“ဒီနေ့မှာလည်း နေရောင်ခြည်ဟာ ကျွန်တော့်ကို နွေးထွေးစေမြဲ...”
§ § § § § § §
ဒီနေ့သည် (၁) ရက်နေ့ ဖြစ်သည်။ စင်စစ် ဒီနေ့သည် များစွာသော (၁) ရက်နေ့များထဲမှ တစ်နေ့ဖြစ်ပါသည်။ ဒီနေ့သည် လူ့သတ်မှတ်ချက် နှစ်သစ်တစ်ခု၏ အစဖြစ်၏။ စင်စစ် များစွာသော နှစ်သစ်များထဲမှ တစ်နှစ်သာ ဖြစ်ပါသည်။ ဒီနေ့သည် သန္နိဋ္ဌာန် တစ်ခုခု စတင်ချမှတ်ဖို့ ကောင်းသည့် နေ့တစ်နေ့ဖြစ်သည်။ စင်စစ် တစ်နှစ်မခံသော သန္နိဋ္ဌာန် တစ်ခုခု တချို့လူများ စတင်ချမှတ်ကြရာ နေ့လည်း ဖြစ်ပါသည်။ ဒီနေ့သည် နေသာသောနေ့တစ်နေ့ ဖြစ်ပါသည်။ စင်စစ် ဒီနေ့ အမှန်တကယ် ရှိ(ခဲ့)ကြောင်းကို ဒီနေ့အတွင်း ရှင်သန်ခဲ့ဖူးသော လူတစ်ယောက်က မည်သို့ သက်သေပြမည်နည်း။ ဒီနေ့သည် ရွက်ကြမ်းရည်ကြို လှပနေသည့် နေ့တစ်နေ့သာ ဖြစ်ပါ၏။ ဒီနေ့သည် လစ်ဟာမှုပေါင်းများစွာအတွင်းမှ ကြားနေရသော ပစ္စက္ခစက္ကန့်သံ အချို့သာ ဖြစ်ပါ၏။
ကျွန်တော်က ပန်းခြံအတွင်း ထိုင်နေသည်။ အိုဟောင်းသောနေရောင်ခြည်သည် ကျွန်တော့်ထံ နွေးထွေးမှုအသစ်တို့ ပေးနေမြဲ ဖြစ်ပါသည်။ “အော်ဂလီ” ကို စိတ်ဝင်စားသယောင် ထိုင်ဖတ်နေသည်။ အာရုံပျံ့လွင့်စွာ ထိုင်ဖတ်နေသည်။ “ယခုကျွန်တော်”သည် “မကြာခင်ကျွန်တော်”ရေးတော့မည့် အက်ဆေးတစ်ပုဒ်ထဲမှ ဇာတ်ကောင်သဖွယ် သရုပ်ဆောင်နေသည်။ မိုင်ပေါင်း (၉၃) သန်း ခရီးပြင်း နှင်လာရသော နေရောင်ခြည်သည် ကျွန်တော့်ကိုယ်ပေါ် အတားအဆီးမရှိ ဖြာကျနေသည်။ “သူသည် နှုတ်ဆိတ်နေခြင်းအားဖြင့် အကြီးအကျယ် ခြိမ်းခြောက်တတ်သည်” ဟူသော နေရာတွင် ကျွန်တော် အစီအစဉ်မရှိ ဗြုန်းခနဲ ရပ်ပစ်လိုက်သည်။ နှစ်ခါပြန် ရပ်ပစ်ခြင်းသာ ဖြစ်ပါသည်။ စာဖတ်ခြင်းကိုရပ်ပစ်ပြီး မတ်တပ်ပါ ရပ်ပစ်လိုက်ခြင်းဖြစ်ပါသည်။ ၀တ္ထုထဲက ဇာတ်ကောင်တစ်ကောင်လို ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်သည်။ နေပူစာလှုံပြီး စာဖတ်ချင်ယောင်ဆောင်နေသော လူတစ်ယောက်၊ စာအုပ်ကိုကြည့်ပြီး နေပူထဲ ထိုင်နေသော လူတစ်ယောက်... ဘာဆိုဘာမျှမဟုတ်။ စင်စစ် ကျွန်တော်သည် အက်ဆေးအရေးအသား အချို့အတွင်းမှ သာမာန်ဇာတ်ကောင်တစ်ဦးသာ ဖြစ်ပါသည်။ ကျွန်တော် ရေးသားခဲ့သည့် အက်ဆေးများဖြစ်ပါသည်။ အဆိုပါဇာတ်ကောင်သည်.....
§ § § § § § §
ပန်းခြံတွင်းရှိ ကွန်ကရစ်ပတ်လမ်းပေါ်တွင် လမ်းလျှောက်နေသော လူအချို့ကို ငေးကြည့်နေသည်။ ပြိုင်ကားလမ်းမများလို လိမ်တိလိမ်ကောက်နှင့် ပန်းဝင်သည့်နေရာသည် တာထွက်သည့်နေရာကိုပင် ပြန်ရောက်လာခြင်းဖြစ်သည့် စက်ဝိုင်းမဟုတ်သော ပတ်ချာလည် ကွန်ကရစ်လမ်းမ ဖြစ်ပါသည်။ ထိုလမ်းမပေါ် လျှောက်မည်ဆိုလျှင် တစ်နာရီအချိန်ကုန်လည်း ပန်းခြံတွင်းမှ လွန်မြောက်နိုင်မည် မဟုတ်၊ စင်စစ် ဘယ်တော့မှလွတ်မြောက်မည် မဟုတ်ပါ။ သို့သော် ဤလမ်းသည် လွန်မြောက်ရန်လည်း ရည်ရွယ်ချက်မရှိပါ။ ထွက်မြောက်ရာလမ်းလည်း မဟုတ်ပါ။ လျှောက်နေကြသူတို့၏ ရည်ရွယ်ချက်သည် လမ်းလျှောက်ဖို့သာဖြစ်ပြီး ခရီးရောက်ဖို့မဟုတ်ပါ။ ပန်းခြံအတွင်းရှိလမ်းပေါ်တွင် လမ်းလျှောက်နေသည့် လူများသည် တစ်ပတ်ပြည့်သော် မူလနေရာပင် ပြန်ရောက်ခဲ့ကြ၏။ ကျွန်တော်၏ ဇာတ်ကောင်က သူတို့ကို ငေးကြည့်နေသည်။ စင်စစ် အဆိုပါ ပတ်လမ်းအတွင်းရှိ ထိုင်ခုံတစ်ခုမှနေ၍ ထိုင်လျက်သား ငေးကြည့်နေမိခြင်းသာ ဖြစ်ပါသည်။ စင်စစ် နေရောင်အောက်မှ ငေးကြည့်နေခြင်းသာ ဖြစ်ပါသည်။
(၈) မိနစ်ခန့် ခရီးပြင်းနှင်လာသော နေရောင်ခြည်သည် ကျွန်တော့်အား နွေးထွေးစေသည်။ တစ်ချိန်တည်းတွင်ပင် တစိမ့်စိမ့်အေးမြလာစေသော လေညှင်းကို မသိကျိုးကျွံ ပြုထားရသည်။ သဘာဝတရားသည် ဘက်မလိုက်တတ်သော်လည်း ကျွန်တော်က သဘာဝတရားအပေါ် ဘက်လိုက်၍ အဆုံးအဖြတ်ပေးခဲ့သည်။ ယနေ့အဖို့ နေရောင်ခြည်၏ နွေးထွေးမှုကို အနိုင်ပေးလိုက်သည်။ မနက်ဖြန်အကြောင်းတော့ စဉ်းစားရန် လိုအပ်လိမ့်မည်မထင်။ (၂၄) နှစ်အတွင်း (၂၄) နာရီခန့်ကိုပင် ကျွန်တော် ရယူပိုင်ဆိုင်နိုင်ခြင်း မရှိခဲ့။ မိမိ၏ တည်ရှိမှုအပေါ် သံသယ၀င်လာသော ကြိမ်ဖန်များစွာတွင် ကျွန်တော် နှာသီးဖျားကို ဂယောင်ခြောက်ခြား အာရုံပြုမိခဲ့သည်။ အဆက်မပြတ်စက္ကန့် သံများအတွင်း အလိုတူအလိုပါ မစီးမြောနိုင်ခြင်းက ကျွန်တော့်ကို ပန်းခြံအတွင်းရှိ ပတ်လမ်းအပေါ် မရောက်အောင် တားဆီးထားသည်။ ခုံပေါ်တွင် ငုတ်တုပ်ထိုင်ပြီး လမ်းလျှောက်နေသူများကို နေပူစာလှုံငေးမောနေသူ တစ်ယောက်မျှသာ ဖြစ်ခဲ့ရသည်။ မြင်ကွင်းအသေးစိတ်သည် အသံတိတ်နည်းဖြင့် ကျွန်တော့်ကို အကြီးအကျယ် ခြိမ်းခြောက်နေခဲ့ပါသည်။
တကယ်တော့ ဘ၀သည် ဖီလော်ဆော်ဖာတစ်ယောက် လျှောက်ရေးထားသည့် အက်ဆေးတစ်ပုဒ်အတွင်းမှ ဇာတ်ကောင်တစ်ကောင်ပမာ ကစဥ့်ကလျားနိုင်လှ၏။ ယခုလည်း အဆိုပါဇာတ်ကောင်သည် အစီအစဉ်မရှိ ဗြုန်းခနဲထရပ်ပြီး ကွန်ကရစ်ပတ်လမ်းကို ကန့်လန့်ဖြတ် ဖြတ်သန်း၍ အိမ်အပြန်လမ်းကို မျက်နှာမူခဲ့လေပြီ။ နေရောင်ခင်းထားသည့် ပန်းခြံအတွင်းဝယ် လူနှင့်လမ်းသာ အရင်လို ကျန်ရစ်ခဲ့၏။ အက်ဆေးဆရာ ဖီလော်ဆော်ဖာသည် “နေရောင်ခြည်သည် ကျွန်တော့်ကို နွေးထွေးစေမြဲ” ဟူသည့် ၀ါကျကိုသာ မှန်ကန်စွာ ရေးသားနိုင်ခဲ့၏။
စင်စစ် ဒီနေ့တွင်သာ နေရောင်ခြည်ဟာ ကျွန်တော့်ကို နွေးထွေးစေနိုင်ခဲ့ပါသည်။
◄ တေဇာ ► ဇန်န၀ါရီ (၁) ၂၀၁၀
◄ တေဇာ ► ဇန်န၀ါရီ (၁) ၂၀၁၀
ပျော်ရွှင်ဖွယ် နှစ်သစ်ကစ မင်္ဂလာအပေါင်း ခညောင်းပါစေ။
ReplyDeleteစာကောင်းလေးတွေ အများကြီးရေးနိုင်ပါစေ။