Skip to main content

နေရူးကိစ္စ

An Autobiography of Jawaharlal Nehru စာအုပ်နှင့် ပတ်သက်၍ မှတ်ချက် အတိုလေးတစ်ခု Facebook တွင် အောက်ပါအတိုင်း ရေးခဲ့မိပါသည်။

tazar တေဇာ :
 
ဘာသာရေး နောက်ခံကား အရောင်ရင့်လှသော တိုင်းပြည်ကြီးတစ်ခုမှ ဘာသာမဲ့ခေါင်းဆောင်တစ်ဦး။
သို့မဟုတ် ဂျဝါဟလာ နေရူး။

နေရူးပြတိုက်ရှိ စာအုပ်စင်တွင် ယန်းပေါဆတ်၏ Being and Nothingness စာအုပ်ကြီးအား ခန့်ခန့်ငြားငြား တွေ့ခဲ့ရ၏။ 

အဆိုပါ အရေးအသားနှင့် ပတ်သက်၍ သူငယ်ချင်းများထံမှ မှတ်ချက်တချို့ ရရှိခဲ့ရာ မိမိတို့၏ သဘောထားအမြင်များအား ဂရုတစိုက်နှင့် အလေးအနက်ထား တင်ပြလာကြသည်ကို တွေ့ရသဖြင့် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။ 


နည်းနည်းလေးတော့ သည်းခံ ပေါ့ဗျာ.။ ဘာရယ် လို့တော့ မဟုတ်ပါဘူး.။ ကျွန်တော် သဘော ပေါက်သလောက်လေး ပြောကြည့်တဲ့ သဘောပဲ ဖြစ်မှာပါ။ ခင်ဗျားကို စ(နောက်)ကြည့်တဲ့ သဘောပေါ့။ တခါတလေကျ ကျွန်တော် နေထိုင်တဲ့ အရပ်မှာ တော်တော်လေး ပျင်းစရာ ကောင်းတယ် ဗျ။ စကား ပြောဖော် မရှိဘူး။ စာအုပ်ဖတ်ပြီးလို့ ဒီစာအုပ်လေး ကောင်းတယ် ဖတ်ကြည့်ပါ ဆိုပြီး အတင်းထိုးပေးတာတောင် ဖတ်မယ့်သူ အနားမှာ မရှိဘူး.။  ဒီတော့လည်း  ခင်ဗျားနဲ့ပဲ ပြောရတာပေါ့..။

ဂျဝါဟလာနေရူးဆိုတာ အိန္ဒိယနိုင်ငံရဲ့ သိပ်တော်တဲ့ေ ခါင်းဆောင်တယောက် ဆိုတာ ကျွန်တော်က ထပ်ပြောရင် မြင်းထိန်း ငတာ လိုပဲ ဖြစ်မှာပဲ။း) ဒီတော့လည်း သူ့အတိုင်း ထားလိုက်ပေါ့ဗျာ။ ကျွန်တော် ပြောချင်တာက နေရူးဟာ ဘာသာမဲ့ ခေါင်းဆောင် တစ်ဦးလို့ ပြောဖို့ မသင့်ဘူး ထင်တယ်.။

ခင်ဗျား မြင်သာအောင် ပြောရရင်  (ကျွန်တော် အမှတ်မမှားဘူး ဆိုရင်) 1959 ခုလောက်က မဟာစည် ဆရာတော် ဘုရားကြီး အိန္ဒိယကို ကြွ(သွား)တယ်.။ ဗုဒ္ဓဂယာတို့ ဘာတို့ ပေါ့ဗျာ.။ အဲဒါကို နေရူးက သိတော့ တရားဆွေးနွေးချင်တယ် ဆိုတဲ့ သဘောနဲ့ ဖြစ်မှာပေါ့။ ဒီအတိုင်းတွေ့ချင်လို့ တွေ့တာလည်း ဖြစ်မှာပေါ့။ အဲဒီက မြန်မာ သံအမတ် ဦးလှအောင်က စီစဉ်ပေးလို့  နေရူးနဲ့ မဟာစည်ဆရာတော်ဘုရား နယူးဒေလီမှာ တွေ့တယ်။ အဲဒီမှာ အပြန်အလှန် မေးကြ မြန်းကြ ဆွေးနွေးကြပေါ့ဗျာ.။ အကျယ်ဖတ်ချင်ရင်တော့ ဦးဘသန်း (ရှင်ဗုဒ္ဓဃောသ) ပြုစုတဲ့ မဟာစည်ထေရ်မြတ် ထေရုပတ္တိသာ ရှာဖတ်ပေတော့။

ပြောချင်တာက အဲဒီမှာ နေရူး ဘာပြောလဲ ဆိုတော့ သူ့အနေနဲ့ ဗုဒ္ဓဘာသာကို လေးစားကြည်ညို အားကျမိပါတယ် လို့ ပြောပါတယ်။(အဲ တခု ကျန်ခဲ့တာက နေရူး ၀န်ကြီးချုပ် ဖြစ်မှ ဗုဒ္ဓဂယာကို ပြန်ပြီး ပြုပြင်သင့်တာ ပြုပြင်၊ ထိန်းသိမ်းသင့်တာ ထိန်းသိမ်း တော်တော်လေး လုပ်လို့ မဟာစည်ဆရာတော်က ၀မ်းမြောက်ကြောင်း ပြောပါတယ်) ။ ဒါပေမယ့် သူ့အနေနဲ့ (၀န်ကြီးချုပ် တယောက် အနေနဲ့) ခင်ဗျား ပြောသလို ဘာသာရေးတွေ အများကြီး ရောယှက်နေတဲ့ နိုင်ငံမှာ တာဝန်ရှိတဲ့ သူ ဖြစ်နေတဲ့ အတွက် တခုတည်းကိုပဲ မျက်နှာမူနေဖို့ မသင့်တဲ့ အတွက် အခြားဘာသာတွေကိုလည်း တိုးတက်ရာ တိုးတက်ကြောင်း လုပ်ရပါဦးမယ် လို့  ပြောသွားတယ်။။ အဲဒီမှာပဲ ကြည့်။ နေရူးဟာ ဘယ်လောက် ပညာတတ် ပီသတယ်၊။ ခေါင်းဆောင်းတယောက် ပီသတယ် ဆိုတာ ကိုပဲ။ သူ့အနေနဲ့ စကားတခွန်းကို လက်လွတ်စပယ် မပြောဘူးဗျ။ ခင်ဗျား ပြောသလိုသာ နေရူးဟာ သူ့ကိုယ်သူ ဘာသာမဲ့ တယောက်ပါလို့ ပြောလိုက်ရင် သူ့ပြည်သူတွေ တယောက်မှတောင် ထောက်ခံကြမှာ မဟုတ်တော့ဘူး.။

ခေါင်းဆောင် တယောက်အနေနဲ့ပဲ ဖြစ်ဖြစ် လူတစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ် သူဟာ ဒီဘာသာတရားကြီးတွေ ရှိနေတာကို လက်မခံလို့ မရဘူး.။ မလိုက်နာ မကျင့်သုံးဘူး ဆိုတာမျိုးလောက်သာ ရနိုင်တယ်.။ ပြီးတော့ ဘယ်လောက် ကြီးကျယ်တဲ့ (ဘာသာမဲ့တဲ့ အရာမှာ တော်တော်ကြီးကို မဲ့တဲ့သူ)ပဲ ဖြစ်ဖြစ် မွေးကင်းစကတည်းက မဲ့လာတာတော့ မဖြစ်နိုင်ဘူး.။ သူ့ မိသားစု ပတ်ဝန်းကျင်က ရလာတဲ့ အသိနဲ့ တဖြည်းဖြည်း ပြောင်းလဲလာတဲ့  အသိတို့ တွန်းကန်ကြရင်း ခင်ဗျား ပြောတဲ့  Agnostic : someone who believes that it is not possible to know whether God exists or not  ပုံစံမျိုးလောက်ပဲ ရောက်လိမ့်မယ် ထင်တယ်။ ဘာလို့လည်း ဆိုတော့ ခင်ဗျား သိပြီးသား ဖြစ်လိမ့်မယ့် သင်္ချာသစ်က set theory သဘောတရားအရ  အရာ ၀တ္ထု တစ်ခုဟာ အုပ်စု တခုထဲမှာ ပါဝင်နေရင် နောက်ထပ်တခြား အုပ်စုထဲမှာ မပါဝင်နိုင်လို့ပဲ ဖြစ်လိမ့်မယ်.။ လက်မခံတဲ့ အပိုင်းမှာ ဘာသာမဲ့တဲ့ သူဟာ ရှိနေလို့ ရပေမယ့် ရှိနေတယ် ဆိုတဲ့ အပိုင်းမှာကျ ငြင်းလို့ မရနိုင်လောက်ဘူုး မဟုတ်လား.။ ဒီအပိုင်းကို ခင်ဗျားကို နားလည်အောင် မပြောတတ်ဘူး။ ခင်ဗျား သိပြီးသား ဖြစ်နေမှာ မို့လို့ပဲ။


နေရူးလို လူမျိုးဟာ သူ့စိတ်ထဲမှာ ဘယ်လို ရှိမယ်ဆိုတာ မသိနိုင်ပေမယ့် သူ့ အပြုအမူတွေအရ ဘာသာမဲ့တယောက်လို့ ပြောလို့ မရနိုင်ဘူး.။ တည်ရှိနေပြီးသာ အရာအားလုံးအပေါ်ကို တန်ဖိုးတခုစီ ထားပြီး တလေးတစား နေရာပေး ဆက်ဆံတတ်တယ်။ ဒါကြောင့်လည်း သူ ခေါင်းဆောင် တယောက် ဖြစ်တာ မဟုတ်လား.။ နေရူးပြတိုက်မှာ ယန်းပေါဆတ်ရဲ့ စာအုပ်တွေ့တာ နဲ့ ယတိပြတ် ဘာသာမဲ့ တယောက်ပါလို့ ပြောလိုက်တာမျိုးကျတော့  လက်လွတ် စပယ် ပြောလိုက်တာမျိုးကြီး ဖြစ်နေလို့ပဲ။ စာအုပ်ဆိုတာမျိုးက ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ရှိနေနိုင်တယ် မဟုတ်လား..။ 

မပြောတတ်ပါဘူးဗျာ.။ ကျွန်တော်တော့။ ခု ပြောတာတွေကလည်း ကျွန်တော် တွေးမိသလောက်လေး လက်လှမ်းမီသလောက် ပြောကြည့်တာ..။ မှားနေရင်လည်း အခန်းထဲမှာ တယောက်တည်း ကျိတ်သာ ရယ်နေပေတော့.။ နောက်များမှ စာထပ်ရေးလိုက်ဦးမယ်..။

နေကောင်းအောင်သာ နေပါ
ရိုသေစွာဖြင့်
တေဇာအောင်


ဗျို့ ဦးတေဇာ,

ကျွန်တော် ကန်သင်းရိုးမှာ သွားကြားထိုးနေတုန်း ဦးလေးရဲ့ လျှပ်စစ်ခိုစာရတော့ မနေနိုင်မထိုင်နိုင် ဝင်ပြောရတာပေါ့ဗျာ။ ဝင်ရှုပ်တယ်ပဲ ဆိုကြပါစို့။ သိသလောက် တတ်သလောက်လေး ဆိုပါတော့။ ဘာရယ်မဟုတ်ပါဘူး အပျင်းပြေပေါ့။ အပြုသဘောမဆောင်ရင်လည်း အပြောင်သဘောစုတယ်လို့ပဲ ယူဆလိုက်ပါတော့။ :P

ကျွန်တော့် အမြင်မှာတော့ နေရူးကြီးဟာ ဘာသာမဲ့တစ်ယောက်လို့ သိထားတယ်ဗျ။ ဦးနုရဲ့ တာတေစနေသား ထဲမှာလည်း သူကိုယ်တိုင် နေရူးကို ဘာသာမဲ့လားလို့ မေးတော့ ပြန်မဖြေပဲ ပြုံးစိစိလုပ်နေသတဲ့။ ထားတော့။ ကျွန်တော်တို့ နေရူးကို ဘာသာမဲ့ဟုတ်မဟုတ် ငြင်းတော့မယ်ဆိုရင် ဘာသာမဲ့ဆိုတာ ဘာလဲ။ ဘယ်လိုလူတွေကို ဘာသာမဲ့လို့ ခေါ်တာလဲ ဆိုတာကို အရင်ဖြေရမယ် ထင်တာပဲ။

ဘယ်လိုလူတွေကို ဘာသာမဲ့လို့ ခေါ်တာလဲဆိုတာကို ကျွန်တော့်အမြင်အရ ပြောရရင် "ကမ္ဘာက သတ်မှတ်ထားတဲ့ ဘာသာတရားတစ်ခုခုမှာ သက်ဝင်ယုံကြည်မှုမရှိဘဲ နေထိုင်တဲ့လူ" လို့ ထင်တယ်ဗျ။ ဘာသာတရားဘောင် အပြင်ဘက်က နေတဲ့လူပေါ့။ ဒီလိုလူတွေက များသောအားဖြင့်တော့ ဘာသာရေးကိစ္စတွေကို သိပ်အလေးမထားကြပါဘူး။ ဒါပေမယ့် နေရူးကြီး ကိစ္စမှာတော့ တစ်မျိုးဗျ။

နေရူးကြီးက ပြည်သူချစ်တဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်ဖြစ်နေတော့ သူ့ခမျာ ဘာသာရေးကိစ္စမှာ ခေါင်းရှောင်လို့ မဖြစ်တော့ဘူး။ ဝင်ပါရတော့မယ်ဗျ။ သူဟာ ဘာသာမဲ့တစ်ယောက်ပါလို့ ကြေငြာခဲ့လိုက်ရင် သူ့ကို ချစ်တဲ့ အိန္ဒိယတိုင်းရင်းသားတွေရဲ့ ငြိုငြင်ခြင်းကို ခံရတော့မပေါ့။ (ကုလားတွေက ဘာသာရေးအင်မတန် ကိုင်းရှိုင်းတာကလား) ပြီးတော့ ခုနကပြောခဲ့သလို နိုင်ငံခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့အလျှောက် ဘာသာရေးကိစ္စတွေမှာ လက်ပိုက်ကြည့်နေလို့မဖြစ်တော့ဘဲ တိုးတက်ရာ တိုးတက်ကြောင်းတွေ ဆောင်ရွက်ရတော့မယ်လေ။

နေရူးကြီးဟာ ဘာသာရေးကိစ္စတွေ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်ခဲ့လို့ ဘာသာမဲ့တစ်ယောက် မဖြစ်နိုင်ဘူးဆိုတဲ့ အဆိုဟာ မှားတယ်ဗျ။ ဘာသာမဲ့တစ်ယောက်လို့ အဓိပ္ပာယ်သတ်မှတ်ဖို့က ဘာသာတရားအပေါ် မယုံကြည်မှုတစ်ခုတည်းနဲ့တင် လုံလောက်နေပြီ။ သူ့ဘာသာ ဘုန်းကြီးကျောင်းသွားသွား၊ ပလီတက်တက် မယုံကြည်တာက မယုံကြည်တာပဲလေ။ တနင်္ဂနွေနေ့တိုင်း church တက်နေလို့ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်လို့ သတ်မှတ်လို့မရဘူး။ သူ့စိတ်ထဲမှာ မယုံကြည်တာက မယုံကြည်တာပဲ။ အရေးကြီးတာက သူ့ရဲ့ "မယုံကြည်စိတ်" ပဲ။

ဒီတော့ နေရူးကြီးတစ်ယောက် ဘုရားရှိလား၊ ဘုရားမဲ့လားဆိုတာကို သူကိုယ်တိုင်မှပဲ သိနိုင်မယ်ထင်တာပဲ။ ကျွန်တော့်ဘက်က တင်ပြစရာ အထောက်အထားဆိုလို့ ဦးနုတစ်ယောက်ပဲ ရှိပါတယ်။ ဒါပေမယ့် နေရူးကြီး ဆောင်ရွက်ခဲ့တဲ့ အပြုအမူတွေကို ကြည့်ပြီးတော့ နေရူးဟာ ဘာသာမဲ့တစ်ယောက် မဟုတ်ဘူးဆိုတဲ့ ကောက်ချက်ကို ဆွဲလို့မရဘူးလို့ မြင်ပါတယ်။ ကျွန်တော်ပြောတာ မှားတယ်ဆိုလဲ ပြုံးစိစိသာ လုပ်နေပါတော့။

ရိုသေစွာဖြင့်
အာကာကျော်

Comments

  1. တော်တော် လေ့လာအားကောင်းတဲ့ အစ်ကိုတွေပဲ ။ အရမ်းသဘောကျတယ် ဗျာ

    နောက်လဲ အဲလို ဘာသာတရားနဲ့ ပတ်သက်တဲ့ လူသိနည်းတဲ့ များ တဲ့ ကိစ္စတွေလာဖတ်ပါဦးမည်။

    ငြိမ်းချမ်းကြပါစေ
    မိုးယံ

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ