ကဗျာဆရာ “ပိုင်” ရဲ့ ၂၀၀၄ ခုနှစ် စက်တင်ဘာလထုတ် “စတိုင်သစ်” မဂ္ဂဇင်းမှာ ပါခဲ့တဲ့ ကဗျာလေးကို ပြန်လည်တင်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားစရာ အတွေးလေးတွေ ပါဝင်နေလို့ စဉ်းစဉ်းစားစားလေး ဖတ်သင့်တဲ့ ကဗျာကောင်းတစ်ပုဒ်လို့ မြင်ပါတယ်။ ဆွေးနွေးချက်လေး မကြာခင် ရေးဖြစ်မယ်ထင်ပါတယ်...။
◘ တေဇာ ◘
♥ AD 1965 ကပေါ်တဲ့ တစ္ဆေမီးရထားစက်ခေါင်း
ကျွန်တော်ဟာ မီးခိုးတအူအူထွက်နေတဲ့ မီးရထားပေါ်
ခုန်တက်လိုက်ပြီးမှ
ထိုင်ခုံအမှတ်က “၀” ဖြစ်နေတဲ့လူ။
ကိုယ်သွားရမယ့်မြို့ကို မေ့ကျန်ရစ်တဲ့လူ။
ကိုယ့်ရဲ့ ဘိုင်အိုဂရပ်ဖီကို မေ့ကျန်ရစ်တဲ့လူ။
ကျွန်တော့်မှာ လူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အချက်
ကလွဲပြီး တစ်ခြားဘာမှ ပါမလာခဲ့ဘူး။
ဒါပေမဲ့ မီးရထားက ထွက်ခဲ့ပြီ။
အဲဒီမီးရထားကလည်း
ကျွန်တော်စီးမယ့်မီးရထား ဟုတ်မဟုတ် သံသယ
ဖြစ်လာမိ။
မီးရထားက သူ့အမည်ကိုအော်ပြီး ထွက်ခဲ့ပြီ။
မီးရထားမောင်းသမားဟာ သေနတ်တစ်လက်ကို တိုက်ချွတ်နေပြီး
မီးရထားစီးသမားအချို့ဟာ ဖဲကစားနေကြတယ်။
ကျွန်တော်ဟာ ကုတ်အင်္ကျီနဲ့ ဦးထုပ်ဆောင်းထားတဲ့
သူတို့ကို၊ နောက်ကျောဘက်ကပဲ မြင်နေရ။
ကျွန်တော့် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တော့
ကျွန်တော်ထွက်လာတဲ့အချိန်မှာပဲ ရပ်တန့်လို့။
မီးရထားကကော …
မီးရထားအပြင်ဘက်မှာ မီးရထားကလွဲ ဘာမှမရှိပါလား
ကောင်းကင်၊ မြေပြင်၊ ရှုခင်းမြို့၊ ဘူတာရုံ
ရာသီဥတု ဘာတစ်ခုမှ မရှိပါလား။
ဘုရားသခင်… ဒီမီးရထားကြီးမှာ
အချိန်၊ နေရာဆိုတဲ့ သတ်မှတ်ချက်ကြီးတောင်
မရှိတော့ဘူးလား
ဒါတွေတစ်ခုမှမရှိဘဲ ဒီမီးရထားကြီးက သွားနေတယ်
လို့ကော ပြောနိုင်ပါ့မလား။
မီးရထားကိုယ်တိုင်က ဒီခြောက်ကပ်ကပ်ကမ္ဘာကြီးထဲက
လွတ်မြောက်ဖို့ အော်ဟစ်ရုန်းထွက်နေပုံ။
ဒါပေမဲ့ မီးရထားမောင်းသမားက သေနတ်ကို
အေးတိအေးစက် တိုက်ချွတ်နေဆဲ။
မီးရထားကို ထပ်လေ့လာလိုက်တော့
ဘုရားရေ… အတွဲတွေလည်း တစ်ခုမှပါမလာခဲ့။
လတ်စသတ်တော့ ကျွန်တော်ဟာ မီးရထားယောင်ဆောင်ထားတဲ့
မီးရထားစက်ခေါင်းကြီးတစ်ခုရဲ့ လှည့်ဖြားမှုကို ခံလိုက်ရသူ။
ကျွန်တော်ဟာ အရေးတကြီးလေသံနဲ့
“ကျွန်တော်တို့ စက်ခေါင်းကြီးတစ်ခုထဲ ထွက်လာမိပြီဗျ”
လို့ အော်ပြောပေမဲ့
မီးရထားမောင်းသမားက
သေနတ်ကိုပ တိုက်ချွတ်နေဆဲ
မီးရထားစီးသမားများကလည်း ဖဲကစားနေဆဲ။
သူတို့ ဘာရည်ရွယ်ချက်နဲ့ ဒါတွေလုပ်နေကြတယ်ဆိုတာ
ကျွန်တော် တွေးလို့မရဘူး။
ကျွန်တော့်အတွက် မီးရထားအပြင်ဘက်က
သတ်မှတ်ချက်မဲ့ ခြောက်ကပ်ကပ်ကမ္ဘာကြီးထဲ
ခုန်ချလိုက်ဖို့ကလည်း မဖြစ်နိုင်ဘူး။
ဒါကြောင့် ကျွန်တော်ဟာ ဒီစက်ခေါင်းကြီးကိုပဲ
သေသေချာချာ ပြန်လေ့လာမိခဲ့။
ကျွန်တော် ဘုရားသခင်ကို နောက်တစ်ကြိမ်တလိုက်မိတာ
ဖဲဝိုင်းကြောင့်ပဲ။
ဖဲဝိုင်းဟာ နှစ်ယောက်တစ်ပွဲ ကစားရပြီး
နိုင်တဲ့လူက ရှုံးတဲ့လူကိုစားပစ်လိုက်တဲ့ စနစ်ကြီးပါလား။
ဖဲဝိုင်းမှာ တစ်ယောက်ထဲကျန်တဲ့လူဟာ
ဖဲထုပ်ကြီးကိုင်ပြီး ကျွန်တော့်ကိုလှည့်ကြည့်လိုက်တော့
ဝံပုလွေမျက်နှာကြီး။
ကျွန်တော်ဟာ သူကမ်းပေးတဲ့ နောက်ဖဲတစ်ချပ်ကို ယူဖို့ငြင်းဆန်နေဆဲမှာ
မီးရထားမောင်းသမားကလည်း သူ့သေနတ်ကြီးနဲ့
ကျွန်တော့်ကို ချိန်လိုက်တယ်၊ “၀ံပုလွေ”။
ဒီလိုပါ
ဘ၀ဆိုတာ ကောက်ကျစ်တဲ့မီးရထားစက်ခေါင်းကြီးထဲ
ဉာဏ်များတဲ့ ဖဲသမားနဲ့
လက်ဖြောင့်တဲ့ သေနတ်သမားကြား
ရောက်ရှိနေရတဲ့ အခြေအနေတစ်ရပ်ပဲ မဟုတ်လားမိတ်ဆွေ ။ ။
◄ ပိုင် ►
စတိုင်သစ်၊ ဒီဇင်ဘာ၊ ၂၀၀၄

ကဗျာဆရာ ရဲ့ အာဘော်အရ ဘဝက တကယ်ကို မနှစ်မြို့စရာကြီးလား..
ReplyDeleteတော်တော် ကြောက်စရာ ကောင်းသလား....