အချိုမှုန့်ကြိုက်လှသော... ကျွန်တော့်အဖွားသည် အသက် (၈၀) အရွယ်တွင် ဆုံးပါးသွားခဲ့ပါသည်။ လက်ဖက်သုတ်ထဲ အချိုမှုန့် လှိုင်လှိုင်ထည့်မှ စားကောင်းတယ်ဟု သူမက မကြာခဏ ပြောလေ့ရှိသည်။ ကျွန်တော့်ဦးလေးက “ကျွဲရိုင်း”အချိုရည် အလွန်ကြိုက်ပါသည်။ တကယ်လည်း ကျွဲရိုင်းတစ်ကောင်လို သန်မာသော အားကစားသမား တစ်ယောက်ဖြစ်သည်။ ကျွန်တော့်အစ်မတစ်ယောက်မှာ ထက်ထက် ကြော်ငြာသော “နဂါးညီနောင်ယိုစုံ” ကို စွဲစွဲလမ်းလမ်းစားသုံးခဲ့ပါသည်။
သွပ်မိုးကို မရိုက်တတ်ရိုက်တတ် သံမှိုရိုက်ရင်း၊ မုန်တိုင်းဝင်ရောက်မည်ဆိုသော ရေဒီယိုသတင်းကို ကြားရ၍ ပြုံးမိပါသည်။ လုံလောက်သောအချိန် ရသေးသည်မဟုတ်လား။ ထိုနေ့သည် သွပ်မိုးလန်ပြီး သုံးလအကြာနေ့တစ်နေ့ဖြစ်ပါသည်။ ညီလေးက မှုန့်ဝယ်စားချင်သည်ဆို၍ ပိုက်ဆံတစ်ရာ ကျွန်တော် ခေါင်မိုးပေါ်က ပြစ်ချပေးလိုက်သည်။ ဈေးဆိုင်ဘက်သို့ ညီလေးပျော်ရွှင်စွာ ပြေးထွက်သွားကို ငေးကြည့်နေမိသည်။ ကျွန်တော့်ညီလေးကို အားရှိစေမည့်မုန့်ကိုသာ ရွေးစားရန် ကျွန်တော်ဆုံးမ တတ်သည်။ ညီလေးက လိမ္မာပါသည်။ နို့မှုန့်ကိုသာ စားလေ့ရှိသည်။ သတင်းစာထဲ ကြော်ငြာမပါသေးသော ရေသန့်တံဆိပ်တစ်မျိုးကို ကျွန်တော် အမောပြေသောက်လိုက်သည်။ သတိပေးတားမြစ်ချက်မပါခင်အချိန်ထိ ထိုရေသန့်သည် အန္တရာယ်ကင်းနေသေးကြောင်း ကျွန်တော် စိတ်ချသည်။ နေညိုချိန်ရောက်လေပြီ...။
“ဇေယျဝတီအရက်သန့်” သည် ဖားပြုတ်တစ်ကောင်နှင့် ပတ်သက်မှုရှိခဲ့သည်ဟု ကျွန်တော်မယုံကြည်ပါ။ နောက်တစ်ချက်မှာ ရန်ကုန်သို့ လယ်ကြွက်များအလုံးအရင်းဖြင့် ချီတက်သိမ်းပိုက်သဖြင့် စံပြဈေး နောက်ဖေးလမ်းကြားမှ ကြွက်စုတ်များ ပဲခူးဘက်သို့ဆုတ်ခွာရသည်ဟု ကြားသိရသည်။ ထိုနေ့က ကျွန်တော်ဘိုင်ကျနေသဖြင့် ကြွက်ကြော်မစားဖြစ်ပါ။ နောက်ဆုံးတစ်ခွက်ကို အပြတ်ဖျတ်လိုက်ပြီး လက်ဖက်အသားပေါ်မှ မှိုဖြူဖြူလေးများကို ဂရုတစိုက်ရွေးပြီးကျွန်တော် မြုံလိုက်သည်။ မန်ယူနှင့်အာကြီး ကန်ကြတော့မည်။ ထိုနေ့ညက ရေချိန်အနည်းငယ်လွန်သွားသဖြင့် မေမေကြော်ထားသော တရုတ်ပြည်လုပ် ကြက်ဥနှစ်လုံးကို ကျွန်တော်မစားနိုင်ခဲ့ပါ။
နောက်တစ်နေ့တွင် “မောင်းကြိုး” သဖြင့်.. ကျွန်တော် ညစ်နေခဲ့သည်။
◘ တေဇာ ◘

Comments
Post a Comment