အခင်းအကျင်း
အေဒီ ၃၀၀၂။
ကမ္ဘာဂြိုဟ်။
ကျောင်းတစ်ခု၏ စာသင်ခန်းအတွင်း။
ဇာတ်ကွက်
ဆိုင်းဘော့ဂ် ဆရာက
ဆိုင်းဘော့ဂ် ကျောင်းသားကို မေးလိုက်တယ်
ဒီကဗျာတစ်ပုဒ်ကို တွက်နေတာ
အခုထိ မပြီးသေးဘူးလားတဲ့
ဒီနှုန်းနဲ့ဆိုရင်တော့ ကမ္ဘာပေါ်က မျောက်တွေ
အကုန် ငတ်ပြီးသေကုန်လိမ့်မယ်လို့လည်း
ကြိမ်းမောင်းသေးတယ်
တကျွီကျွီ မြည်သံတွေနဲ့ပါ
သူပြောလည်း ပြောချင်စရာ အခုအခါ
`ကဗျာ´ ဆိုတာ `မျောက်စာ´ မဟုတ်လား။
ကျောင်းသားငယ်က သူ့ရဲ့ သတ္တုခေါင်းပြောင်ပြောင်ကို
မယားဘဲ ကုတ်ဟန်ပြုတယ်
ဟုတ်တယ်
သူ့မှာ ငိုမဲ့မဲ့လုပ်ဖို့
မျက်နှာကြွက်သားတွေမှ မရှိပဲကိုး။
အခြားကျောင်းသားငယ်တစ်ဦးက
သင်္ချာတစ်ပိုဒ်ကို ဆွေးဆွေးမြေ့မြေ့ (အမှန်တော့ သတ္တုသံ စူးစူးရှရှနဲ့) လေချွန်နေတယ်
သူ့ရှေ့မှာ ချထားတဲ့ ကွန်ပြူတာထူထူရဲ့ အဖုံးပေါ်မှာ
`သင်္ချာ´ ကို `စကားပြေပြန်ရန်မဖြစ်နိုင်´ ဆိုပဲ။
`မနုဿဗေဒ´ ကျောင်းသားငယ်က
သတ္တုသံ ကြမ်းရှရှနဲ့ စာအံနေလေရဲ့
ဆင့်ကဲဖြစ်စဉ်ဆိုတဲ့ ဒဏ္ဍာရီပြဇာတ်ရဲ့ အလိုအရ
ဆိုင်းဘော့ဂ်ဆိုတာ လူဆိုတဲ့မျိုးစိတ်တစ်ခုက ဆင်းသက်လာခဲ့သတဲ့
သူ အိမ်မှာ ဒီအခန်းကို
ဦးနှောက်ထဲတပ်ဆင်ခဲ့ဖို့ မေ့သွားလို့ ဖြစ်မယ်။
အဲဒီ ဆိုင်းဘော့ဂ်ငယ်ရဲ့ သတ္တုအရောင်က မှိုင်းပြပြနဲ့
`ဂန္ဓ၀င်´(ဘာသာရပ်) ယူထားတဲ့ ကျောင်းသား ဂိုက်အပြည့်။
စာသင်ခန်းရဲ့ အပြင်ဘက်မှာ
ကျောင်းအုပ်ဆရာကြီး ဆေးလိပ်မီးညှိနေတယ်
ပြီးသူက အဆုပ်အသစ်တစ်ခု လဲလှယ်တပ်ဆင်လိုက်တယ်
ဒီတံဆိပ်က ကင်ဆာစွဲသွားတာ မြန်လိုက်တာလို့ ညည်းညူတယ်
မီးခိုးတွေကို လေထုထဲ ဟန်ပါပါ စတင်မှုတ်ထုတ်တယ်
မကြာခင် အလိုအလျောက် အောက်ဆီဂျင်အဖြစ် ပြန်လည်ပျော်ဝင်သွားလိမ့်မယ်။
လေထုထဲက ပိတ်သားပြင်မှာ
နောက်ဆုံးထွက် သတင်းတစ်ပုဒ် ရုတ်တရက် ပေါ်လာတယ်
ကျောင်းအုပ်ကြီးရဲ့ မျက်လုံးမှာတောင်
မီးအနီရောင် တစ်ဖျပ်ဖျပ် လင်းသွားလေရဲ့
ခေါင်းစဉ်ကိုက စိတ်ဝင်စားဖို့ ကောင်းတယ်
ကမ္ဘာဂြိုဟ်ပေါ်တွင် လူသားမျိုးစိတ်များ အမှန်တကယ်ရှိခဲ့သလော?
ရယ်ရွှင်စရာပုံစံရှိတဲ့ သတ္တ၀ါတွေရဲ့ ပုံတောင်ပါသေးတယ်
ဆွဲလည်း ဆွဲတတ်ပါ့။
တကယ်တော့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်အနေနဲ့က
ဒီလိုသတင်းမျိုးတွေကို သိပ်မကြိုက်လှပါဘူး
အပျင်းပြေ သဘောမျိုးပဲ ဆက်ကြည့်နေလိုက်မိတယ်
ဒီခေတ်မှာ
သိပ်စိတ်ကူးကောင်းပြီး တီထွင်ဉာဏ်ရှိတဲ့
`သတင်းစာနယ်ဇင်း´ ဆိုင်းဘော့ဂ်လေးတွေ အများသားလို့
စိတ်ထဲက ကြိတ်ချီးကျူးလိုက်မိတယ်
ငါက ကျောင်းအုပ်ကြီးဆိုတော့လည်း
`ရသ´ ဆိုတဲ့အရာကို နားလည်ပေတာပေါ့လို့ တွေးမိတော့
ပြုံးမိတော့ မလို့ပဲ
ဒါပေမဲ့ မျက်နှာမှာ အပြုံးကြွက်သားအသစ်
ဝယ်မတပ်ရသေးတာ သတိရသွားပြီး
တဂျစ်ဂျစ်ပဲ မြည်နေလိုက်တော့တယ်။
[*]
Cyborg = A cyborg, also known as a cybernetic organism, is a being with both biological and artificial
(e.g. electronic, mechanical or robotic) parts. (Wikipedia)
ဆိုင်းဘော့ဂ် = စက်တစ်ပိုင်းလူတစ်ပိုင်း။
တေဇာ (လရောင်လမ်း)
အောက်တိုဘာ (၁၄) ၂၀၁၀
Label: Satirical Prose (သရော်ဟန်ကဗျာ)

Comments
Post a Comment