Skip to main content

ပြင်သစ် ဉာဏ်အလင်းပွင့် (သို့) ဗော်တဲရား၊ ရူးဆိုး

(၁၈) ရာစုတွင် ဥရောပသားတို့၏ ဒဿနနှင့် အတွေးအခေါ်တို့တွင် တခုတ်တရ အပြောင်းအလဲများ ရှိခဲ့သည်။ ဉာဏ်အလင်းပွင့် စာရေးဆရာများအနေဖြင့် ၎င်းတို့သည် ကာလကြာရှည် အာဏာပိုင်စိုးမှုနှင့် မသိမိုက်မဲမှု အနှောင်အဖွဲ့များအား ဖယ်ရှားရှင်းလင်းနေခြင်းဖြစ်ပြီး လူသားဝါဒ၊ ဆင်ခြင်တုံတရားနှင့် သိပ္ပံပညာတို့ဖြင့် ဉာဏ်အလင်းဖွင့်လှစ်လိုက်သည့် ခေတ်သစ်တစ်ရပ်သို့ ၀င်ရောက်လာခဲ့ပြီဟု ယုံကြည်ကြသည်။ အတိုင်းအထွာများအရ အဆိုပါ အသိပညာဆိုင်ရာ လှုပ်ရှားမှု၏ ဗဟိုချက်မှာ ပြင်သစ်ဖြစ်ပါသည်။ ထိုလှုပ်ရှားမှုအား `မွန်တက်စကယူ´ (Montesquieu)၊ `ဒစ်ဒရော့ထ်´ (Diderot)၊ `ရူးဆိုး´ (Rousseau) နှင့် `ဗော်တဲယား´ (Voltaire) ကဲ့သို့သော ဒဿနပညာရှင်နှင့် စာရေးဆရာများက ဖော်ဆောင်ခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့အား Philosophes များဟု သိကြ၏။ ဉာဏ်အလင်းပွင့်တွင် ယေဘုယျ တိမ်းညွတ်ချက်များ အတော်များများရှိပြီး၊ ဥပမာအားဖြင့် အာဏာပိုင်များအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်းသည် တစ်ခုအပါအ၀င်ဖြစ်သည်။ ထိုအချိန်က အင်္ဂလန်မှာမူ လစ်ဘရယ်ပိုဆန်ပြီး၊ `လော့ခ်´ (Locke) ကဲ့သို့ လွတ်လပ်သော တွေးခေါ်ရှင်များ၏ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်များသည် အဆိုပါ ဉာဏ်အလင်းပွင့်သမားများအား ကြီးမားစွာ သက်ရောက်မှုရှိခဲ့ပေသည်။ ထိုအတွေးအခေါ်များမှပင် အစိုးရသို့ လူထုနှင့်ချီသော တုံ့ပြန်မှုကို ဦးတည်စေခဲ့ပြီး အဆုံးပိတ်အနေဖြင့် ပြင်သစ်တော်လှန်ရေး (French Revolution) [1712-1778] နှင့် ကွင်းဆပိတ်ခဲ့သည်။

ကလောင်အမည် ဗော်တဲယား (Voltarie) [1694-1778] အနေဖြင့် အများသိကြသော François Marie Arouet သည် ဉာဏ်အလင်းပွင့်၏ ဦးဆောင် လေလှိုင်းပင်ဖြစ်သည်။ ထိုလှုပ်ရှားမှုတွင် သူ၏ သြဇာလွှမ်းမိုးမှု အရာထင်ခဲ့သလောက် `၀ီဒူးရန့်´ (Will Durant) က သူ့အား ချီးကျူးခဲ့သည်။ `အီတလီတွင် ရီးနေးဆန့် (Renaissance)၊ ဂျာမနီတွင် `ပြန်လည်ဖော်ဆောင်ရေး´[+] (Reformation) နှင့် ပြင်သစ်တွင် ဗော်တဲယား ရှိသည်´[1] ဟု ပြောဆိုချီးပခဲ့ပေသည်။ ဗော်တဲယားသည် လွတ်လပ်စွာ ပြောဆိုပုံနှိပ်ခွင့်အတွက် ကြီးစွာသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ `ခင်ဗျားပြောတာကို ကျွန်တော် သဘောမတူပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ အဲဒီလို ပြောဆိုပိုင်ခွင့်ကိုတော့ ကျွန်တော်သေတဲ့အထိ ခုခံကာကွယ်သွားမယ်´ ဟူသော စကားသည် သူ့နှင့် ပတ်သက်၍ မကြာခဏ ညွှန်းဆိုလေ့ရှိသော စကားတစ်ခွန်းဖြစ်ပါသည်။ သူ့အနေဖြင့် ထိုစကားလုံးများအတိုင်း အတိအကျ နှုတ်ထွက်မပြောဆိုခဲ့သော်လည်း ၎င်းတို့မှ လွတ်လပ်မှုအပေါ် သူထားရှိသော အတွေးအခေါ်အား အကဲခတ်နိုင်လိမ့်မည်မှာ သေချာသည်။

သမိုင်းတွင် ဒဿနိကဗေဒအား အသုံးချရန် ကြိုးစားခဲ့သော စဦးတွေးခေါ်ရှင် လက်တစ်ဆုပ်စာတွင် ဗော်တဲယားသည် တစ်ဦးအပါအ၀င်ဖြစ်ပြီး၊ သူစွမ်းဆောင်ခဲ့သည်များက `ဂစ်ဘွန်´ (Gibbon) ကဲ့သို့ အနာဂတ် ရာဇ၀င်ဆရာများအတွက် အခြေခံများကို မျိုးစေ့ချပေးခဲ့၏။ `သမိုင်းအား ဒဿနိကဗေဒကဲ့သို့ ရေးသားသင့်သည်´[2] ဟု သူက ဆိုသည်။ သူ၏ သမိုင်းတွင် ဘုရင်များ၊ စစ်ပွဲများနှင့် တော်လှန်ရေးများမပါ။ လူသားယဉ်ကျေးမှုနှင့် လူမှုအဖွဲ့အစည်းအကြောင်းသည်သာ သူ၏ သမိုင်းဖြစ်ပေသည်။ ခေတ်အမျိုးမျိုးတို့၏ လူမှုရေးနှင့် စီးပွားရေးအခြေအနေများနှင့် အနုပညာဖွံ့ဖြိုးမှု၊ လူ့စိတ်သဘာဝ၏ ဆင့်ကဲတိုးတက်လာမှုတို့သည် သူနှင့်သက်ဆိုင်သော အရာများဖြစ်ပါသည်။ ဘုရင်များအား သမိုင်းထဲထည့်သွင်းရန် ငြင်းဆန်သော သူ၏ အမြင်မှာ သူ့ခေတ်အခါက လူသားဝါဒ၏ လက္ခဏာတစ်ရပ် ဖြစ်ပါသည်။ သူ့သမိုင်း၏ အခြားသော ၀ိသေသတစ်ရပ်မှာ ဥရောပအား၊ အခြားသော မြောက်များလှသည့် ယဉ်ကျေးမှုများနှင့် လူမှုအဖွဲ့အစည်းများ ရောပြွန်းနေသော ကမ္ဘာကြီး၏ အစိတ်အပိုင်းတစ်ရပ်မျှဟု ရှုမြင်ခြင်းဖြစ်သည်။ ဗော်တဲယားအနေဖြင့် အဂတိမလိုက်စားသော သမာသမတ်ကျ တန်ဖိုးတစ်ခုအား (ဥရောပအပြင်) ကမ္ဘာကြီး၏ ကျန်အစိတ်အပိုင်းများအားလုံး၏ ယဉ်ကျေးမှုဆိုင်ရာသမိုင်းသို့ ဆောင်ကျဉ်းခဲ့ပေသည်။

၁၇၆၀ ခုနှစ်တွင် ပြင်သစ်ရှိ ပရိုတက်စတင့်ဘာသာဝင်များအား ကွပ်မျက်မှု အများအပြား ဆိုးဆိုးရွားရွား ပေါ်ပေါက်လာခဲ့သည်။ ဤသည်က ဗော်တဲယားအား ဒေါသအိုးပေါက်ကွဲစေခဲ့ပြီး၊ ယေဘုယျအားဖြင့် ဘာသာရေးဆိုင်ရာ အထိမခံသဘောထား (Fanaticism)၊ တစ်သီးတစ်သန့်အားဖြင့် ကဿလစ် ဘုရားကျောင်းနှင့် အသိပညာပိုင်းဆိုင်ရာစစ်ပွဲ ဆင်နွဲရန် သူ့ကိုယ်သူ မြှုပ်နှံခဲ့လေတော့သည်။ သူက သူ၏ ဒဿနအား ၀ရဇိန်လက်နက်ပမာ အသုံးပြုခဲ့ပြီး ဘုရားကျောင်းအနေဖြင့် တစ်ရွာလုံးနှင့်တစ်ယောက် ရင်ဆိုင်တိုက်ပွဲတွင် အရှုံးနှင့်ရင်ဆိုင်ခဲ့ရကာ ပြင်သစ်ရှိ ဘုန်းတော်ကြီးတို့၏ သြဇာအာဏာသည် အမြစ်ပြတ် ကြေပြုန်းခဲ့ရလေသည်။ `မိစ္ဆာများအား ချေဖျက်ပါ´ [Crush the infamy!] ဟူသည်မှာ သူ၏ ကျော်ကြားလှသည့် ဆောင်ပုဒ်ဖြစ်ပါသည်။ သို့သော် ဗော်တဲယားသည် ဘုရားမဲ့ဝါဒီတစ်ဦး မဟုတ်ပေ။ သူသည် ဘုရားသခင်အား ယုံကြည်သူတစ်ဦးသာဖြစ်ပြီး၊ များမြောင်ရှုပ်ထွေးလှသည့် ခရစ်ယန်ဝါဒ၏ ယုံကြည်ပုံစနစ်အား လက်မခံသော သာမန် `ဆင်ခြင်တုံဘုရားဝါဒီ´[*] (Deism) [3] တစ်ဦး ဖြစ်ပါသည်။ သူ၏ အဆိုတစ်ခုဖြစ်သည့် `ဘုရားသခင်မရှိလျှင်၊ ဘုရားသခင်အား ဖန်တီးထားရန် လိုအပ်လိမ့်မည်´ ဟူသည်မှာ စကားပုံတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ သူက ဘာသာရေးနှင့် အယူသည်းမှုဟူသော စကားလုံးနှစ်ခုအကြား ရှင်းလင်းကွဲပြားစေရန် လုပ်ဆောင်ခဲ့ပြီး စနစ်တကျဖွဲ့စည်းတည်ဆောက်ထားသည့် ဘာသာတရားများအားလုံးကို အယူသည်းမှုခေါင်းစဉ်အောက်သို့ သွတ်သွင်းခဲ့၏။ `ခင်ဗျားတို့ပြောတဲ့ ဘာသာရေးဟာ ကြမ္မာဆိုးအများအပြားကို ဖန်တီးခဲ့တယ်။  ဒီတော့ ရင်ကွဲနာကျနေတဲ့ ကမ္ဘာကြီးမှာ မင်းမူနေတာဟာ အယူသည်းမှုလို့ ပြောင်းပြောရင် ပိုအဆင်ပြေမယ်´ [4] ဟု သူက ဆိုခဲ့၏။

ဗော်တဲယားကိုယ်တိုင်သည် ဒီမိုကရေစီစနစ်တွင် မယုံကြည်ခဲ့ပေ။ သူ့အနေဖြင့် သူ့ကဲ့သို့ တွေးခေါ်ရှင်များက ထောက်ကူထားသည့် အားကောင်းမောင်သန် ဉာဏ်အလင်းပွင့် ဘုရင်စနစ်အား ပိုမို နှစ်သက်သည်။ သို့ရာတွင် သူ၏ နိုင်ငံရေးဆိုင်ရာ လွတ်လပ်မှုအမြင်များက ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက် များစွာ အကျိုးပြုခဲ့ပေသည်။

ဉာဏ်အလင်းပွင့်၏ ဒုတိယအရေးအကြီးဆုံး ပုဂ္ဂိုလ်မှာ ဆွစ်ဒဿနပညာရှင် `ရူးဆိုး´ (Jean Jacques Rousseau) [1712-78] ဖြစ်ပါသည်။ အာဏာပိုင်များနှင့် လူမှုရေးဆိုင်ရာ အားလုံးသော အဖွဲ့အစည်းများအား သူ့အနေဖြင့် တင်းမာသော မနှစ်သက်မှုရှိခဲ့၏။ `Has the Progress of the Sciences and Arts Contributed to Corrupt, or to Purify, Morals´ ခေါင်းစဉ်ပါ `ဒီဂျွန်´ (Dijon) အကယ်ဒမီ၏ အက်ဆေးပြိုင်ပွဲတွင် ပထမဆု ဆွတ်ခူးခဲ့သည့် ၁၇၅၀ ခုနှစ် သူ ထင်ရှားလာခဲ့သည်။ ရူးဆိုးက အဖြေအား အနုတ်သောဆောင်ပေးခဲ့ပြီး သိပ္ပံနှင့်အနုပညာတို့သည် လူသား၏ အဆိုးရွားဆုံးရန်သူများသာဖြစ်သည်ဟု သူ၏ အက်ဆေးတွင် ကောက်ချက်ဆွဲခဲ့၏။ အဆိုပါနယ်ပယ်များတွင် တိုးတက်ထွန်းကားလာခြင်းက လိုချင်တပ်မက်စိတ်အား ပိုမိုဖန်တီးပေးပြီး၊ လူသားအား ၎င်းတို့၏ ကျွန်အဖြစ်သို့ သက်ဆင်းစေသည်ဟု ဆိုသည်။ ၎င်းတို့ (သိပ္ပံနှင့် အနုပညာ) သည် အစိုးရအား ပိုမိုအင်အားရှိလာစေပြီး လူတစ်ချင်းစီ၏ လွတ်လပ်မှုအား ချေမွပစ်လိုက်သည်။ လူသားအား အားအားလျားလျား ပိုရှိလာစေပြီး နိုင်ငံရေးဆိုင်ရာ မညီမျှမှုနှင့် အဆုံးသတ်သည်။ သဘာဝနိုင်ငံတော်သည် တိုးတက်ထွန်းကားလာသော လူမှုနိုင်ငံတော်ထက် ကျင့်ဝတ်ပိုင်းဆိုင်ရာတွင် ပိုမိုသာလွန်ကောင်းမြတ်သည်ဟု သူက ဆို၏။ လူတစ်ဦးချင်းစီအကြားတွင် သဘာဝအားဖြင့် သာတူညီမျှမဖြစ်မှုများ တည်ရှိနေသည်ဟု သူက ၀န်ခံသော်လည်း၊ မညီမျှမှု အများစုမှာ နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် လူ့အဖွဲ့အစည်းမှသာ ဖန်တီးလိုက်ခြင်းဖြစ်သည်ဟု သူက ယုံကြည်သည်။ တိရိစ္ဆာန်များကဲ့သို့ပင် ကမ္ဘာဦးလူရိုင်းများသည် ပတ်ဝန်းကျင်နှင့် သဘာဝကျကျ လိုက်လျောညီထွေ နေထိုင်နိုင်ကြပြီး၊ တစ်ဦးအပေါ်တစ်ဦး ချစ်ခြင်းမေတ္တာနှင့် အကြင်နာတရား ထားရှိခဲ့ကြသည်။ ထို့ကြောင့် လူလုပ် ကျင့်ဝတ်တရားများ မလိုအပ်ဘဲ၊ အကျိုးဆက်အားဖြင့် ယနေ့လူသားများ၏ ဘ၀နှင့်နှိုင်းယှဉ်သော် လွန်စွာသာလွန်သည့် ဘ၀များတွင် နေထိုင်ခဲ့ကြသည် ဆို၏။ လူမှုအဖွဲ့အစည်း၏ အခြေခံများအား ပုဂ္ဂလိကပိုင်ဆိုင်မှုတွင် တွေ့ရှိနိုင်သည်ဟု ရူးဆိုးက ယုံကြည်သည်။ အဆိုပါ မကောင်းမှုအား ဆေးကြောနိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ လူမှုအဖွဲ့အစည်းအား ပယ်စွန့်ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် သဘာဝအားဖြင့် ကောင်းမွန်ပြီးသားဖြစ်ပြီး၊ လူ့အဖွဲ့အစည်း၏ အရောင်ဆိုးမှုကြောင့်သာ ပျက်စီးသွားရခြင်းဖြစ်ခြင်းကြောင့်ပင်ဟု ရူးဆိုးက အဆိုပြုသည်။ ရူးဆိုးအနေဖြင့် ဆင်ခြင်တုံတရားနှင့် ဆက်စပ်သောအရာများအားလုံးကို မနှစ်သက်ဘဲ သဘာဝ ခံစားချက်များအား ဘ၀လမ်းညွှန်းချက်သဖွယ် ချီးမွမ်း၏။ `နိုင်ငံတော်ဟူသည် သဘာဝနှင့် ၀ိရောဓိပင်ဖြစ်ပြီး၊ စဉ်းစားတွေးတောနေသော လူသားသည် အကျင့်ပျက်နေသည့် တိရိစ္ဆာန်တစ်ကောင်ပင်ဖြစ်သည်ဟု ကျွန်တော် အရဲစွန့်ပြောရပါမည်´ ဟု သူက ဆိုခဲ့၏။

ရူးဆိုးမတိုင်ခင်က ဒဿနပညာရှင်များသည် ဘုရားသခင်အပေါ် ခြားနားသော ယုတ္တိဗေဒဆင်ခြေစနစ် အမျိုးမျိုးအားဖြင့် ယုံကြည်ခဲ့ကြသော်လည်း၊ ရူးဆိုးခေတ်တွင်သော် ဆင်ခြေ (Reason) သည် ဘာသာရေးနှင့် ထိပ်တိုက်သဘောဖြစ်နေခဲ့၏။ ထိုအကြောင်းကြောင့်ပင် ဘုရားသခင်အားယုံကြည်ရာတွင် အခြေခံအနေဖြင့် ဆင်ခြေအား ရူးဆိုးက မျက်နှာသာမပေးခဲ့ဘဲ ဘုရားသခင်၏ တည်ရှိမှုအား နားလည်ခံစားနိုင်ရန် ဆင်ခြေသည် အလွန်အကန့်အသတ်နိုင်သည်ဟု `ပါစကယ်´ (Pascal) [5] ကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့၏။ သူ့အနေဖြင့် သဘာဝအား ကြည့်ရှုခြင်းမှ ရရှိသည့် ပသာဒနှင့် ချစ်ကြည်မြတ်နိုးခြင်း ခံစားချက်တို့သည် ဘုရားသခင်တည်ရှိမှုအား ယုံကြည်ရန်အတွက် လုံလောက်သည်ဟု ဆိုသည်။ သို့သော်လည်း ရူးဆိုးသည် စနစ်တကျတည်ဆောက်ထားသည့် ဘာသာတရားများအားလုံးနှင့် ရှုပ်ထွေးသည့် ဘာသာရေးပညာအား လျှမ်းသွားခဲ့သည်။ ဗျာဒိတ် (Revelation) တစ်စုံတစ်ရာမလိုအပ်သော `သဘာဝ ဘာသာတရား´ (Natural Religion) တွင် သူက ယုံကြည်သည်။ အဆိုပါ သဘာဝ ဘာသာတရားသည် အနက်ရှိုင်းဆုံး နှလုံးသားထဲတွင် သဘာဝအတိုင်း အရေးသားထားသည့် ယင်း၏ နိယာမများအား ရှာဖွေရန်ဖြစ်ပြီး၊ ကောင်းမြတ်ခြင်းသို့ သွားရာတွင် ကျွန်တော်တို့အနေဖြင့် မိမိတို့၏ သဘာဝခံစားချက်များနောက်သို့သာ လိုက်ရန်လိုသည်ဟု ဆိုသည်။ `သဘာဝသည် ကျွန်တော်တို့အား လုံးဝ မလှည့်ဖျား။ ကျွန်တော်တို့ကသာ မိမိကိုယ်ကိုယ် လှည့်ဖျားကြသည်´။

ရူးဆိုး၏ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်များအား `လူမှုပဋိဉာဉ်´ (The Social Contract) တွင် အကျယ်တ၀င့် ရေးသားထားသည်။ ၎င်းတွင် ကမ္ဘာဦးကျောက်ခေတ်သို့ ပြန်လှည့်ရန် ထောက်ခံရေးသားထားခြင်း မရှိသဖြင့် အဆိုပါစာအုပ်သည် ရူးဆိုး၏ အခြားသော စာအုပ်များနှင့် ခြားနားသည်။ သူက ဤသို့ ပါးနပ်သော အရေးအသားအချို့နှင့် စတင်ထားသည်။ `လူသားသည် လွတ်လပ်စွာ မွေးဖွားလာပြီးနောက် နေရာတိုင်းတွင် သူသည် နှောင်ကြိုးတဲခြင်းကိုခံရသည်။ လူတစ်ဦးသည် မိမိကိုယ်ကိုယ် အားလုံး၏ အရှင်သခင်ဟု အထင်ရောက်နေသော်လည်း အရာအားလုံးထက်ပင် ကျွန်သဘောက် ပိုဆန်သည့် ဘ၀တွင် ကျန်နေရစ်၏။´ အဆိုပါ အတွေးအခေါ်သည် ဒီမိုကရေစီအား မျက်နှာသာပေးသောအားဖြင့် ဖော်ပြခြင်းဖြစ်သော်လည်း ၎င်းအား ချဲ့ထွင်သရုပ်ခွဲကြည့်သော် အလုံးစုံအာဏာပိုင်စိုးရေး (Totalitarian) [6] နိုင်ငံတော်ဆီသို့ ဦးတည်ခဲ့သည်။ ဒီမိုကရေစီအရသော် ရူးဆိုးက နိုင်ငံသားတစ်ဦးချင်းစီ၏ တိုက်ရိုက်ပါဝင်ဆောင်ရွက်မှုကို ညွှန်းဆိုသည်။ ကိုယ်စားပြု ဒီမိုကရေစီသည် သူ့အနေဖြင့် ရွေးကောက်ခံ `အရစ္စတိုကရေစီ´ [-] (Aristocracy) နှင့် ဘာမျှမထူး။ `အင်္ဂလိပ်တွေက သူတို့ လွတ်လပ်တယ်လို့ ထင်နေတယ်။ သူတို့လွတ်လပ်တာက ပါလီမန်အဖွဲ့ဝင်တွေ ရွေးကောက်တင်မြှောက်နေတဲ့ ခဏလေးအတွင်းမှာပဲ´ ဟု သူက ဆိုခဲ့သည်။ သူ့ ဒီမိုကရေစီ အလုပ်ဖြစ်နိုင်သည့် `နိုင်ငံမြို့တော်´ (City State) အား သူ့အနေဖြင့် ပို၍သဘောကျခဲ့သည်။ ဒီမိုကရေစီသည် နိုင်ငံငယ်များတွင် အကောင်းဆုံးဖြစ်သည်။ အရစ္စတိုကရေစီသည် အလယ်အလတ်တန်းစားများတွင် ကောင်းပြီး၊ အကြီးစားများအတွက်မူ ဘုရင်စနစ်သည် အကောင်းဆုံးဖြစ်သည်။ ရိုးရှုဝအနေဖြင့် ရှေးခေတ်ဂရိတွင် တည်ရှိခဲ့သည့် နိုင်ငံငယ်လေးများအား သဘောကျခဲ့ပေသည်။

ရူးဆိုးက လူသား၏ မွေးရာပါအခွင့်အရေးအဖြစ် လွတ်လပ်ရေးအပေါ် အထူးပြုပြီး စတင်ကာ မည်သည့်လူမျှ အခြားတစ်ယောက်ထက် သာလွန်သည့် သဘာဝ ရပိုင်ခွင့် မရှိဟု ကြေငြာသည်။ ထို့ကြောင့်ပင် မည်သည့် ကျွန်စနစ်မဆို မျှတမှုမရှိပေ။ ရူးဆိုး၏ ယူဆချက်ဆိုင်ရာ အရေးအသားတွင်သော် သဘာဝနိုင်ငံတော်၏ လူသားသည် ခြားနားသော အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ဆန့်ကျင်ကာ မိမိတို့၏ နိုင်ငံတော်အား ထိန်းသိမ်းကာကွယ်ရန် တစ်သီးပုဂ္ဂလ အရည်အသွေးများအားဖြင့် လုံလောက်မှုမရှိတော့သည့် အမှတ်တစ်ခုသို့ ရောက်ရမည်။ ပြဿနာမှာ နိုင်ငံသားတစ်ဦးချင်းစီ၏ အကျိုးစီးပွားအား ကာကွယ်မည့် အဖွဲ့အစည်းတစ်ခုအား ရှာဖွေရန်ဖြစ်ပြီး၊ အဆိုပါ အဖွဲ့အစည်း၏ အဖွဲ့ဝင်များသည်လည်း မိမိတစ်ဦးတည်း ကိုယ်တိုင်အပေါ်သို့သာ လွတ်လပ်စွာ လိုက်နာရမည် ဖြစ်လေသည်။ အဖြေမှာ လူမှုပဋိဉာဉ် (Social Contract) ဖြစ်ပါသည်။ ရူးဆိုး၏ လူမှုပဋိဉာဉ် အတွေးအခေါ်သည် `ဟော့´ (Hobbes) ၏ အတွေးအခေါ်နှင့် နှင့် အလားသဏ္ဌာန်တူသည်။ အဆိုပါ ပဋိဉာဉ်တွင် နိုင်ငံသားတစ်ဦးချင်းစီသည် သူ၏ ရပိုင်ခွင့်များ အားလုံးကို လူမှုအဖွဲ့အစည်းသို့ လွှဲပြောင်းပေးသည်။ ထို့နောက် အဖွဲ့အစည်းရှိ လူအားလုံးအား အလားတူ အခြေအနေမျိုး သက်ရောက်စေသည့်အတွက် မည်သူမျှ အဆင့်အတန်း (၀ါ) ဂုဏ်သိက္ခာတည်ဆောက်ရန် စိတ်ဝင်စားမှုမရှိတော့ဘဲ အခြေအနေများသည် အလွန်ခက်ထော်နေပေမည်။ လူတို့သည် အသင်းဝင်များသာဖြစ်ပြီး အချုပ်အခြာအာဏာ၏ စုပေါင်း ပိုင်ရှင်များဖြစ်၏။ အချုပ်အခြာအာဏာသည် အနည်းနှင့်အများ စိတ္တဇသဘောဆန်ပြီး (Metaphysical Entity) အဖွဲ့အစည်း၏ ဥပဒေပြုနိုင်မှုစွမ်းအားကို ကိုယ်စားပြုသည်။ ရူးဆိုး အလိုအရ၊ တစ်ဦးချင်းစီနှင့် အဖွဲ့အစည်း၏ ရပိုင်ခွင့်/အခွင့်အရေးကြား ကင်းကွာမှုကိစ္စနှင့်ပတ်သက်၍ `ယေဘုယျဆန္ဒ´ (General Will) ဟု ပြဌာန်ထားသော အလုံးစုံခြုံ၍ အကျိုးအရှိဆုံးဖြစ်မည့်အရာအတွက် ဆန္ဒများ အရောင်တူနေအောင်လုပ်ဆောင်ရမည်ဟူ၏။ အဆိုပါ ယေဘုယျဆန္ဒသဘောတရားသည် ရူးဆိုး၏ နိုင်ငံရေးဒဿနတွင် အရေးကြီးပေသည်။ ဤသည်မှာ လူ့အဖွဲ့အစည်း၏ အားလုံးသောနိုင်ငံသားများ၏ စုစည်းထားသော အကျိုးစီးပွားဖြစ်ပါသည်။ လူတစ်ဦးချင်းစီတွင် အဖွဲ့အစည်းနှင့် မသက်ဆိုင်သည့် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွား ရှိသည်။ လူမှုပဋိဉာဉ်အပြီးတွင် ကျွန်တော်တို့ စိတ်ကူးနိုင်သည်မှာ အဆိုပါ `တစ်သီးပုဂ္ဂလ ဆန္ဒများ´ အား နိုင်ငံသားများက ပယ်ဖျက်ပြီးနောက်၊ ကျန်ရှိနေသည်မှာ အဖွဲ့ဝင်များအားလုံး၏ ဘုံအကျိုးစီးပွားသာဖြစ်ပြီး၊ အဆိုပါ ခြားနားခြင်းများအစုအပေါင်းသည်ပင် ယေဘုယျဆန္ဒဖြစ်ပေသည်။ နိုင်ငံတော်အား ယေဘုယျဆန္ဒများဖြင့်သာ ဖော်ဆောင်မည်ဖြစ်ပြီး၊ ဤသည်က လူထုအကျိုးအတွက် အမြဲတမ်း မှန်ကန်သည်။ ယေဘုယျဆန္ဒအား ဆီလျော်အောင်ဖော်ပြခြင်းကြောင့် နိုင်ငံတော်တွင် နိုင်ငံရေးအတိုက်အခံများ ရှိနေတော့မည်မဟုတ်တော့ဘဲ နိုင်ငံသားတိုင်းသည် ကိုယ့်အတွေးနှင့်ကိုယ် နေနိုင်ပေလိမ့်မည်။

ရူးဆိုးသည် ပုဂ္ဂလိကပိုင်ဆိုင်မှု အယူအဆအား တိုက်ခိုက်သည့် ပထမဆုံး ခေတ်သစ်စာရေးဆရာ အနည်းငယ်တွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ နိုင်ငံတော်သည် ကုန်ပစ္စည်းအားလုံး၏ အရှင်သခင်ဖြစ်ပြီး ထိုအကြောင်းကြောင့်ပင် ကုန်ပစ္စည်းအားလုံးအား လူ့အဖွဲ့အစည်းတစ်ရပ်လုံးမှ ပိုင်ဆိုင်သည်။ ထို့ကြောင့် ရူးဆိုးအား ဆိုရှယ်လစ်နှင့် ကွန်မြူနစ်ဝါဒများအား စောစီးစွာ ထောက်ခံခဲ့သူတစ်ဦးအဖြစ် ယူဆနိုင်ပါသည်။

တေဇာ (လရောင်လမ်း)
စက်တင်ဘာ (၁၃) ၂၀၁၀
Ref: French Enlightenment, A Journey Through Modern Philosophy

Footnotes:

[+] ၁၆ ရာစုတွင် ရိုမန်ကဿလစ် ဂိုဏ်းမှ ပရိုတက်စတင့်ဂိုဏ်း ကွဲထွက်လာခြင်း။
[1] Will Durant, The Story of Philosophy, Pocket Books, page201
[2] Voltaire, Letters, 31 Oct. 1738
[*] Deism အား ဘာသာပြန်ထားခြင်း ဖြစ်သည်။ ဘုရားသခင်အား မျက်ကန်းယုံကြည်ခြင်းမဟုတ်ဘဲ ဆင်ခြင်တုံတရားအခြေခံဖြင့် ယုံကြည်ခြင်းသဘောဟုလည်း ယူနိုင်သည်။ Footnote [3] အားလည်းရှုပါ။
[3] Belief in God as the creator of universe and that He is manifesting only through
natural laws
[4] Voltaire, Philosophical Dictionary, God
[5] Blaise Pascal (1623-1662), “The heart has its reasons of which reason knows nothing”
[Pensées]
Pascal is also famous for presenting ‘Pascal’s Wager’, which is supposed to be reason to
believe in God. The wager says that if you believe in God, and God doesn’t exist, then
you lose nothing, but if you don’t believe in God, and God does exist, then you risk going
to hell. Hence, the wager says, if you want to stay on the safe side, you should believe in
God. The wager has been subject to much criticism. First, it assumes that God would
prefer this selfishness over intellectual honesty. If God is omniscient, he would see
through this deception of the believer. Secondly, this argument presupposes a distinct
Christian God. What if there is a God, but this God values intellectual honesty over
beliefs. Such a God would reward an atheist for being intellectually honest and would punish a believer who believed in God just because he wanted to save his skin from hell.
[-] အလွှာမြင့်လူတန်းစားမှ အုပ်ချုပ်သော စနစ်။
[6] State in which no parties or groups in opposition to the government are allowed

Comments

  1. I liked Philosophy of `ရူးဆိုး´ (Rousseau) နှင့် `ဗော်တဲယား´ (Voltaire).
    I loved your all blog post items which linked in my reader list(RSS).

    Most are had been read.
    But I afraid to give a comment due to limitation of reading and writing in English.
    My Philosophy not so bad, I can argue and discuss with normal person.
    I'm interesting in Ideology.
    I had never done on my related jobs without ideology.
    Anyway thank for sharing.

    BINO

    ReplyDelete
  2. I do not agree with what you have to say, but I'll defend to the death your right to say it.
    (Voltaire)

    ReplyDelete
  3. Pls reply Who said "Creation of God is the noblest attempt of human being" or similar words.
    I guess Voltire or B.Russel.

    ReplyDelete
  4. I found it in "The Buddha and His Teaching" by Vend. Nadaya in which "Voltaire states that God is the noblest creation of man".

    ReplyDelete
  5. Voltarie! ဘော(လ)ဇာတ်နှင့် အပ်ချုပ်သမလေး ထဲမှာ ဟိုနှစ်ကောင် ခိုးဖတ်တဲ့ စာအုပ်တွေထဲက ရေးသူတစ်ယောက်။ စာအုပ်ရဲ့ သဘော ကတော့ မိန်းမတွေကို ဘယ်တော့မှ balzac ပေးမဖတ်ပါနဲ့တဲ့။ Voltarie အင်တာဗျူးတွေ ဖတ်ရတာကြိုက်တယ်။ ဒီဆောင်းပါးလည်း ကြိုက်တယ်။

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ