လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

ကျုပ်နှင့် စာပေဆိုင်ရာ အယူအဆ

ကျုပ်က ကျုပ်ရဲ့ အရေးအသားတစ်ခုမှာ ကျုပ်ကိုယ်ကျုပ် ကျုပ် လို့ သုံးလိုက်တယ်။ ဒါကို ခင်ဗျားက မယဉ်ကျေးတဲ့၊ လူမှုရေးနားမလည်တဲ့၊ ရိုင်းစိုင်းတဲ့၊ အောက်သက်မကြေတဲ့၊ မောက်မာတဲ့ အသုံးအနှုန်းအဖြစ် တတ်သမျှမှတ်သမျှ နာမ၀ိသေသနတွေသုံးပြီး `ဆဲ´ ထားတယ်။ အဆင့်အတန်းမရှိတဲ့ စာပေအမျိုးအစား ရေးသားသူ စာရင်းထဲ ကျုပ်ကိုသွင်းတယ်။ ရှုတ်ချပိုင်ခွင့်က ခင်ဗျားရဲ့ အခွင့်အရေးပဲ။ ဒါကို ကျုပ်က ပြန်လည်ချေပတာမျိုး မလုပ်လိုဘူး။ ဒါပေမဲ့ ကျုပ်ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ပညာရအောင်တော့ ကျုပ်က နည်းနည်းလေး ပြောပြချင်သေးတယ်။ မပြောပြန်ရင်လည်း မမြည်ဘူး မဟုတ်လား။

ခင်ဗျားက ဆရာဦးသုမောင်ကို ကိုးကားပြီး ကျုပ်ကို ဆရာလုပ်ထားတယ်။ ခင်ဗျားဆိုလိုရင်းကို ကျုပ် မှတ်မိသလိုပြန်ပြောရရင် ဆရာဦးသုမောင်ဟာ အရေးအသားတစ်ခုမှာ ပြောသူနာမ်စားကို ကျုပ်လို့ သုံးနှုန်းမိခဲ့တယ်။ အဲဒီအရေးအသားကို ဖခင်ကြီးဖြစ်တဲ့ ဦးသာဓုကို ပေးဖတ်ခဲ့တယ်။ သူက သူ့အရေးအသားကို ဦးသာဓုကြီး ဘယ်လိုမှတ်ချက်ချမလဲလို့ မေးလိုက်ချိန်မှာ ဖခင်ကြီးဦးသာဓုက ဒီလိုပြန်ဖြေတယ်လို့ ခင်ဗျားပြောတယ်။ သားရယ် မင်းအရေးအသားကို ငါ ဆက်မဖတ်ပါရစေနဲ့ကွာ။ မင်းက ကိုယ့်ကိုယ်ကိုယ် ကျုပ်လို့ သုံးထားတော့ ဒါကို အဖေ ဘယ်လိုဆက်ဖတ်နိုင်ပါ့မလဲတဲ့။ ဒီအချိန်ကစပြီး ဆရာဦးသုမောင်လည်း နောင်တအကြီးအကျယ် ရသွားခဲ့တယ်။ သူ့ရဲ့ နောက်ပိုင်းအရေးအသားတွေမှာ အရေးအသားဆိုင်ရာ ယဉ်ကျေးမှုကိစ္စကို အထူးဂရုစိုက်ခဲ့တယ်။ ဘယ်လောက်ထိ ဂရုစိုက်သလဲဆိုရင် သူ့အရေးအသားတွေရဲ့ ၀ါကျအဆုံးသတ်တွေမှာ `ပါတယ်´ တွေ အထပ်ထပ်ပါပြီး `ပါ´ တွေထပ်နေလို့ အခြားဆရာတွေက ထောက်ပြတာခံရတဲ့အထိပဲ။ ဒါပေမဲ့ ဆရာဦးသုမောင်ဟာ သူ့ပုံစံအတိုင်း ရေးမြဲရေးနေခဲ့ဆဲပဲတဲ့။ ဟုတ်ပြီ ကျုပ်အလှည့်။


ခင်ဗျားရဲ့ စာကို ကျုပ်က စိတ်ရှည်ရှည်ထားပြီး ဖတ်ခဲ့တယ်။ ဖတ်နေရင်းတန်းလန်း ကျုပ် မပြုံးဘဲ မနေနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား ပြောတာတွေကို ဆရာဦးသုမောင်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ကျုပ်လည်း ဖတ်ဖူးခဲ့လို့ပဲ။ ဒါပေမဲ့ ခင်ဗျား အရေးအသားအရ ခင်ဗျားဟာ ဆရာဦးသုမောင်နဲ့ ဂေါ်လီရိုက်ဖက် ဖြစ်ခဲ့လို့ပဲ ဒါတွေကို သိနေသလိုလို သဘောမျိုး သက်ရောက်နေတယ်။ ဒီတော့ ခင်ဗျားစာက ကျုပ်အတွက်တော့ ဟာသသက်သက်ပဲ။ ထားပါတော့။ လိုရင်းကို သွားရရင် ခင်ဗျားပြောနေတဲ့ အကြောင်းအရာဟာ ကျင့်ဝတ်ကိစ္စ ဖြစ်တယ်။ နည်းနည်းထပ်ချုံ့လိုက်ရရင် မြန်မာစာပေဆိုင်ရာ ကျင့်ဝတ်ကိစ္စဖြစ်တယ်။ [အင်္ဂလိပ်စာမှာက ဝေလမင်းသားလည်း I ပဲ၊ ကလေကချေလည်း I ပဲ။ မျောက်တစ်ကောင် အင်္ဂလိပ်စကားပြောတတ်လာခဲ့ရင်လည်း I မှာပဲ။ အခြားဘာသာစကားတွေတော့ ကျုပ်မသိဘူး။ ထားတော့]

စာပေ အရေးအသားတွေမှာ ကျုပ်ကို သုံးသင့်မသုံးသင့်ကိစ္စ ပြောတော့မယ်ဆိုရင် စာပေအရေးအသားဆိုတဲ့အထဲမှာ ဘယ်လို စာပေအမျိုးအစားတွေ ပါသလဲလို့ ခွဲခြားကြည့်ရှုရတော့မယ်။ ခင်ဗျားနားလည်အောင်ပြောရရင် ဆိုပါစို့ ၀တ္ထုဆိုတဲ့ စာပေအမျိုးအစားမျိုး ပါသလား။ အညာဒေသ၊ ကျေးလက်နောက်ခံနဲ့ ဇာတ်လမ်းဆင်ထားတဲ့ ၀တ္ထုတိုတစ်ပုဒ်မှာ လူမမယ်အရွယ် သားလေးက သူ့အမေကို `အမေ ကျုပ် ဗိုက်ဆာတယ်ဗျာ´ လို့ အော်ပြောလိုက်တဲ့ စကားပြောတစ်ခုပါတယ်။ (အဲဒီ စကားပြောဟာ အဲဒီဝတ္ထုတိုရဲ့ အသက်ပဲ။ ၀တ္ထုရဲ့ နောက်ဆုံးဝါကျပဲ) အဲဒီနေရာမှာ `မေမေ သားသား ဗိုက်ဆာပါတယ်ခင်ဗျာ´ လို့ (ခင်ဗျားပြောသလို) ယဉ်ကျေးစွာ ရေးလိုက်ရင် အဲဒီဝတ္ထုဟာ ပျက်သွားပြီလို့ ကျုပ်ယူဆတယ်။ ဒီကိစ္စကို ခင်ဗျား ဘယ်လို ပြောမလဲ။ အဲဒီစာရေးဆရာကိုပါ ခင်ဗျား ဆဲမလား။ ဆဲမယ်ဆိုရင် နည်းနည်းတော့ စဉ်းစားဦး။ အဲဒီဝတ္ထုတိုဟာ မိုးမိုး(အင်းလျား)စာပေဆုရ၀တ္ထုတိုများ ပေါင်းချုပ်ထဲမှာ ပါခဲ့တာ။ စာရေးဆရာ အမည်ကို ကျုပ်မေ့နေပြီ။ ဒါမျိုးစာရေးဆရာကို ဆဲမယ်ဆိုရင် ခင်ဗျားပဲ ကွဲမှာမို့လို့ ကျုပ်က စေတနာနဲ့ သတိပေးတာ။ ၀တ္ထုနာမည်က `နွားချေးကောက်သူများ´ တဲ့။ `ရသစာပေ´ ဆိုတာ ဘာမှန်းမသိတဲ့လူတွေ သိပ်ဖတ်ထားသင့်လှတယ်။ လက်လှမ်းမီရင် ခင်ဗျားလည်းမြည်း ကြည့်သင့်တယ်။

ဒါကို ကျုပ်က စိတ်ထဲပေါ်ရာ လက်တမ်း ညွှန်းလိုက်တာပဲ။ အမှန်တော့ ခင်ဗျားသာ မြန်မာဝတ္ထုတွေ နည်းနည်းလောက်ဖြစ်ဖြစ် ဖတ်ဖူးမယ်ဆိုရင် `ကျုပ်´ အသုံးကို လက်ညှိုးထိုးမလွဲ မြင်ဖူးခဲ့မှာ အသေအချာပဲ။ လိုရင်းပြန်ဆက်ရရင် ကျုပ်ဆိုတဲ့ အသုံးအနှုန်းကို စာပေမှာ သုံးသင့်မသုံးသင့်ဆိုတဲ့ကိစ္စဟာ မည်သည့် စာပေအမျိုးအစားလဲဆိုတာကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ တိုတိုနဲ့လွယ်လွယ်ပြောရရင် `ရသစာပေ´ (၀တ္ထု၊ ကဗျာ၊ အက်ဆေးစသည်..) အမျိုးအစားမှာ ကျုပ်ကို သုံးနှုန်းနိုင်တယ်။ သိပ်ယဉ်ကျေးချင်လို့ မသုံးဘူးဆိုလည်း နေနိုင်တယ်။ ဒါပေမဲ့ ကျုပ်တို့လို တောသားဇာတ်ကောင်တွေအကြောင်း မဖွဲ့မိအောင် ရှောင်ဖို့တော့ လိုလိမ့်မယ်။ ဒီလောက်ထိ လိုက်မီလား။ ကောင်းပြီ၊ ဘယ်လို စာပေအမျိုးအစားမှာ ကျုပ်အသုံးကို ရှောင်သင့်သလဲ။ ရသရဲ့ အခြားသောတစ်ဘက်ဟာ `သုတ´ ။ အလွယ်ပြောရရင် ဆောင်းပါး၊ မိန့်ခွန်း၊ ကျမ်း၊ စာတမ်းနဲ့ နောက်ဆုံး လက်ကမ်းကြော်ငြာမျိုးအထိ၊ အချက်အလက်ပေးဖို့သာ အဓိက ရည်ရွယ်တဲ့ သုတစာပေ ခေါင်းစဉ်အောက်ထဲ ရှိတာတွေမှာ ကျုပ်ကို ပြောသူနာမ်စားအဖြစ်မသုံးဘဲ ရှောင်သင့်တယ်။ ဒါတောင် အများလက်ခံနိုင်မယ့် အမြင်ကို ကျုပ်ကပြောနေတာ။ တရားခံဝက်ခြံထဲကနေပြီး `ခေါင်းပေါင်းနဲ့ဘဲကြီး ခင်ဗျား၊ ကျုပ်မှာ လုံးဝ အပြစ်မရှိပါဘူး´ လို့ လျှောက်လှဲမယ်ဆိုရင်လည်း သိပ်မသင့်လှဘူး။ သို့သော် တောသားတစ်ယောက်အနေနဲ့ ရိုးသားစွာ သုံးမိကောင်းသုံးမိနိုင်သေးတယ်ဆိုတာကို သတိပြုရမယ်။ ခင်ဗျားတပ်ထားတဲ့ မြန်မာ့ယဉ်ကျေးမှု (ဆိုတာရဲ့) မျက်မှန်အောက်က အမြင်နဲ့ အဲဒီ တောသားကို `ဆဲ´ လို့ မဖြစ်ဘူး။ အခါအားလျော်စွာ မျက်မှန်ချွတ်ကြည့်တတ်ရတယ်။

ဝေါဟာရတွေ၊ စကားလုံးတွေမှာ အရောင်ပါတဲ့ ဝေါဟာရတွေ ရှိတယ်။ မပါတာတွေရှိတယ်။ အဲဒီအရောင်ပါတဲ့ အမျိုးအစားကို Emotional Word/Term (ခင်ဗျားနားလည်အောင် လွယ်တဲ့စကားလုံးတွေ ရွေးသုံးတယ်) လို့ ခေါ်တယ်။ အရောင်းမြှင့်တင်ရေးသမားတွေ၊ အချစ်ဝတ္ထုရေးသူတွေ၊ နိုင်ငံရေးသမား (ဆိုသူ) တွေ ပါးစပ်ကမချတဲ့ စကားလုံးမျိုးပဲ။ ထားတော့။ ရသသမားတွေက အရောင်တွေနဲ့ ခြယ်မှုန်းတယ်။ သုတသမားတွေက အရောင်မပါတာတွေနဲ့ တိကျမှုကို ရအောင်ယူတယ်။ လူတစ်ဦးနဲ့တစ်ဦးကြား မှတ်ယူပုံ ကွာဟနိုင်တဲ့၊ တစ်နည်း ပုဂ္ဂလဒိဋ္ဌာန်ဆန် (Subjective) တဲ့ နာမ၀ိသေသနလို စကားလုံးမျိုးတွေကို တတ်နိုင်သမျှ ရှောင်တတ်တယ်။ ရှင်းရှင်းလေးပဲ။

ခင်ဗျားက ကျုပ်အသုံး နဲ့ ဆရာဦးသုမောင်အကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအကြောင်း၊ အမိယုတ်သား နှုတ်ကြမ်းတဲ့အကြောင်းတွေကို ဇာချဲ့ထားပေမဲ့ ပစ်မှတ်ထားပြီး ပြောနေတဲ့ ကျုပ်ရဲ့ အရေးအသားအကြောင်း ဘာတစ်ခုမှ ပါလာတာမတွေ့ရဘူး။ ဒီတော့ ကျုပ်စာမှာ တခြား ဘာပြောစရာ အပြစ်မှ မရှိဘူးလို့ပဲ ကျုပ် ယူဆလိုက်တယ်။ ကျုပ်အရေးအသားဟာ `သရော်စာ´ ဖြစ်တယ်။ ချာတူးလန်အောင် ညံ့နေလို့ဖြစ်စေ၊ စာဖတ်သူက သိက္ခာတော်ရ ဆရာတော်ကြီးတစ်ပါး ဖြစ်နေလို့ဖြစ်စေ၊ မရယ်, မပြုံးတာတောင်မှ သရော်စာဟာ သရော်စာသာ ဖြစ်တယ်။ အချက်အလက် ဝေငှဖို့ အဓိက ရည်ရွယ်တဲ့ အရေးအသားမျိုး မဟုတ်ဘူး။ ဒီအထိ ခင်ဗျားရ, ရဲ့လား။ မရသေးရင် ခဏလောက်နားပြီး ခေါင်းအေးအေးထား စဉ်းစား။ ဆက်မဖတ်နဲ့ဦး။ ရရင် ဆက်ပြောသေးတာပေါ့။ ဟုတ်ပြီ၊ ကျုပ်စာဟာ သရော်စာ။ သရော်စာဟာ ရသ ခေါင်းစဉ်အောက်မှာ ရှိတာတော့ ခင်ဗျား သိလောက်ပါရဲ့။ `ဟာသရသ´ ဆိုတာကို မကြားဖူးရင်တောင် တတိုင်းမွှေးဂျာနယ်လောက် ဖတ်ဖူးရင် ဖြစ်တယ်။ ဒီတော့ ရသစာပေအမျိုးအစားမှာ ကျုပ်က ကျုပ်လို့ သုံးလိုက်တာ ခင်ဗျားနဲ့ ဘာဆိုင်သလဲ။ ပစ်ရင်တော့ ထိအောင်ပစ်တာ ကောင်းတယ်။ (ဦးနေ၀င်းကို သံယောင်လိုက်တာမဟုတ်ဘူး) ဝေဖန်ရေးအဆင့်မျိုးအထိ ရောက်ရင် ပိုကောင်းတယ်။ Argument ဘောင်ထဲ ၀င်အောင်ပြောနိုင်ရင် ကျုပ် ခင်ဗျားနဲ့ အခြေတင် ပြန်ဆွေးနွေးမယ်။ အကျိုးအပဲ့အချက်အလက်လေးတွေ ရှာကြံရေးပြီး အချိန်မဖြုန်းပါနဲ့။ သောက်ရေးမပါတာတွေကို ကျုပ်က အဖက်လုပ်ပြီး ပြန်ဖြေရှင်းလေ့မရှိဘူး။ အခုစာက ခင်ဗျားကို စေတနာထားလို့ ရေးနေတာ။ နို့မို့ဆို ခင်ဗျား တစ်သက်လုံး မှားနေလိမ့်မယ်။ အခုစာကို ခင်ဗျားနားလည်နိုင်လောက်တဲ့ အဆင့်အထိ အတတ်နိုင်ဆုံး ရှင်းလင်းအောင် ကျုပ် လျှော့ရေးထားတာပဲ။ နားလည်မယ်လို့ မျှော်လင့်တယ်။ မိန့်ခွန်းလိုမျိုး သုတခေါင်းစဉ်အောက်က အမျိုးအစားမှာ၊ ပြည်သူတွေအများကြီးကို ပြောရတဲ့အခြေအနေမျိုးမှာ ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) ဟာ ကျုပ်တွေ သောက်သောက်လဲ ထပ်နေအောင် သုံးနှုန်းခဲ့တဲ့ (ခြွင်းချက်) ကိစ္စကို ကျုပ် မသိချင်ယောင်ဆောင်ပြီး ထည့်မပြောတော့ဘူး။ နို့မို့ဆို ခင်ဗျား ကိုယ့် အိုင်ကျုရဲ့ အခြေအနေကို သဘောပေါက်ပြီး သိပ်အားငယ်သွားမှာ စိုးလို့ ဒီလောက်နဲ့ပဲ တော်ပြီ။

အခု ကျုပ်ရေးနေတာတွေက ဆောင်းပါးတစ်ပုဒ် မဟုတ်သလို၊ အတင်းအဖျင်း, ရန်ဖြစ်နေတဲ့ Blog တွေပေါ်က ပေါက်ကရစာမျိုးလဲ မဟုတ်ဘူး။ အထက်မှာ ဆိုခဲ့သလို ခင်ဗျားကို ပြန်ချေပနေတာ၊ ဖြေရှင်းချက်ပေးနေတာမျိုး မဟုတ်ဘူး။ ပေးစာရဲ့ ညီအစ်ကို၊ ပြန်စာ စာလို့ပဲ ခေါ်ချင်ခေါ်တော့။ ရသထဲမှာ ရောမွှေထားတဲ့ `အချက်အလက်´ (သုတ) တွေကို ဖယ်ပြီး ဖတ်ရင်တောင် ခင်ဗျားအတွက် အကျိုးမယုတ်လောက်ဘူး။ အခုစာမှာ ဘာရသပါသလဲ ဆိုရင်၊ ဒါကို ကျုပ်ထက်စာရင် ခင်ဗျားက ပိုသိလိမ့်မယ်။ ခင်ဗျား အခု ဒေါသ ထွက်နေသလား။ နည်းနည်းလေး ထပ်ပြောပြဦးမယ်။

ရသဆိုတာ `အနုပညာပစ္စည်း´ ရဲ့ အတွင်းသား (in-itself) ထဲမှာတည်နေတာ မဟုတ်ဘူး။ ဖတ်ရှု(ကြည့်)မြင်သူရဲ့ ရယူခံစားပုံနည်းလမ်းနဲ့ (Way of Perceiving/receiving) ဦးနှောက်အပေါ်မှာ မူတည်တယ်။ ခံစားနားလည်သူရဲ့ ကိလေသာအထူအပါးနဲ့ အများကြီးသက်ဆိုင်တယ်။ မိုးဇက်ရဲ့တေးသွားတွေကို ကြိုက်လှပါတယ်ဆိုတဲ့ မျောက်တစ်ကောင်မှ မရှိဘူး။ ဒီလိုပဲ ဘယ်လူပျိုဘော်ဝင်စ မျောက်မှလည်း အင်တာနက်မှာ အပြာဆိုက်တွေ ရှာမကြည့်ဘူး။ ဒီလိုခပ်လွယ်လွယ် ဥပမာတွေ ဆောင်နေရတာက အီမန်နွယ်ကန့် (Kant) အထိ သွားရင် ခင်ဗျားလိုက်မမီတော့မှာစိုးလို့ပဲ။ ဒါကိုနားလည်ပြီဆိုရင် ကျုပ်က အခု ကျုပ်ကိုယ်ကျုပ် ကျုပ်လို့ သုံးနေတဲ့အချက်နဲ့ ကျုပ်ရဲ့စာကို သုတ/ရသ ခေါင်းစဉ်တစ်ခုခုအောက် ဘောင်ကန့်ဖို့ အရည်အချင်းမီသွားလောက်ပြီ ထင်တယ်။ တကယ်ဆို ရသကိုးပါးထဲမပါတဲ့ ရသအသစ်တွေကိုတောင် အခုစာမှာ ပါချင်ပါနိုင်သေးတယ်။ တချို့ `သောက်မြင်ကပ်ရသ´ ရမယ်၊ `မျက်မုန်းကျိုးရသ´ ရနိုင်တယ်။ တချို့ `မချိပြုံးရသ´ ရမယ်။ ခင်ဗျားအနေနဲ့တော့ `နှလုံးသွေးရပ်ရသ´ပါ ရသွားနိုင်တယ်။ တစ်ခုရှိတာက ဒီအရေးအသားမှာ ကျုပ်က ကျုပ်ကိုယ်ကျုပ် ကျုပ်လို့သုံးနှုန်းနေတာ၊ ရေးဟန်က ကျွတ်ဆတ်မာကျောပြီး `ပါ´ တွေ တစ်လုံးမှ မပါတာဟာ ကျုပ်က ခင်ဗျားကို တိုက်ရိုက်ရည်ရွယ် (Direct Speech) ရေးနေတာ ဖြစ်လို့ပဲ။ ဒါကို ခင်ဗျားက မကျေနပ်ဘူးဆိုရင် ရသတွေကို လျစ်လျူရှုပြီး၊ သုတတွေကိုပဲ ယူလိုက်မယ်ဆိုရင်လည်း ခင်ဗျားအကျိုးမယုတ် လောက်ဘူးလို့ပဲ ပြောချင်တယ်။ ဒါနဲ့ နောက်တစ်ခါ ခင်ဗျား ကျုပ်ဆီ စာပို့ရင် ခင်ဗျားနာမည်ပါ ထည့်လိုက်ပါ။

စာကြွင်း။   ။ ခင်ဗျားကျုပ်ဆီစာပို့ရင် Email နဲ့ပို့ပါ။ တယ်လီပသီ (Telepathy) သုံးရတာ ကျုပ်အတွက် သိပ်အဆင်မပြေလှဘူး။ ပြီးတော့ ဒီစာကို ခင်ဗျားဆီ ကျုပ် ဘယ်လိုပို့ရမလဲဆိုတာလည်း လမ်းညွှန်စေချင်တယ်။ ခင်ဗျား မဖတ်ရသေးဘူး ဆိုရင်ပေါ့။

တေဇာ (လရောင်လမ်း)

9 comments:

pandora said...

ကျုပ်တို့ရွာမှာဖြင့် ကျုပ်လို့ပဲ သုံးတာပါပဲတော် :P

ဒါနဲ့.. စာကို အိပ်မက်ထဲကနေ ပို့တဲ့နည်း သုံးကြည့်ပါလား :)

တေဇာ (လရောင်လမ်း) said...

ညည်းပဲ ပြောပြလိုက်တော့အေ.. ခစ်ခစ်.. :P

Anonymous said...

အလိုတော်
သူကစေတနာနဲ့ပြောတာပါအေ ညည်းကလဲ ...
ဖတ်လို့တော့ကောင်းသား
ပုံလည်းမိုက်တယ်
အဲ ကျုပ်လည်း ကျုပ်ရည်းစားနဲ့ စကားပြောရင် နာမ်စား “ကျုပ်” လို့ကိုယ့်ကိုကိုယ် ရွေးသုံးပါတယ်။
တောရွာမှာ “ကျုပ်” ဆိုတဲ့ နာမ်စားသုံးမှ ပိုလေးနက်တာ။
အညာမှာဆိုရင် ကိုယ့်ဖခင်၊ ကိုယ့်မိခင်တွေနဲ့ စကားပြောရင် “ခင်ဗျား” “ကျုပ်” ဆိုတဲ့ နာမ်စားသုံးကြတယ်။ တချို့ဆို “ခင်ဗျားကြီးကလည်းဗျာ” ဆိုပြီးတော့ ကိုယ့်မိဘ၊ ဘိုးဘွားတွေကို သုံးစွဲခေါ်ဝေါ်သေးတာ။ အညာရဲ့ ယာဉ်ကျေးမှု၊ ဓလေ့။




( (ဟိုက်) ငါလည်း အနော်နမာ့စ် ပါလားးးးး )

မိုးယံ said...

အေးဗျာ ခင်ဗျား ရှင်းပြမှ ကျုပ်လည်းတော်တော်သဘော ပေါက်သွားတယ်
ကျုပ်က ခင်ဗျားစာတွေ လွှတ်ကြိုက်တာဗျ။ ခင်ဗျားလေ့လာအားနဲ့ အရေးအသားတွေ လွှတ်ကြိုက်ပဲ။ ပြီးတော့ ကျုပ်က စိတ်ပညာတို့ ဒဿနိက တို့ စိတ်ဝင်စားသေးသဗျ။

ကိုတေဇာကြီး နောက်တာနော်။ စိတ်းဆိုးရ၀ူး

ကိုဇော် said...

ကျုပ်တော့ဗျာ အဲဒီလို ကျုပ်လို့ ကျုပ်တို့ မြို့မှာ ပြောခွင့် မရတာကို လွှတ်စိတ်မကောင်း ဖြစ်နေတာဗျို့။ ကျုပ်တို့ မြို့မှာက ကျုပ်ကို ကျနော် ဆိုပြီး ဘာသာဗေဒ မမှန်ပဲ ပြောနေကြတာကလား။ ကျုပ်တော့ ကျုပ် ကျုပ် ကျုပ် ဆိုပြီးပဲ ကလော်တုပ်...အဲလေ..ကျုပ်ပြောချင်တယ်ဗျာ။

Anonymous said...

ကောင်းဗျာ။ ကျွတ်စင်ပဲ ။ ကျဉ်းကျဉ်းကျပ်ကျပ် ကျုပ် တာထက်စာရင် ခုလို ကြီးကြီးကျယ်ကျယ် ကျုပ်ပစ်လိုက်ရမှာပဲ။
အဲ့ဒီစာကို ကျီးခြေကြိုးချည်ပြီးပို့လိုက်ဖို့ အကြံပြုတယ်ဗျာ။ ခွစာလွတ်လောက်ပါရဲ့။
ကြုပ်ကျက်လိဗျို့။
ကျပ်ပေးတာ မဟုတ်ရပေါင်ဗျာ။
=)

နက်ကျုတ်

Anonymous said...

ကောင်းတယ်ဗျာ ခင်ဗျားဘလော့ကို တွေ့တာနောက်တောင်ကြနေပြီ။ကျူပ်ကလည်း
ဒီလိုလွပ်လပ်တဲ့ အတွေးမျိုးတွေကို မှ ကြိုက်တာ ဘာတဲ့ အီမန်နွယ် kant ဟုတ်လား ကျုပ်ကတော့အဲဒီလူကြီး အတွေးခေါ်တွေးခေါ်တွေကို သိပ်မုန်းတာပဲ။

တေဇာ (လရောင်လမ်း) said...

ကန့်လား။ ကျုပ်တော့ အဲ့လူကြီး ဘာပြောသလဲဆိုတာကိုတောင် သေသေချာချာနားမလည်သေးဘူး။ ခိစ်။ အဲဒီတော့လည်း မုန်းရခက်နေတယ်။း)

lwin said...

အော်...သိရင်တော့လည်း ချစ်ချင်ချစ်မယ်ဆိုတဲ့သဘောလား.မောင်တေဇာ..မတူတဲ့သဘောထားနှစ်ခုကိုမေးကြည့်တာပါ
ခလေးတွေဆိုတော့ အမှန်ကိုပိုသိတတ်လို့ မေးကြည့်တာပါ

Post a Comment