ဟဲ့ဆိုပြီး ခေါ်သံကြားလို့ ကျွန်တော် လှမ်းကြည့်လိုက်တော့ သူက တံခါးဝမှာရပ်နေတယ်။ ပြီးတော့ အရင်လိုပဲ အိမ်ထဲဝင်လာပြီး ကျွန်တော့် နံဘေးမှာ ထိုင်ချလိုက်တယ်။ အန်တီတို့ရောလို့ အိမ်ထဲကို တစ်ချက်ဝေ့ကြည့်ပြီး ကျွန်တော့်ကို မေးတယ်။ အမေဈေးသွားတယ်။ အခု ဒီအိမ်ထဲမှာ နင်နဲ့ငါနဲ့ နှစ်ယောက်ပဲ ရှိတယ်လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ သူက ကျွန်တော်ပြောတာကို အမှုမထားဘဲ နင် ဘာစာအုပ်ဖတ်နေတာလဲလို့ မေးလို့ ကျွန်တော် လက်ထဲက စာအုပ်ကို ထောင်ပြလိုက်တယ်။ စာအုပ်အဖုံးကိုမြင်တော့ မွန်ရိုးအကြောင်းလားလို့ သူက မေးတယ်။ အင်း ဟုတ်တယ်။ တစ်ခါတလေ အင်္ဂလိပ်စာဖတ်ရတာ ပျင်းဖို့ကောင်းလာတယ်။ ဘယ်သူမှ မပေးတဲ့တာဝန်ကြီးကို ကိုယ့်ဘာသာယူပြီး ဖတ်နေရသလိုပဲ။ အားစိုက်ရတယ်။ ငြီးငွေ့စရာ ကောင်းလာတယ်။ အဲလိုအချိန်မျိုးမှာ ဒါမျိုးစာအုပ်တွေကို ငါဖတ်တယ်။ ဇွတ်မှိတ်ဖတ်နေစရာမလိုပဲ အလိုလို ဖတ်ဖြစ်လာအောင် ဆွဲဆောင်မှုရှိတယ်လို့ ကျွန်တော်ပြောလိုက်တော့ နင်က စာဖတ်တာလား ပုံကြည့်တာလားဟယ်လို့ ရယ်ကျဲကျဲနဲ့ ပြန်မေးတယ်။ ကျွန်တော်ဖတ်နေတဲ့ မွန်ရိုး အထုပ္ပတ္တိစာအုပ်မှာ ပုံတွေ အတော်များများပါတယ်။ ကမ်းခြေသဲသောင်ပြင်ပေါ်မှာ ဘီကီနီနဲ့ မွန်ရိုးမြားပစ်နေတဲ့ပုံ၊ ပြီးတော့ မွန်ရိုးလို့ လူသိစေခဲ့တဲ့ ၀စ်လစ်စလစ် ပြက္ခဒိန်။ စာလည်း ဖတ်တာပေါ့၊ ပြီးတော့ ပုံတွေလည်းကြည့်တာပေါ့လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။
သူက အလှအပ၊ အဖော်အချွတ်တွေကြောင့်ပဲ ကမ္ဘာကျော်ခဲ့တာမဟုတ်လား။ ပြီးတော့ သူ့ရဲ့ အောင်မြင်မှုဟာလည်း တာရှည်မခံခဲ့ဘူး မဟုတ်လား။ သူ့အောင်မြင်မှုဟာ အခြေအမြစ်မရှိတဲ့ အရာတွေပေါ်မှာ တည်ဆောက်ထားတာကြောင့်လို့ နင်မထင်ဘူးလား။ ရွှေရောင်ဆံပင်နဲ့ မိန်းကလေးတွေဟာ ဉာဏ်မရှိဘူးလို့ ပြောကြတိုင်း မွန်ရိုးကိုပဲ ငါပြေးမြင်တယ်လို့ သူက ပြောတယ်။ ဘာဖြစ်လို့လဲတော့ မသိဘူး။ ကျွန်တော် သူ့ဆံပင်တွေကို သတိထားကြည့်လိုက်မိတယ်။ ရွှေရောင်မဟုတ်ပါဘူး။ အနက်ရောင်တွေ။ ခေါင်းလျှော်ရည်နံ့ သဲ့သဲ့ကိုလည်း ကျွန်တော် ရလိုက်တယ်။ ဆံပင်အရောင်နဲ့ ဉာဏ်ရည်အဆက်အစပ်ကိုတော့ ငါလည်း မသိဘူး။ နော်မာဂျင်း (၁၆) နှစ်သမီးမှာ ယောက်ျားရသွားတာကိုတော့ ငါသိတယ်။ နင်ရော (၁၆) နှစ်ပြည့်ပြီလားလို့ ကျွန်တော်က မေးလိုက်တယ်။ သူက ကျွန်တော့်ကို မျက်စောင်းထိုးတယ်။ အမှန်တော့ သူ မျက်စောင်းထိုးတဲ့ပုံစံကို ကျွန်တော် သဘောကျလို့ သူ မျက်စောင်းထိုးအောင် ကျွန်တော် မကြခဏ လုပ်လေ့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ငါကတော့ သူ့ကို စံပြအမျိုးသမီးတစ်ယောက်လို့ မမြင်နိုင်ပါဘူး။ ငါသူ့ကို သဘောမကျဘူးလို့ သူက ပြောတယ်။ ငါလည်း သူ့ကို စံပြအမျိုးသမီးတစ်ယောက်လို့ မထင်ပါဘူး။ ဒါပေမဲ့ သူ့အထုပ္ပတ္တိကို ဖတ်လို့တော့ အကျိုးမယုတ်လောက်ဘူး။ သူ့စကားတစ်ခွန်းကို ငါ သိပ်သဘောကျတယ်။ လူတွေဟာ အရည်ပြားကို ဆုတ်ဖြဲပြီး ယူချင်နေကြတာလို့ သူပြောခဲ့တယ်။ ဒါကို သူ့အတွေ့အကြုံအရ ပြောတာခဲ့ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အဲဒီစကားဟာ အားလုံးအတွက်လည်း အခြေခံအားဖြင့် မှန်နေတယ်လို့ ငါထင်တယ်လို့ ပြောလိုက်တော့ နင်ရော သူများအရည်ပြားကို ဆုတ်ဖြဲပြီး ယူချင်နေတဲ့ လူမျိုးပဲလားလို့ သူက ခပ်တည်တည်နဲ့ ကျွန်တော့်ကို မေးတယ်။ သူ မကျေမနပ်ဖြစ်သွားပုံက သိသာလွန်းတယ်။ ငါ့အနေနဲ့ ဘယ်သူ့ကိုမှ နာကျင်စေလိုတဲ့ စိတ်ထားတော့ မရှိပါဘူး။ ဒါပေမဲ့ အလိုဆန္ဒမပါဘဲလည်း နာကျင်အောင် လုပ်မိတတ်တာပဲ မဟုတ်လား။ ပြီးတော့ ကိုယ်တိုင်လည်း နာကျင်ရတတ်တာပဲမဟုတ်လားလို့ ပြောပေမဲ့ သူက အေးစက်စက်ကြည့်နေတုန်းပဲ။ အန်တီကလည်း ပြန်မလာသေးဘူးလားလို့ ပြောပြီး ကျွန်တော့်နားက ထသွားတယ်။ အမေက ပြန်လာဦးမှာ မဟုတ်သေးဘူး။ နင်ပျင်းနေရင် ငါတို့ စက်ဘီးလျှောက်စီးကြမယ်လေလို့ ကျွန်တော်က ပြောလိုက်တယ်။ အဲဒီတော့မှ အင်းလို့သူကပြောပြီး သူက ပြုံးလိုက်တယ်။
အပြင်မှာတော့ ညနေစောင်းနေပြီ။ နေမပူတော့ဘူး။ ကျွန်တော့် မောင်းတိန်းစက်ဘီးမှာ ကယ်ရီယာ မပါဘူး။ သူ့ကို ဘားတန်းပေါ်ကပဲ ကျွန်တော် အမြဲ တင်စီးလေ့ရှိတယ်။ ငါတို့ လယ်ကွင်းတွေဘက် သွားရအောင်လို့ သူက ပြောတော့ အေးသွားတာပေါ့လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။ လယ်ကွင်းတွေဘက်ဆီမှာက လေတဖြူးဖြူးနဲ့။ ညနေဘက်ဆို အရမ်းသာယာတယ်။ စွန်လွှတ်နေတဲ့လူတွေလည်း အများကြီးပဲ။ အဲဒီလူတွေရှေ့မှာ သူ့ကို စက်ဘီးပေါ်တင်စီးသွားရတာ ကျွန်တော် ဂုဏ်ယူမိသလိုပဲ။ သူ့ကို လှမ်းစတဲ့လူ ရှိရင် ကျွန်တော် ပြုံးမိတယ်။ သူကတော့ ကျွန်တော့်မျက်နှာကို မြင်ရမှာ မဟုတ်ဘူး။ လယ်ကွင်းထဲက မြေနီလမ်းလေးအတိုင်း စက်ဘီးကို နင်းလာရင်း ကျွန်တော် မျှော်လင့်ခြင်းကွင်းပြင်ဆိုတဲ့ သီချင်းကို သတိရသွားတယ်။ တစ်ချိန်ကျလို့ နင်နဲ့ငါ ဝေးသွားကြရင် မျှော်လင့်ခြင်းကွင်းပြင်ဆိုတဲ့ သီချင်းကို ငါဆိုနေမှာလို့ ကျွန်တော်က သူ့ကို ပြောလိုက်တယ်။ ဘာဖြစ်လို့လဲတော့ မသိဘူး။ ကျွန်တော့်ဆီမှာ အနာဂတ်ကို ကြိုပြီး လွမ်းတတ်တဲ့ အကျင့်ရှိတယ်။ သာယာပျော်ရွှင်နေရတဲ့ အချိန်မှာတောင် ဒါတွေဟာ ခဏလေးပဲဆိုတဲ့ အသိကို အမြဲ ခံစားရတတ်တယ်။ ကျွန်တော် သိထားတဲ့ အနာဂတ်ဟာ မနက်ဖြန်တွေ၊ သန်ဘက်ခါတွေ မဟုတ်ဘူး။ အနာဂတ်အကြောင်းကို စဉ်းစားတိုင်း အမှောင်ထုကြီးသက်သက်ကိုပဲ ကျွန်တော် ခံစားမိတယ်။ သူနဲ့ကျွန်တော်လည်း တစ်ချိန်ကျရင် ဝေးသွားကြလိမ့်မယ်လို့ ကျွန်တော် အသေအချာ သိနေတယ်။ ငါတို့က ဝေးသွားကြမှာလားလို့ သူက အမှတ်တမဲ့ မေးတယ်။ အေးပေါ့။ အခုတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ တစ်ချိန်ကျရင် ဝေးသွားကြမှာပဲလို့ ပြောရင်း ကျွန်တော် စိတ်မကောင်းဖြစ်သွားတယ်။ ပြီးတော့မှ အခြေအမြစ်မရှိဘဲ ကြိုတင်လွမ်းနေတာကို သတိထားမိပြီး ကိုယ့်ကိုယ်ကိုယ်လည်း ကျိန်ဆဲလိုက်မိတယ်။ ကျွန်တော် အလွမ်းအဆွေးသမား မဖြစ်ချင်ဘူး။ ဒါပေမဲ့ အဲဒီလို ခံစားချက်မျိုးကို ကျွန်တော် ဘယ်တုန်းကမှ မမောင်းထုတ်နိုင်ခဲ့ဘူး။ သူကတော့ ကျွန်တော့်လို တွေးနေပုံမရဘူး။ ကောင်းကင်က စွန်လေးတွေကို လိုက်ကြည့်ရင်း ပျော်နေပုံပဲ။
သူ့ဆံပင်တွေက လွင့်နေလို့ ကျွန်တော့်မျက်နှာကို လာလာရိုက်နေတယ်။ ခေါင်းလျှော်ရည်နံ့ကို ကျွန်တော် ပြန်ရလာတယ်။ ဓာတုဗေဒအနံ့တွေကို ကျွန်တော် မကြိုက်ပေမဲ့ သူ့ဆီက ရတော့လည်း သဘောကျမိသလိုပဲ။ မာရီလင်မွန်ရိုးအကြောင်းကို ပြန်သတိရလာပြန်တယ်။ အနာဂတ်ကို ကြိုလွမ်းနေတာကိုမေ့ပြီး စိတ်လှုပ်ရှားလာမိပြန်တယ်။ ဂုတ်ကလေးကို နမ်းချင်တယ်ဗျို့လို့ ကျွန်တော် သူ့ကို ပြောလိုက်တယ်။ သူ့ဆီက နင်နော်ဆိုတဲ့ အသံထွက်လာတယ်။ ပြီးရင် ပြန်တောင်းပန်မှာပေါ့။ စိတ်မထိန်းနိုင်လို့ နမ်းမိသွားပါတယ်လို့ ငါပြန်တောင်းပန်မှာပေါ့လို့ ကျွန်တော်က ပြောလိုက်တယ်။ ငါသဘောမတူဘူးဆိုရင်ရောလို့ သူက ပြောတယ်။ သဘောမတူတာကတော့ နင့်အခွင့်အရေးပဲ။ ဒါပေမဲ့ နမ်းဖို့ကလည်း ငါ့အခွင့်အရေးပဲ။ နင်က ငါ့စက်ဘီးဘားတန်းပေါ် ရောက်နေတာကိုးလို့ ကျွန်တော်က ပြောတော့ ငါကနင့်ကို ယုံလို့ လိုက်လာတာပေါ့လို့ သူက ပြောတယ်။ ငါ့ကို ငါတောင် မယုံဘူး။ နင်က ငါ့ကို ဘာလို့ ယုံတာလဲလို့ ကျွန်တော်က ပြန်မေးလိုက်တယ်။ သူက ခေါင်းကို စောင်းပြီး ယားသလိုလုပ်နေတယ်။ ငါ့စိတ်ကို မထိန်းနိုင်လို့ တောင်းပန်ပါတယ်လို့ ကျွန်တော်က သူ့နားနားကို ကပ်ပြောလိုက်တယ်။ သူပြုံးနေသလားဆိုတာ ကျွန်တော် မသေချာဘူး။ သူ့မျက်နှာကို မမြင်ရဘူး။ ယောက်ျားလေးတွေဟာ အရည်ပြားကို ဆုတ်ဖြဲပြီး ယူချင်နေကြတာကိုးလို့ သူပြောလိုက်တာ ကြားရတယ်။
အပြန်လမ်းကျတော့ အတော်မှောင်နေပြီ။ စွန်လွှတ်နေတဲ့လူတွေတောင် မရှိကြတော့ဘူး။ မြက်ခင်းစိမ်းစိမ်းတွေက အနက်ရောင်အဖြစ် ပြောင်းသွားပြီ။ စောစောတုန်းက လတ်ဆတ်တယ်လို့ ထင်ရတဲ့လေက အခု အေးစက်စက်အသိကိုပဲ ပေးနေတယ်။ ကောင်းကင်မှာ ငှက်တစ်အုပ်ပျံသွားတာကို တွေ့လိုက်ရတယ်။ သူက အသံတိတ်နေတယ်။ သူစိတ်ဆိုးနေတာမဟုတ်မှန်း ကျွန်တော် သိတယ်လို့ သူလည်းသိပါတယ်။ အဲဒီငှက်တွေ ဘယ်ကိုပျံသွားကြလဲမသိဘူးလို့ ကျွန်တော်က တစ်ယောက်ထဲပြောသလို ရေရွတ်လိုက်မိတယ်။ သူက ငြိမ်နေတုန်းပဲ။ ကောင်းကင်ကြီးဟာ လွန်ခဲ့တဲ့ နာရီဝက်လောက်က လိုတောင် မလှတော့ဘူးလို့ ကျွန်တော်ပြောလိုက်တော့မှ နင်ကလဲဆိုတဲ့ ဘာမှန်းမသိတဲ့အသံ သူ့ဆီက ထွက်လာတယ်။ တကယ်ဆို သူကတော့ ကျွန်တော့်ကို နာကျင်စေချင်ခဲ့တာ မဟုတ်ပါဘူး။ ငှက်တွေဟာ အိပ်တန်းတက်ဖို့ အနာဂတ်ဆီကို ပျံသွားကြတာလား မသိဘူးလို့ ကျွန်တော်ပြောလိုက်တဲ့အသံဟာ ပါးစပ်က ဘယ်တော့မှ ထွက်မလာတော့ဘူး။ အဲဒီအချိန်တုန်းက ကျွန်တော့်အရည်ပြားတွေ ပဲ့ကျနေခဲ့တာကို သူ သတိမထားမိလောက်အောင် မှောင်နေပြီ။
တေဇာ (လရောင်လမ်း)
အောက်တိုဘာ (၇) ၂၀၁၀
သရုပ်ဖော်။ ငုအိမ်ထက်မြက်
သရုပ်ဖော်။ ငုအိမ်ထက်မြက်
မိုက်တယ်
ReplyDeleteအသားယူတာထက် အရေပြားတောင် ဆုတ်ဖြဲယူတဲ့အသုံးအနှုန်းကို သဘောကျလိုက်မိတယ်..
အရေးအသားလေး ကျစ်လျစ်ပြီး လှတယ်။ ကြိုက်တယ်။း)
ReplyDeletegood post
ReplyDeleteငယ်ငယ်က စက်ဘီးလျှောက်စီးမိတာကို သတိရသွားစေတဲ့ အထိပဲ။ အရေးအသားကောင်းပြီး စကားလုံး ရွေးခြယ် ဆွဲဆောင်နိုင်မှုလည်း ကောင်းတယ်။
ReplyDeleteပဲ့ကျသွားတဲ့အရည်ပြားတွေကို
ReplyDeleteပို့စ်အဆုံးမှာ တွေ့လိုက်ရတယ်..။
တိုတိုလေး....(ကြယ် လေးပွင့်ပဲ ပေးမယ် .....)း)
ReplyDeleteအဖွင့်ရော ... အဆုံးရော.. မြင့်သန်း အတိုင်းပဲ..း)
ReplyDeleteလှတယ်ဗျာ ။
ReplyDeleteဘာဖြစ်လို့လဲတော့ မသိဘူး။ ကျွန်တော့်ဆီမှာ အနာဂတ်ကို ကြိုပြီး လွမ်းတတ်တဲ့ အကျင့်ရှိတယ်။ သာယာပျော်ရွှင်နေရတဲ့ အချိန်မှာတောင် ဒါတွေဟာ ခဏလေးပဲဆိုတဲ့ အသိကို အမြဲ ခံစားရတတ်တယ်။ ကျွန်တော် သိထားတဲ့ အနာဂတ်ဟာ မနက်ဖြန်တွေ၊ သန်ဘက်ခါတွေ မဟုတ်ဘူး။ အနာဂတ်အကြောင်းကို စဉ်းစားတိုင်း အမှောင်ထုကြီးသက်သက်ကိုပဲ ကျွန်တော် ခံစားမိတယ်။ သူနဲ့ကျွန်တော်လည်း တစ်ချိန်ကျရင် ဝေးသွားကြလိမ့်မယ်လို့ ကျွန်တော် အသေအချာ သိနေတယ်။