Skip to main content

စေတောပရိယဉာဏ်*အား ဈေးကွက်တင်ရန် ကြံခြင်း

`စိတ်ဖတ်စက်´ (Mind Reading Machine) ဟူသော သိပ္ပံဆိုင်ရာ နောက်ဆုံးတွေ့ရှိချက် သတင်းတစ်ပုဒ်အား ဖတ်လိုက်ရပါသည်။ လူတို့၏ အတွေးများအား စကားလုံး (Word) များအဖြစ်သို့ ဘာသာပြန်နိုင်သည့် နည်းလမ်းအား ရှာဖွေတွေ့ရှိခဲ့ရပြီဖြစ်ပြီး မကြာခင် `စိတ်ဖတ်စက်´ အဖြစ် ထုတ်လုပ်နိုင်တော့မည်ဟု သိပ္ပံပညာရှင်တစ်စုက ကြေငြာခဲ့ကြသည်။ Utah University မှ ပရော်ဖက်ဆာ Bradley Greger ဆိုသူ ဦးဆောင်သော အဖွဲ့က ဦးနှောက်၏ မျက်နှာပြင်ပေါ်တွင် အာရုံခံကိရိယာများတပ်ဆင်ကာ ဦးနှောက်အချက်ပြမှုများအား အသံအဖြစ်ထွက်ပေါ်လာအောင် ပထမဆုံးအနေဖြင့် ဘာသာပြန်နိုင်ခဲ့ကြသည်။ အဆိုပါ လက်တွေ့အောင်မြင်မှုသည် တိကျမှု ၉၀% ရှိပြီး ဆွံအနားမကြား လူနာများအနေဖြင့် ကူးလူးဆက်ဆံမှုပြုနိုင်ရန် လမ်းစပွင့်သွားခြင်းပင်ဖြစ်ကြောင်းနှင့် သာမန်လူများအနေဖြင့်ပါ အသုံးပြုနိုင်လိမ့်မည်ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ စကားမပြောနိုင်သော အာရုံကြောချို့တဲ့ ဝေဒနာရှင်များအတွက် ရေရှည်အသုံးပြုနိုင်ရန် အာမခံချက်ပေးမည့် အဆိုပါကိရိယာဖြင့် ဦးနှောက်၏ အချက်ပြမှုများသီးသန့်ကိုသာ အသုံးပြုကာ အသံထွက်သော စကားလုံးများအဖြစ်သို့ `ဖြည်´ (Decode) နိုင်ခဲ့သည်ဟု သိရသည်။ ၎င်းအား ဦးနှောက်ဖတ်ရှုခြင်း (Brain Reading) ဟု ခေါ်ဆိုမည်ဖြစ်ပြီး လာမည့် နှစ်နှစ်,သုံးနှစ်အတွင်း လူထု အသုံးပြုရန် ဖြစ်နိုင်လိမ့်မည်ဟု ဆိုသည်။ အဆိုပါ အဖွဲ့အနေဖြင့် ထိုစမ်းသပ်အောင်မြင်မှုအား အခြားကုသမှုတစ်ခုအတွက် ဦးခေါင်းခွံဖွင့်ထားသော လူနာတစ်ဦး၏ ဦးနှောက်၏ စကားပြောအစိတ်အပိုင်းသို့ ပါးလွှာလှသည့် အီလက်ထရုဒ် (၁၆) ခု တပ်ဆင်ကာ စမ်းသပ်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ အီလက်ထရုဒ်များအား အသုံးပြု၍ သိပ္ပံပညာရှင်များက ဦးနှောက်၏ အချက်ပြမှုများကို မှတ်တမ်းတင်ခဲ့ကြခြင်းဖြစ်ပြီး တိကျမှုရာခိုင်နှုန်းမှာ အလွန်စိတ်ကျေနပ်ဖွယ် ကောင်းသည့် ပမာဏဖြစ်ပါသည်။

အဆိုပါသတင်း၏ ထူးခြားချက်မှာ ၎င်းအား သိပ္ပံပညာဆိုင်ရာ အောင်မြင်မှုတစ်ရပ်အဖြစ်သာ အသားပေး ဖော်ပြထားခြင်းဖြစ်ပြီး ကျင့်ဝတ် (Ethics) နှင့်သက်ဆိုင်သည့် ရှုထောင့်တစ်စုံတစ်ရာ ပါဝင်သည်ကို မမြင်တွေ့ရခြင်းဖြစ်ပါသည်။ အကယ်၍ အခြားသူတို့၏ အတွေးများကို မိမိက သိနိုင်သည်ဆိုလျှင် ဘာဖြစ်သွားနိုင်ပါသလဲ။ အဆိုပါမေးခွန်းသည် စိတ်ဝင်စားဖွယ် ကောင်းသဖြင့် အနည်းငယ်မျှ အတွေးဆန့်ကြည့်ပါမည်။ လူငယ်များအနေဖြင့် ကိုယ့်ချစ်သူ ဘာတွေးနေသလဲ ဟူသော မေးခွန်းသည် အလွန် သိချင်စရာ ကောင်းနေပေလိမ့်မည်။ လူရွယ်များအနေဖြင့် မိမိအလုပ်ရှင်က ဘာတွေးနေသည်ဟု သိရလျှင် အလွန်အကျိုးရှိနိုင်သည်။ လူကြီးများအနေဖြင့်မူ မိမိအား ဘယ်သူက အမှန်တကယ် လေးစားပြီး၊ ဘယ်အကောင်က လေးစားချင်ယောင်ဆောင်နေသလဲ သိရှိနိုင်ပေလိမ့်မည်။ ထို့ပြင် ရောင်းရေးဝယ်တာ စကားပြောခန်းများတွင် အလွန်ထိရောက်စွာ အသုံးပြုနိုင်ပေလိမ့်မည်။ နိုင်ငံတော်နှင့်ချီသည့် ဆွေးနွေးခန်းတို့အတွက်မူ ပြောစရာပင် မလိုတော့။ လွန်စွာ အကျိုးထူးမည့် စွမ်းရည်တစ်ရပ်ပင် ဖြစ်ပါလိမ့်မည်။

စင်စစ် လူတစ်ယောက်ချင်းစီအနေဖြင့် တစ်ပါးသူတို့၏ အတွေးအကြံများကိုသာ မှန်ကန်စွာ သိရှိနိုင်ခဲ့လျှင် တိုးတက်ကြီးပွားရန် ရာခိုင်နှုန်း အတော်များများ ဆုပ်ကိုင်ပြီး ဖြစ်လိမ့်မည်မှာ မငြင်းနိုင်ပါ။ သို့တိုင် အဆိုပါကိစ္စသည် ထိုမျှလောက် မရှင်းလင်းသေးပေ။ ၀တ္ထုတိုတစ်ပုဒ်တွင် အခြားသူတို့၏ စိတ်အား ဖတ်ရှုနိုင်သော စာအုပ်တစ်အုပ်အား ပိုင်ဆိုင်သွားသူ တစ်ယောက်အကြောင်း ဖတ်ရှုခဲ့ရဖူးသည်။ အစပိုင်းတွင် အသုံးတည့်သယောင် ထင်ရသော်လည်း၊ ရေရှည်တွင် မိမိအပေါ်ထားရှိသော အခြားသူတို့၏ မလိုတမာစိတ်ထားများ၊ အပြုံးချိုချိုများ၏ နောက်ကွယ်မှ နောက်ကြောဓားနှင့်ထိုးရန် ကြံစည်နေမှုများ စသည်တို့အား အမြဲတစေ ကွင်းကွင်းကွက်ကွက်မြင်နေရမှုကြောင့် ကျီးအာသီးဆက်ဆံရေးများ၏ ဖိစီးနှိပ်စက်မှုအား မခံစားနိုင်တော့ဘဲ စိတ်ကျဝေဒနာစွဲကပ်ကာ နောက်ဆုံးတွင် ထိုစာအုပ်အား ဖျက်ဆီးစွန့်ပစ်ခဲ့ရလေသည်။ အဆိုပါဝတ္ထုမှာ စိတ်ကူးယဉ်ဇာတ်လမ်း (Fiction) တစ်ပုဒ်သာဖြစ်သော်လည်း စာရေးဆရာအနေဖြင့် အတော်စိတ်ကူးကောင်းကောင်းဖြင့် ဆီလျော်မှုရှိအောင် တွေးခေါ်ထားသည်ဟု ထင်မြင်မိပါသည်။ `စိတ်ဖတ်ခြင်း´ (Mind Reading) ၏ အလွယ်တကူမမြင်သာသော၊ သို့သော် ကြီးမားစွာသက်ရောက်မှုရှိနိုင်သော အကျိုးဆက်များအား မြင်သာစေခဲ့သည်။ တစ်ဖန် ပြောင်းပြန်အနေအထားအားဖြင့် တစ်နေ့တာမျှ မုသားမပြောဘဲ၊ စိတ်ထဲရှိသမျှ အမှန်ချည်းပြောမည်ဟု ဆုံးဖြတ်ချက်ချမိသည့် ပုဂ္ဂိုလ်တစ်ဦး၏ ဇာတ်လမ်းသည်လည်း အဖြစ်ဆိုးနှင့် ဇာတ်သိမ်းခဲ့ရသည်ကို ဖတ်ရှုခဲ့ရဖူးသည်။ အဆိုပါ ၀တ္ထုတိုများတွင် လူ့သဘောထားနှင့်ပတ်သက်၍ စောကြောစရာလေးများ ပါဝင်နေသည်။ စင်စစ် သူတစ်ပါး၏ စိတ်ကို သိခြင်းဖြင့် ကောင်းကျိုးချည်း ရလိမ့်မည်ဟု မျှော်လင့်ထားရန် မသင့်။ ဆိုးပြစ်များလည်း ရှိနိုင်ပါသည်။ အကျိုးနှင့် အဆိုး ချိန်ဆကြည့်လျှင် မည်သည့်ဘက် အားသာမည်လဲဟု အတပ်ပြောရန် ခက်ခဲသည်။ ကျွန်တော့် (တစ်ဦးတည်း) အယူအဆအရမူ အဆိုးကသာ ပိုများနိုင်သည်ဟု ထင်မြင်မိသည်။ စိတ်ဖတ်ရှုခြင်း နည်းပညာကိစ္စတွင်မူ မိမိတစ်ဦးတည်းမှ တစ်ဖက်သတ် သိမြင်နေနိုင်ခြင်းမျိုးမဟုတ်ဘဲ လူတိုင်း အပြန်အလှန် စိတ်ကူးချင်း ဖလှယ်နိုင်ကြမည်ဖြစ်ရာ အထက်ပါ ပုံဝတ္ထုများထက် ပိုမို တာဝန်ကြီးပါသည်။

လူတို့၏ စိတ်အား ဖတ်ရှုနိုင်သည့်စက်ကို တီထွင်အောင်မြင်ခဲ့လျှင်၊ အဆိုပါစက်သည် (ဆွံ,အ ဝေဒနာရှင်များသာမက) အရပ်သုံးသဘော ဆန်လာခဲ့လျှင် အကျိုးထက် အဆိုးများသာ ဖြစ်လာဖို့ များသည်။ မမျှော်မှန်းနိုင်သည့် မီးခိုးကြွက်လျှောက်ပြဿနာများ ဖြစ်လာနိုင်သည်။ လင်နှင့်မယား၊ မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ စသည့် မည်သည့် လူမှုဆက်ဆံရေး နယ်ပယ်တွင်မဆို လက်ရှိ ပုံစံကျအနေအထားများအားလုံး ပျက်စီးသွားလိမ့်မည်မှာ သေချာသည်။ ဆွံ့,အ ဝေဒနာရှင်များအတွက် ရည်စူးခဲ့သော ကိရိယာသည် လူသားအားလုံး ဆွံ့,အသွားစေရန်အထိပင် (ပါးစပ်ဖြင့် စကားပြောရန်မလိုတော့သည်အထိ) ဖန်တီးသွားနိုင်သည်။ ဘာသာစကားများ (Language) အားလည်း အဆိုပါနည်းပညာက ခြိမ်းခြောက်လာနိုင်သည်။ ဗုဒ္ဓဘာသာအမြင်အရသော် သာမန်လူ (ပုထုဇဉ်) တို့တွင် မရှိသင့်မရှိအပ်သည့် ဉာဏ်မျိုးအား ဖန်တီးနေခြင်းနှင့် တူသည်။ တစ်ဖက်တွင် သာမန်လူကောင်းတစ်ဦးအနေဖြင့် မိမိစိတ်အား အခြားသူများ ဖတ်ရှုနိုင်ရန်အလို့ငှာ ဦးခေါင်းအတွင်းသို့ အီလက်ထရုဒ် (၁၆) ခုအား တကူးတက ခွဲစိတ်ထည့်သွင်းလိမ့်မည်မဟုတ်ဟု တွေးနိုင်ပါသည်။ သို့တိုင် နည်းပညာတို့၏ သဘာဝရအရ တစ်ဆင့်အောင်မြင်ပြီးသော် ရှေ့ရောက်အောင် ဆက်လက် တီထွင်ကြံဆကြဦးမည်သာ ဖြစ်ရာ ခွဲစိတ်စရာမလိုဘဲ အခြားသူ၏ စိတ်အား ဖတ်ရှုနိုင်သည့် အဆင့်ထိ တက်လှမ်းနိုင်ခဲ့သော် အလွန်အန္တရာယ်များလိမ့်မည် ဖြစ်သည်။ သိပ္ပံပညာရှင်များအနေဖြင့်မူ ဖြစ်နိုင်သလောက်သော အဆင့်အထိ ဆက်လက် တီထွင်ကြံဆကြဦးမည်သာဖြစ်ရာ နောက်ဆက်တွဲ ပြဿနာများအား လူမှုသိပ္ပံပညာရှင်များက လိုက်လံဖြေရှင်းနိုင်ရန် လွယ်ကူလှမည်မဟုတ်ပါ။ အကယ်၍ အဆိုပါအခြေအနေအထိ ရောက်ခဲ့သော် … ကျွန်တော် ယခုကဲ့သို့စာရေးနေရန်ပင် လိုတော့မည် မထင်ပါ။ စာဖတ်သူအနေဖြင့် ကျွန်တော့်စိတ်ထဲရှိသည်များအား မိမိဖာသာ Mind Reading Machine ဖြင့် အလွယ်တကူ ဖတ်ရှုနေနိုင်ပြီမဟုတ်လား။

မှတ်ချက်။      ။ အဆိုပါစမ်းသပ်မှုသည် ဦးနှောက်၏ စကားပြောရပ်ဝန်း (Speech Centre) ကိုသာ စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး၊ စမ်းသပ်ခံအနေဖြင့် စကားလုံးတစ်လုံးအား စိတ်တွင်းမှ ရွတ်ဆိုလိုက်မှသာ ကွန်ပြူတာမှတစ်ဆင့် စကားလုံးအဖြစ်သို့ ပြန်လည် `ဖြည်´ နိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဆန္ဒ၊ စိတ်ကူး၊ ခံစားမှု စသည့် အခြား စိတ်ပိုင်းဆိုင်ရာ ၀ိသေသများအား ခြေရာခံနိုင်ခြင်း မရှိသေးဟု ယူဆနိုင်ပါသည်။ သို့သော် အဆိုပါဝိသေသများနှင့် စိတ်ဖြင့်ရွတ်ဆိုခြင်းဟူသော ကိစ္စကြား ခြားနားမှုသည် အလွန်ပါးလွှာပြီး ရှုပ်ထွေးလှသည့် စိတ်ဖြစ်စဉ်များသာ ဖြစ်ကြောင်းကိုလည်း သတိပြုသင့်သည်။ ဤအရေးအသားသည် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းသဘော မဆောင်သော (အရပ်သားတစ်ဦး၏) `အမြင်´ သက်သက်မျှ ဖြစ်သည်ဟု အသိပေးလိုပါသည်။

တေဇာ (လရောင်လမ်း)
Ref: Hindustan Times


* သတ္တ၀ါတို့၏ ကြံစည်၊ စိတ်ကူး၊ ဆင်ခြင်သမျှတို့ကို သိသောဉာဏ်။ [သုတေသနသရုပ်ပြအဘိဓာန်]

Comments

  1. အဆိုပါသတင်း၏ ထူးခြားချက်မှာ ၎င်းအား သိပ္ပံပညာဆိုင်ရာ အောင်မြင်မှုတစ်ရပ်အဖြစ်သာ အသားပေး ဖော်ပြထားခြင်းဖြစ်ပြီး ကျင့်ဝတ် (Ethics) နှင့်သက်ဆိုင်သည့် ရှုထောင့်တစ်စုံတစ်ရာ ပါဝင်သည်ကို မမြင်တွေ့ရခြင်းဖြစ်ပါသည်။
    Why they omitted the main feature.
    If they product Mind Reading Machine in future, (the main important thing is Ethics.)
    I think that it caused to harm himself.
    If advantage is higher than disadvantage in this case, how will avoid action.

    BINO

    ReplyDelete
  2. စိတ်ထဲကနေ လျှောက်ပြစ်မှားတာက အပြစ်လား။ ဒါမှမဟုတ် စိတ်ကနေ မျိုးစုံလျှောက်တွေးတတ်တယ်၊ စိတ်က လျှောက်လွင့်တတ်တယ် ဆိုတဲ့ သဘာဝကို လက်မခံနိုင်တာက အပြစ်လား။ စိတ်ကနေ သူများကိုယ့်ကို လျှောက်ပြစ်မှားတာကို သည်းမခံနိုင်တဲ့သူတွေမှာ အပြစ်ရှိလား။ ဒါမှမဟုတ် စက်ကို တီထွင်တဲ့သူမှာပဲ အပြစ်ရှိတာလား။

    ReplyDelete
  3. ဘာပဲ ဖြစ်ဖြစ် ခင်ဗျား မနောကံ အကုသိုလ်ကို ကျနော်မသိကြေး၊ ကျနော့် မနောကံ အကုသိုလ်ကို ခင်ဗျားမသိကြေး၊ မနောကံများကို လွတ်လပ်စွာကျူးလွန်ခွင့်ရှိတာပဲ ကောင်းပါတယ်။ ဟီးဟီး။

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ