Skip to main content

ခရေပင်လမ်း

 ဒီတော့ ငါတို့အတူတူ သက်သက်စီ လျှောက်ကြတာပေါ့။
~ လျှိုပင်ဟောင်ဝါ
တစ်ခါတုန်းက သူနဲ့ကျွန်တော် ခရေပင်လမ်းပေါ်မှာ အတူလျှောက်ခဲ့ကြဖူးတယ်။ ရန်ကုန်မြို့တော်ကြီးရဲ့ အလယ်ခေါင်တည့်တည့် ပန်းခြံတစ်ခုရဲ့ ပတ်လမ်းတစ်ခုပေါ်က မနက်ခင်းစောစော တစ်ခုမှာပေါ့။ လမ်းလျှောက်နေပေမယ့် စကားအထွေအထူး မပြောဖြစ်ကြဘူး။ အဲဒီလမ်းပေါ်မှာ ခရေပင်ကြီးတွေ ရှိတယ်။ ခရေပန်းလေးတွေ လမ်းမပေါ် ပြန့်ကျဲနေတယ်။ ငှက်တွေလည်း အသံမြည်နေကြတယ်။ ကျွန်တော်တို့ တွဲလျှောက်လာကြပေမယ့် စုံတွဲနှစ်ယောက်မဟုတ်သလို ကျွန်တော် ခံစားနေရတယ်။ ဒီခံစားမှုဟာ သူ့နဲ့ကျွန်တော်အတူရှိခဲ့တဲ့ ခဏတာတိုင်းမှာ ကျွန်တော် အမြဲရနေကျ ခံစားမှုတစ်ခုပဲ။ ကျွန်တော်ဟာ သူ့ချစ်သူ မဟုတ်သလိုပဲ။ (တကယ်လည်း မဟုတ်ဘူးလို့ နောက်ပိုင်းကျတော့ ကျွန်တော်သိခဲ့ရပါတယ်) တွဲလျှောက်နေကြပေမဲ့ ကျွန်တော်တို့ဟာ ရောနှောမသွားဘူး။ ဟန်ချက်ညီမနေဘူး။ ဘေးလူအနေနဲ့ကြည့်ရင် သက်သက်စီ ကွဲနေလိမ့်မယ်၊ သူစိမ်းနှစ်ယောက် ရင်ဘောင်တန်း လျှောက်လာကြသလိုပဲ ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် ထင်နေတယ်။ ဒီအတွက် နည်းနည်းတော့ စိတ်နှောင့်အယှက် ဖြစ်မိတယ်။ လိုက်လျောညီထွေဖြစ်အောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားကြည့်ခဲ့ပါတယ်။ သူ့လက်ကလေးကို ဆုပ်ကိုင်လိုက်ရင် ကောင်းမလား။ ဒါပေမဲ့ ဒါလည်း ကျွန်တော် လုပ်နေကျအလုပ်မျိုး မဟုတ်ပြန်ဘူး။ သတ်မှတ်ချက် ဘောင်တစ်ရပ်အတွင်း အဲဒီလို ကိုင်ခွင့်ရှိတယ်ဆိုရင်တောင် ကျွန်တော့်အနေနဲ့ နည်းနည်း စွန့်စားရတဲ့အလုပ်တစ်ခုလို ဖြစ်နေမိတယ်။ အခွင့်အရေးယူလိုက်သလို၊ ဒါမှမဟုတ် ပိုင်စိုးပိုင်နင်းနိုင်သလို ဖြစ်သွားမှာကိုလည်း ကျွန်တော် မလိုလားဘူး။ တကယ်တော့ အဲလို လက်တွဲလိုက်ရင်၊ လက်တွေကို မလွှဲဘဲနဲ့ ကျွန်တော် အဆင်ပြေအောင် လမ်းလျှောက်နိုင်ပါ့မလားဆိုတာ မသေချာတာလည်း ပါတယ်။ ဒီတော့လည်း ဒီတိုင်းပဲ ဆက်လျှောက် နေမိတော့တယ်။


ခဏနေတော့ သူက ရပ်လိုက်တယ်။ ခရေပန်းလေးတွေ နည်းနည်းကောက်သွားရအောင်လို့ ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်ကလည်း ကောင်းသားပဲလို့ ပြောလိုက်တယ်။ သူက ငုတ်တုပ်လေးထိုင်ချပြီး ခရေပွင့်လေးတွေကို လိုက်ကောက်နေတယ်။ ကျွန်တော်လည်း တစ်ပွင့်နှစ်ပွင့်ကောက်ပြီး သူ့လက်ထဲ ထည့်ပေးလိုက်တယ်။ သူက နည်းနည်းဆိုတော်ပါပြီလို့ ပြောတယ်။ သူက ခရေပန်းမကြိုက်ဘူး၊ သူ့သူငယ်ချင်းတစ်ယောက်က အရမ်းကြိုက်လို့ လက်ဆောင်ပေးချင်လို့လို့ ပြောတယ်။ ဒီတော့လည်း ကျွန်တော်က ဆက်မကောက်တော့ဘဲ မတ်တပ်ရပ်ပြီး သူ့နောက်ကျောလေးကို ကြည့်နေမိတော့တယ်။ ခရေပန်းလေးတွေကို လှမ်းကောက်နေတုန်း သူ့ခါးလေးပေါ်သွားတာကို မြင်လိုက်ရတယ်။ အမှန်တော့ ကျွန်တော် စိတ်လှုပ်ရှားသွားသင့်တာ။ ဒါပေမဲ့ အဲလိုမဟုတ်ဘဲ သူ့ကို ကျွန်တော်နဲ့ သွေးသားတော်စပ်တဲ့ လူတစ်ယောက်လို ခံစားနေရတယ်။ သူ့ကို ကျွန်တော် စိတ်နဲ့ပစ်မှားလို့ မရဘူးဖြစ်နေတယ်။ စိတ်ပညာအလိုအတိုင်းဆိုရင် ဒါဟာ ပုံမှန်စိတ်အခြေအနေမဟုတ်ဘူးလို့ တွေးမိတော့ ဘ၀င်မကျဖြစ်သွားမိပေမဲ့ ငါဟာ သူ့ကို ဖြူဖြူစင်စင် ချစ်နေတာပါလားဆိုတဲ့ အတွေးက အနိုင်ယူလိုက်ပြန်တယ်။ ပြီးတော့ အခုလို ခိုးကြည့်နေမိတာ (သူက ကျွန်တော်ကြည့်နေမှန်းမသိတော့ ခိုးကြည့်တယ်ပဲ ထားပါတော့) အပြစ်မကင်းသလိုလည်း ခံစားမိလိုက်သေးတယ်။ ဒါနဲ့ပဲ အကြည့်ကိုလွှဲပြီး လက်နက်ကိုင်စစ်သားတစ်ဦး စောင့်ကြပ်နေတဲ့ သံရုံးတစ်ခုဆီကို ငေးကြည့်နေလိုက်မိတယ်။ အဲဒီအချိန်မှာပဲ  သူက ထလာတယ်။ ရပြီ၊ သွားကြစို့လို့ ပြောပြီး နှစ်ယောက်သား ဆက်လျှောက်လာကြတယ်။ အရင်လိုပါပဲ။ တွဲလျှောက်လာကြပေမဲ့ သက်သက်စီပဲ၊ မရောသွားပါဘူး။ အဲဒီနေ့က ကျွန်တော် ခရေပန်းတချို့ကို တက်နင်းမိခဲ့တယ် ထင်တယ်။

နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ ကျွန်တော် အဲဒီလမ်းမှာ လျှောက်နေခဲ့တုန်းပဲ။ ဒါပေမဲ့ သူမပါတော့ဘူး။ ခရေပင်ကြီးတွေ၊ ခရေပန်းလေးတွေ အရင်လိုပဲ သူ့နေရာနဲ့သူ နေသားတကျရှိပေမယ့် သူ မရှိတော့ဘူး။ သူ ခရေပန်း ထိုင်ကောက်ခဲ့တဲ့ နေရာကို ရောက်တိုင်း တစ်ခုခုတွေ့ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မရှိပါဘဲ ကျွန်တော် အဲဒီ မြေနေရာလေးကို ငုံကြည့်မိတယ်။ ဘာမှမရှိပေမဲ့ ကျွန်တော့် စိတ်ထဲမှာ သူ့ကိုမြင်နေရသလိုပဲ။ သူ အဲဒီနေရာမှာ ထိုင်နေခဲ့ပုံလေးကို စိတ်ထဲက မြင်နေရတယ်။ အဆင်ပြေတာတစ်ခုကတော့ စုံတွဲဆန်ဆန် လမ်းလျှောက်နိုင်ဖို့ အားထုတ်နေခဲ့ရတဲ့အဖြစ်က လွတ်မြောက်သွားတာပါပဲ။ ကျွန်တော့် ဘေးနားမှာ၊ နောက်မှာ၊ မျက်နှာချင်းဆိုင်မှာ လူတွေ လမ်းလျှောက်နေကြတယ်။ ကျွန်တော်လည်း လျှောက်နေတယ်။ အားလုံး သက်သက်စီချည်းပဲ။ ကိုယ့်ခြေလှမ်းကိုယ် လှမ်းနေကြရတာပဲ မဟုတ်ဘူးလား။ သူ ဘယ်နေရာမှာ ခရီးဆက်နေပြီလဲ ကျွန်တော် မသိဘူး။ ကျွန်တော်ကတော့ အရင်ကလိုပဲ မိန်းကလေးတစ်ယောက်နဲ့ လိုက်ဖက်ညီစွာ လျှောက်လှမ်းဖို့ အဆင်သင့်မဖြစ်သေးဘူး။ ကျွန်တော်က ခရေပွင့်လေးတွေကို အသက်ရှိသလို သဘောထားပြီး တတ်နိုင်သမျှ မနင်းမိအောင်ရှောင် နေမိတယ်။ ဘယ်လမ်းကိုမှ မင်းနဲ့တွဲပြီး ငါမလျှောက်ဖူးဘူးဆိုတဲ့ သီချင်းစာသားကို တွေးမိလိုက်တော့ ပြုံးမိတော့မလို ဖြစ်သွားတယ်။ (ဒါပေမဲ့ အဲဒီအပြုံးက မျက်နှာပေါ် ထင်မလာခင်မှာပဲ သေသွားတယ်) စုံတွဲတွေတိုင်း လျှောက်ခဲ့ဖူးတဲ့ ခရေပင်လမ်းကို ကျွန်တော် မလျှောက်ဖူးပါဘူး။ ဟုတ်တယ်။ အဲဒီတုန်းက သူက သက်သက်၊ ကျွန်တော်က သက်သက် ကိုယ်စီလျှောက်ခဲ့ကြရုံပဲ။ ခရေနံ့သင်းတဲ့ လမ်းပေါ်မှာ…။

တေဇာ (လရောင်လမ်း)
သရုပ်ဖော်။ ငုအိမ်ထက်မြက်
စက်တင်ဘာ (၂၂) ၂၀၁၀

Comments

  1. အင်း.. ဒါမျိုးကြီးတွေလည်း ဖြစ်တတ်ပါတယ်ပေါ့။
    ဒီလိုခတ်ဆင်ဆင် ဘုရားအတူတက်ခဲ့ဘူးတယ်။ ကိုယ့်ကိုယ်ကို ငါက ဘုရားပေါ်မှာ လှည့်လည်ရှင်းပြနေတဲ့ တိုးရစ်ဂိုဒ်ကြီး ဖြစ်လို့ပါလားလို့ ခံစားခဲ့ရဘူးတယ်။ ဘုရားပေါ်က တိုးရစ်ဂိုဒ်တွေမြင်တိုင်း သတိရမိပါသေး၏။
    အခုလည်း သတိရသွားပြန်၏။ :)

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ