ကိုအာကာရဲ့ Blog Post နဲ့ ကျွန်တော့် Comment ဖြစ်ပါတယ်။ ဒီပို့စ်အတွက် ကိုအာကာ့ကို ကျေးဇူး တင်ပါတယ်။
Posted by: ◄ ကိုအာကာ ►
တေဇာခါထုတ် ဂျယ်လေးနင်းတက်
ကျွန်တော်တို့ အပြင်မှာ မမြင်ဘူးပါဘူး။ ကိုတေဇာကိုရော ဂျယ်လေးကိုရောပေါ့။ ခု သူတို့နှစ်ယောက်လုံး အမိမြေ အမေ့ရင်ခွင်နဲ့ ဝေးရာဆီမှာ ရပ်တည်နေပါတယ်။ ဘ၀တစ်ခု အတွက်ပေါ့။ သူတို့အတွက် ဖတ်မိတဲ့ဟာလေးကို ပြန်မျှချင်တာနဲ့ တေဇာခါထုတ် ဂျယ်လေးနင်းတက်ဆိုတာလေးကို.................................
လယ်သမားတစ်ယောက်ရဲ့မြည်းလေးတစ်ကောင်ဟာ အကာအရံ မရှိတဲ့ လယ်ထဲက ရေတွင်းထဲ ကျသွားတယ်။ မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့ သခင်ကိုခေါ်တယ် ။ လယ်သမားကြီးဟာ ဘာလုပ်ရ မလဲလို့တွေးတယ်။ နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။ ဒီမြည်းဟာ အိုလည်းအိုနေပြီ။ ရေတွင်း ကလည်းမသုံးတာကြာတဲ့ ရေတွင်းဟောင်းကြီးဖို့ပစ်တာကောင်းတယ်။ ဒီမြည်းကို ဆွဲတင်နေလို့မထူးဘူး။ အဲဒီလိုတွေးပြီးတော့ သူ့သူငယ်ချင်း လယ်သမားတွေကိုသွားခေါ်လာတယ်။ တစ်ယောက် ပေါက်ပြား တစ်လက်စီ ယုလာကြတယ်။ မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်။
မြည်းလေးဟာ သူ့ကို မြေဖို့နေပြီဆိုတာသိတော့ ကြောက်ပြီး အသံကုန်အော်တယ်။ နောက်မကြာခင် မြည်းအော်သံတိတ်သွားတယ်။တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ့ကြည့်တယ်။ သူမြင်ရတာကို အံ့သြသွားတယ်။ မြေကြီးတစ်ကော်စာ ဖို့လိုက်တိုင်း မြည်းလေးဟာ မြေကြီးတွေကို ခါချလိုက်ပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်။ ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာ ရေတွင်းပေါ်ခုန်တက်ပြီးတော့ အားရ၀မ်းသာ ခုန်ပေါက်ပြီး ပြေးတော့တယ်။ လယ်သမားတွေက မြည်းလေးကိုကြည့်ပြီး သဘောကျလို့ တဟားဟားနဲ့ အားရပါးရ ရယ်ကြတော့တယ်။
ကိုယ့် ဘ၀ အခြေအနေဟာ ကိုယ့် ကျောပေါ်ကို မြေတွေပုံမယ်။ ဒုက္ခကနေ လွတ်အောင်လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို့ပဲ။ ဖို့လိုက်တဲ့မြေကြီးဟာ ကျောပေါ်မှာ မနေဖို့ပဲလိုတယ်။ ဖို့သမျှမြေကြီးဟာ ခြေထောက် အောက်ကိုရောက်သွားရမယ်။
(ဆရာတော် ဦးဇောတိက - စိတ်ချမ်းသာဖို့လိုရင်းပါ (စာမျက်နှာ ၁၅၁-၁၅၂))
သူငယ်ချင်းတွေ အားရှိစေဖို့ ရည်ရွယ်ပါတယ်..................
Reply By: ◄ တေဇာ ►
ကိုအာကာ့ပေးတဲ့ ဥပမာလေး... အရမ်းကောင်းပါတယ်။ အခုလို သတိတရ ကျွန်တော်တို့အတွက် တင်ပေးလို့လည်း ကျေးဇူးတင်မိပါတယ်။ ဒီဥပမာလေးကို ကြိုက်မိလို့ ကျွန်တော် ဆက်လက် စဉ်းစား ကြည့်ပါတယ်။
ကျွန်တော်ဟာ ခပ်တုံးတုံးကောင်မို့လို့ မြည်းဆိုတာကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်ကဘာကြောင့် ရေတွင်းထဲ ကျသွားရတာလဲ...ဆိုတာ မကြေမလည် ဆက်တွေးမိတယ်။ ကျွန်တော်ကိုယ်တိုင် ခြေချော်တာမှဟုတ်ရဲ့လား...။ လယ်သမားကြီးရဲ့သား မျောက်လောင်းလေးက တွန်းချလိုက်တာလား...။ ပြီးတော့ သခင်ကို အားကိုးတကြီး အော်ခေါ်နေတဲ့ မြည်းကလေးကို လယ်သမားကြီးဟာ မြေဖို့ပြီးကူညီဖို့ စဉ်းစားတာဟာ သင့်တော်ရဲ့လား။ ရေတွင်းဟောင်းကြီးကို အရင်ထဲက (မြည်းကလေးပြုတ်မကျခင်ထဲက) ဖို့ပစ်ဖို့ မကြိုးစားဘဲ ဘာလို့ အသက်တစ်ချောင်းနဲ့ရင်းရမှ ဖို့ပစ်ချင်ရတာလဲ...။ ကျေးဇူးမသိတတ်တဲ့ တေဇာဆိုတဲ့မြည်းကလေးဟာ အပေါ်ရောက်တဲ့အခါမှာ တဟားဟားရယ်မောနေတဲ့ လယ်သမား နှစ်ယောက်သုံးယောက်လောက်ကို ခွာနဲ့ကန်ကျောက်ပြီး ထွက်ပြေးသွားမိပါလိမ့်မယ်။ (တစ်ဆက်တည်း သခင်ဘသောင်းရဲ့ “ခြေလေးချောင်းတော်လှန်ရေး” (Animal Farm) ကို သတိရမိလိုက်ပါတယ်) လယ်သမားတွေ ဖို့လိုက်တဲ့ ကံကြမ္မာမြေကြီးတွေဟာ ကျွန်တော်တို့ အပေါ်ကို တက်လှမ်းနိုင်ဖို့ အတွက် အဆင့်တွေ တကယ်ဖြစ်လာနိုင်စေဖို့...၊ လွတ်မြောက်နိုင်တဲ့အခြေအနေထိရောက်အောင် လယ်သမားတွေ ဖို့မိဖို့ .... ကျွန်တော် မျှော်မှန်းပါတယ်။
“လွတ်မြောက်ဖို့အရေးမှာ အခြေအနေတွေဟာ သည်းမခံနိုင်လောက်အောင် ဆိုးရမယ်၊ သည်းခံနိုင်တဲ့ ဒုက္ခက ပိုဆိုးတယ်” ◄ ယန်းပေါဆတ် ►
မှတ်ချက်။ ။ အထက်ပါတို့မှာ မြည်းဦးနှောက်ဖြင့် လျှောက်တွေးထားခြင်းများသာဖြစ်ပြီး ဒီပို့စ်လေးအတွက် ကိုအာကာ့ကို “အမှန်တကယ်” ကျေးဇူးတင်ပါကြောင်း....နှင့် နောက်နောင် ကိုအာကာ့ရဲ့ဝေမျှမှုလေးတွေကို ရိုသေစွာ မျှော်လင့်နေပါမည့်အကြောင်း.... ပြောချင်ပါတယ်။
Comments
Post a Comment