Skip to main content

ဂျော့ ဘာကလေ (သို့) စိတ်ကူးနန်းတော်တွင် စံမြန်းသူ

(၁၆၈၅-၁၇၅၃)

`ကောင်းကင်ဘုံ၏ ဓမ္မတေးသံနှင့် ကမ္ဘာမြေ၏ အဆောင်အယောင်များ အားလုံး၊ ခြုံ၍ဆိုလျှင် ကမ္ဘာကြီး၏ အကြမ်းထည်အား ဖွဲ့စည်းထားသည့် ဒြပ်ထုများ အားလုံးတို့သည် `စိတ်´ တစ်ခု မရှိဘဲ မည်သို့မျှ မတည်ရှိနိုင်´ ဟူသည်မှာ အိုင်းရစ်ဘုန်းတော်ကြီးနှင့် ဒဿနပညာရှင် `ဂျော့ဘာကလေ´ (George Berkeley) ၏ အမြင်ဖြစ်ပါသည်။ သူသည် ဆင်ခြင်တုံ အဓိက၀ါဒီနှင့် `ဆင်ခြင်တုံ စိတ်ကူးစံဝါဒ´ (Empirical Idealism) ၏ အထင်ရှားဆုံးသော အမာခံ ဘက်တော်သားတစ်ဦး ဖြစ်သည်။ `စိတ်ကူးစံဝါဒ´ (Idealism) ဆိုသည်မှာ ရုပ်ဝတ္ထုပစ္စည်းများသည် စိတ်အပေါ်တွင်သာ မှီတည်ထားခြင်းဖြစ်ပြီး၊ ၎င်းတို့အား စိတ်ကူးတွေးဆသည့် စိတ်၏ ပြင်ပ တစ်နေရာတွင် တည်ရှိမနေဟု ရှုမြင်သော အမြင်ဖြစ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ အရာများမှာ ၎င်းတို့အား အာရုံခံစားသိမြင်သည့် သဘောတွင်သာ တည်ရှိနေခြင်းဖြစ်သည်ဟု ဆိုလိုသည်။ အရှင်းဆုံးဆိုရလျှင် `ရုပ် (၀ါ) ဒြပ်သည် မတည်ရှိ´ [1] ဟူ၍ ဖြစ်သည်။ `သံသယ၀ါဒ´ (Skepticism) နှင့် `ဘုရားမဲ့ဝါဒ´ (Atheism) တို့ ပေါ်ထွက်လာခြင်းက ဘာကလေအား အတော်လေး အခက်တွေ့စေခဲ့သည်။ သူ့အနေဖြင့် `ရုပ်ဝါဒ´ (Materialism) အား သူ၏ တူရှူချက်အတွက် အခြေခံထောက်တိုင်အဖြစ် ရှုမြင်ခဲ့ပြီး၊ ဘုရားသခင် တည်ရှိကြောင်း သက်သေပြရန်နှင့် ရုပ်ဝါဒအား မှားကြောင်းသက်သေပြရန် ပစ်မှတ်ထားခဲ့၏။

စိတ္တဇ အတွေးထည်များ အယူအဆအား ဘာကလေက ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ဥပမာအားဖြင့် ကျွန်တော်တို့သည် သီးခြား တြိဂံများအား မြင်ရခြင်းသာ ဖြစ်သည်။ သို့သော် စိတ္တဇအတွေးထည် သမားများကမူ မြင်ဖူးခဲ့သမျှသော သီးခြားတြိဂံများမှ ကင်းလွတ်နေသည့် `တြိဂံ´ တစ်ခု၏ စိတ္တဇအတွေးထည်တစ်ခု ကျွန်တော်တို့ စိတ်ထဲတွင် တည်ရှိနေသည်ဟု ဆိုပါလိမ့်မည်။ ဘာကလေအနေဖြင့် လူ၏စိတ်သည် ဤသို့ စိတ္တဇအတွေးထည်မျိုးအား ပိုင်ဆိုင်မှုမရှိဟု ယုံကြည်ခဲ့သည်။ မြင်းနှင့် ဥပမာဆောင်သော် ဘာကလေက စိတ်အား စစ်ဆေးကြည့်ပါလျှင် ဟိုမြင်း [ဘော်ဖြူ] ၊ သို့မဟုတ် သည်မြင်း [ညိုမ] အတွက် စိတ်ကူးထည်တစ်ခုအား ကျွန်တော်တို့ တွေ့ရလိမ့်မည်ဖြစ်သော်လည်း `မြင်းဆန်မှု´ (Horsiness) သို့မဟုတ် စိတ္တဇမြင်းတစ်ကောင်၏ အတွေးထည်ကိုမူ တွေ့ရလိမ့်မည်မဟုတ်ဟု ဆိုခဲ့၏။

သူ၏ စိတ်ကူးစံဝါဒတွင် ဘာကလေက ဂျွန်လော့ခ်ဖန်တီးခဲ့သည့် ရောထွေးမှုတစ်ခုအား ပြန်လည်အသုံးချခဲ့သည်။ ဂျွန်လော့ခ်က `စိတ်ကူးထည်´ (Idea) ဟူသော စကားလုံးအား အ၀န်းကျယ်လှသည့် အနက်ဖွင့် နှစ်ခုဖြင့် အသုံးပြုခဲ့၏။ (၁) စိတ်ကူးထည်ဟူသည် အသိပညာ (Knowledge) ၏ ခေါင်ချုပ်အဖြစ် (၂) စိတ်ကူးထည်ဟူသည် စိတ်မှ ခံစားသိမြင်ရသည့် မည်သည့်အရာမဆို။ အဆိုပါ အနက်ဖွင့်နှစ်ခုအား သီခြားစီခွဲထားရန် သူက ရည်ရွယ်ခဲ့သော်လည်း ဂရုမူသည့် စိတ်အခြေအနေနှင့် ဂရုမူခံအရာများကြား ရောထွေးနေခြင်းသာ ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ အနက်ရောထွေးမှုအား ဘာကလေက ဆက်လက်အသုံးပြုခဲ့သည်။

ကျွန်တော်တို့ ရရှိသည့် အသိပညာအားလုံးတို့သည် အာရုံများနှင့် အတွေ့အကြုံတို့မှသာ လာသည်ဟူသော ဂျွန်လော့ခ် အုတ်မြစ်ချခဲ့သည့် နိယာမအား ဘာကလေက လက်ခံခဲ့သည်။ သို့ရာတွင် သူက အဆိုပါ သဘောတရားအား အသုံးချပုံ မဆီလျော်ခြင်းအတွက် လော့ခ်အား ဝေဖန်ခဲ့၏။ လူတို့၏ ဖန်တီးထုတ်လုပ်မှုသာဖြစ်ပြီး ၀တ္ထုတို့၏ အသားထဲတွင် တည်ရှိမနေသော အရသာ၊ အရောင်အဆင်း၊ အသံ၊ အနံ့စသည့် သာမညဂုဏ်ရည်များ၏ `တသီးပုဂ္ဂလဆန်မှု´ (Subjectivity) [တစ်ယောက်တစ်မျိုး ထင်မြင်ရမှု] တွင် သူက လော့ခ်နှင့် သဘောတူခဲ့၏။ သို့ရာတွင် လော့ခ်က ပဓာနဂုဏ်ရည်များသည်မူ ၀တ္ထုတို့၏ အသားထဲတွင် တည်ရှိနေသည်ဟုလည်း ပြောခဲ့ပြန်၏။ ဤအချက်တွင် ဘာကလေသည် လော့ခ်နှင့် သဘောထား ကွဲလွဲခဲ့သည်။ ပဓာနဂုဏ်ရည်များသည်လည်း သာမညဂုဏ်ရည်များကဲ့သို့ တသီးပုဂ္ဂလသဘောသာ ဖြစ်သည်ဟု ဘာကလေက ဆိုသည်။ `အသွင်သဏ္ဌာန်´ နှင့် `အရွယ်အစား´ တို့အတွက် အာရုံသိမှုမှာ မျက်လုံးများ၏ အနေအထားအပေါ်တွင် မူတည်သည်။ `ဒြပ်ထု´ [Solidity (အထည်) ကို ဆိုလိုသည်] အား ကြုံတွေ့ရမှုသည် အထိအတွေ့အာရုံအပေါ်တွင် မူတည်သည်။ `လှုပ်ရှားမှု´ အတွက် စိတ်ကူးထည်သည် အမြဲတမ်း ရှုမြင်သူ၏ အနေအထား/ရှုထောင့်နှင့် နှိုင်းရသဘောသာဖြစ်သည်။ စသည်ဖြင့် သူက ထောက်ပြခဲ့၏။ ဖြောင့်တန်းနေသော တုတ်ချောင်းတစ်ချောင်းအား ရေထဲတွင် ထားလိုက်လျှင် ကွေးညွတ်နေဟန် မြင်တွေ့ရနိုင်သည်။ ဘက်တီးရီးယားများသည် အနုကြည့်မှန်ပြောင်းအောက်တွင် များစွာ ကြီးမားလာကြသည်။ ထို့ကြောင့် သာမညဂုဏ်ရည် (အရောင်၊ အနံ့ စသည်) တို့နှင့် ပဓာနဂုဏ်ရည် (အသွင်သဏ္ဌာန်၊ အရွယ်အစား စသည်) တို့အကြားရှိ ထူးခြားကွဲပြားမှုမှာ ခိုင်လုံမှု မရှိဟု သူက ဆိုခဲ့သည်။

တည်ရှိနေသည့် အရာများမှာ ကျွန်တော်တို့ ခံစားသိမြင်ရသည့် အရာများသာဖြစ်ပြီး၊ ကျွန်တော်တို့အနေဖြင့် မည်သည့်အခါကမျှ `ရုပ်ဝတ္ထု´ (Matter) အား ခံစားသိမြင်ခြင်း၊ သို့မဟုတ် ကြုံတွေ့ရခြင်းမရှိဟု ဘာကလေက ဆို၏။ ဤနေရာတွင် စာဖတ်သူအနေဖြင့် ပြုံးချင်စရာဖြစ်နေမည်ဆိုလျှင်လည်း အံ့သြစရာ မဟုတ်ပေ။ သာမန်လူတစ်ယောက်အနေဖြင့် ကျွန်တော်တို့သည် ရုပ်ဝတ္ထုအား သိမြင်ခံစားသည် ဟူ၍သာ ဆိုပါလိမ့်မည်။ လက်မအား တူဖြင့်ထုမိသောအခါ ရုပ်ဝတ္ထုမဟုတ်လျှင် မည်သည့်အရာအား ကျွန်တော်တို့ ခံစားရခြင်းဖြစ်သနည်း။ ၎င်းအား `ဒေါက်တာ ဂျွန်ဆင်´ (Dr. Johnson) [2] က ခဲလုံးတစ်လုံးအား ခြေထောက်ဖြင့်ကန်ပြပြီး၊ ခဲလုံးရှိကြောင်းသက်သေပြခြင်းဖြစ်သည်ဟု ဆိုခဲ့၏။

သို့ရာတွင် ယင်းသည် ခဲလုံးရှိကြောင်း သက်သေပြခြင်း အမှန်တကယ်ဖြစ်ပါသလား။ ဒေါက်တာဂျွန်ဆင်အနေဖြင့် ခဲလုံးအား အမှန်တကယ် `ကြုံတွေ့´ [Experience] ခဲ့ရခြင်းဖြစ်ပါသလား။ ကန်လိုက်သည့်အချိန်တွင် သူ့အနေဖြင့် မာကျောပြီး၊ ထုထည်ရှိသည့် တစ်စုံတစ်ရာအား ခံစားရပေမည်။ မာကျောမှု အာရုံအား သူ ရခဲ့သော်လည်း ခဲလုံး၏ အစစ်အမှန် ရုပ်ဝတ္ထုအား သူခံစားခဲ့ရခြင်းမဟုတ်။ အိပ်မက်ထဲတွင်လည်း ခဲလုံးတစ်လုံးအား ကန်လိုက်ပြီး တူညီသော နာကျင်တစ်ခုအား သူ ခံစားရနိုင်သော်လည်း ထိုအခြေအနေတွင် ခဲလုံးတစ်လုံး တည်ရှိနေသည် မဟုတ်ပေ။ အာရုံခံနိုင်သည့် အားလုံးသော ရုပ်ဝတ္ထုများမှာ၊ အာရုံခံနိုင်သည့် `ဂုဏ်ရည်´ [Quality] များ အစုအဝေးထက်မပိုဟု ဘာကလေက အခိုင်အမာဆိုခဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် ရုပ်ဝတ္ထုများအား ခံစားသိမြင်သူတို့၏ စိတ်တွင်းရှိ ရှုပ်ထွေးသည့် စိတ်ကူးထည်များမျှသာ ဖြစ်ပေသည်။ ထို့ကြောင့်ပင် ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် မတည်ရှိတော့ပေ။ ဤနေရာတွင် ဘာကလေက အာရုံခံစားသိမြင်နိုင်သည့် အရာများ၊ (၀ါ) အာရုံခံအင်္ဂါများမှ တိုက်ရိုက် ခံစားသိမြင်ရသည့် အရာများ၏ တည်ရှိမှုအား ငြင်းပယ်နေခြင်းမဟုတ် ကြောင်း နားလည်ရပေမည်။ အဆိုပါ `အရာ´ [Things] များသည် ရုပ်ပိုင်းဆိုင်ရာ ၀တ္ထုများမဟုတ်ဘဲ စိတ်ထဲတွင် တည်ရှိသည့် `အတွေးထည်များ´ (Ideas) သာ ဖြစ်သည်ဟု သူက ဆိုလိုခြင်းဖြစ်သည်။

ဘာကလေက `ဖြစ်,ရှိခြင်းသည် ခံစားသိမြင်ခြင်းအား ခံရခြင်း´ `ဖြစ်,ရှိခြင်းသည် ခံစားသိမြင်ခြင်း´ [To be is to be perceived and to be is to perceive. ] ဟု ယုံကြည်သည်။ (ကိုယ်တိုင်က) ခံစားသိမြင်ခြင်းလည်းမရှိ၊ (အခြားသူတို့၏) ခံစားသိမြင်ခြင်းအား ခံရခြင်းလည်းမရှိသော အရာမျိုးသည် မတည်ရှိဟု သူက ဆိုခဲ့၏။ ခံစားသိမြင်သူတစ်ဦးဦးမှ ကင်းလွတ်ကာ တည်ရှိနေသည့် ခံစားသိမြင်နိုင်သော အရာဝတ္ထုတစ်ခုအား စဉ်းစားရန် သူက မေးမြန်း၏။ ရုတ်တရက်ကြည့်သော် လွယ်မည်ထင်ရသော်လည်း အမှန်တော့ မလွယ်ပေ။ အလွန်ဝေးကွာသည့် နေရာမှ တစ်ခုခုအား ဖန်တီးစိတ်ကူးကြည့်ပါမည်။ လူသူမရောက်သည့် တောနက်ကြီးတစ်ခုအတွင်းရှိ အိမ်ကလေးတစ်လုံးဟု ယူဆကြည့်မည်။ မည်သူမျှ ခံစားသိမြင်ခြင်းမရှိသေးသည့် အိမ်ကလေးတစ်လုံး။ သို့ရာတွင် ထိုသို့ စဉ်းစားလိုက်သည်နှင့် ၎င်းအိမ်ကလေးသည် ကျွန်တော်၏ စိတ်အတွင်းတွင် တည်ရှိလာသည်။ စိတ်အတွင်းတွင် တည်ရှိနေခြင်းကြောင့် ယူဆကြည့်ထားသည့် အိမ်ကလေးသည် မည်သို့ပင်ဖြစ်စေ စိတ်ကူးထည်၊ (၀ါ) စိတ်ဖြစ်စဉ်သာ ဖြစ်နေတော့သည်။

ဤတွင် ပြဿနာလေးတစ်ခု ပေါ်ထွက်လာသည်။ ကျွန်တော်မြင်သည့်အရာ၏ တည်ရှိမှုသည် ကျွန်တော်က မြင်နေခြင်းအပေါ်တွင် မူတည်နေသည်ဆိုလျှင်၊ ထိုအရာသည် ကျွန်တော် မျက်စိမှိတ်လိုက်သော် ပျောက်သွားမည်လော။ ထို့သို့လျှင် ကျွန်တော် မျက်တောင်ခတ်လိုက်တိုင်း ထိုအရာသည် ပေါ်လိုက်ပျောက်လိုက် (တည်ရှိလိုက်၊ မတည်ရှိလိုက်) ဖြစ်နေသည်လော။ စကားကပ်သည့် မေးခွန်းမျိုးဖြစ်သော်လည်း ထိုသို့မေးခြင်းဖြင့် ထူးခြားမှုတစ်စုံတစ်ရာတော့ မရှိပေ။

မည်သို့ပင်ဖြစ်စေ ဘာကလေတွင် ထွက်ပေါက်တစ်ခု ရှိနေသည်။ ကျွန်တော် သိမြင်ခံစားရသည့် အရာ၏ တည်ရှိမှုသည် ကျွန်တော်၏ သိမြင်ခံစားခြင်းတစ်ခုတည်းအပေါ်တွင် မှီတည်ထားခြင်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက်ကမဆို သိမြင်ခံစားနေသရွေ့ ၎င်းသည် တည်ရှိနေမည်သာ ဖြစ်၏။ ကျွန်တော် မျက်စိမှိတ်လိုက်ချိန်တွင် ကျွန်တော့်ရှေ့မှ အရာဝတ္ထုသည် ၎င်းအား တစ်စုံတစ်ယောက်က သိမြင်ခံစားနေလျှင် ဆက်လက်တည်ရှိနေမည်သာ ဖြစ်သည်။ အဆိုပါ `တစ်စုံတစ်ယောက်´ ဟူသည် ဘုရားသခင် ဖြစ်ပေသည်။ (လူသားများ) မည်သူတစ်ဦးတစ်ယောက်မျှ၊ မည်သည့်အရာဝတ္ထုကိုမျှ ခံစားသိမြင်ခြင်း မရှိသည့် အချိန်တွင်သော်မှ ဘုရားသခင်က သိမြင်ခံစားနေ၏။ အရာအားလုံးသည် ဘုရားသခင်၏ စိတ်တော်တွင် ထာဝရ တည်ရှိနေပြီး ၎င်းတို့သည် ကျွန်တော်တို့ (လူသားများ) ၏ အာရုံသိမှုမှ သီးခြားကင်းလွတ်ကာ တည်ရှိနေ၏။ ထို့ကြောင့် ဘုရားသခင်၏ တည်ရှိမှုသည် လူသားကိုယ်တိုင်၏ တည်ရှိမှုထက် များစွာ ပိုမိုရှင်းလင်းစွာ ခံစားသိမြင်နိုင်သည်ဟု ဘာကလေက ကြွေးကျော်၏။ ဤနည်းအားဖြင့် `ရုပ်ဝါဒ´ (Materialism) သည် ကျဆုံးသွားပြီး ဘုရားသခင်တွင် ယုံကြည်ခြင်းအား ပြန်လည်ဖော်ထုတ်နိုင်ခဲ့သည်ဟု ဘာကလေက ယူဆခဲ့သည်။

သို့ရာတွင် ဘာကလေအား ဝေဖန်မှုများလည်း ရှိပေသည်။ သူ၏ ဆင်ခြေကန်မှုများမှာ အကျအပေါက် လုံးဝကင်းရှင်းသည်ဟု မဆိုနိုင်ဘဲ အတိုင်းအတာတစ်ခုအထိ ငြင်းဆို [မှားကြောင်းသက်သေပြ] နိုင်နေပေသည်။ ဘာထရန်ရပ်ဆဲက ဤသို့ ရေးသားခဲ့၏။ `အရှိတရားသည် စိတ်ပိုင်းဆိုင်ရာသာဖြစ်ကြောင်း သူ သက်သေပြခဲ့သည်ဟု ဘာကလေက ထင်နေသည်။ သို့သော် သူ သက်သေပြနေသည်မှာ ကျွန်တော်တို့သည် ဂုဏ်ရည်များကိုသာ သိမြင်ခံစားသည်။ အရာများကို မဟုတ်။ ထို ဂုဏ်ရည်များသည်လည်း ခံစားသိမြင်သူအားလိုက်၍ နှိုင်းရများ ဖြစ်သည်ဟုသာ သက်သေပြနေခြင်း ဖြစ်၏´ [3]

မည်သူမျှ ခံစားသိမြင်ခြင်းမရှိသည့် အရာဝတ္ထုတစ်ခုအား ဖန်တီးတွေးထင်ခြင်းကိစ္စ [အထက်တွင် ဖော်ပြခဲ့သည့် တောတွင်းရှိ အိမ် ဥပမာ] နှင့် ပတ်သက်၍မူ ရပ်ဆဲက `မည်သူမျှ ခံစားသိမြင်ခြင်းမရှိသည့် အိမ်တစ်လုံးအား ကျွန်တော် ဖန်တီးတွေးထင်နိုင်သည်ဟု ကျွန်တော်ကပြောချိန်တွင်၊ ကျွန်တော့်စိတ်ထဲတွင် ထိုအိမ်တစ်လုံးအတွက် ပုံရိပ်ရှိနေသည်ဟု မဆိုလိုပါ။ ကျွန်တော် အမှန်တကယ်ဆိုလိုသည်မှာ `မည်သူမျှ ခံစားသိမြင်ခြင်းမရှိသည့် အိမ်တစ်လုံးသည် တည်ရှိသည်´ ဟူသော အဆို/၀ါကျအား ကျွန်တော် နားလည်နိုင်သည်ဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။ သို့မဟုတ်၊ ပိုမိုပြည့်စုံစွာ `မည်သူမျှ ခံစားသိမြင်နိုင်ခြင်း၊ သို့မဟုတ် ဖန်တီးတွေးထင်နိုင်ခြင်း မရှိသည့် အိမ်တစ်လုံးသည် တည်ရှိသည်´ ဟူသော ၀ါကျအား ကျွန်တော် နားလည်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ယင်းအဆို/၀ါကျသည် အလုံးစုံ ရှင်းလင်းနားလည်နိုင်သည့် စကားလုံးများဖြင့်သာ ဖွဲ့စည်းထားသည်။ `ကိုယ်တိုင်ထိပ်တိုက်´ (Self-contradictory) အဆိုတစ်ခုအဖြစ် အဆိုပါဝါကျအား သက်သေပြနိုင်မည်မဟုတ်ကြောင်း ကျွန်တော်သေချာပါသည်။ [4]

မည်သည့်အခါကမျှ၊ မည်သူတစ်ဦးတစ်ယောက်ကမျှ ဖန်တီးတွေးထင်ခြင်း၊ သို့မဟုတ် ခံစားသိမြင်ခြင်း မရှိခဲ့ဖူးသေးသည့်အရာများ တည်ရှိသည်ဟု ပြောဆိုရန် ဖြစ်နိုင်ပါသည်။ ဥပမာအားဖြင့် အသင်္ချေ အထိသွားသော ကိန်းစဉ်တန်းများ။ အသင်္ချေအထိဆိုလျှင် အလွန်များပြားသည့် ကိန်းစဉ်တန်းများ ရှိရပေမည်။ ၎င်းတို့အား မည်သူမျှ မစဉ်းစားခဲ့ကြဖူးသော်လည်း ၎င်းတို့သည် တည်ရှိနေပေသေးသည်။ သို့ရာတွင် အဆိုပါကိစ္စအား ဘာကလေအနေဖြင့်၊ ၎င်းကိန်းဂဏန်းတို့သည် တစ်စုံတစ်ယောက်က စဉ်းစားလိုက်မှသာ (၀ါ) တစ်စုံတစ်ယောက်၏ စိတ်ကူးထဲသို့ ဖြတ်သွားလိုက်မှသာ တည်ရှိလာကြသည်။ သို့မဟုတ် ဘုရားသခင်သည် အသင်္ချေအထိတိုင်သော ကိန်းဂဏန်းများအားလုံးအား သိမြင်နေသည်ဟု တုံပြန်နိုင်နေပေသေးသည်။

စင်စစ် ဘာကလေသည် အတွေ့အကြုံဝါဒီ တစ်ပိုင်းသာ ဖြစ်ပြီး၊ အတွေ့အကြုံအဓိကဆိုင်ရာ နိယာမများအား ယုတ္တိဗေဒ နိဂုံးများအထိရောက်အောင် ဖွံ့ဖြိုးစေရန် လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ ယင်းအား `ဒေးဗစ် ဟှုမ်း´ (David Hume) က ထောက်ပြခဲ့ပေသည်။

တေဇာ (လရောင်လမ်း)
စက်တင်ဘာ (၃) ၂၀၁၀
Ref: George Berkeley, A Journey Through Modern Philosophy

Footnotes:

[1] Idealism may also mean, such as when applied to Kant, that an objective external
reality exists, but a substantial part of the objects is determined by our perception and
understanding. [See Will Durant’s The Story of Philosophy, page 273]
[2] Samuel Johnson (1709-1784)
[3] Bertrand Russell, History of Western Philosophy, Routledge, London, page 624
[4] Ibid, page 627.

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ