ရေခဲလူကို ကျွန်မ လက်ထပ်ခဲ့တယ်။ သူ့ကို ကျွန်မ ပထမဆုံးတွေ့ခဲ့စဉ်တုန်းက နှင်းလျှောစီး အပန်းဖြေစခန်းက ဟိုတယ်တစ်ခုမှာ ဆိုတော့ ရေခဲလူနဲ့ တွေ့ဆုံဖို့ ပြီးပြည့်စုံတဲ့ နေရာတစ်ခုလို့ပဲ ဆိုရမှာပေါ့။ ငယ်ရွယ်သူတွေနဲ့ လှုပ်ရှားပြည့်ကျပ်နေတဲ့ ဟိုတယ်ရဲ့ နားနေခန်းထဲမှာ ရေခဲလူကတော့ မီးလင်းဖိုရဲ့ အဝေးဆုံးထောင့် တစ်နေရာက ခုံတစ်ခုမှာ သူ့ဘာသာ ထိုင်နေပြီး စာအုပ်တစ်အုပ်ကို ငြိမ်ငြိမ်သက်သက်ပဲ ဖတ်နေခဲ့တယ်။ မွန်းတည့်ချိန်နီးနီး ဖြစ်နေပေမဲ့ ဆောင်းဦးနံနက်ခင်းရဲ့ ထင်ရှားတဲ့ အေးစက်စက် အလင်းရောင်တစ်ခု သူ့ဝန်းကျင်မှာ ရစ်သိုင်းနေသလိုပဲ။
`ကြည့်ပါဦး။ အဲဒါ ရေခဲလူ´ လို့ ကျွန်မ သူငယ်ချင်းတစ်ယောက်က တီးတိုးပြောလိုက်တယ်။
အဲဒီအချိန်တုန်းကတော့ ရေခဲလူဆိုတာ ဘာလဲဆိုတာ ကျွန်မ လုံးလုံးမသိခဲ့ပါဘူး။ ကျွန်မ သူငယ်ချင်းလည်း ဒီလိုပဲ။
`သူ့ကို ရေခဲနဲ့လုပ်ထားတာ ဖြစ်ရမယ်။ ဒါကြောင့် သူ့ကို ရေခဲလူလို့ခေါ်တာပေါ့´
သူ ကျွန်မကို အဲဒီလို ပြောလိုက်တဲ့ပုံစံက တစ္ဆေသရဲကြောင်း ပြောနေသလိုမျိုး၊ ဒါမှမဟုတ် ကူးစက်ရောဂါသည်တစ်ယောက်အကြောင်း ပြောနေသလိုမျိုး တကယ့် အတည်ပေါက်ပါပဲ။

§ § § § § § §
ရေခဲလူဟာ အရပ်မြင့်မြင့်နဲ့ ငယ်ရွယ်ပုံရတယ်။ ဒါပေမဲ့ သူ့ ခပ်တိုတို ၀ါယာကြိုးလို ဆံပင်တွေမှာ အဖြူရောင် ဖောက်နေတာ မြင်ရတာ အရည်မပျော်တဲ့ နှင်းအိတ်လေးတွေလိုပဲ။ သူ့ရဲ့ ပါးရိုးဟာ ခဲနေတဲ့ ကျောက်တုံးတစ်တုံးလို ချွန်ထွက်နေပြီး၊ လက်ချောင်းတွေကျတော့ နှင်းတွေဖုံးနေတာ ဘယ်တော့မှ အရည်မပျော်မယ့် ပုံပဲ။ ဒါတွေကလွဲလို့ ရေခဲလူဟာ သာမန်လူတစ်ယောက်လို့ပဲ မြင်ရပါတယ်။ ချောမောတယ်ဆိုတဲ့ အစားမျိုးမဟုတ်ပေမဲ့ ဘယ်လိုကြည့်တယ်ဆိုတဲ့အပေါ် မူတည်ပြီး အလွန်ဆွဲဆောင်မှုရှိတဲ့ လူမျိုးလို့ ဆိုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူနဲ့ပတ်သက်တဲ့ တစ်စုံတစ်ရာဟာ ကျွန်မနှလုံးသားထဲထိ ထိုးဖောက်ပြီး၊ တခြားနေရာထက်စာရင် သူ့မျက်လုံးတွေမှာ အဲဒါကို ကျွန်မ ခံစားနေရတယ်။ ဆောင်းနံနက်ခင်းတစ်ခုက ရေခဲပန်းဆွဲတွေကို ဖြတ်သန်းသွားတဲ့ အလင်းစူးစူးတစ်ခုလိုပဲ သူ့ရဲ့အကြည့်က ငြိမ်သက် ထွင်းဖောက်နိုင်တယ်။ အဲဒါဟာ ကိုယ်ခန္ဓာအတုတစ်ခုပေါ်မှာ အသက်ဓာတ်လေးတစ်ခု လျှပ်ပြက်လိုက်သလိုပါပဲ။
ကျွန်မ အဲဒီနေရာမှာ ခဏထိုင်နေပြီး ရေခဲလူကို အဝေးက ကြည့်နေမိတယ်။ သူက ပြန်မကြည့်ပါဘူး။ သူက မလှုပ်မရှားထိုင်ပြီး သူ့နားမှာ တစ်ဦးတစ်ယောက်မှ မရှိသလို သူ့စာအုပ်ကို ဖတ်နေရုံပဲ။
နောက်တစ်နေ့ကျတော့လည်း ရေခဲလူဟာ အဲဒီနေရာမှာပဲ တစ်သွေမတိမ်း စာအုပ်တစ်အုပ်ကို ဖတ်နေတာပါပဲ။ နေ့လည်စာအတွက် စားသောက်ခန်းကို ကျွန်မသွားခဲ့တဲ့ အချိန်မှာ၊ ပြီးတော့ အဲဒီညနေက သူငယ်ချင်းတွေနဲ့ နှင်းလျှောစီးပြီး ကျွန်မပြန်ရောက်တဲ့အချိန်မှာ သူဟာ အဲဒီနေရာမှာ ရှိနေဆဲပဲ။ သူဖတ်နေတဲ့စာအုပ်က စာရွက်တွေကိုပဲ အရင်အတိုင်း ကြည့်လို့။ အဲဒါပြီးတော့ နောက်တစ်နေ့မှာလည်း ဒီတိုင်းပါပဲ။ နေ၀င်ခါနီး အတော်နောက်ကျနေတဲ့ အချိန်တွေမှာတောင် သူဟာ သူ့ထိုင်ခုံမှာပဲ ထိုင်လို့ ပြတင်းပေါက်အပြင်က ဆောင်းရာသီပြကွက်လိုပဲ ငြိမ်ငြိမ်သက်သက်။
စတုတ္ထနေ့ရဲ့ နေ့လည်ခင်းမှာတော့ အပြင်မထွက်ရဖို့ ကျွန်မ ရမယ်ရှာလိုက်တယ်။ ဟိုတယ်မှာပဲ ကျွန်မ နေခဲ့ပြီး သူရဲခြောက်မှာ ကြောက်ရလောက်အောင် ခြောက်ကပ်နေတဲ့ နားနေခန်းထဲမှာ ခဏတဖြုတ် အချိန်ဖြုန်းနေလိုက်ပါတယ်။ ဒီထဲက လေက နွေးထွေးစိုစွတ်နေပြီး အခန်းဟာ ထူးထူးဆန်းဆန်းပဲ စိတ်ပျက်စရာ အနံ့တစ်မျိုးထွက်နေတယ်။ လူတွေရဲ့ ရှူးဖိနပ်တွေမှာ ကပ်ပါလာတဲ့ နှင်းတွေက မီးလင်းဖိုရဲ့ ရှေ့မှာ အရည်ပျော်နေရာက ထွက်လာတဲ့ အနံ့ပါ။ ပြတင်းပေါက်အပြင်ဘက်ကို ကျွန်မ ကြည့်လိုက်ပြီး သတင်းစာ တစ်စောင်နှစ်စောင်ကို ချိုးချိုးချွတ်ချွတ်မြည်အောင် လုပ်နေမိတယ်။ အဲဒီနောက်တော့ ကျွန်မ စိတ်ကို တင်းလိုက်ပြီး ရေခဲလူဆီ လျှောက်လာကာ စကားပြောလိုက်ပါတယ်။
အကြောင်းအထွေအထူးမရှိရင် သူစိမ်းတွေကို စကားပြောဖို့ ကျွန်မ ရှက်တတ်ပြီး ကိုယ်နဲ့ မသိတဲ့လူကို များသောအားဖြင့် စကားပြောလေ့ မရှိပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရေခဲလူကိုတော့ ကျွန်မ စကားပြောချင်နေမိတယ်။ ဒီညဟာ ဟိုတယ်မှာ နေရမယ့် နောက်ဆုံးညဖြစ်လို့ အခွင့်အရေးကို လက်လွှတ်လိုက်မယ်ဆိုရင် ရေခဲလူနဲ့ ဘယ်တော့မှ စကားပြောခွင့်မရတော့မှာကို ကျွန်မ စိုးရိမ်တယ်။
`ရှင် နှင်းလျှောမစီးဘူးလား´ လို့ အတတ်နိုင်ဆုံး ပုံမှန်အသံဖြစ်အောင် ကြိုးစားပြီး ကျွန်မ မေးလိုက်တယ်။
အဝေးတစ်နေရာက ဆူညံသံတစ်ခုကို ကြားလိုက်ရသလို သူ့မျက်နှာက ကျွန်မဆီ ဖြည်းညင်းစွာ လှည့်လာပြီး အဲဒီမျက်လုံးတွေနဲ့ ကျွန်မကို ငေးကြည့်နေတယ်။ နောက်တော့ သူ့ခေါင်းကို အေးအေးဆေးဆေး ခါယမ်းလိုက်တယ်။
`ကျွန်တော် နှင်းလျှောမစီးဘူး။ ဒီနားမှာထိုင် စာဖတ်ပြီး နှင်းတွေကိုကြည့်ရတာပဲ ကျွန်တော်သဘောကျတယ်´ လို့ သူက ပြောတယ်။ သူပြောတဲ့စကားလုံးတွေက အဖြူရောင်အငွေ့အဖြစ် သူ့အပေါ်မှာ ပေါ်ထွက်လာတာ ကာတွန်းစာအုပ်တွေထဲက အတိုင်းပဲ။ သူ့ရဲ့ နှင်းဖြူးထားတဲ့ လက်ချောင်းတွေနဲ့ မဖျက်လိုက်ခင်အထိ လေထဲမှာ ပေါ်နေတဲ့ စကားလုံးတွေကို ကျွန်မ တပ်အပ်မြင်လိုက်ရပါတယ်။
ဘာဆက်ပြောရမလဲ ကျွန်မ စဉ်းစားမရတော့ဘူး။ ရှက်သွေးဖြာပြီး အဲဒီနားမှာပဲ ဆက်ရပ်နေမိတော့တယ်။ ရေခဲလူက ကျွန်မ မျက်လုံးတွေထဲကို ကြည့်လိုက်ပြီးတဲ့နောက် ခပ်သဲ့သဲ့ပြုံးလိုက်ပုံရတယ်။
`ထိုင်ပါဦးလား´ လို့ သူက ပြောလိုက်တယ်။
`ခင်ဗျား ကျွန်တော့်ကို စိတ်ဝင်စားနေတယ်မဟုတ်လား။ ရေခဲလူဆိုတာ ဘာလဲလို့ ခင်ဗျားသိချင်နေတယ် မဟုတ်လား´ ပြီးတော့ သူက ရယ်တယ်။
`သက်တောင့်သက်သာနေပါ။ စိုးရိမ်စရာ တစ်ခုမှ မရှိပါဘူး။ ကျွန်တော်နဲ့ စကားပြောရုံလောက်နဲ့တော့ ခင်ဗျား အအေးမမိနိုင်ပါဘူး´
နားနေခန်းရဲ့ထောင့်လေးက ဆိုဖှာပေါ်မှာ ကျွန်မတို့နှစ်ယောက်သား ယှဉ်ရက်သားထိုင်ပြီး ပြတင်းပေါက်အပြင်ဘက်မှာ ကခုန်နေတဲ့ နှင်းရွက်တွေကို ကြည့်နေမိကြတယ်။ ကျွန်မက ချောကလက်အပူတစ်ခွက် မှာလိုက်ပြီး ရေခဲလူကတော့ ဘာမှ မသောက်ဘူး။ သူလည်း ကျွန်မထက်ပိုပြီးတော့ကို စကားပြောတတ်ပုံ မပေါ်ဘူး။ ဒါတင်မဟုတ်သေးဘူး၊ ကျွန်မတို့မှာ နှစ်ယောက်အတူပြောရမယ့် အကြောင်းအရာကို ရှိပုံမပေါ်ဘူး။ ပထမတော့ ကျွန်မတို့ ရာသီဥတုအကြောင်း ပြောကြတယ်။ ပြီးတော့ ဟိုတယ်အကြောင်း ပြောကြတယ်။
`ရှင့်ဘာသာရှင် ဒီကိုလာတာလား´ လို့ ကျွန်မက ရေခဲလူကို မေးလိုက်တယ်။
`ဟုတ်ကဲ့´ လို့ သူက ဖြေတယ်။ နှင်းလျှောစီးရတာ သဘောကျလားလို့ သူက ကျွန်မကို မေးတယ်။
`ဒီလောက်ကြီး မဟုတ်ပါဘူး။ သူငယ်ချင်းတွေ အတင်းခေါ်လို့ လိုက်လာတာ။ တကယ်တော့ ကျွန်မ နှင်းလျှောစီးခဲပါတယ်´
ကျွန်မ သိချင်တာတွေ အများကြီးရှိတယ်။ သူ့ ကိုယ်ခန္ဓာဟာ တကယ်ပဲ ရေခဲနဲ့ လုပ်ထားတာလား။ သူ ဘာစားသလဲ။ နွေရာသီကျရင် သူဘယ်မှာ နေသလဲ။ သူ့မှာ မိသားစု ရှိသလား။ ဒီလို အရာတွေပေါ့။ ဒါပေမဲ့ ရေခဲလူက သူ့အကြောင်းသူ မပြောဘူး။ ဒါနဲ့ ကျွန်မလည်း ပုဂ္ဂိုလ်ရေး မေးခွန်းတွေကို မမေးဘဲ ထားလိုက်တယ်။
ဒါပေမဲ့ ရေခဲလူက ကျွန်မအကြောင်းကိုတော့ ပြောတယ်။ ယုံရခက်ခက်ဖြစ်နေမှန်း သိပေမဲ့ သူက တစ်နည်းနည်းနဲ့ ကျွန်မအကြောင်းတွေအကုန် သိနေတယ်။ ကျွန်မရဲ့ မိသားစုဝင်တွေအကြောင်းလည်း သူသိတယ်။ ကျွန်မ အသက်၊ နှစ်သက်တဲ့အရာတွေ မနှစ်သက်တဲ့အရာတွေ၊ ကျွန်မရဲ့ ကျန်းမာရေး အခြေအနေ၊ ကျွန်မ တက်နေတဲ့ ကျောင်း၊ ပြီးတော့ ကျွန်မနဲ့ တွေ့ဖြစ်တဲ့ သူငယ်ချင်းတွေ။ အတော်ကြာလို့ ကျွန်မ မေ့နေပြီဖြစ်တဲ့ ခပ်လှမ်းလှမ်း အတိတ်က ကျွန်မအကြောင်းတွေကိုတောင် သူက သိနေပြန်တယ်။
`ကျွန်မတော့ နားမလည်နိုင်ဘူး´ လို့ ဇဝေဇ၀ါနဲ့ ပြောလိုက်တယ်။ သူစိမ်းတစ်ယောက်ရဲ့ ရှေ့မှာ အ၀တ်အစားမပါဘဲ နေနေရသလို ကျွန်မ ခံစားရတယ်။ `ကျွန်မအကြောင်း ဒီလောက်အများကြီး ရှင်ဘယ်လိုလုပ် သိနေတာလဲ။ လူ့စိတ်ကို ရှင် ဖတ်တတ်တာလား´
`မဟုတ်ပါဘူး။ ကျွန်တော် စိတ်လည်းမဖတ်တတ်ဘူး။ အဲလို အရာတွေ ဘာတစ်ခုမှ မတတ်ပါဘူး။ ကျွန်တော် သိနေရုံပဲ´ လို့ ရေခဲလူက ပြောတယ်။
`ကျွန်တော် သိနေရုံလေးပဲ။ အဲဒါက ရေခဲကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သလိုမျိုးပဲ။ ပြီးတော့ ခင်ဗျားကို အဲလိုနည်းနဲ့ ကျွန်တော် ကြည့်လိုက်တဲ့အချိန်မှာ ခင်ဗျားအကြောင်းတွေဟာ ကျွန်တော့်ဆီမှာ ရှင်းရှင်းလင်းလင်း မြင်နိုင်လာတယ်´
ကျွန်မက သူ့ကို မေးလိုက်တယ်။
`အနာဂတ်ကိုရော ရှင် မြင်နိုင်လား´
`ကျွန်တော် အနာဂတ်ကို မမြင်နိုင်ဘူး´ လို့ သူက ဖြည်းညင်းစွာ ပြောတယ်။
`အနာဂတ်အပေါ်မှာ ကျွန်တော် စိတ်ဝင်စားလို့ လုံးဝ မရဘူး။ အတိအကျ ပြောရရင်တော့ ကျွန်တော့်အတွက် အနာဂတ်ဆိုတဲ့ သဘောကို မရှိဘူး။ အဲဒါဟာ ဘာကြောင့်လဲဆိုတော့ ရေခဲမှာ အနာဂတ် မရှိလို့ပဲ။ သူ့မှာရှိတာက အတွင်းမှာ ပိတ်မိနေတဲ့ အတိတ်ပဲ။ အရမ်း ရှင်းလင်းထင်ရှားပြီး၊ အသက်ရှင်သန်နေဆဲလိုမျိုး ပေါ်လွင်နေတဲ့ နည်းနဲ့ပဲ ရေခဲဟာ အရာတွေကို ထိန်းသိမ်းထားတယ်။ ဒါဟာ ရေခဲရဲ့ အနှစ်သာရပဲ´
`ကောင်းပါတယ်ရှင်။ ဒီလိုကြားရတာ ကျွန်မ ၀မ်းသာပါတယ်။ တကယ်တော့ ကျွန်မလည်း အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို တကယ် မသိချင်ပါဘူး´ လို့ ကျွန်မက ပြောပြီး ပြုံးလိုက်တယ်။
မြို့ကို ပြန်ရောက်ပြီးနောက်ပိုင်း ကျွန်မတို့ အကြိမ်အတော်များများ တွေ့ဖြစ်ခဲ့ကြတယ်။ နောက်ဆုံးတော့ ကျွန်မတို့ ချိန်းတွေ့ကြတယ်ပဲ ဆိုပါတော့။ ကျွန်မတို့ ရုပ်ရှင်သွားမကြည့်သလို ကော်ဖီဆိုင်တွေကိုလည်း မရောက်ဖြစ်ခဲ့ကြပါဘူး။ စားသောက်ဆိုင်တွေကိုတောင် မရောက်ဖြစ်ခဲ့ကြဘူး။ ရေခဲလူဟာ ဘာမှ မစားသလောက်ပါပဲ။ အဲဒါတွေအစား ကျွန်မတို့ဟာ ပန်းခြံထဲက ခုံလေးတစ်ခုံမှာ ထိုင်ပြီး ရောက်တတ်ရာရာ စကားပြောဖြစ်ခဲ့ကြတယ်။ ရေခဲလူအကြောင်းက လွဲလို့ပေါ့။
ကျွန်မကို အတော်ကြာအောင် ကြည့်နေပြီး ရေခဲလူက သူ့ခေါင်းကို ရမ်းလိုက်တယ်။
`ကိုယ် မသိဘူး။ အခြားအရာတွေအားလုံးရဲ့ အတိတ်ကို ကိုယ်သိတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်မှာ အတိတ်မရှိဘူး။ ကိုယ့်ကို ဘယ်နေရာမွေးလဲဆိုတာနဲ့ ကိုယ့်မိဘတွေဟာ ဘာနဲ့တူသလဲဆိုတာလည်း ကိုယ်မသိဘူး။ ကိုယ့်မှာ မိဘတွေမှ ရှိကြရဲ့လားဆိုတာတောင် ကိုယ်မသိဘူး။ ကိုယ့်အသက် ဘယ်လောက်ရှိပြီဆိုတာလည်း မတွေးတတ်ဘူး။ ကိုယ့်မှာ အသက်အရွယ်ဆိုတာတောင် ရှိရဲ့လား မသိဘူး´ လို့သူက အေးအေးဆေးဆေးပြောပြီး လေထဲမှာ ပေါ်လာတဲ့ စကားလုံးတွေကို မှုတ်ထုတ်နေတယ်။
ရေခဲလူဟာ ညအမှောင်ထုထဲက ရေခဲတောင်တစ်ခုလိုပဲ အထီးကျန်လှတယ်။ ကျွန်မဟာ ရေခဲလူကို နက်နက်ရှိုင်းရှိုင်း ချစ်မိခဲ့ပါတယ်။ ကျွန်မချစ်သလောက် ရေခဲလူကလည်း ပြန်ချစ်တယ်။ အနာဂတ်မပါတဲ့ ပစ္စုပ္ပန်မှာပဲပေါ့။ ကျွန်မကလည်း သူချစ်သလိုပဲ ရေခဲလူကို ပြန်ချစ်ခဲ့ပါတယ်။ အတိတ်မပါတဲ့ ပစ္စုပ္ပန်မှာပေါ့။ ကျွန်မတို့ လက်ထပ်ဖို့ကိစ္စကို စတင် ဆွေးနွေးခဲ့ကြတယ်။
ကျွန်မဟာ အသက်နှစ်ဆယ် ပြည့်ပြီးခါစပဲ ရှိသေးတယ်။ ပြီးတော့ ရေခဲလူဟာ ကျွန်မ အမှန်တကယ် ချစ်မြတ်နိုးခဲ့တဲ့ ပထမဆုံး လူပါပဲ။ အဲဒီအချိန်တုန်းက ရေခဲလူကို ချစ်တယ်ဆိုတာဟာ ဘာလဲလို့ ကျွန်မ စိတ်ကူးတွေးဆကြည့်လို့ မရခဲ့ဘူး။ ဒါပေမဲ့ သာမန်ယောက်ျားတစ်ဦးကို ချစ်မိခဲ့တယ်ဆိုရင်တောင် အချစ်ဆိုတာ ဘာကိုဆိုလိုသလဲဆိုတာကို ကျွန်မ ကောင်းကောင်းသိပါ့မလားလို့ သံသယရှိတာ အမှန်ပဲ။
ကျွန်မ အမေနဲ့ အစ်မက ကျွန်မ ရေခဲလူကို လက်ထပ်ဖို့ကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတယ်။
`နင် အိမ်ထောင်ပြုဖို့ အရမ်းစောပါသေးတယ်။ ပြီးတော့ သူ့ရဲ့ နောက်ကြောင်းကိုလည်း နင် ဘာမှ သိတာမဟုတ်ဘူး။ သူ ဘယ်တုန်းက၊ ဘယ်မှာ မွေးတယ်ဆိုတာတောင် နင် သိတာမဟုတ်ဘူး။ နင် အဲဒီလိုလူတစ်ယောက်ကို လက်ထပ်လိုက်တယ်လို့ ဆွေမျိုးအသိုင်းကို ငါတို့ ဘယ်လိုပြောရမလဲ။ ဒါတွေအပြင်ကို ငါတို့ အခုပြောနေတဲ့ သူဟာ ရေခဲလူပဲ။ သူ ရုတ်တရက် အရည်ပျော်ကျသွားပါပြီတဲ့ နင် ဘယ်လိုလုပ်မလဲ။ အိမ်ထောင်ရေးဟာ တကယ့် ပေးဆပ်မှုတွေ လိုအပ်တယ်ဆိုတာကို နင် နားလည်ပုံမရသေးပါဘူး´ လို့ သူတို့က ပြောကြတယ်။
သူတို့ရဲ့ ပူပန်မှုတွေက အခြေအမြစ် မရှိပါဘူး။ တကယ်တော့ ရေခဲလူဟာ တကယ် ရေခဲနဲ့လုပ်ထားတာ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ ပူနွေးလာပါစေ သူ အရည်ပျော်သွားမှာ မဟုတ်ဘူး။ သူ့ခန္ဓာကိုယ်ဟာ ရေခဲလို အေးနေလို့သာ သူ့ကို ရေခဲလူလို့ခေါ်ကြတာ။ သူ့ကို လုပ်ထားတဲ့အရာက ရေခဲမဟုတ်ဘူး။ ပြီးတော့ အဲဒီ အအေးဓာတ်မျိုးကလည်း တခြားလူတွေရဲ့ ကိုယ်ခန္ဓာအပူချိန်ကို ဖယ်ရှားလိုက်တဲ့ အအေးဓာတ်မျိုးမဟုတ်ဘူး။
ဒီလိုနဲ့ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်။ မင်္ဂလာပွဲမှာ ဘယ်သူမှ ကောင်းချီးမပေးပါဘူး။ ပြီးတော့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ တစ်ယောက်မှ ကျွန်မတို့အတွက် မပျော်ကြဘူး။ ကျွန်မတို့ အခမ်းအနားတွေဘာတွေ မလုပ်ကြဘူး။ ပြီးတော့ ကျွန်မရဲ့ နာမည်ကို မိသားစု မှတ်ပုံတင်ထဲ ထည့်သွင်းတော့ ရေခဲလူမှာ မိသားစုဝင်တစ်ယောက်မှ မရှိတာကို တွေ့ရတယ်။ ကျွန်မတို့ကတော့ ဆုံးဖြတ်ချက်ချခဲ့တာပဲ။ နှစ်ယောက်ထဲ၊ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်။ ကိတ်မုန့်လေးတစ်လုံး ၀ယ်ပြီး ကျွန်မတို့ အတူတကွ စားခဲ့ကြတယ်။ ဒါပဲ ကျွန်မတို့ရဲ့ အကျဉ်းချုံး လက်ထပ်ပွဲလေးပေါ့။
ကျွန်မတို့ အခန်းကျဉ်းလေးတစ်ခန်းကို ငှားခဲ့ကြတယ်။ ရေခဲလူက အအေးခန်း အသားသိုလှောင်ရုံမှာ အလုပ်လုပ်တယ်။ သူက ဘယ်လောက်အေးအေး နေနိုင်ပြီး ဘယ်လောက် ပင်ပင်ပန်းပန်း အလုပ်လုပ်သည်ဖြစ်စေ ဘယ်တော့မှ မောပန်းတတ်သူမဟုတ်ဘူး။ ဒီတော့ သူ့ရဲ့ အလုပ်ရှင်က သူ့ကို အရမ်းသဘောကျပြီး အခြားအလုပ်သမားတွေထက် ပိုကောင်းတဲ့ လစာ ပေးထားတယ်။ ဒီလိုနဲ့ ကျွန်မတို့နှစ်ယောက်သား ဘယ်သူကမှ၊ ဘယ်သူ့ကိုမှ အနှောင့်အယှက်မရှိစေဘဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြပါတယ်။
ရေခဲလူက ကျွန်မကို ချစ်တင်းနှောတဲ့အချိန်မှာ ငြိမ်သက်နေတဲ့ ဟင်းလင်းပြင် တစ်နေရာရာမှာ အသေအချာ တည်ရှိနေတယ်လို့ ကျွန်မသေချာတဲ့ ရေခဲစလေးတစ်စကို စိတ်ထဲမှာ ထင်မြင်နေရတယ်။ အဲဒီ ရေခဲစလေးဟာ ဘယ်နေရာမှာ တည်ရှိတယ်ဆိုတာကို ရေခဲလူ သိနိုင်ကောင်းတယ်လို့ ကျွန်မ စဉ်းစားမိတယ်။ အဲဒါဟာ အေးခဲမာကျောနေတယ်။ ဘယ်အရာမှ အဲဒီထက် ပိုမမာနိုင်တော့လောက်အောင်ကို မာကျောတယ်လို့ ကျွန်မ ထင်တယ်။ အဲဒါဟာ ကမ္ဘာမှာ အကြီးမားဆုံး ရေခဲစပဲ။ အဲဒါဟာ အဝေးတစ်နေရာမှာ ရှိပြီး ရေခဲလူဟာ အဲဒီရေခဲရဲ့ မှတ်ဉာဏ်တွေကို ကျွန်မနဲ့ ကမ္ဘာမြေကြီးအပေါ်ကို ပက်ဖြန်းနေသလိုပါပဲ။ အစပိုင်းမှာ ရေခဲလူ ကျွန်မကို ချစ်တင်းနှောရင် ကျွန်မ စိတ်ရှုပ်ထွေးသွားတတ်တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကျွန်မ ကျင့်သားရသွားခဲ့တယ်။ ရေခဲလူနဲ့ ချစ်ပွဲဝင်ရတာကို ကျွန်မ နှစ်သက်လာတယ်လို့ကို ပြောနိုင်တယ်။ ညအခါတွေမှာ ကျွန်မတို့ဟာ ကြီးမားလှတဲ့ ရေခဲတုံးကြီးကို တိတ်ဆိတ်စွာ ဝေမျှခံစားနေကြတယ်။ အဲဒါနဲ့ နှစ်သန်းပေါင်း ရာချီ။ ကျွန်မတို့ သိမ်းဆည်းထားခဲ့တဲ့ ကမ္ဘာကြီးရဲ့ အတိတ်တွေ အားလုံးပေါ့။
ကျွန်မတို့ရဲ့ အိမ်ထောင်ရေးမှာ ပြောပလောက်စရာ ပြဿနာရယ်လို့ မရှိခဲ့ဘူး။ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်ကြပြီး ဘာတစ်ခုမှ ကျွန်မတို့ကြားထဲ ၀င်မလာနိုင်ခဲ့ဘူး။ ကျွန်မတို့ ရင်သွေးလိုချင်ခဲ့ကြပေမဲ့ အဲဒါက ဖြစ်နိုင်မယ့်ပုံ မပေါ်ဘူး။ လူသားမျိုးရိုးဗီဇနဲ့ ရေခဲလူသား မျိုးရိုးဗီဇ လွယ်လွယ်ကူကူ ပေါင်းစပ်လိမ့်မှာမဟုတ်ဘူးလို့ ယူဆရတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ တစ်စိတ်တစ်ပိုင်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့မှာ ရင်သွေးမရှိတဲ့အတွက် ကျွန်မဟာ အချိန်အမြောက်အများ ပိုလျှံနေတဲ့ ဘ၀ကို ရောက်နေမှန်း ကိုယ့်ကိုယ်ကိုယ် တွေ့ခဲ့ရလို့ပါပဲ။ အိမ်မှုကိစ္စတွေအားလုံးကို မနက်မှာတင် ကျွန်မ လက်စသတ်ပြီး အဲဒီနောက်တော့ ဘာမှ လုပ်စရာ မကျန်တော့ဘူး။ ကျွန်မမှာ စကားပြောစရာ အပြင်အတူထွက်စရာ သူငယ်ချင်း မရှိတော့ဘူး။ နောက်တော့ အိမ်နီးချင်းတွေနဲ့လည်း ဖာသိဖာသာပဲ နေခဲ့ပါတယ်။ ကျွန်မရဲ့ အမေနဲ့ အစ်မဟာ ရေခဲလူကို လက်ထပ်လိုက်တဲ့အတွက် ကျွန်မအပေါ် စိတ်မပြေကြသေးဘဲ ကျွန်မကို နောက်ထပ်တစ်ခါ ပြန်မြင်ချင်တဲ့ အရိပ်အယောင် မပြကြသေးဘူး။ လပေါင်းများစွာ ကျော်လွန်လာတဲ့ အချိန်မှာတောင် ကျွန်မတို့ ၀န်းကျင်က လူတွေဟာ အမြဲမပြတ် ဒီအကြောင်းပဲ ပြောနေကြပြီး ရေခဲလူရော၊ သူ့ကိုလက်ထပ်ခဲ့တဲ့ ကျွန်မကိုပါ သူတို့ရဲ့ နှလုံးသားထဲကကို လက်မခံနိုင်ကြသေးကြောင်း ပြောဆိုနေခဲ့ကြတယ်။ သူတို့နဲ့ ကျွန်မတို့ဟာ ခြားနားနေတယ်။ ကျွန်မတို့ကြားက အဟကို တံတားဖို့ အချိန်မလုံလောက်သေးပါဘူး။
ဒီလိုနဲ့ ရေခဲလူ အလုပ်သွားနေတဲ့ အချိန်တွေမှာ ကျွန်မဟာ အိမ်မှာ ကိုယ့်ဘာသာ နေခဲ့ရတယ်။ စာအုပ်တွေဖတ်ရင်း၊ သီချင်းတွေ နားထောင်ရင်းပေါ့။ ဘာပဲဖြစ်ဖြစ် အိမ်မှာနေရတာကို ကျွန်မ ပိုကြိုက်ပါတယ်။ တစ်ယောက်ထဲ ဖြစ်နေတာကို အထွေအထူး စိတ်မရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်မဟာ ငယ်သေးတယ်။ တူညီတဲ့အလုပ်တွေကိုချည်း တစ်နေ့ပြီးတစ်နေ့ လုပ်နေပြီးတဲ့နောက် နောက်ဆုံးမှာတော့ ကျွန်မ စိတ်ပျက်စ ပြုလာခဲ့တယ်။ ကျွန်မကို ထိခိုက်စေတာက ငြီးငွေ့မှု မဟုတ်ပါဘူး။ ထပ်ပြန်တလဲလဲ ဖြစ်နေတဲ့အရာကသာ ထိခိုက်စေခဲ့တာပဲ။
ဒါကြောင့်ပဲ တစ်နေ့တော့ ကျွန်မခင်ပွန်းကို ပြောဖြစ်ခဲ့တယ်။
`အပြောင်းအလဲလေး ဖြစ်သွားအောင် ကျွန်မတို့နှစ်ယောက် တစ်နေရာရာကို ခရီးထွက်ကြရင် ဘယ်လိုနေမလဲ´
`ခရီးလား´ လို့ ရေခဲလူက ပြန်မေးလိုက်တယ်။ သူ့မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး ကျွန်မကို ငေးကြည့်နေတယ်။
`ဘာဖြစ်လို့များ ကိုယ်တို့ ခရီးထွက်ကြရမှာလဲ။ ကိုယ်နဲ့ နေရတာ မပျော်ဘူးလား´
`အဲဒီလို မဟုတ်ပါဘူး။ ပျော်ပါတယ်။ ဒါပေမဲ့ ကျွန်မ ပျင်းတယ်။ ခပ်ဝေးဝေး တစ်နေရာရာကို ခရီးထွက်၊ တစ်ခါမှ မမြင်ဖူးတဲ့အရာတွေကို ကြည့်ရရင် ကောင်းမှာပဲလို့ တွေးမိလို့။ လတ်ဆတ်တဲ့လေကို ရှူရတာမျိုးကို ကျွန်မ လိုချင်တယ်။ နားလည်လားမသိဘူး။ ပြီးတော့ ကျွန်မတို့ ပျားရည်ဆမ်းခရီးလည်း မထွက်ရသေးဘူးလေ။ စုထားတဲ့ ငွေတချို့လည်းရှိတယ် ပြီးတော့ ကိုလည်း မကြာခင် ရက်ရှည် အားလပ်ရက် ရတော့မှာ မဟုတ်လား။ အဝေး တစ်နေရာရာ သွားပြီး ပျော်ပျော်ပါးပါးနေရမယ့် အချိန်ပဲလို့ မထင်ဘူးလား´ လို့ ကျွန်မက ပြောလိုက်တယ်။
ရေခဲလူက အေးစက်နေတဲ့ သက်ပြင်းလေးလေးတစ်ခုကို ချလိုက်တယ်။ အဲဒါက အသံမြည်ပြီး လေထဲမှာ ပုံဆောင်ခဲ ဖြစ်သွားတယ်။ သူက သူ့ရဲ့ လက်ချောင်းရှည်ရှည်တွေကို ဒူးခေါင်းမှာ ကပ်လိုက်တယ်။
`အင်းလေ။ သိပ်သွားချင်နေတယ်ဆိုရင်လည်း သွားကြတာပေါ့။ ကိုယ့်မှာ ကန့်ကွက်စရာ မရှိပါဘူး။ မင်းပျော်မယ်ဆို ဘယ်နေရာကိုမဆို ကိုယ်သွားမှာပဲ။ ဒါနဲ့ ဘယ်သွားချင်တယ်ဆိုတာရော သိပြီလား…´
`တောင်ဝင်ရိုးစွန်းကို သွားလည်ကြရင် ဘယ်လိုနေမလဲ´ လို့ ကျွန်မက ပြောလိုက်တယ်။
တောင်ဝင်ရိုးစွန်းကို ကျွန်မ ရွေးချယ်ရတဲ့ အကြောင်းရင်းက ရေခဲလူဟာ အေးတဲ့ တစ်နေရာရာကို သွားရရင် စိတ်ဝင်စားမှာပဲလို့ ကျွန်မအနေနဲ့ သေချာလို့။ ပြီးတော့ တကယ်လည်း အဲဒီနေရာကို ကျွန်မ အမြဲသွားချင်ခဲ့တာ။ ခေါင်းစွပ်ပါတဲ့ သားမွှေးအင်္ကျီကို ကျွန်မ ၀တ်ချင်တယ်။ ပြီးတော့ တောင်ဝင်ရိုး အာရုံချိန်နဲ့ ပင်ဂွင်းငှက်အုပ်တွေကိုလည်း ကျွန်မ ကြည့်ချင်တယ်။
ကျွန်မ ပြောနေတဲ့အချိန်မှာ ခင်ပွန်းသည်ဟာ ကျွန်မ မျက်ဝန်းတွေထဲကို တည့်တည့်ကြည့်နေတယ်။ မျက်တောင် လုံးဝမခတ်ဘူး။ ရေခဲပန်းဆွဲတစ်ခုဟာ ကျွန်မရဲ့ ဦးခေါင်းကိုဖောက်ထွင်းပြီးသွားသလိုပဲ ကျွန်မ ခံစားရတယ်။ ခဏလောက် သူ တိတ်ဆိတ်နေပြီး နောက်ဆုံးတော့ တိုးလျတဲ့အသံနဲ့ သူက ပြောလိုက်တယ်။
`ကောင်းပြီလေ။ မင်းသွားချင်ဆိုရင်တော့ ကိုယ်တို့ တောင်ဝင်ရိုးစွန်းကို သွားကြတာပေါ့။ တကယ်သွားချင်တာရော သေချာရဲ့လား..´
ကျွန်မ ချက်ချင်း ပြန်မဖြေနိုင်လိုက်ဘူး။ ရေခဲလူရဲ့ အကြည့်ဟာ ကျွန်မအပေါ်မှာ ရောက်နေတာ အတော်ကြာလို့ ကျွန်မဦးခေါင်းက ထုံထိုင်းနေသလို ခံစားရတယ်။ နောက်တော့မှ ကျွန်မ ခေါင်းညိတ်လိုက်တယ်။
အချိန်တွေ ကြာလာတာနဲ့အမျှ တောင်ဝင်ရိုးစွန်းကိုသွားဖို့ စိတ်ကူးရခဲ့တာကို ကျွန်မ နောင်တရလာမိတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ဒါပေမဲ့ `တောင်ဝင်ရိုးစွန်း´ ဆိုတဲ့ စကားကို ကျွန်မ ပြောလိုက်တဲ့ ခဏမှာ ကျွန်မ ခင်ပွန်းဆီမှာ တစ်စုံတစ်ရာ ပြောင်းလဲသွားခဲ့ပုံပေါ်တယ်။ သူ့မျက်လုံးတွေက ပိုပြီး စူးရှလာတယ်။ သူ့ရဲ့ ထွက်သက်တွေက ပိုပြီး ဖြူလာတယ်။ ပြီးတော့ သူ့ရဲ့ လက်ချောင်းတွေက ပိုပြီးစိုစွတ်လာတယ်။ သူ ကျွန်မကို ထပ်ပြီး စကားမပြောတော့သလောက်ပဲ။ ပြီးတော့ အစာလည်း လုံးလုံး မစားတော့ဘူး။ ဒါတွေအားလုံးဟာ ကျွန်မကို မလုံမခြုံ ခံစားရစေပါတယ်။
ကျွန်မတို့ မထွက်ခွာခင် ငါးရက်အလိုမှာတော့ ရဲဆေးတင်ပြီး ကျွန်မ ပြောလိုက်တယ်။
`တောင်ဝင်ရိုးစွန်းသွားမယ့်ကိစ္စကို မေ့လိုက်ရင် မကောင်းဘူးလား။ အခုမှ ကျွန်မ စဉ်းစားကြည့်တော့ အဲဒီမှာ အရမ်းအေးမှာပဲလို့ တွေးမိတော့တယ်။ ပြီးတော့ ကျွန်မတို့ ကျန်းမာရေးအတွက်လည်း မသင့်ဘူးထင်တယ်။ အခြား အဆင်ပြေမယ့် တစ်နေရာရာကို ပြောင်းလိုက်ရင် ကောင်းမလားလို့ ကျွန်မ တွေးနေတယ်။ ဥရောပဆိုရင်ရော ဘယ်လိုလဲ။ စပိန်သွားပြီး တကယ့် အပန်းဖြေမှုယူရင် မကောင်းဘူးလား။ ကျွန်မတို့ ၀ိုင်သောက်နိုင်တယ်။ ပင်လယ်စာထမင်း စားနိုင်တယ်။ ပြီးတော့ နွားရိုင်းသတ်ပွဲ၊ ဒါမှမဟုတ် တစ်ခုခု ကြည့်နိုင်တာပေါ့´
ဒါပေမဲ့ ကျွန်မပြောတာကို ခင်ပွန်းက ဂရုမစိုက်ပါဘူး။ လေထဲကို သူက မိနစ်အနည်းငယ်လောက် ငေးနေပြီး ပြောလိုက်တယ်။ `ကိုယ်တော့ စပိန်ကို မသွားချင်ဘူး။ စပိန်က ကိုယ့်အတွက် ပူတယ်။ ပြီးတော့ အရမ်းဖုန်ထူတယ်။ အစားအသောက်တွေကလည်း စပ်လွန်းတယ်။ ပြီးတော့ ကိုယ် မြောက်ဝင်ရိုးစွန်းအတွက် လက်မှတ်ဝယ်ထားပြီးပြီ။ ကိုယ်တို့မှာ သားမွှေးအင်္ကျီတွေ ဖိနပ်တွေလည်း မင်းအတွက် ရှိနေပြီလေ။ ဒါတွေအားလုံးကို အလဟဿအဖြစ်ခံလို့ ဘယ်ဖြစ်မလဲ။ ဒီလောက်အထိ ပြင်ဆင်ပြီးမှ မသွားဘဲ မနေနိုင်တော့ပါဘူး´
အမှန်တော့ ကျွန်မ ကြောက်နေတာဖြစ်ပါတယ်။ တောင်ဝင်ရိုးစွန်းကို သွားခဲ့တယ်ဆိုရင် ကျွန်မတို့အတွက် ပြန်မပြင်နိုင်တော့တဲ့ အရာတစ်ခုခု ဖြစ်တော့မယ်လို့ ကျွန်မစိတ်ထဲမှာ နမိတ်ဖတ်နေမိပါတယ်။ အဲဒီ အိပ်မက်ဆိုးကြီးကိုပဲ အကြိမ်ကြိမ်အထပ်ထပ် မက်နေမိတော့တယ်။ အမြဲတမ်း တစ်ပုံစံတည်းပဲ။ ကျွန်မ လမ်းလျှောက်ထွက်စဉ်မှာ မြေပေါ်မှာ ဟင်းလင်းပွင့်နေတဲ့ နက်ရှိုင်းတဲ့ ဂလိုင်ပေါက်ကြီးထဲ ကျွန်မ ပြုတ်ကျသွားတယ်။ ဘယ်သူမှ ကျွန်မကို ရှာမတွေ့ဘူး။ အဲဒီထဲမှ ကျွန်မ အေးခဲသွားတယ်။ ရေခဲတွေနဲ့ အထဲမှာ ပိတ်မိနေပြီး ကျွန်မ ကောင်းကင်ကို မော့ကြည့်နေမိတယ်။ ကျွန်မ အသိစိတ်ရှိနေတယ်။ ဒါပေမဲ့ လှုပ်ရှားလို့ မရဘူး။ လက်ချောင်းလေးတောင်မှ လှုပ်လို့မရဘူး။ အဲဒီ ခဏချင်း ခဏချင်းမှာပဲ ကျွန်မဟာ အတိတ်ဖြစ်သွားနေခဲ့တယ်။ လူတွေက ကျွန်မကို ကြည့်နေတယ်။ ကျွန်မ ဖြစ်နေတဲ့အရာကိုကြည့်နေတယ်။ သူတို့ဟာ အတိတ်ကို ကြည့်နေခဲ့ကြတာပဲ။ သူတို့ဆီကနေ နောက်ပြန်ရွေ့လျားနေတဲ့ ပြကွက်တစ်ခုဟာ ကျွန်မဖြစ်နေပါလား။
ပြီးတော့ ကျွန်မ လန့်နိုးလာပြီး ရေခဲလူကို ကျွန်မဘေးမှာ အိပ်နေတာ တွေ့ရတယ်။ သူအိပ်ရင် အမြဲတမ်း အသက်မရှူဘဲ လူသေကောင်ကြီးလိုပဲ။
ဒါပေမဲ့ ကျွန်မ ရေခဲလူကို ချစ်တယ်။ ကျွန်မ အော်လိုက်တယ်။ မျက်ရည်တွေဟာ သူ့ရဲ့ ပါးပေါ်ကျသွားလို့ သူနိုးလာတော့ ကျွန်မကို သူ့လက်မောင်းတွေနဲ့ ပွေ့ဖက်လိုက်တယ်။
`ကျွန်မ အိပ်မက်ဆိုးတွေ မက်နေတယ်´ လို့ သူ့ကို ပြောလိုက်တယ်။
`အိပ်မက်ပဲဟာကိုကွယ်။ အိပ်မက်တွေဟာ အတိတ်ကပဲ လာတတ်တယ်။ အနာဂတ်က မဟုတ်ပါဘူး။ မင်းကို အိပ်မက်တွေနဲ့ ချည်နှောင်မထားဘူး။ အိပ်မက်တွေကိုသာ မင်းက ချည်နှောင်ထားတာ။ ကိုယ်ပြောတာ နားလည်ရဲ့လား…´
`ဟုတ်ကဲ့´ လို့ ကျွန်မ ပြောလိုက်ပေမဲ့ အမှန်လို့တော့ မထင်ပါဘူး။
ခရီးစဉ်ကိုဖျက်သိမ်းဖို့ ဆင်ခြေကောင်းကောင်းတစ်ခု ကျွန်မ ရှာမတွေ့နိုင်တာနဲ့ပဲ နောက်ဆုံးမှာတော့ ခင်ပွန်းသည်နဲ့ ကျွန်မဟာ တောင်ဝင်ရိုးစွန်းကို ပျံသန်းမယ့် လေယာဉ်ပေါ်ကို ရောက်လာခဲ့ကြတယ်။ လေယာဉ်မယ်တွေကလည်း အကုန် မေးထူးခေါ်ပြော မရှိကြဘူး။ ပြတင်းပေါက်ကနေ ကျွန်မ အပြင်ကို ကြည့်ချင်ပေမဲ့ ရေခဲလွှာတွေနဲ့ ဖုံးသွားခဲ့ပြီ။ ခင်ပွန်းကတော့ စာအုပ်တစ်အုပ်ဖတ်ရင်း ငြိမ်ငြိမ်သက်သက် ထိုင်နေတယ်။ အပန်းဖြေခရီးမှာ စိတ်လှုပ်ရှားစရာ ဘာတစ်ခုမှမရှိဘူးလို့ ကျွန်မ ခံစားရတယ်။ ဆုံးဖြတ်ပြီးသား ဖြစ်နေတဲ့ အရာမို့လို့ အလိုက်သင့် ရွေ့လျားလုပ်ဆောင်နေရုံမျှပဲ။
လေယာဉ်ဆင်းသက်လို့ တောင်ဝင်ရိုးစွန်းကို ခြေချလိုက်တဲ့အချိန်မှာ ကျွန်မ ခင်ပွန်းရဲ့ ခန္ဓာကိုယ်ဟာ အလိုလိုရွေ့လျားနေတယ်လို့ ကျွန်မ ခံစားရတယ်။ အဲဒါဟာ စက္ကန့်ဝက်ခန့် မျက်စိတစ်မှိတ်စာ လောက်လေးပဲ ကြာပြီး သူ့ အသွင်အပြင်က မပြောင်းလဲပေမယ့် အဲလိုဖြစ်သွားတာကို ကျွန်မ သေသေချာချာ မြင်လိုက်ရတယ်။ ရေခဲလူရဲ့ အတွင်းထဲက တစ်စုံတစ်ရာဟာ လျှို့ဝှက်သည်းထန်စွာ လှုပ်ရှားနေခဲ့ပြီ။ သူက ရပ်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ အသက်ကို ပြင်းပြင်းရှူနေတယ်။ ပြီးတော့ ကျွန်မကို ကြည့်ပြီး သူ့သွားတွေပေါ်အောင် ပြုံးလိုက်တယ်။
`ဒါ မင်းလည်ပတ်ချင်တဲ့ နေရာလား´ လို့ သူက ကျွန်မကို မေးတယ်။
`ဟုတ်ပါတယ်။ ဒီနေရာပဲ´ လို့ ကျွန်မ ဖြေလိုက်တယ်။
ကျွန်မ မျှော်လင့်ထားခဲ့သလို မဟုတ်ဘဲ တောင်ဝင်ရိုးစွန်းဟာ အထီးကျန် နေရာပဲ။ နေထိုင်သူ မရှိသလောက် နီးနီးပဲ။ ခြောက်ကပ်ကပ် မြို့သေးသေးလေး တစ်ခုပဲ ရှိတယ်။ အဲဒီ မြို့သေးသေးလေးမှာလဲ ဟိုတယ် တစ်ခုပဲရှိတယ်။ ခြောက်ကပ်ကပ်နဲ့ သေးသေးလးပဲပေါ့။ တောင်ဝင်ရိုးစွန်းဟာ လည်ပတ်စရာ နေရာတစ်ခုမဟုတ်ဘူး။ ပင်ဂွင်းငှက် တစ်ကောင်တစ်မြီးမှ မရှိဘူး။ တောင်ဝင်ရိုးစွန်းအာရုံဦးကိုတောင် မမြင်ရပါဘူး။ သစ်ပင်ပန်းမန်၊ မြစ်ချောင်းအင်းအိုင် ဘာမှကို မရှိဘူး။ ကျွန်မ ရောက်သမျှ နေရာတိုင်းမှာ ရေခဲတစ်ခုပဲ ရှိတယ်။ ကျွန်မ မြင်နိုင်သမျှ နေရာတိုင်းဟာ ရေခဲတွေသာ အဆုံးမရှိ ပြန့်ကျဲနေတဲ့ တစပြင်ကြီးပဲ။
ဒါပေမဲ့ ကျွန်မ ခင်ပွန်းသည်ကတော့ တစ်နေရာပြီးတစ်နေရာ ထက်ထက်သန်သန် လျှောက်လှမ်းနေတယ်။ လျှောက်လို့ကို မ၀သေးသလိုပဲ။ သူက အဲဒီအရပ်သုံးဘာသာစကားကို လျင်လျင်မြန်မြန် သင်ယူတတ်မြောက်သွားပြီး မြို့သားတွေကို ရေခဲဖုံးလွှမ်းနေတဲ့ လေသံနဲ့ စကားပြောတယ်။ မျက်နှာမှာ အလေးအနက်ဟန်နဲ့ သူတို့နဲ့ နာရီပေါင်းများစွာ စကားပြောတယ်။ ဒါပေမဲ့ သူတို့တွေ ဘာအကြောင်း ပြောနေသလဲ ကျွန်မကတော့ တစ်လုံးမှ နားမလည်ဘူး။ ခင်ပွန်းသည်ဟာ ကျွန်မကို သစ္စာဖောက်ပြီး ကျွန်မကို ကိုယ့်ဘာသာကိုယ် နေရအောင် ပစ်ထားလိုက်ပြီလို့ ကျွန်မ ခံစားရတယ်။
ရေခဲထုကြီး ၀န်းရံထားတဲ့ အဲဒီ စကားလုံးမဲ့ကမ္ဘာမှာ နောက်ဆုံး ကျွန်မ ခွန်အားတွေ ပျောက်ဆုံးသွားခဲ့ပြီ။ တစ်စစ၊ တစ်စစစ။ နောက်ဆုံးမှာ ကျွန်မဟာ မကျေမလည်ခံစားဖို့တောင် စွမ်းအားမရှိဖြစ်သွားခဲ့ရပြီ။ ဘယ်လိုပြောမလဲဆိုရင် ကျွန်မရဲ့ စိတ်ခံစားချက် အတိုင်းအတာဟာ ပျောက်ဆုံးသွားခဲ့သလိုပဲ။ ကျွန်မ ဘယ်ကို ဦးတည်နေတယ်ဆိုတာကို မှန်းဆလို့မရတော့ဘူး။ ကျွန်မဟာ အချိန်ကာလကို မှန်းဆလို့ မရတော့ဘူး။ ပြီးတော့ ကျွန်မကိုယ်တိုင်ရဲ့ အတ္တကို သိတဲ့အာရုံတွေအားလုံး ပျောက်ဆုံးသွားခဲ့ပြီ။ ဒါတွေဟာ ဘယ်အချိန်မှာ စခဲ့ပြီး ဘယ်အချိန်မှာ ဆုံးမယ်ဆိုတာကို ကျွန်မ မသိဘူး။ ဒါပေမဲ့ ကျွန်မ အသိပြန်ဝင်တဲ့အချိန်တွေမှာတော့ ကျွန်မဟာ တစ်ယောက်ထဲပိတ်မိနေပြီး၊ ထာဝရဆောင်းရာသီကပဲ အရာအားလုံးကို အရောင်ချယ်ထားတဲ့ ရေခဲကမ္ဘာတစ်ခုမှာ ရောက်ရှိနေခဲ့ပြီ။
ကျွန်မရဲ့ အာရုံတွေ အတော်များများ ပျောက်ဆုံးသွားခဲ့ပေမဲ့ အဲဒါကိုတော့ ကျွန်မ တော်တော်လေး သိနေသေးတယ်။ တောင်ဝင်ရိုးစွန်းက ကျွန်မ ခင်ပွန်းဟာ အရင်တုန်းကတစ်ယောက်နဲ့ အတူတူမဟုတ်တော့ဘူး။ အရင်တုန်းကလိုပဲ သူက ကျွန်မကို ကြည့်ရှုစောင့်ရှောက်ပြီး ကြင်ကြင်နာနာ စကားဆိုပါတယ်။ သူ ကျွန်မကို ပြောတဲ့စကားတွေဟာ သူ တကယ်ဆိုလိုတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ သူဟာ တစ်ခါတုန်းက နှင်းလျှောစီးအပန်းဖြေစခန်းမှာ ကျွန်မတွေ့ခဲ့ရတဲ့ ရေခဲလူသားဆိုသူ မဟုတ်တော့ဘူးလို့ ကျွန်မ သိနေခဲ့ပြီ။
ဒါပေမဲ့လည်း ဒါတွေကို တစ်ယောက်ယောက် သတိပြုမိသွားအောင် ကျွန်မ မလုပ်နိုင်ခဲ့ပါဘူး။ တောင်ဝင်ရိုးစွန်းက လူတိုင်းဟာ သူ့ကို သဘောကျကြတယ်။ ကျွန်မပြောတဲ့ စကားတစ်လုံးကိုမှ သူတို့ နားမလည်ကြဘူး။ ကျွန်မတို့ အခန်းထဲမှာ ကျွန်မ တိတ်ဆိတ်စွာ ထိုင်ပြီး လာမယ့်လတွေအထိ ကြည်လင်သွားမယ့်ပုံ မရတဲ့ မီးခိုးရောင် ကောင်းကင်ကြီးကို ကြည့်နေစဉ်မှာ သူတို့ကတော့ နှင်းငွေ့တွေ ရှူထုတ်ပြီး သူတို့ဘာသာစကားနဲ့ ဟာသတွေပြော၊ ငြင်းခုန် သီချင်းဆိုနေကြတာပါပဲ။ ကျွန်မတို့ကို ဒီကို သယ်ဆောင်လာတဲ့ လေယာဉ်ပျံဟာလည်း အတော်ကြာထဲက ပြန်လည်ထွက်ခွာသွားပြီး လေယာဉ်ပြေးလမ်းတောင် မာကျောတဲ့ ရေခဲလွှာကြီးနဲ့ ဖုံးလွှမ်းသွားခဲ့တာ ကျွန်မ နှလုံးသားလိုပဲ ဖြစ်လိမ့်မယ်။
`ဆောင်းရာသီရောက်ပြီ။ တော်တော်ကြာမယ့် ဆောင်းဖြစ်လိမ့်မယ် ထင်တယ်။ ကိုယ်တို့ လေယာဉ်တွေ၊ သင်္ဘောတွေ မရနိုင်တော့ဘူး။ အားလုံး အေးခဲနေပြီ။ ကြည့်ရတာ နောက်တစ်နှစ် ဆောင်းဦးအထိ ကိုယ်တို့ ဒီမှာ နေရမယ့်ပုံပဲ´ လို့ ခင်ပွန်းက ကျွန်မကို ပြောတယ်။
တောင်ဝင်ရိုးစွန်းကိုရောက်လို့ သုံးလအကြာမှာတော့ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ ကျွန်မ သိခဲ့ရပါတယ်။ ကျွန်မ မွေးဖွားရမယ့် ကလေးငယ်ဟာ ရေခဲလူအသေးစားလေးပဲ ဖြစ်လိမ့်မယ်ဆိုတာ ကျွန်မ သိနေတယ်။ ကျွန်မရဲ့ သားအိမ်ဟာ အေးခဲနေပြီး တစ်ဝက်တစ်ပြတ် အရည်ပျော်နေတဲ့ နှင်းတွေ ဖြစ်နေတယ်။ ကျွန်မ ခန္ဓာကိုယ်ထဲမှာ အေးစိမ့်နေတာကို ကျွန်မ ခံစားရတယ်။ ကျွန်မကလေးဟာ သူ့အဖေလိုပဲဖြစ်မှာပဲ။ ရေခဲပန်းဆွဲ မျက်လုံးတွေနဲ့ နှင်းဖုံးတဲ့ လက်ချောင်းလေးတွေ ရှိလိမ့်မယ်။ ပြီးတော့ ကျွန်မတို့ရဲ့ မိသားစုအသစ်စက်စက်ကလေးဟာ တောင်ဝင်ရိုးစွန်းကနေ ခြေတစ်ဖ၀ါးမှ ခွာနိုင်မှာ မဟုတ်တော့ဘူး။ သိနားလည်နိုင်မှုပြင်ပက လေးလံလှတဲ့ အဆုံးမဲ့ အတိတ်ဟာ သူ့အတွင်းထဲမှာ ကျွန်မတို့ကို သိမ်းထုပ်ထားလိုက်ပြီ။ ဒါကို ကျွန်မတို့ ဘယ်တော့မှ ခါချပစ်လို့ရမှာ မဟုတ်တော့ဘူး။
အခုတော့ ကျွန်မဆီမှာ အသည်းနှလုံး မရှိတော့သလောက် နီးနီးပဲ။ ကျွန်မရဲ့ နွေးထွေးမှုတွေဟာ အဝေးကို ထွက်ပြေးသွားခဲ့ပါပြီ။ အမြဲတည်ရှိခဲ့တဲ့ အဲဒီ နွေးထွေးမှုကို တစ်ခါတစ်ရံမှာ ကျွန်မ မေ့နေမိတယ်။ ဒီနေရာမှာတော့ ကျွန်မဟာ ကမ္ဘာက မည်သည့်လူထက်မဆို ပိုအထီးကျန်တဲ့ လူသားတစ်ယောက်ပဲ။ ကျွန်မ ငိုတဲ့အချိန်မှာ ရေခဲလူဟာ ကျွန်မပါးပြင်ကို နမ်းရှိုက်ပြီး မျက်ရည်တွေကို ရေခဲအဖြစ် ပြောင်းလဲသွားစေပါလိမ့်မယ်။ သူက အေးခဲသွားတဲ့ ကျွန်မရဲ့ မျက်ရည်စက်လေးတွေကို လက်နဲ့ယူပြီး သူ့လျှာပေါ် တင်ပြပါလိမ့်မယ်။ `ကိုယ်မင်းကို ဘယ်လောက်ချစ်သလဲဆိုတာ တွေ့လား´ လို့ သူက ပြောမယ်။ သူ အမှန်ကို ပြောနေတာပါပဲ။ ဒါပေမဲ့ ဘယ်ဆီကမှလာတာ မဟုတ်တဲ့ လေက တိုက်ခတ်ပြီး သူ့ရဲ့ စကားလုံးဖြူဖြူတွေကို ဖျက်ချ ဖျက်ချကာ အတိတ်ဆီသို့သာ ဆောင်ယူသွားစေပါတော့တယ်။
တေဇာ (လရောင်လမ်း)

စက်တင်ဘာ (၂၅) ၂၀၁၀
Haruki Murakami ၏ Ice Man ကို ဘာသာပြန်ဆိုသည်။
ဝေမျှပေးသော မပန်ဒိုရာ အား ကျေးဇူးတင်ပါသည်။
(ပြီးတော့ ကိုယ် မြောက်ဝင်ရိုးစွန်းအတွက် လက်မှတ်ဝယ်ထားပြီးပြီ။) အဲလိုဖြစ်နေတာ မှားတာများလား။ ဇတ်လမ်းကတော့ ဖတ်ရတာ အတော်လေး ကောင်းပါတယ်။ အစအဆုံး ဆွဲခေါ်သွားတာကိုး
ReplyDeleteမူရင်းလည်း ကောင်း၏။
ReplyDeleteဘာသာပြန်လည်း ထိမိ၏။
ဘာသာပြန်ဖို့ မျှဝေပေးသူကိုလည်း ကျေးဇူးတင်မိ၏။
ချက်ချင်းဆိုသလို ဘာသာပြန်ပေးတဲ့အတွက် ကျေးဇူးပါ။ လက်မြန်ခြေမြန်ရှိလှပါပေတယ်။ လက်ရာကလည်း ချောမွတ်ပါပေတယ်။း)
ReplyDeleteကျွန်တော်လည်း လွန်ခဲ့တဲ့ ၈-၉ နှစ်လောက်က ပြည်တွင်းကမဂ္ဂဇင်းမှာ Ice Man ကို ဘာသာပြန်ဖူးသဗျ။ Murakami ၀တ္ထုတွေ မြန်မာပရိသတ်တွေ များများ ဖတ်ရလေ ကောင်းလေပဲဗျ။ အနောက်တိုင်းသားတွေကတောင် အတုယူလိုက်ရေးရတဲ့ စာရေးဆရာ အာရှသားကလည်း murakami ပဲလေ။
ReplyDeletebest regards,
Nyi Thit