လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အတိုးဆုံးကဗျာများ (၂၄)

`အဟ´

မြေကြီးလက်ခတ် လွဲတယ်
ပြိုလဲနေသူမှ မဟုတ်ဘဲ
ငါ မားမားမတ်မတ် ရပ်နေသရွေ့
မြေကြီးလက်ခတ်က လွဲနေဦးမှာပဲ
နည်းနည်းမှ မလျှော့နိုင်ပါဘူး။

`အံလွဲမှုဧရိယာ´

အရက်မူးလာရင်
ကင်းမြီးကောက်ထ,ထောင်တတ်တဲ့
သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်
သူက…
မမူးသေးတဲ့ ကျွန်တော့်ကိုမှ
အတည့်ကြည့်ချင်လှသတဲ့လေ။

`အနူနူ´

အဟမ်း…
ခွေးဟောင်လို့ တောင်မရွေ့ပါဘူး
ဖြောင်း.. ဖြောင်း.. ဖြောင်း.. !
အပြောကောင်း အဟောကောင်းလေးပဲ
သွားကြည့်ကြပါဦး အခုရော
တောင်ကြီး ရွေ့သွားပြီလားလို့…။

`တစ်သီးပုဂ္ဂလ´

အထီးကျန်ဆန် မနေဘူးလား
အနည်းဆုံးအားဖြင့် အိမ်သာတက်နေချိန်မှာတော့
လူမြင်ကွင်းက ကွယ်သွားရတယ်
နံရံပေါ်က မာရီလင်မွန်ရိုးကလွဲလို့
အဖော်ကွဲခြင်း စစ်စစ်။

`လျှို့ဝှက် ဆက်နွယ်မှု´

သုဘရာဇာတွေက
အလောင်းဖျောက်ဖျက်မှုနဲ့ အသက်မွေးတယ်
(ကေသ)ရာဇာတွေက
အလောင်းတွေဖန်တီးပြီး အသက်ဆက်တယ်
သူတို့ချင်းကြား မိတ်ဖက်ဆန်မနေဘူးလား။

တေဇာ (လရောင်လမ်း)

1 comments:

ကောင်းကင်ကို said...

ဖြောင်း! ဖြောင်း! ဖြောင်း!
အတွေးကောင်း အရေးကောင်းလေးပဲ :D

Post a Comment