကို ပြဖို့။ ကျန်တာတွေက တွန့်ကြေမသွားအောင် အသစ်အတိုင်းထားတာ။ သိမ်းထားဖို့ဟု စိတ်လိုလက်ရ ရှင်းပြခဲ့စဉ်က အကြံပိုင်လှသော ဦးမှန်ကို ကျွန်တော် မလေးစားဘဲ မနေနိုင်ခဲ့ပါ။
ထိုသို့ နိုင်ငံတော် အသိအမှတ်ပြု လူမှုထူးချွန် ဦးမှန်သည် ရပ်ရေးရွာရေးတွင်လည်း လက်မနှေးခဲ့။ သင်္ကြန်တွင်း မုန့်လုံးရေပေါ်လုံးရန်ကိစ္စသည် ဦးမှန်၏ ခြံဝန်းအတွင်းတွင်သာ အစပြုလေ့ရှိသည်။ သီတင်းကျွတ် တန်ဆောင်တိုင် တစ်လမ်းလုံးဆီမီးထွန်းနိုင်ရန် ကျွန်တော်တို့ကလေးများက ဦးမှန်၏ မတည်ငွေကို အားကိုးရသည်။ ကျန်လိုအပ်သည်ကို တလမ်းလုံးလှည့်ပတ်၍ ကျွန်တော်တို့က အလှူလိုက်ခံကြသည်။ ထို့ပြင် မီးပုံးပျံ၊ ရှူဒိုင်း၊ မာကျူရီနှင့် ဗျောက်အိုးပါမကျန် ဦးမှန်၏ ဆိုင်မှ အကြွေးဝယ်ယူ ဖောက်ခွဲနိုင်သည်။ လပြည့်ကျော်သွား၍ ရောင်းမကုန်သော မီးပုံးပျံများကိုလည်း ကလေးများနှင့်အတူ တပျော်တပါး လွှတ်တင်တတ်ကြသေးသည်။ ဦးမှန် ပံသကူ စွန့်မည့် ရက်ကိုလည်း နားစွင့်ထားရသည်။ ကျွန်တော့် သူငယ်ချင်းအချို့ ဦးမှန် ပံ့သကူစွန့်သည့် အထဲမှ တစ်ရာတန်၊ နှစ်ရာတန်များ အထပ်လိုက်ရဖူးခဲ့သည်။ သို့သော် ဦးမှန်နှင့် ဒေါ်ပူစူး ပံ့သကူစွန့်မည့်ရက်ကို မည်သူမျှ အတိအကျ မခန့်မှန်းတတ်ပါ။ ထိုသို့သော ရပ်ရေးရွာရေးများသာမက ကျွန်တော်အဖေ အမှုအခင်းရင်ဆိုင်ရစဉ်က အာမခံဖြင့် ထုတ်ပေးသူမှာလည်း ဦးမှန်သာ ဖြစ်ပါသည်။ ဦးမှန်သည် ကျွန်တော်တို့အပေါ် ကျေးဇူးရှိခဲ့ပါသည်။
ဤသို့သော ဂုဏ်ရည်များနှင့် ပြည့်ဝခဲ့သည့် ယခင်က ဦးကျော်သည် ယခုတော့ ဦးမှန်ဖြစ်လာခဲ့ပေပြီ။ ဦးမှန် ဖြစ်မယ့်သာဖြစ်ရော၊ ဦးကျော်ဆိုသည့် အမည်ရင်းကိုလည်း သူက အတော်နှစ်သက်ခဲ့ကြောင်း ကျွန်တော် ကောင်းကောင်း မှတ်မိနေသည်။ ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်း၏ အတိုကောက်အခေါ်နှင့် တူနေခြင်းက အကြောင်းရင်းတစ်ရပ် ဖြစ်ပါလိမ့်မည်။ ကစားပွဲများတွင် ချီးကျူးစရာတစ်ခုခုကြုံ၍ ချီးကျူးလိုက်မိလျှင် ကိုကျော်လေ ကိုကျော်ဟု ပြန်ပြောသံကို ကျွန်တော် ကြားခဲ့ရဖူးသည်။ ဤမျှလောက် နှစ်သက်ဖွယ် နာမည်ရင်းကို စွန့်လွှတ်ကာ ဦးမှန်ဟု ရဲရဲရင့်ရင့် ပြောင်းလိုက်ခြင်းကား တော်ရုံအကြောင်းနှင့်မျှတော့ ဟုတ်ဟန်မတူ။ ထိုစဉ်ကလေးဘ၀က ကျွန်တော်ကိုယ်တိုင်သည်လည်း မင်းသိင်္ခ၏ ၀တ္ထုများကို စွဲလန်းခဲ့ဖူးခြင်းကြောင့် ဆရာကြီးကိုယ်တိုင်ပေးခဲ့သည့်အမည် ဦးမှန်ကိုလည်း လေးလေးစားစားပင် ခေါ်ဝေါ်ခဲ့ပါသည်။ အနည်းဆုံးအားဖြင့်တော့ ဦးမှန် တိုးတိုးအာလူးကြော်တစ်ထုပ်၊ အကြွေးဟုသာ ပြောလိုက် ဘယ်တော့မှ အခက်အခဲမရှိသည်ကို ကျွန်တော် သဘောပေါက်သည်။ ထားပါတော့။ ဦးကျော်နှင့် ဦးမှန် ဘာကွာသွားသလဲဟု သေသေချာချာ ကျွန်တော် မစဉ်းစားတတ်ခဲ့ပါ။
ခုတလော ဦးမှန်ဆီတွင် ဗေဒင်လာမေးသူအချို့ ရှိလာသည်ကို တွေ့ရသည်။ အားလုံးမှာ ရပ်ကွက်ထဲမှ လူများသာ ဖြစ်သည်။ ကျွန်တော်တို့ အိမ်ကတော့ ဗေဒင်မေးလေ့ရှိသူ မရှိပါ။ ထိုအကြောင်းနှင့် ပတ်သက်၍လည်း ကျွန်တော် ဘာမျှ မစဉ်းစားမိခဲ့။ ဦးမှန် ဗေဒင် မှန်တယ်ဟုတော့ အသံသဲ့သဲ့ ကြားရသည်။ လေးစားရင်း အခံရှိသည့် ဆရာကြီးမင်းသိင်္ခအား ပိုမိုကြည်ညိုလာမိသည်။ ဆရာကြီးဆီမှာ တစ်ပတ်လောက်ပဲ တပည့်ခံခဲ့တဲ့ ဦးမှန်တောင် ဒီလောက်မှန်သလားဟု ကျွန်တော် အထင်ကြီးနေမိသည်။ နာမည်ကြောင့်လည်း ဖြစ်နိုင်သည်။ ပညတ်သွားရာ ဓာတ်သက်ပါဟု ဆရာကြီးမင်းသိင်္ခက အလေးအနက် ဆိုထားသည်မဟုတ်လား။ ဦးမှန်က ဟောမှတော့ မမှန်ဘဲ ခံနိုင်ရိုးလား။ ငါတို့ ဦးမှန်ကွ။
တစ်နေ့ ကျွန်တော့်ညီမလေးနှင့် အမေတို့ တီးတိုးတီးတိုးလုပ်နေသည်ကို ကျွန်တော်ကြားရသည်။ မေကြီးရယ်၊ ဦးမှန် မှန်ပုံကတော့ မပြောပါနဲ့တော့။ မီးမီးတောင် တော်တော်ကြောက်သွားတယ်။ မီးမီးမုန့်သွားဝယ်တိုင်း ဟင် ဒီနေ့ ပုဇွန်ခေါင်းဟင်းနဲ့လဲ ထမင်းစားထားသေးတယ်၊ မုန့်လည်း စားဦးမလို့လားလို့ ပြောတယ်။ နောက်နေ့ကျတော့လည်း မီးမီးတို့အိမ်မှာ ချက်တဲ့ ဟင်းကိုပဲ မှန်အောင် သူပြောတယ်။ အဲဒီလို မှန်နေတာ သုံးရက်ရှိပြီဟု ကျွန်တော့်ညီမ ပိစိကွေးကလေးက အမေ့ကို မဲ့ကာရွဲ့ကာပြောနေသံကို ကျွန်တော် ကြားလိုက်ရသည်။ အမေကတော့ ယုံရကောင်းနိုး မယုံရကောင်းနိုး ဝေခွဲမရသည့် မျက်နှာထားနှင့်။ သူတို့ကို ကြည့်ပြီး ကျွန်တော် အတော်ရယ်ချင်သွားသည်။ ထို့နောက် စိတ်ကူးထဲတွင်လည်း ဦးမှန်အကြောင်း ခပ်ရေးရေးပေါ်လာသည်။ သြော် ဦးမှန်က ဒီလိုကိုး။
ထိုနေ့က ကျောင်းသို့အသွား ထုံးစံအတိုင်း ကျွန်တော်က ဦးမှန်ရေ၊ တိုးတိုးတစ်ထုပ်ဗျ၊ အကြွေးဟု ပြောလိုက်သည်။ ဦးမှန်၏ အဖြေကိုမစောင့်ဘဲ ကျွန်တော်က လက်ထဲ တိုးတိုးတစ်ထုပ် ယူထားပြီးဖြစ်သလို ဦးမှန်ကလည်း ခေါင်းငြိမ့်ခေါင်းခါ အဖြေတစ်ခုခုပြန်ပေးရန်ပင် စိတ်ဝင်စားဟန်မပြပါ။ ကျွန်တော် ကျောင်းသွားဦးမယ် ဦးမှန် ပြန်လာမှ တွေ့ကြမယ်ဟု ပြောကာ ပြန်ထွက်ရန်ပြင်လိုက်စဉ်တွင် ထမင်းဗူးနဲ့ပါလား၊ ဘာဟင်းလဲကွဟု လှမ်းမေးသည်။ ပုဇွန်ခေါင်းပါ ဦးမှန်ရာဟု ပြောပြီး ကျွန်တော် ထွက်လာခဲ့လိုက်သည်။ (အကြွေးယူသည့်အခါတိုင်း စကားတစ်ခွန်းတွင် ဦးမှန်တစ်လုံး မဖြစ်မနေထည့်ခေါ်ရန် ကျွန်တော် ဂရုစိုက်ပါသည်) နောက်ပိုင်းရက်များတွင်လည်း ဦးမှန်က အမှတ်တမဲ့သဘောမျိုးဖြင့် ထမင်းချိုင့်ထဲ ဘာဟင်းပါသလဲဟု မေးခဲ့ဖူးသည်ကို ကျွန်တော် အမှတ်ရနေသည်။ သြော်… ဦးမှန် ဦးမှန်၊ တတ်လည်းတတ်နိုင်တဲ့ဦးမှန်။ ထိုနေ့မှစ၍ ဦးမှန်အား ဦးမှားဖြစ်စေရန် ကျွန်တော်တစ်ယောက်ထဲ တိတ်တဆိတ်ဖြင့် မလိုတမာ ကြံစည်နေခဲ့ပါသည်။
စနေနေ့ဖြစ်သည်။ ကျွန်တော် ကျောင်းမသွားရပါ။ ဦးမှန်တို့အိမ်ဘက်သို့ ထွက်လာခဲ့သည်။ ဦးမှန်ရေ အာလူးကြော်တစ်ထုပ်လောက်၊ ထမင်းနဲ့စားဖို့ဗျ။ ဒီနေ့အိမ်မှာ ငါးပိရည်နဲ့ တို့စရာပဲ ရှိတယ်။ စိတ်ညစ်လိုက်တာ ဟု ညောင်နာနာအသံဖြင့် ညည်းညူလိုက်ပြီး အိမ်သို့ ပြန်လာခဲ့လိုက်သည်။ ထို့နောက် အိမ်တွင် ကျွန်တော့် ညီမလေးအား မသိမသာ အကဲခတ်နေလိုက်သည်။ ကြာကြာမစောင့်လိုက်ရပါ။ ကျွန်တော့်လက်ထဲမှ တိုးတိုးအာလူးကြော်ကို မြင်ပြီး ကောင်မလေး မရိုးမရွ ဖြစ်နေသည်။ ခဏအကြာတွင် အမေ့ထံမှ မုန့်ဖိုးတောင်း၍ ပဒေသာစတိုးသို့ ထွက်သွားလေပြီ။ ကျွန်တော် လှစ်ခနဲ လိုက်သွားလိုက်သည်။ ဦးမှန်တို့ ခြံဝန်းအတွင်းသို့ မလွယ်ပေါက်မှဝင်၍ ဆိုင်နောက်ဖေးဆီမှ ချောင်းကြည့်နေမိသည်။ ညီမလေးလက်ထဲတွင် မုန့်တစ်ထုပ် ကိုင်ထားပြီး ဦးမှန်ရှေ့တွင် ရပ်နေသည်။ ဦးမှန်က ကျွန်တော့်ကို ကျောခိုင်းရက်သားဖြင့် ဗလာစာအုပ်တစ်အုပ်အတွင်း ဘောပင်ဖြင့် ရေးခြစ်နေသည်ကို တွေ့ရသည်။ ညီမလေးက စိတ်တစားဖြင့် မျှော်လင့်ချက်ကြီးစွာ ဦးမှန်ကို မော့ကြည့်နေသည်။
အဟမ်း၊ ဒီနေ့အဖို့က တနင်္လာနံဆိုတော့ ကခဂဃင။ ဒါပေမဲ့ ကြက်သားဟင်းတော့ မဟုတ်ဘူး..ဟဲဟဲ…။ ဂဏန်းလည်းမဖြစ်နိုင်ဘူး။ အို…ငါးဟင်းတောင် မဟုတ်ပါလား…။ ဒီနေ့ မီးမီးတို့ ဟင်းမကောင်းဘူး။ ဦးမှန်ကို ညာလို့မရဘူး၊ ဒီနေ့ မီးမီးစားခဲ့တာ ငါးပိရည်နဲ့ ခရမ်းသီးတို့စရာ မဟုတ်လားဟု ဦးမှန်က ပိုင်နိုင်စွာ ဟောလိုက်လေသည်။ ညီမလေး၏ မျက်လုံးများက ၀ိုင်းစက်သွားသည်။ သူ့မျက်နှာလေးတွင် မခံချင်သည့် အရိပ်အယောင်များ အထင်းသား ပေါ်နေသည်။ ဟင့်အင်း မီးမီးစားခဲ့တာ ၀က်သားနဲ့၊ ၀က်သားနဲ့ဟု ညီမလေးက ငိုမဲ့မြဲ့ဖင့် အော်ဟစ်လိုက်သည်။ ဦးမှန်၏ မျက်နှာ မည်သို့ဖြစ်သွားသည်ကို ကျောခိုင်းထားသဖြင့် ကျွန်တော် မမြင်လိုက်ရပါ။ ရယ်ချင်စိတ်ကို အတင်းထိန်းချုပ်ထားကာ ပါးစပ်အား လက်ဝါးနှစ်ဘက်ဖြင့် ကမန်းကတန်း လှမ်းပိတ်လိုက်သော်လည်း မမီလိုက်တော့။ ခွိဟု မဖုံးနိုင်မဖိနိုင် အသံထွက်သွားသည်။ ဦးမှန်က နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာကြီးက နီရဲနေသည်။ သြော် မင်းလက်ချက်ကိုးဟု ကြုံးဝါးကာ ခြေလှမ်းပြင်လိုက်စဉ်မှာပင် ကျွန်တော်က မလွယ်ပေါက်မှတဆင့် လမ်းမပေါ်သို့ ရောက်သွားပြီးဖြစ်သည်။ မြေနီလမ်းတလျှောက် ကျွန်တော်၏ရယ်သံများသာ ပျံ့လွင့်ကျန်ရစ်ခဲ့သည်။
ဦးမှန်သို့ အမှတ်တရ...။
(အမည်ရင်းသုံးလိုက်တဲ့အတွက် ခွင့်လွှတ်ပါ ဦးမှန် :P)
◄ တေဇာ ►
◄ တေဇာ ►
:D
ReplyDeleteအတော်ဆိုးတဲ့ ကလေးပါလား... :P
ReplyDelete