Haruki Murakami ၏ On Seeing the 100% Perfect Girl One Beautiful April Morning ကို ဘာသာပြန်ဆိုသည်။
လှပတဲ့ ဧပြီ နံနက်ခင်းတစ်ခုမှာ တိုကျိုမြို့၊ ခေတ်မှီရပ်ကွက် ဟာရုဂျုကုရဲ့ လမ်းကျဉ်းလေး တစ်ခုပေါ်မှာ ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးကို ကျွန်တော် ဖြတ်လျှောက်မိခဲ့ပါတယ်။
အမှန်အတိုင်းပြောရရင် သူဟာ သိပ်ကြည့်ကောင်းလှတယ်တော့ မဟုတ်ဘူး။ တစ်နည်းနည်းနဲ့ ထူးခြားပေါ်လွင်နေတာမျိုးလည်း မဟုတ်ပါဘူး။ သူ့အ၀တ်အစားတွေက ထူးထူးခြားခြား မရှိဘူး။ သူ့ဆံပင်တွေရဲ့ နောက်ဘက်က အိပ်ယာကနိုးနိုးချင်း ဖွာလန်ကျဲနေတဲ့ ပုံစံအတိုင်းပဲ။ ပြီးတော့သူဟာ ငယ်လည်း မငယ်တော့ဘူး။ သုံးဆယ်လောက်နီးနီးကို ရှိပြီ။ နည်းမှန်ကမ်းမှန် ပြောကြေးဆို `မိန်းကလေး´ လို့ သုံးဖို့တောင် မနီးစပ်တော့ဘူး။ ဒါနဲ့တောင်မှ ကိုက်ငါးဆယ် အကွာအဝေးကနေ သူဟာ ကျွန်တော့်အတွက် ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးဆိုတာ ကျွန်တော် သိခဲ့တယ်။ သူ့ကို မြင်ရတဲ့ ခဏမှာပဲ ကျွန်တော့် ရင်အစုံက တဒိတ်ဒိတ်ခုန်နေပြီး အာခေါင်က ကန္တာရတစ်ခုလို ခြောက်သွေ့သွားခဲ့တယ်။
လှပတဲ့ ဧပြီ နံနက်ခင်းတစ်ခုမှာ တိုကျိုမြို့၊ ခေတ်မှီရပ်ကွက် ဟာရုဂျုကုရဲ့ လမ်းကျဉ်းလေး တစ်ခုပေါ်မှာ ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးကို ကျွန်တော် ဖြတ်လျှောက်မိခဲ့ပါတယ်။
အမှန်အတိုင်းပြောရရင် သူဟာ သိပ်ကြည့်ကောင်းလှတယ်တော့ မဟုတ်ဘူး။ တစ်နည်းနည်းနဲ့ ထူးခြားပေါ်လွင်နေတာမျိုးလည်း မဟုတ်ပါဘူး။ သူ့အ၀တ်အစားတွေက ထူးထူးခြားခြား မရှိဘူး။ သူ့ဆံပင်တွေရဲ့ နောက်ဘက်က အိပ်ယာကနိုးနိုးချင်း ဖွာလန်ကျဲနေတဲ့ ပုံစံအတိုင်းပဲ။ ပြီးတော့သူဟာ ငယ်လည်း မငယ်တော့ဘူး။ သုံးဆယ်လောက်နီးနီးကို ရှိပြီ။ နည်းမှန်ကမ်းမှန် ပြောကြေးဆို `မိန်းကလေး´ လို့ သုံးဖို့တောင် မနီးစပ်တော့ဘူး။ ဒါနဲ့တောင်မှ ကိုက်ငါးဆယ် အကွာအဝေးကနေ သူဟာ ကျွန်တော့်အတွက် ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးဆိုတာ ကျွန်တော် သိခဲ့တယ်။ သူ့ကို မြင်ရတဲ့ ခဏမှာပဲ ကျွန်တော့် ရင်အစုံက တဒိတ်ဒိတ်ခုန်နေပြီး အာခေါင်က ကန္တာရတစ်ခုလို ခြောက်သွေ့သွားခဲ့တယ်။
§ § § § § § §
ခင်ဗျားမှာလည်း ခင်ဗျားစိတ်ကြိုက် မိန်းကလေးမျိုး ရှိချင်ရှိနိုင်တာပေါ့။ ဆိုကြပါစို့၊ ခြေကျင်းဝတ်သေးသေးနဲ့ မိန်းကလေးမျိုး၊ ဒါမှမဟုတ် ကြီးမားတဲ့ မျက်လုံးတွေနဲ့၊ ဒါမှမဟုတ် ကျက်သရေရှိတဲ့ လက်ချောင်းလေးတွေနဲ့၊ ဒါမှမဟုတ် အစားအသောက်ကို အချိန်ယူစားတတ်တဲ့ မိန်းကလေးမျိုးကလည်း အကြောင်းအထွေအထူး မရှိပါဘဲ ခင်ဗျားကို ဆွဲဆောင်နိုင်တာပဲ။ ကျွန်တော့်မှာလည်း ကျွန်တော့်စိတ်ကြိုက်အမျိုးအစား ရှိတာပေါ့။ တစ်ခါတစ်ရံ စားသောက်ဆိုင်တစ်ခုမှာ မျက်နှာချင်းဆိုင် စားပွဲက မိန်းကလေးကို ကျွန်တော် ငေးကြည့်နေမိမှန်း ကိုယ့်ကိုယ်ကိုယ် သတိပြုမိတယ်။ အကြောင်းက သူ့ရဲ့ နှာခေါင်းပုံစံကို သဘောကျမိလို့လေ။
ဒါပေမဲ့ ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးဟာ ကြိုတင်မျှော်မှန်းထားတဲ့ ပုံစံတစ်ခုခုနဲ့ ထပ်တူကျနေလိမ့်မယ်လို့ ဘယ်သူမှတော့ အတင်းအကြပ် မတောင်းဆိုနိုင်တာ အမှန်ပဲ။ နှာခေါင်းတွေကို ကျွန်တော် အတော်သဘောကျပေမဲ့ သူ့ရဲ့ နှာခေါင်းပုံစံကိုတော့ ကျွန်တော် မမှတ်မိပါဘူး။ သူ့မှာ နှာခေါင်းပါရဲ့လားတောင် မသေချာပါဘူး။ ကျွန်တော် အသေအချာ မှတ်မိတာက သူဟာ အချောစားကြီး မဟုတ်ဘူး။ မထူးဆန်းဘူးလား။
`မနေ့က လမ်းပေါ်မှာ ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးနဲ့ တွေ့ခဲ့တယ်´ လို့ တစ်ယောက်ယောက်ကို ကျွန်တော်ပြောလိုက်တယ်။
`သြော်.. ကြည့်ကောင်းတယ်ပေါ့´ လို့ သူက ပြန်ပြောတယ်။
`ဟင့်အင်း၊ တကယ် မကောင်းပါဘူး´
`ဒါဆို ခင်ဗျားစိတ်ကြိုက် ပုံစံမျိုးပေါ့´
`ကျွန်တော် မသိဘူး။ သူနဲ့ပတ်သက်လို့ ဘာမှ ကျွန်တော် သတိမရသလိုပဲ။ သူ့ မျက်လုံးပုံစံ ဒါမှမဟုတ် သူ့ ရင်သား အရွယ်အစား´
`ဆန်းတယ်နော်´
`ဟုတ်တယ်။ ဆန်းတယ်´
`ကဲ.. ထားပါတော့။ ဒါနဲ့ ခင်ဗျား ဘာလုပ်သလဲ။ သူ့ကို စကားပြောလိုက်သလား။ သူ့နောက်က လိုက်သွားသလား´ ထိုသူက စိတ်ဝင်စားမှုလျော့သွားပြီး မေးလိုက်မယ်။
`ဟင့်အင်း။ လမ်းပေါ်မှာ ဖြတ်လျှောက်ခဲ့ရုံပဲ´
သူက အရှေ့ကအနောက်ကို လျှောက်လာပြီး ကျွန်တော်က အနောက်က အရှေ့ကို လျှောက်သွားတယ်။ တကယ်သာယာတဲ့ ဧပြီနံနက်ခင်းတစ်ခုမှာပေါ့။
သူနဲ့ စကားပြောနိုင်ခဲ့ရင် သိပ်ကောင်းမှာ။ နာရီဝက်လောက်ဆိုရင် အတော်ပြောနိုင်သားပဲ။ သူ့အကြောင်းကို ကျွန်တော်မေးမယ်။ ကျွန်တော့်အကြောင်းကို သူ့ကိုပြောပြမယ်။ ဒါကျွန်တော် တကယ်လုပ်ချင်တဲ့ အရာပဲ။ ၁၉၈၁ ခုနှစ်ရဲ့ သာယာလှပတဲ့ ဧပြီနံနက်ခင်းတစ်ခုရဲ့ ဟာရာဂျူကုလမ်းတစ်ဘက်မှာ တစ်ဦးကိုတစ်ဦး ဖြတ်လျှောက်သွားကြရတဲ့ ကံကြမ္မာရဲ့ ထွေပြားမှုအကြောင်းကို ကျွန်တော် သူ့ကို ရှင်းပြချင်တယ်။ ဒါဟာ ကမ္ဘာကြီးမှာ ငြိမ်းချမ်းခြင်းတရား ပြည့်လျှမ်းနေတဲ့ခဏမှာ တည်ဆောက်ထားတဲ့ ရှေးဟောင်းနာရီတစ်လုံးလို နွေးထွေးတဲ့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်ကြပ်နေတဲ့ အရာတစ်ခုပဲ ဖြစ်ရမယ်။
စကားပြောပြီးတော့ ကျွန်တော်တို့ တစ်နေရာရာမှာ နေ့လည်စာ စားကြမယ်။ ၀ူဒီအလန်ရဲ့ ရုပ်ရှင်ကားကို ကြည့်ချင်ကြည့်မယ်။ ဟိုတယ်တစ်ခုရဲ့ ဘားမှာ ကော့တေးသောက်ဖို့ နားချင်နားမယ်။ တစ်နည်းတစ်ဖုံ ကံကောင်းမယ်ဆိုရင် ကျွန်တော်တို့ အိပ်ယာထဲမှာတောင် အတူအဆုံးသတ်နိုင်တာပဲ။
ဖြစ်နိုင်ချေကိစ္စတွေဟာ ကျွန်တော့် နှလုံးသားတံခါးကို လာခေါက်တယ်။
အခု ကျွန်တော်တို့အကြားက အကွာအဝေးဟာ ဆယ့်ငါးကိုက်အထိ ကျဉ်းမြောင်းလာတယ်။
ကျွန်တော် သူ့ကို ဘယ်လို ချဉ်းကပ်ရမလဲ။ ကျွန်တော် ဘာပြောသင့်သလဲ။
`မင်္ဂလာနံနက်ခင်းပါခင်ဗျား။ စကားနည်းနည်းပြောဖို့ နာရီဝက်လောက် အချိန်ရပါသလား´
ရယ်စရာပဲ။ ဒါမျိုးဆိုရင် အာမခံအရောင်းကိုယ်စားလှယ် လေသံပေါက်နေမှာပဲ။
`တဆိတ်လောက်ဗျာ။ ဒီနားတစ်ဝိုက်မှာ ညလုံးပေါက် အ၀တ်လျှော်ဆိုင်ဘယ်နားမှာရှိသလဲ ပြောပြနိုင်မလား´
မဖြစ်သေးဘူး။ ဒါလည်း ရယ်စရာပါပဲ။ တစ်ခုရှိတာက ကျွန်တော်က လျှော်စရာ ဘာအ၀တ်အစားမှ သယ်မလာဘူး။ ဒါမျိုးကို ဘယ်သူ ယုံမှာလဲ။
အမှန်အတိုင်း ရိုးရိုးလေးပြောလိုက်တာက အလုပ်ဖြစ်မလားမသိဘူး။
`မင်္ဂလာနံနက်ခင်းပါ။ ခင်ဗျားဟာ ကျွန်တော့်အတွက် ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးပါပဲ´
ဒီလိုပြောလိုက်ရင်ရော သူက ယုံမှာတဲ့လား။ ယုံတယ်ဆိုခဲ့ရင်တောင် သူက ကျွန်တော့်ကို စကားပြန်ပြောချင်ပါ့မလား။ ၀မ်းနည်းပါတယ်။ ကျွန်မဟာ ရှင့်အတွက် ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေး ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ရှင်ကတော့ ကျွန်မအတွက် ၁၀၀% ပြီးပြည့်စုံတဲ့ ယောက်ျားလေး မဟုတ်ဘူးလို့ ပြန်ပြောနိုင်တယ်။ အဲဒီလို ဖြစ်သွားနိုင်တာပဲ။ အဲဒီလို အခြေအနေမျိုးသာ ကျွန်တော်ကြုံရရင် ကျွန်တော် အစိတ်စိတ်အမွှာမွှာ ကွဲသွားမလား မသိဘူး။ အဲဒီအဖြစ်က ကျွန်တော် ဘယ်တော့မှ နာလန်ထူတော့မှာ မဟုတ်ဘူး။ ကျွန်တော် သုံးဆယ့်နှစ်နှစ် ရှိနေပြီ။ အသက်ကြီးနေတဲ့အချက်ကိုလည်း ထည့်တွက်ရဦးမယ် မဟုတ်လား။
ပန်းဆိုင်ရှေ့က ကျွန်တော်တို့ ဖြတ်သွားကြမယ်။ ပါးလျနွေးထွေးတဲ့လေထုက ကျွန်တော့် အရည်ပြားကို တို့ထိနေမယ်။ သဲတလျှပ်လျှပ် စိုထိုင်းထိုင်းနဲ့ပဲ နှင်းဆီရနံ့ကို ကျွန်တော်ရလိုက်မယ်။ သူ့ကို စကားပြောဖို့ ကျွန်တော့်ကိုယ်ကိုယ် မတည်ဆောက်နိုင်ဘူး။ သူက အဖြူရောင် ဆွယ်တာအင်္ကျီလေးကို ၀တ်ထားပြီး ညာဘက်လက်မှာ တံဆိပ်ခေါင်းတစ်ခုသာ လပ်နေတဲ့ အဖြူရောင်စာအိတ် သန့်သန့်တစ်ခုကို ကိုင်ထားမယ်။ သူ တစ်ယောက်ယောက်ဆီ စာရေးထားခဲ့ပုံပဲ။ ညလုံးပေါက်ရေးခဲ့တာတောင် ဖြစ်ချင်ဖြစ်မယ်။ သူ့မျက်လုံးတွေက အိပ်ချင်နေတဲ့ပုံစံမို့ အကဲခတ်ကြည့်ရတာပဲ။ အဲဒီစာအိတ်ထဲမှာ သူ့မှာရှိတဲ့ လျှို့ဝှက်ချက်တွေအားလုံး ပါနေနိုင်တယ်။
ကျွန်တော်က အနည်းငယ်ဆက်လျှောက်လိုက်ပြီး ပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူက လူအုပ်ကြားထဲ ပျောက်ကွယ်သွားပြီ။
အခုတော့ သူ့ကို ဘာပြောခဲ့သင့်သလဲဆိုတာ ကျွန်တော် သိပြီ။ အရှည်ကြီးပြောရသလိုတော့ ဖြစ်ချင်ဖြစ်နေနိုင်တယ်။ သူသိအောင် အဆင်ပြေပြေ ဖွင့်ပြောဖို့ ကျွန်တော့်အတွက် အတော်ကြီး ကြာနေနိုင်တယ်။ ကျွန်တော် စဉ်းစားမိတဲ့အကြံတွေက တစ်ခုမှ လက်တွေ့မကျပါဘူး။
ဟုတ်ပြီ။ `ဟိုးရှေးရှေးတုန်းက´ နဲ့ စပြီး `၀မ်းနည်းစရာ ပုံပြင်လေးတစ်ပုဒ်လို့ ခင်ဗျား မထင်ဘူးလား´ ဆိုတာနဲ့ ကျွန်တော် အဆုံးသတ်သင့်တယ်။
ဟိုးရှေးရှေးတုန်းက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ရှိခဲ့တယ်။ ကောင်လေးက ဆယ့်ရှစ်နှစ်နဲ့ ကောင်မလေးက ဆယ့်ခြောက်နှစ်ပေါ့။ ကောင်လေးက ထူးထူးခြားခြား မချောသလို ကောင်မလေးကလည်း အလွန်အကျွံ မလှပါဘူး။ တခြားလူတွေလိုပဲ သူတို့က သာမန် အထီးကျန် ကောင်လေးနဲ့ ကောင်မလေးတို့ပါပဲ။ ဒါပေမဲ့ ကမ္ဘာကြီးရဲ့ တစ်နေရာမှာ သူတို့အတွက် ၁၀၀% ပြီးပြည့်စုံတဲ့ ကောင်လေးနဲ့ ကောင်မလေး ရှိနေလိမ့်မယ်လို့ သူတို့နှလုံးသားထဲက ယုံကြည်နေကြတယ်။ ဟုတ်တယ်။ သူတို့ဟာ မိုးပေါ်ကအပ်တစ်စင်းနဲ့ လူ့ပြည်ကအပ်တစ်စင်းဆုံဖို့ ယုံကြည်ခဲ့ကြတယ်။ အဲဒီအတိုင်းပဲ တကယ်လည်း ဖြစ်ခဲ့ပါတယ်။
တစ်နေ့မှာတော့ လမ်းတစ်ခုရဲ့ထောင့်ချိုးမှာ သူတို့နှစ်ဦး တစ်ဦးနဲ့တစ်ဦး ဆုံမိခဲ့ကြတယ်။
`အံ့သြစရာ ကောင်းလိုက်တာ´ လို့ ကောင်လေးက ပြောလိုက်တယ်။
`ငါ့ဘ၀တစ်လျှောက်လုံး နင့်ကို ရှာနေခဲ့တာ။ နင်တော့ ယုံချင်မှယုံမယ်။ ဒါပေမဲ့ နင်ဟာ ငါ့အတွက် ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးပဲ´
`နင်ရောပဲ။ ငါ့အတွက် ၁၀၀% ပြီးပြည့်စုံတဲ့ ကောင်လေးပဲ၊ အသေးစိတ်အားလုံး ငါစိတ်ကူးထဲက ပုံစံအတိုင်း အတိအကျပဲ။ အိပ်မက်မက်နေသလိုပဲနော်´ လို့ ကောင်မလေးက ပြန်ပြောလိုက်တယ်။
သူတို့ဟာ ပန်းခြံတစ်ခုရဲ့ ခုံတန်းပေါ်မှာ ထိုင်ခဲ့ကြတယ်။ လက်တွေကို ဆုပ်ကိုင်ထားခဲ့ကြတယ်။ တစ်နာရီပြီး တစ်နာရီ ကိုယ့်အကြောင်းကိုယ် ပြောပြနေခဲ့ကြတယ်။ သူတို့ဟာ အထီးကျန်မဟုတ်တော့ဘူး။ သူတို့ဟာ ၁၀၀% ပြီးပြည့်စုံတဲ့ တစ်ခြားတစ်ယောက်ကို ရှာဖွေတွေ့ရှိပြီး၊ ရှာဖွေတွေ့ရှိခံခဲ့ကြရပြီ။ ခင်ဗျားရဲ့ ၁၀၀% ပြီးပြည့်စုံတဲ့တစ်ယောက်ကို ရှာဖွေတွေ့ရှိရတာ၊ ရှာဖွေတွေ့ရှိခံရတာဟာ ဘယ်လောက် အံ့သြစရာ ကောင်းတဲ့အရာလဲ။ ဒါဟာ မိုးပေါ်ကအပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းပဲ မဟုတ်လား။
အဲဒီလို ထိုင်ပြီး စကားပြောနေစဉ်မှာပဲ သူတို့ရဲ့ နှလုံးသားထဲမှာ သေးငယ်ပါးလွှာလှတဲ့ ငွေမှင်ရောင် သံသယလေးတစ်စဟာ အညှောင့်ထွက်လာတယ်။ ဒီလောက်လွယ်လွယ်နဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာဟာ အသေအချာပဲလားဆိုတာမျိုးပေါ့။
ဒီလိုနဲ့ သူတို့ စကားစရပ်သွားတဲ့ ခဏမှာပဲ ကောင်လေးက ကောင်မလေးကို ပြောလိုက်တယ်။
`တစ်ခါလောက်တော့ ငါတို့ကိုယ်ငါတို့ စမ်းသပ်ကြည့်ရအောင်။ တကယ်လို့ ငါတို့ဟာ ၁၀၀% ပြီးပြည့်စုံတဲ့ ချစ်သူတွေသာ အမှန်တကယ်ဖြစ်မယ်ဆိုရင် တစ်ချိန်ချိန် တစ်နေရာရာမှာ ငါတို့ မလွဲမသွေ ပြန်တွေ့ကြမှာပဲ။ အဲလို ပြန်တွေ့ကြတဲ့အချိန်မှာ ငါတို့ဟာ ၁၀၀% ပြီးပြည့်စုံတဲ့လူတွေလို့ သိကြမှာပဲ။ အဲဒီအချိန်၊ အဲဒီနေရာမှာ ငါတို့ လက်ထပ်ကြတာပေါ့။ နင် ဘယ်လို ထင်သလဲ´ လို့ ကောင်လေးက မေးလိုက်တယ်။
`ကောင်းသားပဲ။ ဒါဟာ ငါတို့ လုပ်သင့်တဲ့အရာ အတိအကျပဲ´ လို့ ကောင်မလေးက ပြန်ပြောလိုက်တယ်။
ဒီလိုနဲ့ သူတို့ဟာ ခွဲခွာခဲ့ကြတယ်။ ကောင်မလေးက အရှေ့အရပ်ဆီကို။ ကောင်လေးက အနောက်အရပ်ဆီကိုပေါ့။
တကယ်တော့ သူတို့ သဘောတူခဲ့ကြတဲ့ စမ်းသပ်မှုဟာ လုံးလုံးကို မလိုတဲ့အရာပါပဲ။ သူတို့ဟာ အဲလို မစွန့်စားသင့်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အစစ်အမှန်ပဲ တစ်ဦးအပေါ်တစ်ဦး ၁၀၀% ပြီးပြည့်စုံတဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြလို့ပါပဲ။ သူတို့တွေ့ခဲ့ကြတာဟာ မိုးပေါ်ကအပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းဆုံမိခဲ့ကြတာပဲ မဟုတ်လား။ ဒါပေမဲ့လည်း ငယ်ရွယ်သူတွေဆိုတော့ အဲဒီလိုသိဖို့ မဖြစ်နိုင်ခဲ့ကြဘူး။ အေးစက်ပြီး မမှိတ်မသုန်နိုင်တဲ့ ကံကြမ္မာ လှိုင်းတံပိုးက သူတို့အပေါ် မညှာမတာ တို့ထိကျီစယ်လာခဲ့တယ်။
တစ်ခုသော ဆောင်းရာသီမှာ ကောင်လေးရော ကောင်မလေးပါ ရာသီဥတုကြောင့် ဆိုးဆိုးရွားရွား အအေးမိဖျားနာခဲ့ကြတယ်။ သီတင်းပတ်ပေါင်းများစွာ အသက်လုပြီးနောက်တော့ သူတို့ဟာ အစောပိုင်းနှစ်တွေရဲ့ မှတ်ဉာဏ်တွေအားလုံး ပျောက်ဆုံးသွားခဲ့ကြတယ်။ သူတို့ ပြန်လည်နိုးထလာချိန်မှာတော့ သူတို့ရဲ့ ဦးခေါင်းတွေဟာ ဒီအိတ်ခ်ျလောရင့်စ်ရဲ့ ငယ်ငယ်က စုဗူးလိုပဲ ဗလာကျင်းနေခဲ့ကြပြီ။
သူတို့နှစ်ဦးလုံးဟာ ဉာဏ်ရည်ထက်မြက်ပြီး ပြတ်သားတဲ့ လူငယ်တွေဖြစ်တဲ့အလျောက် မဆုတ်မနှစ် ကြိုးစားအားထုတ်ပြီးတဲ့နောက် လူ့အဖွဲ့အစည်းအတွင်း နေထိုင်ဖို့ ပေမီဒေါက်မီလူသားတွေအဖြစ် အသိပညာနဲ့ ခံစားမှုတွေ တစ်ဖန်ပြန်လည် ပြည့်စုံလာခဲ့ကြပါတယ်။ ချီးကျူးစရာက ရထားဘယ်လိုပြောင်းစီး ရမယ်ဆိုတာ သိတဲ့ စံနှုန်းပြည့် နိုင်ငံသားတွေဖြစ်ပြီး စာတိုက်မှာလည်း အမြန်ချောပို့ လုပ်နိုင်ကြတယ်။ တကယ်တော့ သူတို့ဟာ အချစ်နဲ့တောင် ကြုံတွေ့ခဲ့ကြသေးတယ်။ တစ်ခါတရံ ၇၅% ဒါမှမဟုတ် ၈၅% ပြည့်စုံတဲ့ အချစ်တွေပေါ့။
အချိန်တွေဟာ ကြောက်ခမန်းလိလိ ကူးပြောင်းသွားပြီးတဲ့နောက် မကြာခင် ကောင်လေးဟာ ၃၂ နှစ် ရှိလာပြီး ကောင်မလေးက ၃၀ ရှိလာတယ်။
တစ်ခုသော လှပတဲ့ ဧပြီနံနက်ခင်းမှာ နေ့တစ်နေ့ကို အစပြုဖို့ ကော်ဖီတစ်ခွက်ကို ရှာဖွေရင်း ကောင်လေးဟာ အနောက်ကနေ အရှေ့ကို လမ်းလျှောက်လာတယ်။ ကောင်မလေးက အမြန်ချောပို့ စာတစ်စောင် ပို့ဖို့ ရည်ရွယ်ချက်နဲ့ အရှေ့က အနောက်ကို လျှောက်လာတယ်။ တိုကျိုမြို့ရဲ့ ဟာရာဂျူကု ရပ်ကွက်က ကျဉ်းမြောင်းတဲ့ လမ်းတစ်ခုပေါ်မှာပဲပေါ့။ သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေဟာ နှလုံးသားမှာ လျှပ်တစ်ပြက်စာလောက်လေး မှေးမှိန်စွာ ဖြာထွက်သွားတယ်။ နှစ်ယောက်လုံး ရင်တွေ တဒိတ်ဒိတ် ခုန်သွားကြတယ်။ သူတို့ သိကြတာပေါ့။
ကောင်မလေးဟာ ငါ့အတွက် ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးပဲ။
ကောင်လေးဟာ ငါ့အတွက် ၁၀၀% ပြီးစုံတဲ့ ကောင်လေးပဲ။
ဒါပေမဲ့ သူတို့ မှတ်ဉာဏ်တွေရဲ့ အရောင်အ၀ါဟာ အရမ်းဖျော့တော့နေပြီး သူတို့ အတွေးတွေဟာလည်း လွန်ခဲ့တဲ့ ဆယ့်လေးနှစ်တုန်းကလို ရှင်းလင်းပြတ်သားမှု မရှိကြတော့ပါဘူး။ စကားတစ်လုံးမှ မဆိုကြဘဲ တစ်ဦးကိုတစ်ဦး ဖြတ်လျှောက်သွားပြီး လူအုပ်ကြားထဲ ထာဝရ ၀င်ရောက်ပျောက်ကွယ်သွားကြတော့တယ်။
ဝမ်းနည်းဖွယ်ပုံပြင်လေးတစ်ပုဒ်လို့ ခင်ဗျား မထင်ဘူးလား။
ဟုတ်ပါတယ်။ အဲဒါပါပဲ။ အဲဒါဟာ ကျွန်တော် သူ့ကို ပြောပြခဲ့သင့်တဲ့အရာပဲ မဟုတ်လား။
တေဇာ (လရောင်လမ်း)
အောက်တိုဘာ (၇) ၂၀၁၀
ကိုညီသစ် ဘာသာပြန်ထားတာကို မသိဘဲ ပြန်လိုက်မိပါတယ်။
ReplyDelete100% ပြည့်စုံတဲ့လူ၂ယောက်အပြင်မှာတကယ်ရော ဆုံနိုင်ပါ့မလား..??
ReplyDeleteမထင်..မထင်ပါ..။ :)
ဒီလိုဝတ္တုမျိုးလေးတွေ ဆက်လုပ်ပါဦး..။