Skip to main content

ကျောက်တုံး၊ သတ္တုအတုနှင့် ကော်ပီသီချင်းများအား တူးဆွခြင်း

သို့ လူလေးရွှေသွေး မောင်ဖိုးသား

မောင်ရင်လေးက ဟိုနေ့က ကိုယ့်ကို မက်တယ်အတု နားမထောင်ဘူးလို့ ပြောပြီး အနောက်တိုင်းက မက်တယ်အစစ်ဆိုတာကြီးကို နားထောင်ခိုင်းခဲ့တယ်။ အဲဒီအကြောင်းလေးကို သေးသေးလေး ပြောပါရစေ။ အရှင်းဆုံးတစ်ချက်ကို ထောက်ရရင်တော့ မောင်ရင်လေးပြောတဲ့အထဲမှာ `မက်တယ်´ လို့ သုံးသွားတယ်။ ဘာကြောင့် `သတ္တု´ လို့ မသုံးရသလဲ။ ဒါကို စမေးရမယ်။ အကြောင်းကတော့ `မက်တယ်´ (Rock, Metal, Heavy Metal, Dead Metal etc.,) ဆိုတဲ့ ဂီတအမျိုးအစားနာမည်အတွက် မြန်မာစကားလုံး လစ်ဟနေလို့ပဲ။ သတ္တုလို့သုံးရင် ဘယ်သူမှ နားမလည်ဘဲ ရယ်စရာ ဖြစ်နေလိမ့်မယ်။ ကဲ.. အဲဒီလိုပဲ `ကော်ပီသီချင်းမဆိုဘူး၊ ကော်ပီသီချင်း မကြိုက်ဘူး´ အော်နေကြတဲ့ လူတွေဟာလည်း ဘာကြောင့် `ကူးချသီချင်းမဆိုဘူး၊ ကူးယူသီချင်း မကြိုက်ဘူး´ လို့ မသုံးဘဲ ဘာလို့ `ကော်ပီ´ (Copy) နေကြသလဲ။ ဒါဟာ မြန်မာစကားလုံး မရှိလို့ပဲ။

ဟုတ်ပြီ။ ကော်ပီသီချင်း၊ မက်တယ်သီချင်းစတဲ့ အနောက်တိုင်းဂီတအမျိုးအစားတွေကို ဂစ်တာ (Guitar) နဲ့ တီးရတယ်။ ဂစ်တာဟာ နန်းတော်ရှေ့ဆရာတင်က တီထွင်ခဲ့တဲ့ တူရိယာမဟုတ်ဘူး။ ဒီတော့ မူလဖခင်တွေကိုပဲ ကိုယ်တို့က ဆရာတင်ကြ`ရ´တယ်။ (`ရ´ တယ် ဆိုတာ Have to ကို ဆိုလိုတာ၊ သိပ်ပြီး ဘိုလမ်းနီးလို့မဟုတ်ဘူး။ မဖြစ်မနေ၊ သဘာဝကျကျ အနောက်တိုင်းဂီတဂိုဏ်းချုပ်တွေကို ဆရာတင်ကြရတယ်) ဘာဖြစ်လို့ဆို ကိုယ်တို့က သူတို့ဂီတကို ၀ါးလက်ခုပ်တွေ၊ ပုလွေတွေ၊ အုန်းမုန့်ခွက်တွေနဲ့ တီးခတ်နေကြတာ မဟုတ်လို့ပဲ။ ဂစ်တာကို အသုံးပြုတီးခတ်တဲ့အတွက် ဂစ်တာသံပဲထွက်မယ်။ အနောက်တိုင်း ဂီတသင်္ကေတ၊ နုတ်စ် (Notes) တွေကို သုံးရတယ်။ ဒိုရေမီဖှာကို ကိုင်ရတယ်။ ဒီတော့ သူတို့ဂီတရဲ့ အရံသင့်ရှိပြီးသား ပုံစံခွက် (Frame) တွေထဲ ကိုယ့် မြန်မာစာသားတွေ ထည့်ကြည့်ရတယ်။ ဆိုကြည့်ရတယ်။


လွယ်လွယ်ပြောရရင် `စုတုပြု´ အဆင့်မှာ `တုပ´ တဲ့အဆင့်ကို ဖြတ်သန်းခြင်းပဲ ဖြစ်တယ်။ ဘာဖြစ်လို့ဆို မိုးကျရွှေကိုယ်လို `ပြု´ တဲ့အဆင့်ကို တိုက်ရိုက် လှမ်းတက်လို့ မရလို့ပဲ။ တုပတဲ့အဆင့်၊ သို့မဟုတ် ကော်ပီအဆင့်ကို အချိန်ကာလတစ်ခု မလွှဲမရှောင်သာ ဖြတ်သန်းရတယ်။ ကိုလေးဖြူရဲ့ဖြတ်သန်းမှုကို ကြည့်ရင် ကော်ပီတွေနဲ့ နာမည်နဲ့ အရှိန်အ၀ါ ရလာခဲ့ပြီး၊ အခုနောက်ပိုင်းမှာ ကိုယ်ပိုင်သံစဉ်တွေ လုပ်လာတယ်။ ပိုပြီးတိတိကျကျ ပြောရရင် အိုင်စီ (Iron Cross) နဲ့ တေးရေးသူတွေဟာ မြန်မာကိုယ်ပိုင်သံစဉ် Rock သီချင်းတွေကို ဖန်တီးလာနိုင်တယ်။ ကိုလေးဖြူက ဒါတွေကို ဆိုလာနိုင်တယ်။ ကော်ပီအယ်လ်ဘမ် (Copy Album) တွေဖြစ်တဲ့ ပင်လယ်အော်သံ၊ ကန္တာရလမင်း၊ သားကောင်၊ ကျိန်စာ၊ ပါဝါ၊ အိပ်မက်ကဗျာ.. စသည်၊ ဒီဖြတ်သန်းမှုအပြီးမှာ ကမ္ဘာသစ်တေး၊ လိပ်ပြာ၊ ခဏလေးများ၊ ဘင်္ဂလားပင်လယ်အော် စတဲ့ ကိုယ်ပိုင်သံစဉ်တွေ လုပ်နိုင်လာခဲ့တယ်။ လုပ်ပြခဲ့တယ်။ `မဉ္ဇူရီ´ ဟာ ဗွန်ဂျိုဗှီဆိုတဲ့  Father Time ဖြစ်ပေမဲ့ `အမဲလိုက်အက´ ဟာ တေးရေးဆရာ မြင့်မိုးအောင်ရဲ့ ကိုယ်ပိုင်သံစဉ် မြန်မာရော့ခ် သီချင်းတစ်ပုဒ်ပဲ ဖြစ်တယ်။ ကိုအငဲရဲ့ `ဆာဟာရ´ (ထင်တယ်)၊ သီချင်းစာအုပ်အမှာစာမှာ `ကျွန်တော်တို့ လုပ်ချင်ရာ လျှောက်လုပ်ထားတာကို သိခွင့်တောင်မရကြတဲ့ မူရင်းအဆိုရှင်များ´ ဆိုပြီး ကျေးဇူးတင်လွှာမှာ ထည့်ရေးထားတာ ဖတ်ခဲ့ဖူးတယ်။ ဒီကိစ္စကို ကျင့်ဝတ်အမြင် သီးသန့်နဲ့ ကြည့်လို့မရဘူး။ အခြေအနေတွေ၊ နောက်ခံကားတွေကို ထည့်တွက်ဖို့လိုတယ်။ နားလည်ပေးဖို့ လိုတယ်။ ဖြစ်နိုင်ရင် လူတိုင်း ကိုယ်ပိုင်သံစဉ်ပဲလုပ်ချင်တယ်၊ နားထောင်ချင်တယ်။ ဒါပေမဲ့ တောင်ဒဂုံထန်းတောထဲက ယဉ်ကျေးမှု တက္ကသိုလ်လောက်နဲ့ မလွယ်သေးဘူး။ ပညာရပ်ပိုင်းဆိုင်ရာတွေကို အားလုံး ကိုယ့်အားကိုယ်ကိုး လေ့လာနေကြရတယ်။ လမ်းဘေးအုတ်ခုံက တက်လာတဲ့ လူငယ်တွေအများစုပဲ။ နိုင်ငံတကာနဲ့ တန်းသွားညှိလို့ မဖြစ်ဘူး။ ဂျန်းထဲလ်မန်းဆန်ဖို့ အခွင့်အရေးမရသေးဘူး။ (ကော်ပီလုပ်လို့ တရားစွဲခံရမယ်ဆိုရင် တစ်မျိုး)

ကိုလေးဖြူနဲ့ အိုင်စီအဖွဲ့ရဲ့ ပြည်ပဖျော်ဖြေမှုပွဲတွေမှာ ကိုယ်ပိုင်သံစဉ်သီချင်းမရှိလို့ ဂုဏ်ငယ်တယ်ဆိုတဲ့ ပြည်ပရောက်မြန်မာတွေကို ကိုယ်နားလည်တယ်။ ကိုယ်လည်း ပြည်ပရောက်မြန်မာတစ်ယောက်ပဲ။ ဖြစ်နိုင်ရင် ကိုယ်ပိုင်သံစဉ်ကိုပဲ အားပေးချင်တယ်။ မဖြစ်နိုင်သေးဘူးဆိုရင်လည်း ကော်ပီလည်း လက်ခံတယ်။ စာသား (Lyrics) လေးတွေ ကောင်းနေရင်၊ သူများ ကောင်းပြီးသား ပုံစံခွက်ထဲ အစာသွပ်လိုက်လည်း နားထောင်လို့ ဖြစ်တာပဲ။ ဒါပေမဲ့ ကော်ပီဆန့်ကျင်ရေးသမားတွေက ဒီလိုမထင်ဘူး။ သူတို့က နေ့ချင်းညချင်း တန်းဝင်တဲ့မြန်မာကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းတွေ ရေးစပ်နိုင်လိမ့်မယ် ယူဆကြသလား မသိဘူး။ အဲလိုဆိုရင်တော့ ကိုယ်တိုင်ပဲ ကြိုးစားကြည့်ကြစေချင်တယ်။ (`ကျားပေါက်´ကို လက်ညှိုးထိုးပြမယ်ဆိုရင် ကျားပေါက်ငယ်ငယ်က ဘာသီချင်းတွေ နားထောင်သလဲ ပြန်မေးချင်တယ်။ အနည်းဆုံး ဖေကြီး `ရင်ဂို´ ကတော့ `ဆန္ဒနေ့ရက်´ လို သီချင်းမျိုးနဲ့ ချော့သိပ်ခဲ့ဖူးမှာပေါ့) ကိုယ့်အထင်တော့ အဲဒီအယူအဆဟာ `မျက်ကန်းမျိုးချစ်စိတ်´ ကြောင့်ရင်လည်း ဖြစ်ရမယ်။ (မျက်ပြူးမျိုးချစ်၊ တစ်နည်း အမြင်ကျယ်တဲ့ မျိုးချစ်ရှားတယ်။ အဖြူရောင်ဆေးဆိုးထားတဲ့ Dogma တစ်မျိုးပဲလို့ ကိုယ်ထင်တယ်၊ ဒီလိုပြောတာ အန္တရာယ်များမှန်းလည်း သိတယ်၊ နောက်မှ ဆွေးနွေးကြတာပေါ့။ ထားပါတော့။) ကိုယ့်ကိုယ်ကိုယ် မျိုးချစ်စိတ်ရှိကြောင်း သိပ်ပြချင်လို့လည်းဖြစ်ရမယ်။ ဒါမှမဟုတ် ကိုယ်တိုင်လည်း ကော်ပီသီချင်း မဆို၊ ဆိုတဲ့လူတွေရဲ့ အောင်မြင်မှုကိုလည်း မရှုစိမ့်နိုင်တဲ့ ကိုယ်ပိုင်သံစဉ်သမားတွေကို သံယောင်လိုက်တာရင်လည်း ဖြစ်ရမယ်။ မနာလိုစိတ်မှာ အခြေခံတယ်။ အဲဒီသဘောထားဟာ မကောင်းဘူး။ နယ်ပယ်အသီးသီးမှာ နောက်ကျနေပြီးမှတော့ ဒီတစ်ခုကိုသာ ဖိနင်းပြောပြီး `မျိုးချစ်ပြ´ တာဟာ ရယ်စရာကောင်းတယ်။ ဂုဏ်ငယ်တယ် ခံစားရအောင် ကိုယ်တို့မှာ ဘာများ ဂုဏ်ယူစရာ ရှိလို့လဲကွဲ့။ ကိုနင်ဒွိုင်းရဲ့ဝတ္ထုတွေကို မြန်မာမှုပြုထားဖို့ လိုလို့ ဆရာကြီးရွှေဥဒေါင်းက ဦးစံရှားခဲ့တာပဲ။ တိုက်ရိုက်မြန်မာပြန်တဲ့ ဆရာမြသန်းတင့်ထက် မြန်မာပရိသတ်အတွက် ပိုပြီးအဆင်ချောတယ်။ ဆရာကြီးရွှေဥဒေါင်းကို ကျေးဇူးတင်ရမယ်။ Plagiarism ဆိုပြီး အပြစ်ဖို့ဖို့ မသင့်ဘူး။ `မောင်ဖေသိန်း၊ မောင်ရင် ၀င်ကစွပ်လေးပဲ´ သွားလုပ်လို့မဖြစ်ဘူး။ (ဒီအကြောင်းကို ဆရာကြီးကိုယ်တိုင်လည်း ရေးဖူးတယ်၊ ကိုယ်အမှတ်မမှားရင် `အတွေးအမြင်နဲ့ ရှုထောင့်´ စာအုပ်မှာ ပါတယ်ထင်တယ်။ အွန်လိုင်းမှာ ရနိုင်ပါတယ်)

ကိုယ့်သူငယ်ချင်း တချို့ရှိတယ်။ သူတို့လည်း ကော်ပီကို အလိုမကျ၊ မာရဇ္ဇလောက်ကိုလည်း နားမ၀င်၊ Metal မှ Metal သဘောထားကလည်း ရှိသေးတယ်။ ဒီတော့မူရင်း အင်္ဂလိပ်သီချင်းခွေတွေကို နားထောင်တယ်။ ခက်တာက သူတို့ အဲဒါတွေကို သိပ်ကြိုက်တယ်သာပြောတယ်၊ တစ်ခါမှ အစအဆုံးပြီးအောင် ညည်းတာ၊ ဆိုတာ ကိုယ် မကြားဖူးဘူး။ ဘာဖြစ်လို့ဆို တီဗီကြည့်နေတဲ့ ကြောင်လို ဖြစ်နေတာကိုး။ မြင်တော့မြင်တယ် နားမလည်။ ကြားတော့ကြားတယ် ဘာမှန်းမသိ။ သံစဉ် (Melody) ကိုသာ ခံစားနိုင်ပြီး စာသား (Lyrics) ကို လိုက်မမီ၊ သို့မဟုတ် အပြည့်အ၀ မရတော့ဘူး။ သီချင်းစာရွက်ကြည့်ပြီး နားထောင်တာမှလည်း မဟုတ်ဘဲ။ ကိုယ့်ဘာသာစကားမှ မဟုတ်ဘဲ။ သီချင်းတစ်ပုဒ်မှာ သံစဉ်နဲ့ စာသား အရေးပါမှု ပူးတွဲနေတယ်ဆိုပေမဲ့ ကိုယ့်တစ်ဦးထဲ အမြင်အရတော့ စာသားကို ပိုအားပြုမိတယ်။ စာသားတွေ အဓိပ္ပာယ်ပြည့်ဝနေရင် ခပ်ချာချာသံစဉ်ကို ထေသွားနိုင်တယ်။ ရေလှောင်တမံကြီးနဲ့ စစ်အစိုးရဲ့စေတနာကို ဂုဏ်ပြုထားတဲ့ စာသားဆိုရင်တော့ ဘီတဲလ်သံစဉ် ယူသုံးလည်း ပြည်သူကတော့ ချဉ်မှာပဲ။  ကိုမျိုးကြီးရဲ့ `ငှက်တစ်ကောင်ရဲ့ အိပ်မက်´ ဟာ မူရင်းက တော်ရိလျော်ရိ Dance သံစဉ်တစ်ပုဒ်ပဲ။ ဒါပေမဲ့ ကိုယ့်အတွက်တော့ စိတ်ဓာတ်ကျနေရင်၊ အဲဒီသီချင်းနားထောင်လိုက်ရင် အဆင်ပြေသွားတတ်တာ များတယ်။ တစ်ပုဒ်လုံး နိမိပုံအထူ (Solid Metaphor) ကြီးတွေချည်းပဲ။

ကဲ.. မက်တယ်အတု မကြိုက်တဲ့ မောင်ငယ်လေး ဖိုးသားရေ။ ကိုယ်လည်း လက်ညောင်းနေပြီ။ ဒီတော့ မောင်ရင်လေး `သတ္တုအတု´ လို့ ပြောင်းပြောတဲ့နေ့မှာ၊ ဒါမှမဟုတ် `ကူးချ နားမထောင်ဘူး´ လို့ မာမာထန်ထန် ကြွေးကျော်နိုင်တဲ့တစ်နေ့မှာ၊ Rocker တွေကို ကျောက်တုံးကြီးတွေလို့ ပြောင်းခေါ်တဲ့တစ်နေ့မှာ၊ ကိုယ့်စက်ထဲက ကိုလေးဖြူ၊ ကိုကြီးငဲတွေ အကုန် `၀ဲ´ ပစ်လိုက်မယ်။ ကိုယ်ဆိုလိုတာက ကိုယ့် Computer ထဲက ကိုလေးဖြူ၊ ကိုကြီးငဲတို့ရဲ့ Music File တွေ အကုန် Delete လုပ်ပစ်လိုက်မယ်လို့ ဆိုလိုတာကွဲ့။ ဒီစာကို မင်းလေး ကိုယ့်ဘေးနားမှာ ရှိနေသလို စကားပြောလေးနဲ့ ကိုယ် အပျင်းပြေရေးပါတယ်။ အခုတော့ အိပ်ချင်လာပြီကွယ်။ ကိုယ် `တိုးကြီး´ (ခင်မောင်တိုး) နဲ့ ငြိမ့်နေတာ.. အဟက်။ အခုလာနေတဲ့ သီချင်းက ကိုယ်ပိုင်သံစဉ်သမား၊ မြန်မာဂီတသူရဲကောင်း `ကိုငှက်´ (ထူးအိမ်သင်) ရဲ့ ကော်ပီသီချင်းတစ်ပုဒ်ပေါ့။ `ဗင်းဆင့်ဗှန်ဂိုးတမ်းချင်း´ တဲ့။ အဲဒီသီချင်းဟာ `မူရင်းထက်ကောင်းတဲ့ ကော်ပီ´ လို့ ကိုယ်တော့ ထင်တယ်။ တော်ပြီကွယ်။ အခုထိ မောင်ရင်လေး ဘူးလုံးနားမထွင်းဖြစ်နေသေးတယ်ဆိုရင် လမ်းကြုံရင် ကိုယ့်အိမ်ကို ၀င်လာခဲ့ကွယ်။ ၀ီစကီတိုက်ပြီး အဲဒီအကြောင်း မင်းလေးနားလည်တဲ့အထိ၊ စိတ်ရှည်ရှည်ထားပြီး အသေးစိတ်ကိုယ်ရှင်းပြပါ့မယ်။ ဒါဟာ လေးဖြူနဲ့ ခင်မောင်တိုး၊ ဘယ်သူ့ကြိုက်သလဲ ရွေးချယ်ရတဲ့ကိစ္စ (Option) မျိုးမဟုတ်ဘူး။ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ်ဟာ ဆန့်ကျင်ဘက် ရန်သူတွေမဟုတ်ဘူး။ ငါနဲ့မတူလို့ အလကားဟာပါလို့ ကိလေသာဓာတ်ခံနဲ့ သွားပြောလို့မရဘူး။ ဒီသီချင်းကြီးက မူရင်းက Guns and Roses ပါ၊ Cold Play ပါ ဆိုပြီး နှုတ်ခမ်းကြီးရွဲ့ပြပြီး ဆရာကြီးလေသံနဲ့ ငါသိငါတတ်လုပ်နေဖို့ မသင့်ဘူး။ နားလည်ပေးတတ်ရမယ်။ Guitar ဆိုတဲ့ စကားလုံးအတွက် မြန်မာစကားလုံးရှာမရတဲ့ သူတွေက အုန်းကျွန်းမှ ဂုဏ်ရှိတယ် ထင်ရင်တော့ အုန်းပင်တစ်ပင် အိမ်မှာစိုက်ထားလိုက်ပေါ့.. အဟက်။ ကျွန်းပင်တော့ သွားမလုပ်နဲ့၊ မင်းဘဏ္ဍာ။ ဒါတွေဟာ ရှင်းရှင်းလင်းလင်း နားလည်ထားရမယ့် သဘောတရားရေးရာ (Ideology) ကိစ္စတွေသာ ဖြစ်ပါတယ်။ အထူးသဖြင့် မောင်ရင်တို့လို ဒဿနိကဗေဒ ကျောင်းသားတွေအနေနဲ့ ဆင်ခြင် (စဉ်းစားခြင်းကို ဆိုလိုပါတယ်) သင့်တဲ့ကိစ္စပဲ။ လူလေးတို့ ကျောင်းတော်ကြီးက ဒဿနိကသင်ရိုးမှာ မြန်မာလူမျိုး တစ်ကောင်တစ်မြီးမှမပါတဲ့အတွက် ကိုယ်တို့က ၂၁ ရာစုမှာ ရတတ်သလောက်လေး ကိုယ်တိုင်စဉ်းစားကြည့် ကြရမယ်။ ဒဿနအတုတွေချည်း သင်နေရရင်လည်း မနိပ်သေးဘူးမဟုတ်လား။ မောင်ရင်လေးဆီက ပြန်စာမျှော်နေမယ်။ ကိုယ်ပိုင်သံစဉ် အတွေးအခေါ်လေးတွေ ကြားရလိမ့်မယ် မျှော်လင့်ပါတယ်။ တော်သေးပြီကွယ်။ ၀ါးးးးးးး။

အိပ်ငိုက်စွာဖြင့်

ဦးဦးတေဇာ

တေဇာ (လရောင်လမ်း)

Comments

  1. What your friend was refering to as "fake metal" is probably "metalcore" bands, which can't be actually classified as "metal". I bet he is not talking about copy/own tune/etc.

    And oh, I don't know about your friends but hey, I can actually recite some metal songs from start to end :)

    Also, it's not "Dead Metal". It's Death Metal by the way.

    cheers!

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”