Skip to main content

အဲဒီနေ့က ကျွန်တော် အရပ်ပိုမြင့်နေခဲ့တယ်

ကျွန်တော့်ထက် အရပ်ပိုမြင့်တဲ့ မိန်းကလေးတွေကို ကျွန်တော်နည်းနည်း အမြင်ကပ်တတ်တယ်။ ဘာကြောင့်မှန်းတော့မသိဘူး။ သူတို့နား မတ်တပ်ရပ်မိရင်၊ မကြီးလှတဲ့ ကျွန်တော့် ခန္ဓာကိုယ်ဟာ ပိုသေးသွားသလို ခံစားရတယ်။ ရူးဆိုးနဲ့အတူ ကျောက်ခေတ်ကိုလှည့်ပြန်ဖို့ စိတ်ကူးမရှိပေမဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက်ကို ကျွန်တော့်စိတ်ထဲမှာ သဘောကျမိတာတော့ အမှန်ပဲ။ လူသားတွေရဲ့ အခြေခံအကျဆုံး စွမ်းရည်ကို ကျွန်တော်လိုချင်တာ သဘာဝကျပါတယ်။ ချက်ကျလက်ကျ ငြင်းခုန်လို့မှ မရရင် နားရင်းလေးဘာလေး တီးပေးလိုက်တာက လူတစ်ယောက်ရဲ့ ခေါင်းကို မြန်မြန်ညိတ်စေတယ်မဟုတ်လား။ ဒါပေမဲ့လည်း ကိုယ့်ထက် အရပ်မြင့်တဲ့လူတစ်ယောက်ကို ခြေဖျားထောက်ပြီး နားရင်းရိုက်ဖို့ဆိုတာက မသင့်ပြန်ဘူး။ ဒီတော့ ကျွန်တော်က ကိုယ့်ထက်အရပ်မြင့်ရင် အမြင်ကပ်မိတယ်။ ကိုရင်ဝတ်တုန်းက ဆွမ်းစားချိန်ဆိုရင် အရပ် အနိမ့်အမြင့်အလိုက် တန်းစီကြရတယ်။ အသက်ငယ်ပြီး အရပ်မြင့်တဲ့ကိုရင်က ရှေ့ရောက်ပြီး ကိုယ့်ထက်အရင် ဆွမ်းစားကျောင်းထဲဝင်ခွင့်ရတာကို ကျွန်တော် မကျေနပ်ခဲ့ဘူး။ ချစ်တတ်ကြိုက်တတ်တဲ့ အရွယ်ရောက်လာတော့ ကိုယ်က မော်ကြည့်ရတဲ့ မိန်းကလေးမျိုးကို ကျွန်တော် အမြင်ကပ်မိတာ အမှန်ပဲ။ အမြင်အရကို ကျွန်တော်က တစ်ပန်းရှုံးနေသလိုလို၊ လိုက်ဖက်မညီသလိုလို၊ မမှီတဲ့ပန်းလို ဖြစ်နေတာကိုး။

တစ်နေ့တော့ သူနဲ့ ကျွန်တော် ငြင်းခုန်ဖြစ်ကြတယ်။ သူက ယန်းပေါဆာ့ထ်ကို အရုပ်ဆိုးဆိုး၊ ဂျပုလို့ပြောတော့ ကျွန်တော် အတော်လေး မကျေမနပ် ဖြစ်သွားမိတယ်။ ဆာ့ထ်ဟာ မျက်လုံးက တောင်တစ်လုံး မြောက်တစ်လုံးနဲ့၊ ရုပ်ဆိုးတယ် ဆိုတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဂျပုမဟုတ်ဘူး၊ အရပ်မြင့်တယ်။ မြင့်တာမှ အတော့်ကို မြင့်တယ်။ ခြောက်ပေကျော်ကျော်လောက် ရှိလိမ့်မယ်ထင်တယ်လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ သူက ခပ်လှောင်လှောင် ရယ်ရင်း၊ ဆာ့ထ်ဟာ မဒမ်ဒီဘိုးဗွားထက် အရပ်ပုတယ်လို့ ထပ်ပြောပြန်တယ်။ မဖြစ်နိုင်ဘူးလို့ ကျွန်တော်က ပြန်အော်လိုက်တယ်။ အဲဒီနောက်တော့ သူ Google က ရှာထားတဲ့ ပုံတွေကို ကျွန်တော့်ကို ပြတယ်။ ထိုင်နေပုံဖြစ်ဖြစ်၊ မတ်တပ်ရပ်ပုံဖြစ်ဖြစ် ဆာ့ထ်နဲ့ ဒီဘိုးဗွား နှစ်ယောက်တွဲ ပုံတွေမှာ ဆာ့ထ်က ပုနေတာချည်းပဲ။ ကျွန်တော် မကျေနပ်သေးဘူး။ ဆာ့ထ်က သိသိသာသာကြီး အရပ်ပိုရှည်တဲ့ ပုံတစ်ပုံကို ကျွန်တော် အတော်ကြာကြာထဲက မြင်ခဲ့ရဖူးတယ်။ ဒါပေမဲ့ အဲဒီပုံထဲမှာက ကာယကံရှင်နှစ်ဦးလုံး ကျောခိုင်းထားကြတယ်။ ဖတ်ဖူးခဲ့သမျှ စာတွေထဲမှာလည်း ဆာ့ထ်ဟာ အရပ်မြင့်တယ်လို့ ညွှန်းတာကိုပဲ တွေ့ခဲ့ဖူးတယ်။ ကျွန်တော် အဲဒီပုံကို သူ့ကို ပြချင်တယ်။

ဖှလော်ဆော်ဖာ စုံတွဲနှစ်ဦးရဲ့ အရပ်အမောင်းအကြောင်း ငြင်းခုန်နေရင်းနဲ့ ကျွန်တော့် အတွေးက သူတို့ရဲ့ အချစ်ကြောင်းကို ရောက်သွားတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ အတွေးတစ်ခုကို သူ့ကို ပြောပြချင်တာနဲ့ ဒီဘိုးဗွားထက် အရပ်ရှည်တဲ့ ယန်းပေါဆာ့ထ်ရဲ့ ပုံကို တပူတပြင်း ရှာဖွေနေတာကို ခဏရပ်ပြီး စကားစလိုက်တယ်။ ဆာ့ထ်နဲ့ ဒီဘိုးဗွားဟာ ကျောင်းမှာတုန်းက ပထမနဲ့ ဒုတိယ အမြဲ ရခဲ့ကြတယ်။ ဆာ့ထ်က အမြဲ ပထမချိတ်သလို၊ ဘိုးဗွားကလည်း အမြဲ ဒုတိယပဲ။ ထောက်ပြစရာ အချက်တစ်ခုက ဒုတိယအမြဲ ချိတ်နိုင်လောက်အောင် ထက်မြက်တဲ့ သူတစ်ယောက်ဟာ ပထမရော တစ်ခါတလေ မရနိုင်ဘူးလား ဆိုတာပဲ။ ရှည်လျားတဲ့ စာမေးပွဲတွေ တစ်လျှောက်မှာ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ဒီဘိုးဗွားက ပထမ ရခဲ့သင့်တာပေါ့။ ဒါပေမဲ့ အဲဒီလို မဖြစ်ခဲ့ဘူး။ ဒီတော့ ဒီဘိုးဗွားဟာ ဆာ့ထ်ကို ချစ်လို့၊ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးတဲ့အနေနဲ့ အမြဲ အလျှော့ပေးခဲ့တာများလားလို့ တွေးစရာ ဖြစ်လာတယ်။ အဲဒီယူဆချက်ဟာ အများကြီး အလားအလာရှိတယ်လို့ ငါထင်တယ်လို့ ကျွန်တော်က ပြောလိုက်တယ်။ သူကတော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ ခပ်ပြုံးပြုံးပဲ နားထောင်နေတယ်။ ဒီထက်ပို စိတ်ဝင်စားဖို့ကောင်းတာက သူတို့နှစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးပဲ။ `၀ိဉာဉ်ဖော်´ (Soulmate) တွေ ဖြစ်တဲ့အတွက် သူတို့ဟာ အတွေးတွေ `အားလုံး´ ကို အချင်းချင်း ဖလှယ်ခဲ့ကြတယ်။ အကျိုးဆက်အားဖြင့် သူတို့အတွေးတွေဟာ ရောနှောသွားတယ်။ ဆာ့ထ်ရဲ့အတွေးဟာ ဒီဘိုးဗွားအတွေး၊ ဒီဘိုးဗွားအတွေးဟာ ဆာ့ထ်ရဲ့အတွေး ဖြစ်သွားခဲ့တယ်။ ဒီဘိုးဗွားရဲ့ The Second Sex စာအုပ်ကို ဆာ့ထ်ကိုယ်တိုင် တည်းဖြတ်ပေးသလို၊ ဆာ့ထ်ရဲ့ ဒဿနကျမ်းတွေအားလုံးဟာလည်း ဒီဘိုးဗွားရဲ့ လက်ရာနဲ့ မကင်းဘူး။ လက်ရာနဲ့ မကင်းဘူးဆိုတာထက် ဆာ့ထ်ရဲ့ အယူအဆတွေမှာ၊ ဒီဘိုးဗွားရဲ့ အတွေးတွေပါ ပါနေတယ်လို့ကို ဆိုနိုင်မလား မသိဘူး။ ခြုံငုံပြောရရင် ယန်းပေါဆာ့ထ်ဟာ ၂၀ ရာစုရဲ့ ဒဿနသူရဲကောင်းကြီးအဖြစ် ထည်ဝါခဲ့ပေမဲ့ သူ့ရဲ့အဖော် ဒီဘိုးဗွားဟာ သူ့ထက် ပိုထက်မြက်တဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်ခဲ့သလား မဆိုနိုင်ဘူး။ အဲဒီ တွေးထောင့်လေးကို ငါ သဘောကျတယ်လို့ သူ့ကို ပြောလိုက်တယ်။

သူကတော့ ကျွန်တော်ပြောတာကို စိတ်ဝင်တစားနားထောင်နေတာ မြင်ရတယ်။ စိတ်ဝင်တစားလား၊ ဒါမှမဟုတ် စိတ်ဝင်စားချင်ယောင် ဆောင်ထားတာလားဆိုတာကို ကျွန်တော် မသေချာဘူး။ ဘာပဲဖြစ်ဖြစ် ဆာ့ထ်ရဲ့ အလိုအရဆို စိတ်ဝင်စားခြင်းနဲ့ စိတ်ဝင်စားချင်ယောင်ဆောင်ခြင်းဟာ ဘာမှ မကွဲဘူး။ ဂရုစိုက်ခြင်းနဲ့၊ ဂရုစိုက်ချင်ယောင်ဆောင်တဲ့ အားထုတ်မှုတစ်ခုဟာ အတူတူပဲ။ ဒီတော့လည်း ကျွန်တော့်အတွက်က စိတ်ဝင်စားချင်ယောင်ဆောင်ပေးနေရင်ကို ကျွန်တော် ပြောချင်ရာ ဆက်ပြောဖို့အတွက် လုံလောက်ပြီ။ ဒီတော့ မိန်းကလေးတွေရဲ့ အချစ်နဲ့၊ ယောက်ျားလေးတွေရဲ့ အချစ်ကို ငါ နှိုင်းယှဉ် စဉ်းစားမိတယ်။ ယောက်ျားလေးတွေဟာ အတ္တကြီးတာကတော့ အမှန်ပဲလို့ ကိုယ့်စိတ်နဲ့နှိုင်းပြီး သိခဲ့တာပဲ။ ငါတို့ရဲ့ အခြေခံစိတ်ထားမှာကို ရယူမယ်၊ သိမ်းပိုက်မယ် ဆိုတဲ့ သဘောရှိနေတာ အမှန်ပဲ။ ဒါပေမဲ့ မိန်းကလေးတွေရဲ့ အချစ်ဟာ ဘယ်လိုဟာမျိုးလဲဆိုတာ ငါ မသိဘူး။ ဒီဘိုးဗွားဟာ ဆာ့ထ်ကို ချစ်လို့ အလျှော့ပေးခဲ့တာလားဆိုတာ ငါ သိချင်နေတယ်။ မိန်းကလေးတွေမှာ မိခင်စိတ်ရှိတယ်။ မိန်းကလေးတွေရဲ့ ခံစားမှုဟာ ယောက်ျားလေးတွေထက်စာရင် အများကြီး ပိုကျယ်ပြန့်တယ်လို့ ဆာ့ထ်ကလည်း ပြောခဲ့ဖူးတယ်။ သူတို့မှာ ရှိတဲ့ သဘာဝ မိခင်စိတ်က ယောက်ျားလေးတွေကို ကလေးလေးတွေလို ပြုစုပံ့ပိုးပေးဖို့ စေစားခဲ့သလား မသိဘူး။ ဒီဘိုးဗွားဟာ အဲဒီခေတ်က ပြင်သစ်အမျိုးသမီးတွေထဲမှာတော့ အထက်မြက်ဆုံး မိန်းမတစ်ယောက်ပဲဆိုတာ အားလုံး လက်ခံထားကြပြီးသားပဲ။ ဒါပေမဲ့ ယန်းပေါဆာ့ထ်ထက်တောင် ပိုထက်မြက်ကောင်း၊ ထက်မြက်နေလိမ့်မယ်လို့ ငါတွေးနေမိတယ်လို့ ကျွန်တော်က ပြောလိုက်တယ်။

အဲဒီအချိန်မှာပဲ ကျွန်တော် ရှာနေတဲ့ ပုံကို တွေ့လိုက်ရတယ်။ ယန်းပေါဆာ့ထ်နဲ့ ဒီဘိုးဗွား တံခါးပေါက်တစ်ခုဆီကို ကျောခိုင်းလျှောက်သွားကြတဲ့ ပုံ။ အဲဒီပုံထဲမှာ ဆာ့ထ်ဟာ မဒမ်ဒီဘိုးဗွားထက် ခေါင်းတစ်လုံးမက ပိုမြင့်နေတယ်။ ကျွန်တော်က အဲဒီပုံကို သူ့ကို ၀မ်းသာအားရ ပြလိုက်တယ်။ ကျောခိုင်းထားကြပေမဲ့ သူတို့နှစ်ယောက်ဟာ ဆာ့ထ်နဲ့ ဒီဘိုးဗွား အစစ်ဖြစ်မယ်လို့ ကျွန်တော် ယုံတယ်။ နင်ပြခဲ့တဲ့ ပုံတွေအရတော့ အဲဒီခေတ်က ပြင်သစ်အမျိုးသမီးတွေ လေးလက်မဒေါက်ကို အမြဲစီးတတ်ကြတာ ဖြစ်မယ်။ ဒါမှမဟုတ်လည်း ဆာ့ထ်ဟာ အမြဲ အနိမ့်ပိုင်းမှာ ရပ်နေခဲ့တာပဲ။ ဒီလိုမှမဟုတ်ရင်လည်း ဒီဘိုးဗွားဟာ အရပ်ခြောက်ပေကျော်မြင့်တဲ့ အမျိုးသမီးဖြစ်မှာပဲ။ ဆာ့ထ်က အရပ်ခြောက်ပေမြင့်တာကတော့ သေချာတယ်လို့ ပိုင်ပိုင်နိုင်နိုင်ပြောပြီး ကျွန်တော် အဆုံးသတ်လိုက်တယ်။ ဟုတ်မှာပါလို့ သူ ၀န်ခံလိုက်တဲ့အသံကို ကျွန်တော်ကြားရတယ်။ ပြုံးပြီးသူက ကျွန်တော့်ကို မော့ကြည့်လိုက်တယ်၊ ဒါမှမဟုတ် မော့ကြည့်တယ်လို့ ကျွန်တော်ထင်လိုက်ရတယ်။ သူ့ကို ကျွန်တော် နည်းနည်းလေးမှ အမြင်မကပ်မိပါဘူး။

တေဇာ (လရောင်လမ်း)
စက်တင်ဘာ (၂၂) ၂၀၁၀

Comments

  1. သဘောထားကြီးဖို့ အားထုတ်ချင်သောလည်း အလွန်တရာ အငြင်းသန်သော၊ အရှုံးကို သည်းမခံနိုင်သော၊ မပြေနိုင် မငြိမ်းနိုင်သော ....:P
    ( ကွန်မန့်မပြီးသေးပါ စဉ်းစားလို့ ရရင် ရသလောက် လာရေးပါဦးမည် :P)

    ReplyDelete
  2. သိပ်စိတ်ဝင်စားတယ်။
    ခုချိန်မှာ စိတ်အဝင်စားဆုံး စုံတွဲကို ပြပါဆိုရင် သူတို့အတွဲပဲ။

    ReplyDelete
  3. အဲဒီအချိန်မှာပဲ ကျွန်တော် ရှာနေတဲ့ ပုံကို တွေ့လိုက်ရတယ်။ ယန်းပေါဆာ့ထ်နဲ့ ဒီဘိုးဗွား တံခါးပေါက်တစ်ခုဆီကို ကျောခိုင်းလျှောက်သွားကြတဲ့ ပုံ။ အဲဒီပုံထဲမှာ ဆာ့ထ်ဟာ မဒမ်ဒီဘိုးဗွားထက် ခေါင်းတစ်လုံးမက ပိုမြင့်နေတယ်။ ကျွန်တော်က အဲဒီပုံကို သူ့ကို ၀မ်းသာအားရ ပြလိုက်တယ်။ ကျောခိုင်းထားကြပေမဲ့ သူတို့နှစ်ယောက်ဟာ ဆာ့ထ်နဲ့ ဒီဘိုးဗွား အစစ်ဖြစ်မယ်လို့ ကျွန်တော် ယုံတယ်။ နင်ပြခဲ့တဲ့ ပုံတွေအရတော့ အဲဒီခေတ်က ပြင်သစ်အမျိုးသမီးတွေ လေးလက်မဒေါက်ကို အမြဲစီးတတ်ကြတာ ဖြစ်မယ်။ ဒါမှမဟုတ်လည်း ဆာ့ထ်ဟာ အမြဲ အနိမ့်ပိုင်းမှာ ရပ်နေခဲ့တာပဲ။ ဒီလိုမှမဟုတ်ရင်လည်း ဒီဘိုးဗွားဟာ အရပ်ခြောက်ပေကျော်မြင့်တဲ့ အမျိုးသမီးဖြစ်မှာပဲ။ ဆာ့ထ်က အရပ်ခြောက်ပေမြင့်တာကတော့ သေချာတယ်လို့ ပိုင်ပိုင်နိုင်နိုင်ပြောပြီး ကျွန်တော် အဆုံးသတ်လိုက်တယ်။ ဟုတ်မှာပါလို့ သူ ၀န်ခံလိုက်တဲ့အသံကို ကျွန်တော်ကြားရတယ်။ ပြုံးပြီးသူက ကျွန်တော့်ကို မော့ကြည့်လိုက်တယ်၊ ဒါမှမဟုတ် မော့ကြည့်တယ်လို့ ကျွန်တော်ထင်လိုက်ရတယ်။ သူ့ကို ကျွန်တော် နည်းနည်းလေးမှ အမြင်မကပ်မိပါဘူး။


    --
    အဆုံးသတ်ပုံကို အရမ်းသဘောကျသွားတယ်။
    များများရေးပါ ဆက်ရေးပါ။း)

    ReplyDelete
  4. ဟုတ်တယ်။
    ပုတာ.. ရှည်တာ အဓိက မကျဘူး။
    `၀ိဉာဉ်ဖော်´ (Soulmate) ဖြစ်ဖို့ပဲလိုတယ်။
    ဟုတ်တယ်။ သူ့ကို နည်းနည်းလေးမှ အမြင်မကပ်မိပါဘူး။

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ