Skip to main content

♦ ဖြစ်တည်မှုဆိုင်ရာ စိတ်ကျဝေဒနာ

ဤဆောင်းပါးကို ဘာသာပြန်ရာတွင် English-English Dictionary ကိုသာ အသုံးပြုခဲ့ရသည်က တစ်ကြောင်း၊ တချို့ပညာရပ်ဆိုင်ရာစကားလုံးများမှာ မြန်မာဘာသာဖြင့်အတိအကျ မရှိသေးသည်ကတစ်ကြောင်းတို့ကြောင့် မူရင်းအင်္ဂလိပ်စာလုံးများ၏ မြန်မာပြန်အသုံးအနှုန်း လစ်ဟင်းမှုများ ရှိနိုင်ပါသည်။ ထို့ကြောင့် ချွတ်ချော်မှု၊ အဓိပ္ပာယ်မပေါက်မှုများရှိနိုင်သော်လည်း အခက်အခဲများကြားမှ ကျွန်တော် ကြိုးစား၍ ပြန်ကြည့်ခဲ့ပါသည်။ ဖြစ်တည်မှုဆိုင်ရာစိတ်ကျမှု (Existialism Depression) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း ထည့်သွင်းဖော်ပြ ပေးလိုက်ပါသည်။

ကျွန်တော်တို့မြန်မာလူမျိုးများအတွက်မူ ဗုဒ္ဓဘာသာ၏ အရိပ်အာဝါသအောက်တွင် ကြီးပြင်းခဲ့ရ၍ ပါရမီရှင် ကလေးများအနေဖြင့်လည်း ဤဖြစ်တည်မှုဆိုင်ရာစိတ်ကျမှုဖြင့် ကင်းလွတ်ခွင့်ရကောင်းရခဲ့နိုင်ပါလိမ့်မည်။ အနောက်တိုင်းလူ့အဖွဲ့အစည်းတွင်မူ ဖန်ဆင်းရှင်ဝါဒ (Creator ကို ယုံကြည်ခြင်း) ဘာသာတရားများ ခိုင်ခိုင်မာမာတည်ရှိနေသေးသော်လည်း ခေတ်သစ်လူငယ်များ၏ ဆင်ခြင်တုံတရားနှင့် အားစမ်းကိုင်နှဲ့မှုကို ကြုံတွေ့နေရပြီဖြစ်သည့်အလျောက် ဤစိတ်ကျဝေဒနာဖြစ်ပေါ်ရန် ပိုမိုနီးစပ်ပါလိမ့်မည်။ Non Believer (ဖန်ဆင်းရှင်မယုံကြည်သူ) လှုပ်ရှားမှုများလည်း လတ်တလော ကျယ်ပြန့်လာနေကြောင်း ဖတ်ရှုရပါသည်။ သို့သော် မည်သည့်ဘာသာဝင်မဆို သေခြင်းတရား၊ လွတ်လပ်မှု၊ အထီးကျန်မှုနှင့် အဓိပ္ပာယ်ကင်းမဲ့မှုဟူသော လူ့ဖြစ်တည်မှုနှင့်ဆက်နွယ်နေသော သဘောတရားများထဲမှ ပထမသုံးချက်ကို ကြုံတွေ့ခံစားရနိုင်သည်ဟု ထင်မြင်မိပါသည်။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘ၀၏ “အဓိပ္ပာယ်ကင်းမဲ့မှု” ဟူသည့် နောက်ဆုံးအချက်ကိုမူ ဗုဒ္ဓ၏တရားတော်နှင့် ဖာထေးနိုင်ခဲ့ပါလိမ့်မည်။ ဖြစ်တည်မှုပဓာန၀ါဒ (သို့မဟုတ်) အတ္တဘ၀အမှန်ဝါဒ (Existentialism) နှင့်ပတ်သက်၍ တီးမိခေါက်မိရှိခဲ့လျှင် ဤဆောင်းပါးပါအချက်များကို နားလည်ရန် ပိုမိုလွယ်ကူပါလိမ့်မည်။ ◄ တေဇာ ►






ဖြစ်တည်မှုဆိုင်ရာ စိတ်ကျဝေဒနာ (Existential Depression) ဆိုသည်မှာ ???

အဓိပ္ပာယ်ဖွင့်ဆိုချက်

အသက်ရှင်သန်ဖြစ်တည်မှုနှင့်သက်ဆိုင်သည့် ကိစ္စရပ်များဖြစ်သော ဘ၀၊ သေခြင်းတရား၊ ရောဂါဝေဒနာနှင့် လွတ်လပ်မှု စသည့်အရာများနှင့် မလူးသာမလွန့်သာရင်ဆိုင်ရသည့် အချိန်များတွင် ဖြစ်တည်မှုဆိုင်ရာစိတ်ကျဝေဒနာ ဖြစ်ပေါ်လာတတ်သည်။ ထိုဝေဒနာ ခံစားရသော လူတစ်ဦးတစ်ယောက်သည် ဘ၀၏အဓိပ္ပာယ်ကို မေးခွန်းထုတ်လာပြီး များသောအားဖြင့် လူ့ဘ၀သည် အဓိပ္ပာယ်ကင်းမဲ့သည်ဟူသော ခံစားချက်မျိုး ခံစားရလေ့ရှိသည်။ သာမန်လူများအနေဖြင့် ချစ်ခင်ရင်းနှီးသော လူတစ်ဦးဦးသေဆုံးသွားသည့်ကိစ္စကဲ့သို့ စိတ်ထိခိုက်ကြေကွဲစရာဖြစ်ရပ်တစ်ခုခု ကြုံတွေ့ မှသာ အဆိုပါစိတ်ကျဝေဒနာမျိုး ကြုံတွေ့ရလေ့ရှိသော်လည်း ဉာဏ်ကြီးရှင်ပုဂ္ဂိုလ်များအတွက်တော့ ထိုသို့ မောင်းဖြုတ်လိုက်သလို ဖြစ်ရပ်မျိုး သိသာထင်ရှားစွာမရှိသော်ငြား အလိုအလျောက် ခံစားရနိုင်ပါသည်။ ဉာဏ်ကြီးသူ ကလေးငယ်များအဖို့လည်း အသက်ငါးနှစ်အရွယ်ခန့် အရွယ်ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် ဖြစ်တည်မှုဆိုင်ရာ စိတ်ကျဝေဒနာကို ခံစားရနိုင်သည်။ ထိုအရွယ်တွင်ပင် သေခြင်းတရားကို စိုးရိမ်စိတ် စတင်ဖြစ်ပေါ်လာနိုင်ပြီး ဘ၀၏အဓိပ္ပာယ်ကိုပါ မေးခွန်းထုတ်လာနိုင်သည်။

ဖြစ်တည်မှုဆိုင်ရာ စိတ်ကျဝေဒနာ (Existential Depression) နှင့် ပါရမီရှင်များ


ဖြစ်တည်မှုဆိုင်ရာ စိတ်ကျမှု (Existential Depression) ဟု ခေါ်ညွှန်းသော စိတ်ကျဝေဒနာအမျိုးအစားကို ပါရမီရှင်များနှင့် အရည်အချင်းမြင့်မားသောလူများတွင် ပိုမိုဖြစ်ပွားလေ့ရှိကြောင်း ကြုံတွေ့ခဲ့ရသည်။ ကြီးမားသော ဆုံးရှုံးမှုတစ်ခု သို့မဟုတ် ဆုံးရှုံးမည့်အန္တရာယ်ရှိမှုစသည့် ဘ၀တွင် ယာယီအားဖြင့်ဖြစ်တတ်သော သဘာဝများကြောင့် ဖြစ်တည်မှုဆိုင်ရာစိတ်ကျသည့် ကာလတစ်ခုကို လူအများ ခံစားရလေ့ရှိသော်လည်း ဉာဏ်ရည်ဉာဏ်သွေး ပိုမိုမြင့်မားသော ပုဂ္ဂိုလ်များအတွက်မူ မည်သည့်ပယောဂမှမပါဘဲ အလိုအလျောက် ခံစားရနိုင်ခြေ ပိုများနေပေသည်။ တစ်ခါတစ်ရံ ဤဖြစ်တည်မှုဆိုင်ရာစိတ်ကျဝေဒနာသည် ဒါဘရော့စကီး (Dabrowski) ညွှန်းဆိုသော “အပြုသဘောဆောင် ပြိုကျပျက်စီးမှု” (Positive Disintegration) ဆီသို့ ငြိတွယ်ရောက်ရှိ သွားနိုင်ပေသည်။

ဘ၀ဖြစ်တည်မှုနှင့်သက်ဆိုင်သော အခြေခံကိစ္စရပ်များနှင့် မလွှဲမရှောင်သာ ရင်ဆိုင်ကြုံတွေ့ရသောအချိန်တွင် လူတစ်ဦးတစ်ယောက်သည် ဖြစ်တည်မှုဆိုင်ရာစိတ်ကျမှု ဖြစ်ပေါ်လာလေ့ရှိသည်။ ယယ်လွန် (Yalom) ၏ အဆိုအရ ထိုအခြေခံကိစ္စရပ်များ (သို့မဟုတ်၊ အဆုံးစွန်ပတ်သက်နေမှုများ) မှာ သေခြင်းတရား၊ လွတ်လပ်မှု၊ အထီးကျန်မှုနှင့် အဓိပ္ပာယ်ကင်းမဲ့မှုတို့ ဖြစ်သည်။ သေခြင်းတရားသည် မလွဲရှောင်နိုင်သော အဖြစ်တစ်ခုဖြစ်သည်။ လွတ်လပ်မှု ဆိုသည်မှာ သီးခြားတည်ဆောက်မှုပုံစံရပ်များ ကင်းမဲ့ခြင်းကို ရည်ညွှန်းသော ဖြစ်တည်မှုပဓာန၀ါဒ (Existentialism) ဆိုင်ရာ အာရုံတစ်မျိုးဖြစ်သည်။ လူသားသည် သူ့အဓိပ္ပာယ်နှင့်သူ စနစ်တကျ တည်ဆောက်ထားသော ကမ္ဘာမြေအတွင်းသို့ ၀င်ရောက်လာခြင်းမဟုတ်၊ ကမ္ဘာကိုသာ လူသားကိုယ်တိုင်ဖန်တီးသော တည်ဆောက်မှုပုံစံများ ပေးနေခြင်းဖြစ်သည်ဟု ဆိုလိုသည်။ လူတစ်ယောက်သည် အခြားသူ တစ်ယောက်နှင့် မည်မျှပင် နီးကပ်ရင်းနှီး စေကာမူ ကွာဟချက်တစ်ခုသည် အမြဲတစေကျန်ရှိနေသေးသဖြင့် လူသည်အမြဲတမ်း တစ်ကိုယ်ထီးသာ ဖြစ်သည်ဆိုခြင်းကို အထီးကျန်ခြင်းဟု မှတ်ယူနိုင်သည်။ အဓိပ္ပာယ်ကင်းမဲ့မှုဆိုသည်မှာ အထက်ပါသုံးချက်မှ ပေါက်ဖွား လာခြင်းဖြစ်သည်။ ကျွန်တော်တို့သည် သေရမည်၊ မိမိတို့၏ကမ္ဘာကိုလည်း ကိုယ့်ဘာကိုယ်တည်ဆောက်နေသည်၊ ထို့အပြင် ကျွန်တော်တို့တစ်ယောက်ချင်းစီသည်လည်း အဆုံးစွန်အဖော်မဲ့နေသည်ဆိုလျှင် “ဘ၀” ဟူသောအရာတွင် မည်သည့် အဓိပ္ပာယ်များ ရှိပါမည်နည်း။

ဤဖြစ်တည်မှုနှင့်ဆိုင်သော ဆက်နွယ်မှုများသည် (သေခြင်းတရား၊ လွတ်လပ်မှု၊ အထီးကျန်မှုနှင့် အဓိပ္ပာယ်ကင်းမဲ့မှု) အဘယ်ကြောင့် ပါရမီရှင်များတွင် ပိုမိုဖြစ်ပွားပါသနည်း။ တစ်စိတ်တစ်ပိုင်းအားဖြင့်ဆိုရလျှင် ဤသို့သတိပြုမိမှုများကို စဉ်းစားတွေးတောနိုင်ရန် အပေါ်ယံကျသော နေ့စဉ်ဖြတ်သန်းမှုဘ၀တွင်သာ သာမန်အာရုံပြုထားခြင်းထက်ပိုမို၍ စိတ်ကူးနှင့်ပြန်လှန်အတွေးမြောက်များစွာ ဖြစ်ပေါ်ရန်လိုအပ်သောကြောင့် ဖြစ်သည်။ ထို့ပြင် ပါရမီရှင်ကလေးများ၏ သွင်ပြင်လက္ခဏာများမှာ လေးလေးနက်နက်စဉ်းစားတတ်သော အမူအကျင့်ရှိခြင်းကြောင့်လည်း ဖြစ်သည်။

ပါရမီရှင်ကလေးများသည် မည်သည့်အရာသည် မည်သို့ဖြစ်သွားနိုင်သည်ဟူ၍ ဖြစ်နိုင်ခြေများကို စဉ်းစားတွေးတော နိုင်စွမ်းရှိခြင်းကြောင့် “စိတ်ကူးယဉ်ဝါဒီ” များဖြစ်ရန် ရှေးရှုနေသည်။ (စိတ်ကူးယဉ်ဝါဒီ (Idealists) ဆိုသည်မှာ ရယူအောင်မြင်ရန် မဖြစ်နိုင်သောအရာများတွင် ခိုင်မာစွာယုံကြည်နေသူဟု အဓိပ္ပာယ်ရပါသည်) သို့ရာတွင် သူတို့သည် တစ်ချိန်တည်းတွင် ထိုသို့ဖြစ်ရန်အတွက် ဘ၀သည် တိုတောင်းလွန်းလှသည်ဟု သိရှိနေသည်။ စံပြအခြေအနေတစ်ရပ်သည် မရောက်ရှိနိုင်ကြောင်း သိရှိသွားချိန်တွင် သူတို့၏ စိတ်ဓာတ်ပြင်းထန်မှုကြောင့် ပါရမီရှင် ကလေးငယ်များတွင် ကျရှုံးမှုနှင့် မကျေနပ်စိတ်သည် လေးနက်စွာ ဖြစ်ပေါ်ခံစားလာရသည်။ ထို့အတူ ယင်းကလေးငယ်များမှာ လူ့အဖွဲ့အစည်းနှင့် သူတို့၏ပတ်ဝန်းကျင်ရှိ လူတို့၏ အပြုအမူများတွင်ရှိသော အံဝင်ခွင်ကျမဖြစ်မှု၊ တရားမမျှတမှုနှင့် ကျိုးကြောင်းဆီလျော်မှုမရှိခြင်းတို့ကို မြင်တွေ့လာပြီး အစဉ်အလာများကိုပါ မေးခွန်းထုတ်ခြင်း၊ စိန်ခေါ်ခြင်းများ ပြုလုပ်လာသည်။ ဥပမာအားဖြင့် လိင်ပိုင်းဆိုင်ရာကဏ္ဍ၊ အသက်အရွယ် ကဏ္ဍများတွင် အဘယ်ကြောင့် လူတွေအပေါ် တင်းကြပ်သော ကန့်သတ်ချက်များ ထားရှိပါသနည်း။ အပြောတစ်မျိုးအလုပ်တစ်မျိုး ကြောင်သူတော်ကြွက်သူခိုးအပြုအမူများကို လူတွေဘာကြောင့် လုပ်ကြပါ သနည်း။ မိမိတကယ်မယုံကြည်သည့်ကိစ္စများကို လူတွေပါးစပ်က ဘာကြောင့် ပြောကြပါသနည်း။ တခြားလူများနှင့်ဆက်ဆံရာတွင် လူတွေဘာကြောင့် မစဉ်းစားမတွေးတော၊ ဂရုမစိုက်ကြပါသနည်း။ လူတစ်ယောက် ဘ၀တစ်ခု၏ လုပ်ဆောင်နိုင်စွမ်းသည် ကမ္ဘာမြေကြီးကို မည်သည့်အတိုင်းအတာမျှ ပြောင်းလဲသွားစေ နိုင်ပါသနည်း။

ဤသို့သောအကြောင်းအရာများကို ပါရမီရှင်ကလေးများအနေဖြင့် အခြားသူများနှင့် ဝေမျှခံစားဖို့ကြိုးစားသည့် အချိန်တွင် ရှုပ်ထွေးနားမလည်မှုမှ ဆန့်ကျင်ဘက်သဘောထားများအထိ အမျိုးမျိုးသော တုန့်ပြန်မှုပုံစံများ ဖြင့်သာ များသောအားဖြင့် ရင်ဆိုင်ရလေ့ရှိပေသည်။ သူတို့နှင့် သက်တူရွယ်တူကလေးများမှာ ထိုလူ့ဘ၀၏ ပက်သက်ဆက်နွယ်နေမှုများ (သေခြင်းတရား၊ လွတ်လပ်မှု၊ အထီးကျန်မှုနှင့် အဓိပ္ပာယ်ကင်းမဲ့မှု) ကို သိသာစွာပင် ဝေမျှခံစားနိုင်စွမ်းမရှိဘဲ ပိုမိုလက်တွေ့ကျသော ကိစ္စရပ်များဖြစ်သည့် လူတို့၏မျှော်လင့်ချက်နှင့် အံဝင်ခွင်ကျဖြစ်ရန်ကဲ့သို့ ကိစ္စရပ်များအပေါ်တွင်သာ အာရုံထားနေကြောင်းကို ပါရမီရှင်ကလေးများ ရှာဖွေသိရှိရလေတော့သည်။ ဤကလေးငယ်များသည် မူလတန်းအရွယ်မှာပင် ဤသို့လေးနက်သည့် ကိစ္စရပ်များကို ဆွေးနွေးရန် တခြားလူများအနေဖြင့် အဆင်သင့်ဖြစ်မနေကြောင်းသိရှိသွားချိန်တွင် သက်တူ ရွယ်တူကလေးများနှင့် မိမိတို့၏ မိသားစုတို့မှ ဝေးကွာအထီးကျန်လာသော ခံစားချက်ဖြစ်ပေါ်လာသည်။

သူတို့၏ ဉာဏ်ပညာအင်အားမှာ မြောက်များစွာသောဖြစ်နိုင်ခြေများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ပေရာ ထိုကလေးငယ်များသည် အချိန်နေရာစသည့် လူ့ဖြစ်တည်မှုဆိုင်ရာကန့်သတ်ချက်များကြောင့် ထိခိုက်နာကျင်မှု ဖြစ်ပေါ်လာရသည်။ အရှင်းဆုံးဆိုရလျှင် သူတို့၏ အရည်အချင်းများအားလုံးကို ဖွံ့ဖြိုးစေရန်အတွက် တစ်နေ့တာ အချိန်နာရီများမှာ လုံလောက်မှုမရှိသောကြောင့်ပင် ဖြစ်သည်။ ယင်းဖြစ်နိုင်ခြေများကြား ရွေးချယ်မှုပြုလုပ်ရခြင်းမှာ “အဆုံးစွန်မှန်ကန်ခြင်း” (Ultimate Right) မရှိသည့်အတွက် စင်စစ်တွင် ကျိုးကြောင်းဆီလျော်မှု ရှိသည်တော့မဟုတ်။ ဘ၀ရပ်တည်မှု အသက်မွေးဝမ်းကျောင်းကို ရွေးချယ်ရာ၌ပင် လွယ်ကူလှသည်မဟုတ်ပါ။ ဗီဇနှင့် အလားအလာ တူညီစွာရှိနေသော တယောထိုးပညာ၊ ဦးနှောက်နှင့် အာရုံကြော၊ သင်္ချာနှင့် နိုင်ငံတကာဆက်ဆံရေး စသည်ဖြင့် အမျိုးမျိုးသော စိတ်ပါဝင်စားမှုများ အကြား ခိုင်မာသောအသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို ရွေးချယ်ရသည်မှာ ခက်ခဲပါသည်။ (အဘယ်ကြောင့် ခက်ခဲသနည်းဆိုလျှင် “အဆုံးစွန်မှန်ကန်ခြင်း (Ultimate Right) မရှိ ” ဟူသော သဘောတရားကို နားလည်ရန် လိုအပ်ပေသည်)

ထိုထိခိုက်နာကျင်မှုအတွက် ပါရမီရှင်ကလေးများ၏ တုန့်ပြန်ချက်မှာ များသောအားဖြင့် (ဤတွင်လည်း လေးနက်မှုရှိသည်) ဒေါသဖြစ်သည်။ သို့သော် အဆိုပါထိခိုက်နာကျင်မှုသည်လည်း “ကံကြမ္မာ” သို့မဟုတ် အခြားသော မိမိထိန်းချုပ်နိုင်မှုမရှိသည့် အရာများမှ ဆင်းသက်လာခြင်းဖြစ်ပေရာ ဒေါသသည်လည်း အချည်းအနှီးသာ ဖြစ်ကြောင်း သူတို့ လျင်မြန်စွာ သိရှိသွားကြပေသည်။ ထိုအခါ စွမ်းအားမရှိသောဒေါသမှသည် “စိတ်ကျမှု” ဆီသို့ အလျင်အမြန် အသွင်ကူးပြောင်း သွားပေတော့သည်။

ဤစိတ်ကျမှုတွင် ပါရမီရှင်ကလေးများသည် ပုံမှန်အားဖြင့် အာရုံပြုနိုင်သော အဓိပ္ပာယ်တစ်ခုခု၊ သူတို့အား “တရားမမျှတမှု” နွံထဲမှဆွဲတင်နိုင်မည့် စိတ်ဖြေသာမှု ဆုံချက်အမှတ်တစ်ခုခုကို ရှာဖွေရန် ကြိုးစားကြသည်။ သို့သော်လည်း များသောအားဖြင့် ရုန်းထွက်နိုင်ရန်ကြိုးစားလေလေ၊ မိမိတို့၏ဘ၀သည် တိုင်းတာကန့်သတ် ထားပြီးသား တိုတောင်းသောကာလတစ်ခုအတွင်းတွင်သာ တည်ရှိနေခြင်းကို ထင်ရှားစွာ သဘောပေါက်လာ လေလေ ဖြစ်သည်။ ကြီးမားသောကမ္ဘာမြေကြီးတွင် သေးငယ်လှသော သက်ရှိဘ၀လေးတစ်ခုမျှသာဖြစ်ပြီး တစ်ကိုယ်ထီး အထီးကျန်နေမှု၊ ထို့ပြင် ဘ၀တစ်ခုတွင် မည်သို့မည်ပုံ ရွေးချယ်ရှင်သန်ရမည်နည်းဟူသော မေးခွန်းနှင့် ဆက်ဆိုင်သော “ကြောက်မတ်ဖွယ်ကောင်းလှသည့် လွတ်လပ်မှု” စသည်တို့ကို သဘောပေါက်လာလေလေပင် ဖြစ်လေသည်။ “ဘ၀ဆိုတာ ဒါပဲလား။ အကြွင်းမဲ့ အဓိပ္ပာယ်တစ်ခုခု မရှိဘူးလား။ ငါပေးတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ပဲ ဘ၀မှာ ရှိတာလား။ ငါဟာ ကျိုးကြောင်းဆီလျော်မှုမရှိ၊ ရည်ရွယ်ချက်မရှိ၊ အစိုးမရတဲ့လောကကြီးထဲမှာ အထီးကျန်နေတဲ့ သေးငယ်ပြီး ထူးခြားထင်ရှားမှုမရှိတဲ့ သက်ရှိရုပ်ကလေး တစ်ခုမျှ သာပါလား။

သက်တမ်းဝက် ကမောက်ကမ (Midlife-Crisis) အခြေအနေဆီ ရောက်ခါနီးဆဲဆဲ အတွေးနက်သည့် လူကြီးများတွင် ဤသို့သော ခံစားချက်များကြုံတွေ့ရခြင်းမှာ သိပ်မထူးဆန်းလှသော်လည်း အသက် ဆယ့်နှစ်နှစ် ဆယ့်လေးနှစ်အရွယ် လူငယ်လေးများတွင် ဤဖြစ်တည်မှုဆိုင်ရာမေးခွန်းများ ဖြစ်ပေါ်လာရခြင်းသည် ပြဿနာရှိနိုင်ပါသည်။ မိမိကိုယ်ကို သေကြောင်းကြံစည်ရန် တွန်းအားပေးနိုင်ခြင်းကြောင့် ဤဖြစ်တည်မှု ဆိုင်ရာစိတ်ကျမှုကို အလေးမူစောင့်ကြည့်ရန် လိုအပ်ပေသည်။

ကျွန်တော်တို့၏ ဉာဏ်ရည်ထက်မြက်သောကလေးငယ်များ အထက်ပါမေးခွန်းများမှ ကျော်လွှားဖြေရှင်းနိုင် အောင် မည်ကဲ့သို့ ကူညီနိုင်ပါမည်နည်း။ ဘ၀၏ အကန့်အသတ်များနှင့်ပတ်သက်၍ ကျွန်တော်တို့ များများ စားစား လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပါ။ သို့သော်လည်း ထိုကလေးငယ်များကို သူတို့ကို နားလည်ကြောင်း၊ ထင်သလောက် အဖော်ကင်းမဲ့မနေသေးကြောင်းနှင့် သူတို့၏လွတ်လပ်မှုနှင့် အထီးကျန်ခံစားချက်ကို ကိုင်တွယ်ဖြေရှင်းဖို့ရာ နည်းလမ်းများလည်း ရှိနေသေးကြောင်း ခံစားနိုင်အောင် သင်ယူရန် ကျွန်တော်တို့ ကူညီနိုင်ပါသည်။

အထီးကျန်ခြင်းအတွက် သူတို့ ကြုံတွေ့နေရတဲ့ကိစ္စရပ်ကို တခြားသူတွေနားလည်ကြောင်း ပြသရန် ထိတွေ့ပြောဆို ဆက်ဆံမှုပြုခြင်းကဲ့သို့ ရိုးရိုးရှင်းရှင်းနည်းလမ်းဖြင့်ပင် အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်ပါလိမ့်မည်။ သင်၏အတွေ့ အကြုံသည် ကျွန်တော်၏အတွေ့အကြုံနှင့် ထပ်တူထပ်မျှ မတူညီသည့်တိုင်၊ တူညီကောင်းတူညီနိုင်သည့် အတွေ့အကြုံတစ်ခု သင့်တွင်ရှိခဲ့ကြောင်း ကျွန်တော်သိရလျှင် အဖော်ကင်းမဲ့သည်ဟူသော ခံစားချက်မှ သက်သာရာရနိုင်ပေသည်။ အကြောင်းမှာ ပေါင်းသင်း ဆက်ဆံရေးသည် ပါရမီရှင်ကလေးများ၏ ရေရှည်ထိန်းညှိမှု ဖြစ်စဉ်အတွက် အလွန်အရေးပါ သောကြောင့်ဖြစ်သည်။ (Webb, Meckstroth and Tolan, 1982)

အထီးကျန်ခြင်း ခံစားချက်ကို ချိုးဖျက်ရန်နည်းလမ်းတစ်ခုမှာ အထိအတွေ့ ဖြစ်သည်။ မွေးကင်းစကလေးငယ်များကို ပွေ့ချီရန်ထိတွေ့ရန် လိုအပ်သည့်နည်းတူ ဖြစ်တည်မှုဆိုင်ရာ အထီးကျန်ခြင်းကြုံတွေ့ရသူများသည်လည်း ထိတွေ့မှု လိုအပ်ပေသည်။ မိခင်နှင့်ကလေးကြားရှိ နှောင်ထုံး သို့မဟုတ် “ခွေးမှ သူဌေး” (Failure to Thrive) လက္ခဏာရပ် စသည့် သာဓကများအရ “အထိအတွေ့” သည် ဘ၀၏ ထူးခြားသောမွေးရာပါအရည်အသွေးတစ်ခု ဖြစ်ဟန်ရှိသည်။ ဖြစ်တည်မှုဆိုင်ရာစိတ်ကျမှုခံစားရသော ကလေးငယ်များအတွက် နေ့စဉ်ပွေ့ဖက်မှုပေးရန် ကျွန်တော်လမ်းညွှန်ခဲ့ပြီး ထူးချွန်သောကလေးများ၏ မိဘများသို့လည်း “မင်းအဖက်မခံချင်လည်း ငါ မင်းကိုဖက်ချင်တယ်၊ ငါ့အတွက် လိုအပ်လို့ပါ” စသည်ဖြင့်ပြောဆိုရန် အကြံပေးခဲ့ပါသည်။ ပွေ့ဖက်ခြင်း၊ လက်မောင်းချင်းထိတွေ့ခြင်း၊ လူကြားထဲ တိုးဝှေ့သွားလာခြင်းနှင့် လက်ဆွဲနှုတ်ဆက်ခြင်းသည်ပင် အနည်းဆုံး ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုအချို့ ထူထောင်ခြင်းဖြစ်သောကြောင့် ဤသို့သော ကလေးငယ်များအတွက် အလွန်အရေးကြီးနိုင်ပေသည်။

လူတစ်ဦးတစ်ယောက်၏ “လွတ်လပ်မှု” အား စီမံခန့်ခွဲခြင်းအလုပ်တွင် အကျုံးဝင်သည့် ရွေးချယ်မှုကိစ္စရပ်များမှာ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများအတွက် အာရုံခံအဖြေဖြစ်ပေရာ “အထီးကျန်မှု” ကို ကုစားသကဲ့သို့ အထိအတွေ့၏ အရည်အသွေးကို ဖော်ထုတ်ခြင်းအလုပ်ထက် ပိုမိုပညာသားပါပေသည်။ ဖရိုဖရဲလောက၏ မရေတွက်နိုင်သော ရွေးချယ်မှုများ ခြုံလွှမ်းခြင်းခံစားရသော ပါရမီရှင်ကလေးများအနေဖြင့် မိမိ၏ဘ၀ကို စနစ်တကျ တည်ဆောက်ပြီးခဲ့ ကြသောလူများ ရွေးချယ်ခဲ့ကြသောနည်းလမ်းများကို ၀င်ရောက်လေ့လာခြင်းဖြင့် အတော်လေး စိတ်ကျေနပ်မှု ရစေပါလိမ့်မည်။ အောင်မြင်မှုနှင့် ကြီးကျယ်မှုဦးတည်သည့် လမ်းကြောင်း တစ်ခုစီသို့ ရွေးချယ်ခဲ့ကြသောလူတို့၏ အကြောင်းကိုဖတ်ခြင်းဖြင့် ရွေးချယ်မှုဟူသည်မှာ ဘ၀၏လမ်းဆုံ လမ်းခွများသာဖြစ်ကြောင်းနှင့် မည်သည့်ရွေးချယ်မှု မဆို သူတို့၏ကိုယ်ပိုင် အောင်မြင်မြင်မှုနှင့် ပြည့်ဝမှုဆီသို့ ဦးတည်နိုင်ကြောင်း ထိုကလေးငယ်များ နားလည်လာ စေနိုင်သည့် “စာအုပ်ညွှန်းကုထုံး” (Bibliotherapy) ကို အသုံးပြုနိုင်ပါသည် (Halsted, 1994) ။ ကျွန်တော်တို့ အားလုံး သည် မိမိတို့ဘ၀၏ အဓိပ္ပာယ် ပြည့်ဝသောညွှန်းဘောင်တစ်ခု ပေါ်ထွက်လာစေရန် ကိုယ်ပိုင်တစ်သီးပုဂ္ဂလ ယုံကြည်ချက်ဒဿနတစ်ရပ် တည်ဆောက်ထားဖို့ လိုပါလိမ့်မည်။

ဤဖြစ်တည်မှုဆိုင်ရာကိစ္စရပ်များမှာ ကျွန်တော်တို့၏ ဉာဏ်ရည်မြင့်ကလေးငယ်များကို “အကြောင်းရင်း” များတွင်သာ စိတ်ဓာတ်ပြင်းထန်စွာ နစ်မြှုပ်နေစေရန် ဦးတည်စေတတ်ပါသည်။ (ထိုအကြောင်းရင်းများသည် ပညာရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် ဓလေ့ထုံးတမ်းစသည်များ ဖြစ်နိုင်ပါသည်) ကံမကောင်းစွာပင် ထိုကိစ္စရပ်များမှာ “သက်ဆိုင်နေမှု” ကို အလွယ်တကူအနိုင်ရရန် အပြင်းအထန်ကြိုးစားမှုရောနှော၍ စိတ်ကျခြင်းဝေဒနာ၏ ကာလကို ကြာရှည်စေတတ် ပါသည်။ ဖြစ်တည်မှုဆိုင်ရာ ကိစ္စရပ်များမှာ အလိုက်သင့် လက်ခံလိုက်ရုံမှတစ်ပါး တခြားမရှိကြောင်း ဝေဒနာရှင်များ သိစေရန် ကူညီသင့်ပါသည်။ ထိုထက်ပို၍ဆိုရလျှင် ဖြစ်တည်မှုဆိုင်ရာစိတ်ကျမှုဆိုသည်မှာ လူတစ်ယောက်အတွက် တစ်ခါတည်းသာ ကြုံတွေ့ရမည့်အရာ မဟုတ်ဘဲ ပြန်လှန်စဉ်းစားအဖြေရှာခြင်းနှင့် မကြာခဏကြုံတွေ့ရမည့် ကိစ္စတစ်ရပ်ဖြစ်သည်ကို ထိုကလေးငယ် များ နားလည်ထားရန် လိုအပ်ပါလိမ့်မည်။

အဓိကအားဖြင့် ဖြစ်တည်မှုဆိုင်ရာစိတ်ကျမှုဝေဒနာ ခံစားရသူများကို သူတို့သည် ထင်ထားသလောက် တစ်ကိုယ်တည်းဖြစ်မနေသေးဟု သိရှိအောင် လုပ်ဆောင်နိုင်ပါလျှင် သူတို့ကို အကူအညီပေးနိုင်ပါလိမ့်မည်။ အာဖရိကန်-အမေရိကန် ကဗျာဆရာ၊ လန်စတန် ဟက်ဖက် (Langston Hughes) ရေးသားသော အောက်ပါကဗျာမှ မျှော်လင့်ချက်သတင်းစကားကို ရင်ဝယ်ပိုက်ထားဖို့ အားပေးအားမြှောက်ပြုခြင်းဖြင့်လည်း သူတို့ကို ကူညီနိုင်ပါ လိမ့်မည်။

♥ အိပ်မက် ♥
အိပ်မက်များကို မြန်မြန် ဆုပ်ကိုင်ပါ
အိပ်မက်များ သေဆုံးသွားသည့်အခါ
ဘ၀ဟာ အတောင်ကျိုးငှက်ပါ
ပျံသန်းဖို့ရာ မစွမ်းသာ

အိပ်မက်များကို မြန်မြန် ဆုပ်ကိုင်ပါ
အိပ်မက်များ ထွက်ပြေးသောအခါ
ဘ၀ဟာ ခယောင်းတောပမာ
ဆီးနှင်းများသာ ဖုံးလွှမ်းရာ

- Langston Hughes

◄ တေဇာ ►

Source:

Existential Depression in Gifted Individuals
James T. Webb, Ph.D.

References:

Dabrowski, K. (1966). The Theory of Positive Disintegration. International Journal of Psychiatry, 2(2), 229-244.
Halsted, J. (1994). Some of My Best Friends Are Books: Guiding Gifted Readers from Pre-School through High School. Scottsdale, AZ: Great Potential Press, Inc. (Formerly Ohio Psychology Press).
Webb, J. T., Meckstroth, E. A. and Tolan, S. S. (1982). Guiding the Gifted Child: A Practical Source for Parents and Teachers. Scottsdale, AZ: Great Potential Press, Inc. (formerly Ohio Psychology Press).

Yalom, I. D. (1980). Existential Psychotherapy. New York: Basic Books.

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ