Skip to main content

မိမိကိုယ်ကိုယ် လက်ထပ်သူ

[ ၁ ]

`ဘာမဖြစ်နိုင်စရာ ရှိသလဲ´
ဒီစကားနဲ့ပဲ ကျွန်တော့်ရဲ့ ချစ်လှစွာသော သူငယ်ချင်းကြီး `ဇက်´ က ကျွန်တော့် ဘ၀လမ်းကြောင်းကို ပြောင်းလဲစေခဲ့တာပေါ့။ အဲဒီစကားကို ပြောစဉ်တုန်းက သူဟာ ဘုန်းတော်ကြီး ဖှလီးမင်းနဲ့ သမ္မာကျမ်းစာပါ အခန်းပေါင်းများစွာကို စစ်စစ်ပေါက်ပေါက်ပေါက် အသေးစိတ် တိကျအောင် ဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးပြီစ အချိန်ပဲ။ သူထောက်ပြတာကတော့ ခရစ်ယန်ဘာသာဝင်တွေကို ညီမ၊ အဒေါ်၊ အမေ၊ ယောက္ခမ၊ သမီး ဒါမှမဟုတ် မြေးကိုတောင်မှ (စိတ်ပါချင်လည်း ပါနေမှာ) လက်မထပ်ရဘူးလို့ တားမြစ်ထားတယ်လို့ဆိုတယ်။ ဒါပေမဲ့ ကျမ်းစာရဲ့ ဘယ်နေရာမှာမှ ကိုယ့်ကိုယ်ကိုယ်လက်ထပ်ဖို့ တားမြစ်ထားတာ မရှိဘူး။ ဒီလိုနဲ့ ဒါဟာ ကျွန်တော်လုပ်ချင်နေတဲ့အရာ အတိအကျပဲလို့ ရောင်းရင်းကြီး ဇက်ကို ကျွန်တော် ပြောခဲ့တာပဲ။ ဒါနဲ့ပဲ နောက်ဆုံးတော့သူက ဒီအဆုံးအဖြတ်စကားတစ်ခွန်းကို ၀န်ခံခဲ့ရတော့တယ်။
`ဘာမဖြစ်နိုင်စရာ ရှိသလဲ´



ဟုတ်တယ်။ ကျမ်းစာမှာ ဘွားအေကြီး၊ ဒါမှမဟုတ် စားပွဲခုံ၊ အလှမွေးငါး ဒါတွေကို လက်မထပ်ရလို့ တားမြစ်ထားတာမျိုးလည်း မရှိဘူး။ ဒါတွေအားလုံးရဲ့ အကျိုးဆက်အဖြစ် ဘုန်းတော်ကြီး ဖှလီးမင်းက သူ့ရဲ့ ချစ်လှစွာသော `ပြင်သစ်မွှေးပွလေး´ (French Poodle) နဲ့ လက်ထပ်ထားတာကို အဆုံးသတ်လိုက်တယ်လို့ သိရရင် ကျွန်တော် အံ့သြမိမှာ မဟုတ်ဘူး။ ဒါမှမဟုတ် သူ့ရဲ့ စောင်ကြီးနဲ့။ တကယ်ဆို သူ ဒါကြီးနဲ့ အတူတူအိပ်နေခဲ့တာ နှစ်ပေါင်းများစွာကြာပြီ မဟုတ်လား။ ဘာပဲဖြစ်ဖြစ်လေ ရောင်းရင်းကောင်းကြီး ဇက်ကို ကျွန်တော့်နဲ့ အိပ်မက်ချင်းတူတဲ့ လူတစ်ယောက်နဲ့ လက်ထပ်ချင်တယ်လို့ အသိပေးလိုက်တာနဲ့ ကျွန်တော့် မိခင်ကြီးနဲ့ ဖခင်ကြီးတို့ကိုလည်း အလားတူ အသိပေးဖို့ လိုလာပြန်တယ်။ ဒါဟာ ထောင်စုနှစ်နှစ်ခုကြာ ခြေခြေမြစ်မြစ်တည်ဆောက်ထားခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဘာသာတရားတစ်ခုရဲ့ ဘောင်အတွင်းထဲက လုပ်တာပဲလို့ ကျွန်တော် အသိပေးတဲ့တိုင်အောင်လည်း ကျွန်တော့်ရဲ့ ရိုးရိုးအအ မိဘနှစ်ပါးကို နားချဖို့က အများကြီး ပိုခက်ခဲနေပြန်တယ်။

အမေက ပထမ ဒါကို အလေးအနက်မထားဘူး။ ဟုတ်လည်း ဟုတ်ပါတယ်၊ လူအနည်းငယ်လောက်ကသာ ဒီကိစ္စကို အလေးအနက် သဘောထားကြတာကိုး။ ဒါနဲ့ အမေ့ကို ကျွန်တော် အတည်ပြောနေတာ ဖြစ်တဲ့အကြောင်း အသိပေးဖို့ လိုအပ်လာတယ်။ သူကတော့ ကျွန်တော့်ကို `ဘာဖြစ်လို့ လက်ထပ်နေမလဲ၊ နင့်နဲ့အတူ နင် ဒီတိုင်းလည်း အတူနေလို့ရနေတာပဲ´၊ ဒါမှမဟုတ် `မင်္ဂလာဆောင်ရင် ဘာဝတ်မလဲ´ စတဲ့ ပေါက်ကရတွေပဲ ကျွန်တော့်ကို မေးမြဲမေးနေတယ်။

ပြီးတော့ ၀မ်းနည်းစရာတစ်ခုက ကျွန်တော့် ဖခင်ကြီးကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ စိတ်နောက် သွားရရှာတာပဲ။ တကယ့်ကို ရူးသွားတာကို ပြောတာပါ။ လက်ထပ်ပွဲပြီးလို့ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် သူကတော့ သတင်းဂျာနယ်တွေ၊ မှတ်တမ်းစာအုပ်တွေနဲ့ အာကာသ စီမံခန့်ခွဲရေး သတင်းလွှာ အများအပြားအတွက်၊ သူဟာ အာကာသမှာ လိင်ဆက်ဆံခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ သတင်းဆောင်းပါးတွေ ရိုက်နှိပ်ရင်း အချိန်ကုန်နေခဲ့တယ်။ အာကာသနဲ့ အနီးဆုံးဆိုလို့ သူ့ကွန်ပြူတာက Space ကီးတစ်ခုသာ အနီးစပ်ဆုံးရှိပေမယ့် သူကတော့ အမှန်တကယ် ယုံကြည်နေရှာတာပါ။ ဘယ်သူနဲ့များ လိင်ဆက်ဆံခဲ့သလဲလို့ မေးလိုက်မယ်ဆိုရင် ခံစားချက်ပြင်းပြစွာနဲ့ ခဏလောက် သူ ဆိုင်းငံ့သွားလိမ့်မယ်။ ပြီးတာနဲ့ သူ့ရဲ့ မျက်လုံးရိုင်းကြီးတွေကို ခင်ဗျားဘက်လှည့်ပြီး `ငါ့ကိုယ်ငါနဲ့´ လို စူးရှစွာ အသံကုန် အော်ပါလိမ့်မယ်။

[ ၂ ]

ကျွန်တော့်ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ မိတ်ဆွေကောင်းတွေဟာ ကျွန်တော့်အပေါ် စာနာစိတ်ထားကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ထားခဲ့ပေမဲ့ ဒါတွေအားလုံးဟာ သူတို့အတွက် ဟာသတစ်ပုဒ်လိုပဲ ဖြစ်နေခဲ့တယ်။ သူတို့ကို မကြာခဏ အားကိုးခဲ့ရပေမဲ့ ကျွန်တော့် လက်ထပ်ပွဲ အပြီးမှာတော့ ကျွန်တော့်ကို နောက်ရင်းပြောင်းရင်း၊ ဟာသလုပ်ရင်းပဲ အချိန်ကုန်နေကြတော့တယ်။ ကျွန်တော် ရရှိတဲ့ မင်္ဂလာလက်ဖွဲ့တချို့ဟာ တော်တော်လေး မခန့်လေးစားနိုင်ပါတယ်။ အပြာမဂ္ဂဇင်းတွေ၊ ပိုးသားလက်အိတ်တွေနဲ့ မျက်နှာကြက်မှန်တစ်ချပ်တောင် ပါသေးတယ်။ ပြီးတော့ ဇက်က ခါတော်ပေးစကားတွေ ရွတ်ဆိုနေတဲ့အချိန်မှာ သူတို့ မျက်နှာပိုးကို မသတ်ကြတာကိုကြည့်ပြီး ကျွန်တော် မကျေမနပ်ဖြစ်မိတယ်။ `သင်သည် သင့်ကိုယ်သင် အကြင်ခင်ပွန်းတစ်ယောက်အဖြစ် သတ်မှတ်ပါမည်လား။ သင့်ကိုယ်သင် ချစ်ခင်မြတ်နိုး၊ နှစ်သိမ့်စေပါမည်လား။ ကျန်းမာနေစဉ်၊ ဖျားနာနေစဉ်မှာ သင့်ကိုယ်သင် နာခံ၊ ဖေးမ ပါမည်လား။ သင်အသက်ရှင်နေမျှ သင့်ကိုယ်သင် သစ္စာရှိပါမည်လား´။ သူငယ်ချင်းတစ်ယောက်ဆို ရယ်ရလွန်းလို့ ရှူရှူးပါထွက်ကျတဲ့အထိပဲ။

လက်စ်ဗေးဂတ်စ်ကို ကျွန်တော်ဟာ ပျော်ပျော်ကြီး ဟန်းနီးမွန်းထွက်ခဲ့တယ်။ ငွေဘယ်လောက် သုံးနေတယ်ဆိုတာကို လက်တို့တားမြစ်မယ့်သူ မရှိဘဲ ကျွန်တော့် စုဆောင်းငွေတွေအားလုံးကို လောင်းကစားပစ်ခဲ့တယ်။ လူဇာဟိုတယ် အပေါ်ဆုံးထပ်မှာ မင်္ဂလာဦးညအတွက် အခန်းတစ်ခန်း ကျွန်တော့်မှာ ရှိတယ်။

အခွန်ကိစ္စမှာ အကျိုးရှိတာမှအပ အိမ်ထောင်ပြုလိုက်ရတဲ့ အခြားအကြောင်းရင်းတွေ ကျွန်တော့်မှာ အများကြီးရှိပါတယ်။ (အကောက်ခွန်အရာရှိကို ကျွန်တော်ကိုယ်တိုင်ဟာ ကျွန်တော့်အိမ်ထောင်ဘက်ပါလို့ နားလည်အောင်ရှင်းပြရတာကလည်း ချာချာလည်နေတာပါပဲ) လင်ခန်းမယားခန်းသဘောကို ကျွန်တော်နားလည်ခဲ့ကတည်းက ကျွန်တော် ယုံကြည်ရတဲ့ အဖော်တစ်ယောက်ကို ကျွန်တော် တောင့်တမိခဲ့တာပဲ။ ကျွန်တော့်ဘေးမှာ အမြဲရှိနေမယ့် တစ်စုံတစ်ယောက်ကို ကျွန်တော် လိုချင်မိတယ်။ ကျွန်တော့်ရဲ့ အနက်ရှိုင်း၊ အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်တွေကို ဟာသလို့သဘောမထားဘဲ တည်တည်တံ့တံ့ ကျွန်တော် ပြောပြနိုင်မယ်။ ကံမကောင်းစွာပဲ ရည်းစားထားရတာ ကျွန်တော့်အတွက် အခက်အခဲ သိပ်မရှိပေမဲ့ ကျွန်တော်ဟာ အဲဒါကို ဆိုးဆိုးရွားရွားကို အရသာမပေါ်နိုင် ခံစားခဲ့ရတယ်။ အဲဒီအခါမှာ ကျွန်တော့်ရဲ့ ပြီးပြည့်စုံတဲ့ အဖော်ဟာ အိမ်နဲ့ပဲ ပိုနီးစပ်လိမ့်မယ်ဆိုတဲ့အချက်ကို အခြားသူတွေ သိခဲ့သလောက်ထက်ပိုပြီး ကျွန်တော် သိရှိလာခဲ့တယ်။

ခြုံပြောရရင် အိမ်ထောင်ရေးဟာ အစိတ်အပိုင်း အတော်များများမှာ အောင်မြင်မှုကြီးတစ်ရပ် ဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့် လက်တွဲဖော်နဲ့ ကျွန်တော် ငြင်းခုန်ခဲတယ်။ တကယ်တော့ ကျွန်တော်ဟာ အတော် စကားပြောကောင်းတဲ့လူတစ်ယောက်လို့တောင် ကိုယ့်ကိုယ်ကိုယ် သိလာရတယ်။ တစ်ခါနှစ်ခါ ငြင်းခုန်ဖူးတဲ့အချိန်မှာ ကျွန်တော်ချည်းပဲ အနိုင်ရခဲ့ပါတယ်။ ပြီးတော့ လိင်ကိစ္စက၊ အင်း.. ဒါကတော့ ကျွန်တော် ဘာလုပ်လုပ်ပဲ မဟုတ်လား။ မီဒီယာအချို့ရဲ့ ထိုးနှက်မှုတွေလည်း ရှိခဲ့တာ အမှန်ပဲ။ အပေါစား ဂျာနယ်လစ်အများအပြားက ကျွန်တော်တို့ရဲ့ ပုံမှန်မဟုတ်တဲ့ လက်တွဲမှုအပေါ်မှာ အမြတ်ထုတ် ငွေရှာဖို့ ကြိုးစားခဲ့ကြတာပဲ။ သူတို့ရဲ့ ဆောင်းပါးတချို့က ရယ်စရာပါပဲ။ တချို့ကျတော့လည်း အတော်လေး စော်ကားမော်ကားနိုင်တယ်။ တစ်ယောက်ဆိုရင် ကျွန်တော့်ကို ကမ္ဘာပေါ်မှာ တစ်ကိုယ်ကောင်းအဆန်ဆုံး၊ ဒါမှမဟုတ် ကိုယ်ကျိုးကြည့်သမားတစ်ဦးဆိုပြီး နာမည်ကပ်တယ်။ ကျွန်တော်ဟာ ဒီလို အတ္တသမားတစ်ဦး ဖြစ်တယ်လို့ မထင်ပါဘူး။ ကျွန်တော်နဲ့အတူတူ ရှိနေရတာကို ကျွန်တော်က ကျေနပ်မိတာပါပဲ။

[ ၃ ]

ကျွန်တော့်မှာ ကလေးလိုချင်တဲ့ ချင်ခြင်းဖြစ်လာတာဟာ ဟော်မုန်းကိစ္စလို့ပဲ ယူဆရမလား၊ ဘ၀ရဲ့ လှေကားထစ် တစ်ဆင့် ဒါမှမဟုတ်လည်း တစ်ခုခုပေါ့။ ရှေးစကားအရတော့ ကျွန်တော်ဟာ သေမျိုးပဲ။ ဒီတော့ ကျွန်တော့်မျိုးရိုးဗီဇကို အမွေချန်ရစ်ခဲ့ချင်တယ်။ ဒီလိုနဲ့ အကျိုးအပြစ်တွေကို ချိန်ဆတွက်စစ်ပြီး ရက်ပေါင်းများစွာကြာတော့ ကျွန်တော့် ခင်ပွန်းနဲ့ကျွန်တော် ကွဲပြီး ဇနီးတစ်ယောက်ရှာဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ဇက်နဲ့ စကားစမြည်ပြောကြည့်တော့ ခဏတဖြုတ် စိတ်ရူးပေါက်တာလေးတစ်ခုနဲ့ ကွာရှင်းပြတ်စဲဖို့ လုပ်နိုင်မှာမဟုတ်ဘူးလို့ သူက ကျွန်တော့်ကို အသိပေးတယ်။ ကျွန်တော့်မှာ ဥပဒေကြောင်းအရ ကျိုးကြောင်းနည်းကျဖို့ လိုအပ်သတဲ့။ ရင်သွေးအင်မတန်လိုချင်တဲ့ ကိစ္စဟာ ကွာရှင်းပြတ်စဲခွင့်အတွက် ပေးတဲ့ အကြောင်းရင်းတွေထဲမှာ ခိုင်လုံလှတဲ့အရာ မဟုတ်ဘူးတဲ့။

ရောင်းရင်းကောင်းကြီး ဇက်ရဲ့ ရှင်းပြချက်အတိုင်းဆို ကျွန်တော့်ရဲ့ လက်တွဲဖော်နဲ့ အနည်းဆုံး တစ်နှစ်လောက် ခွဲနေမှသာ ကွာရှင်းနိုင်လိမ့်မယ်တဲ့။ ဒါကတော့ အကြီးစား ခွဲစိတ်မှုတစ်ခုခု မလုပ်ဘဲ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဒါမှမဟုတ် ကျွန်တော့်အဖော်က ကျွန်တော့်ကို ရက်ရက်စက်စက် ပြုမူဆက်ဆံရမယ်တဲ့။ ဒါမှမဟုတ် တစ်နှစ်ထက်မနည်း ထောင်ကျနေရမယ်တဲ့။ ကျွန်တော်က ကိုယ့်အသားကို နည်းနည်းလေးမှ အနာခံချင်တာမဟုတ်သလို ကိုယ့်ကိုယ်ကိုယ် ကွာရှင်းခွင့်ရဖို့အရေး ထောင်ထဲသွား အချိန်ဖြုန်း နေရမှာမျိုးကိုလည်း မလိုလားပြန်ဘူး။ ရွေးချယ်စရာဆိုလို့ လူမှုရေးဖောက်ပြန်ခြင်း တစ်ခုပဲ ကျန်တော့တယ်။ ကျွန်တော်ကိုယ်တိုင်မှအပ အခြားတစ်ယောက်ယောက်နဲ့ ကျွန်တော် လိင်ဆက်ဆံရလိမ့်မယ်။ ပုံမှန် လူမှုရေး လိင်ကိစ္စ။ ပြီးရင် ကျွန်တော် အိမ်ထောင်ရေး အနှောင်အဖွဲ့က လွတ်မြောက်မယ်။

ဒီလိုနဲ့ မင်္ဂလာလက်စွပ်ကို ဂရုတစိုက် ချွတ်ထားလိုက်ပြီး အဖော်တစ်ယောက်ကို စတင် ရှာပုံတော် ဖွင့်ရတော့တယ်။ ကျွန်တော့် မိတ်ဆွေတွေကတော့ ရက်စက်ပါပေတယ်။ ကျွန်တော်ဟာ မျက်စိနှစ်ကွင်း အလင်းရဖို့ ဖြစ်လာတာပဲလို့ မှတ်ချက်ဝိုင်းပြုကြလေရဲ့။ ကျွန်တော်ကိုယ်တိုင်နဲ့ ကျွန်တော့်ကြား ဆက်ဆံရေးဟာ အဆုံးသတ်တော့မယ်လို့ ပြောပြတော့ အမေကတော့ စိတ်သက်သာရာရသွားသလိုပဲလို့ ကျွန်တော်ထင်တယ်။ ဖခင်ကြီးတော့ ခဏငြိမ်နေပြီး၊ သူ့ရဲ့ မျက်လုံးရိုင်းကြီးတွေနဲ့ ကျွန်တော့်ကိုကြည့်လို့ `ငါကိုယ်တိုင်နဲ့´ လို့ စူးစူးရှရှ အော်တော့တာပဲ။ သူက တကယ်ကို တခြားကမ္ဘာတစ်ခုမှာ ရောက်နေတာ ဖြစ်နိုင်တယ်။

ကျွန်တော် လက်ထပ်ဖူးထားကြောင်း သိတဲ့အထိ လုံလောက်အောင် သတင်းစာဖတ်လေ့မရှိ၊ တစ်ချိန်တည်းမှာ ကျွန်တော်နဲ့အတူ အိပ်ချင်စိတ်လည်း ရှိတဲ့ တစ်ယောက်ကို ရှာဖွေဖို့ အချိန်အတော်လေး ပေးရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာပါဘူး၊ မျက်နှာပြောင်နဲ့ မလေးရှားမိန်းကလေးတစ်ယောက်ကို ကျွန်တော်တွေ့ရတယ်။ တခြားလူတွေနဲ့စာရင်တော့ ချုပ်ရတာ အတော်လေး လွယ်တယ်။ လိင်ကိစ္စကတော့ ရိုးရိုးသားသားပြောရရင် အတော် ကသိကအောက်နိုင်ပါတယ်။ ယောက်ျားတစ်ယောက်ကို ဘာက မီးပွင့်စေတယ်ဆိုတာတွေကို သူ လုံးလုံးလျားလျား သိပုံမရဘူး။ ဒီအချက်ကြောင့်ပဲ ကျွန်တော်ကိုယ်တိုင်ကတော့ ဆရာဖြစ်သွားခဲ့ရတယ်။ သူ့အတွက်လည်း သိပ်နိပ်မယ် မထင်ပါဘူး။ ဒီကိစ္စမှာ ဝေမျှခံစားမယ်ဆိုတဲ့ အစားမျိုးထဲ ကျွန်တော် မပါခဲ့ဘူးမဟုတ်လား။

[ ၄ ]

ဒါတွေပြီးတော့ ကွာရှင်းတဲ့ကိစ္စက ချောချောမောမောပါပဲ။ ကျွန်တော့်ရဲ့ အိမ်ထောင်ရေးဟာ ဧရာမအမှားကြီးတစ်ခု ဖြစ်ခဲ့တဲ့ပုံစံနဲ့ ဘုရားကျောင်းဟာ ကျွန်တော့်ကို ခွဲဖို့ စိတ်အားထက်သန်နေဟန်တူတယ်။ ကွဲသွားပြီးတဲ့နောက် လပေါင်းများစွာအကြာအထိ ကျွန်တော်ဟာ တော်တော်လေး အထီးကျန် ခံစားရတယ်။ ကုန်ကုန်ပြောရရင် ကျွန်တော့်ကို တစ်ပတ်တစ်ခါ သူ့ ပုံမလာတဲ့ လိပ်စာကတ်တွေ ပေးပေးနေတဲ့ စိတ်ကုဆရာဝန်ကတောင် ဆက်မပေးတော့ဘဲ ရပ်ပစ်လိုက်တဲ့အထိပဲ။ (သူက ကိုယ်ရည်ကိုယ်သွေး စံလွဲမှု အများအပြားကို အထူးကုသပေးနေတဲ့ ဆရာဝန်ပါ)

သုံးပွင့်ဆိုင်ဖြစ်သွားအောင် လက်ထပ်လိုက်တယ်လို့ မထင်တဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ပြီး ဇနီးကောင်းတစ်ယောက်ကို ပိုင်ဆိုင်နိုင်ဖို့ ကျွန်တော် ဆယ်စုနှစ်တစ်စုနီးပါး စောင့်ခဲ့ရတယ်။ အချိန်အတော်များများက `ကိုယ့်ကိုယ်ကိုယ် လက်ထပ်သူ´ ဆိုတဲ့ သတင်းတစ်ပုဒ်ကို မီဒီယာတွေ မေ့သွားစေဖို့ စောင့်ခဲ့ရတာပါ။ တစ်ချိန်တည်းမှာ အဲဒီ နာမည်နဲ့ပဲ ကိုယ်ရေးအထုပ္ပတ္တိတစ်အုပ်ကို ကျွန်တော် ရေးခဲ့ပါတယ်။ စာအုပ်ထဲမှာ ပါတာတွေက ကျွန်တော့်ကိုယ်ကိုယ် လက်ထပ်တဲ့ အိမ်ထောင်ရေးအကြောင်း အသေးစိတ်ပေါ့။ ကိုယ်ကိုယ်တိုင်နဲ့ နေထိုင်ခဲ့ရစဉ်က အနိမ့်အမြင့်အတက်အကျတွေ၊ ကျွန်တော်နဲ့ ကျွန်တော့်ခင်ပွန်းအပေါ် လူတကာရဲ့ လက်ညှိုးထိုးဝေဖန် နှိပ်ကွပ်မှုတွေကို ဘယ်လိုကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သလဲ ဆိုတာတွေ၊ ပြီးတော့ ကျွန်တော့် အိမ်ထောင်ရေးရဲ့ အတွင်းရေး အသေးစိတ်အချို့။ နောက်နှစ်အနည်းငယ်ကြာတဲ့အချိန်မှာ ပုံနှိပ်ဖြန့်ဝေတော့ အဲဒီအခန်းကပဲ ကျွန်တော့်စာအုပ်ကို အောင်မြင်မှုရစေခဲ့တာလို့ ကျွန်တော် ထင်တာပဲ။ လူတွေက ဒီလို ဆန်းပြားတဲ့ အိမ်ထောင်ရေးတစ်ခုရဲ့ အကျိုးဆက်တွေကို စိတ်ဝင်တစား ဖတ်ချင်ကြတယ်။ လူတွေကို စဉ်းစားမိသွားအောင် အဲဒီစာအုပ်က လုပ်လိုက်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်စာအုပ်ကို ဖတ်ပြီးချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြမယ်။ `ငါဟာ အတူနေဖို့ လွယ်ကူရဲ့လား´ `တကယ်လို့ ငါသာ ငါနဲ့အတူနေရမယ်ဆိုရင် ငါနေနိုင်ပါ့မလား´။ တခြားလူတစ်ယောက်အတွက် အဖော်မွန်တစ်ယောက် ဖြစ်နိုင်ပါရဲ့လားလို့ မိမိကိုယ်ကိုယ် မေးခွန်းထုတ်နေတဲ့ ခဏမှာတော့ သူတို့ဟာ ကိုယ့်ရဲ့ ရွှေမင်းသား၊ မင်းသမီးလေးတွေကို ရှာဖွေနေကြတာကို ခဏတဖြုတ် ရပ်တန့်လိုက်ကြပါလိမ့်မယ်။

မိမိကိုယ်ကိုယ်လက်ထပ်တာကို ပုံတူကူးချတာမျိုး တစ်ခုမှ ကျွန်တော် မကြားမိပါဘူး။ မီဒီယာတွေက စိတ်ဝင်စားမှု လျော့သွားပြီလို့ ဆိုရမလား၊ ဒါမှမဟုတ် ဘုရားကျောင်းကပဲ ဒါမျိုး နောက်တစ်ခါ အဖြစ်မခံတော့တာလို့ ပြောနိုင်မလား မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါတွေဟာ ကျွန်တော့်ရဲ့နောက်မှာ ကျန်ရစ်ခဲ့ပါပြီ။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ဟာ အိမ်အသစ်ကို ပြောင်းရွေ့ပြီးခါစပဲ ရှိပါသေးတယ်။ ကျွန်တော့် သားဦးလေး မွေးဖွားတဲ့အခါမှာ သက်တောင့်သက်သာ၊ ကျယ်ကျယ်ဝန်းဝန်းနေထိုင်နိုင်တဲ့ အိမ်ကြီးပေါ့။ အခုဆို ကျွန်တော် ပျော်နေပါတယ်။ တကယ်ဆို အခုလောလောဆယ်အချိန်မှာ ကျွန်တော့်မျက်နှာပေါ်က အပြုံးကို သပ်ချလို့ကို မရနိုင်တာ။ ခင်ဗျား သိလား၊ ကျွန်တော့်တို့ရဲ့ မျက်နှာချင်းဆိုင်က အိမ်ဟာ ဘုန်းတော်ကြီး ဖှလီးမင်းနဲ့ သူ့ရဲ့ ချစ်လှစွာသော ဇနီးချောလေး `ပြင်သစ်မွှေးပွ´ (French Poodle) တို့ရဲ့ အိမ်ပဲပေါ့။

တေဇာ (လရောင်လမ်း)
၂၁ စက်တင်ဘာ၊ ၂၀၁၀
Charlie Fish ၏ The Man Who Married Himself ကို ဘာသာပြန်ဆိုသည်။

Comments

  1. မိမိကိုယ်ကိုယ် လက်ထပ်သူ
    ဖတ်ရတာ တစ်မျိုးကြီးပဲတော့

    ဘယ်လို မန့်ရမှန်းတောင် မသိဘူး။ ဖုန်းတော်ကြီး ဖှလီးမင်းက တော့ ပျော်နေမှာ သေချာတယ်။ သူက ချစ်လှစွာသော ဇနီးချောလေး `ပြင်သစ်မွှေးပွ´ (French Poodle) ရှိတာကိုး

    ReplyDelete
  2. အဲဒီဝတ္ထုဖတ်ဖူးတယ်။ ကိုဗြဂ္ဂ ဘာသာပြန်ထားဖူးတယ်။ တေဇာပြန်တာလည်း ကောင်းတာပါပဲ။ :)

    http://byakga.blogspot.com/2008/08/blog-post_17.html

    ReplyDelete
  3. ဟီးး... ဟုတ်ပ။

    သူ့အရေးအသားက မြန်မာရနံ့လေး...။ ကျေးဇူးအစ်မ။

    ReplyDelete
  4. အရောင်ဆိုးထားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ အတ္တကိုတွေ့လိုက်ရတယ်။

    ReplyDelete
  5. ၀ါသနာတူချင်း အကြိုက်တူချင်းလာတွေ့နေပြီ..
    ကိုတေဇာ ဘာသာပြန်ထားတာ ပိုညက်ပါတယ်..

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ