လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အတိုးဆုံး ကဗျာများ (၂၅)

“မေးခွန်းမှန်”

မေးခွန်းလေးတွေကို မှန်အောင်မေးမယ်။
ထမင်းစားဖို့ အသက်ရှင်နေတာလား
ငတ်ဖို့ အသက်ရှင်နေတာလား
ဖြစ်နိုင်ရင်...
ထမင်းစားဖို့ပဲ အသက်ရှင်ချင်ပါတယ်။

“ပြောင်းပြန်သက်ရောက်မှု”

မျက်နှာချင်းဆိုင်က ပြောမလို့လား
မူလ,အယူအဆတွေ ပိုခိုင်မာလာပါဦးမယ်။
လာပါ အတူတူထိုင်
ကျွန်တော် ခင်ဗျားဘက် ယိုင်လာမှာ
တော်ကြာ...။

“လေဒဏ်”

လဒလောက်တော့ ငှက်တိုင်းလှပါတယ်လို့
ကြက်တူရွေးက ပြောတယ်။
ကြက်လူရွေးလိုတော့ ငှက်တိုင်းမပြောတတ်ပါဘူးလို့ပဲ
လဒကြီးခမျာ ဖြေ,ရရှာတယ်။

“လက်လွန်ခြင်း”

စစ်တုရင် ထိုးနေတာပဲ
၁၆ ကောင်လုံး ကျန်နေချင်လို့ ဘယ်ဖြစ်ပါ့မလဲ
ပြေးသင့်တာပြေး ကျွေးသင့်တာကျွေး
စတေးဖို့ဆိုတာ လိုအပ်တယ်။
ငါဟာ တစ်ကောင်ထဲ
ထီးထီးကြီး ကျန်ခဲ့တဲ့ ဘုရင်။

“လျှာ”

နှာခေါင်းချွန်လို့ နှာတစ်ဖျားသာသွားတယ်
မျက်ပြူးက အမြင်ကျယ်တယ်
အာပြဲမို့လို့ အပြောကြီးတယ်
နားကားကို အကုန်ရင်ဖွင့်လို့ရတယ်
တယ်.. တယ်.. တယ်..။
ကျွန်တော် လျှာရှည်မိသွားပြီလား။

တေဇာ (လရောင်လမ်း)

1 comments:

ကောင်းကင်ကို said...

ကိုတေဇာလောက်တော့ လူတိုင်းချောပါတယ်ဗျ။ ဟားဟား :D

Post a Comment