Skip to main content

မျောက်တို့၏ မာယာ

တလောက စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ် ကြားလိုက်ရသည်။ မြန်မာနိုင်ငံရှိ ဆရာတော် သံဃာတော်များအား သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ခြင်းနှင့် ပတ်သက်၍ သီရိလင်္ကာရှိ မြန်မာ ဘုန်းတော်ကြီး တစ်ပါးကို သတင်းဌာနမှ မေးမြန်းထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရမှ ဆရာတော် သံဃာတော် များအား သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ခြင်းကို နှစ်စဉ် ဇန်န၀ါရီ (၄) ရက်၊ လွတ်လပ်ရေးနေ့တွင် ပြုလုပ်လေ့ရှိသည် ဆို၏။ ဤတွင် မေးစရာ ပေါ်လာသည်။ ဗုဒ္ဓဘာသာအမြင်အရ ဤသို့ သံဃာတော်များအား ဘွဲ့တံဆိပ် ဆက်ကပ်ခြင်း ကိစ္စသည် မည်သို့ရှိမည်နည်း။ မြတ်စွာဘုရား မည်သို့ဟောကြားခဲ့သနည်းဟူသော မေးခွန်းကို စဉ်းစားစရာ ပေါ်လာသည်။

မြတ်စွာဘုရား လက်ထက်တော်က ထူးချွန်ပြောင်မြောက်သည့် သံဃာတော်များအား “ဧတဒဂ်” ဘွဲ့ကို မြတ်စွာဘုရားကိုယ်တော်တိုင် ချီးမြှင့်ခဲ့သည် ဆို၏။ တည်ဆဲဘုရင်မင်းမြတ် တစ်ပါးပါးမှတော့ သံဃာတော်တို့အား တော်လွန်းလှ၏ဆိုပြီး ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းများ မကြားခဲ့စဖူး။ ဤသို့ ဆက်ကပ်နိုင်ခြင်း ရှိမရှိကိုလည်း မြတ်စွာဘုရား မည်သို့ဟောကြားခဲ့သည် ဟူသည်ကိုလည်း မကြားခဲ့စဖူး။ ခုတော့ စစ်အစိုးရက သာသနာတော်ကိုပါ ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးနေ၏။ သူတို့က သာသနာ၏အထက်က ဖြစ်ခဲ့ပြီ။ မျောက်ကားက မျက်နှာကြက်တက် ကပ်နေလေပြီ။ သည်တော့ စစ်အစိုးရ၏ စံဖြင့် ပိုင်းဖြတ်ပေးအပ်သည့် ဘွဲ့တံဆိပ်များကို “ထိုက်ထိုက်တန်တန်” ရသူရှိသလို “အချောင်” ဆွတ်ခူးသူတို့လည်း ရှိလာသည်။ အချောင်ဆွတ်ခူးသူ ရှိသည့်အတွက် ဘွဲ့တံဆိပ်တို့၏ တန်ဖိုးမှာလည်း အရောင်အ၀ါ မှေးမှိန်သွားမည်သာ ဖြစ်ကြောင်း သိသာပါသည်။



ထိုမှတစ်ဆင့်တက်၍ ယခုအခါတွင် အဆိုပါဘွဲ့တံဆိပ်များအား သက်ဆိုင်ရာသံဃာတော်များက လျှောက်ထားကြရသည် ဆို၏။ ဥပမာ- အရှင် -------- စသည်၊ ဘွဲ့တံဆိပ်နှင့် ထိုက်တန်မှုရှိပါသည် ဟူ၍ စစ်အစိုးရထံ လျှောက်ထားကြရသည်။ ကိုယ်တိုင်မဟုတ်သော်မှ သက်ဆိုင်ရာ ဒကာဒကာမများမှတစ်ဆင့် အစိုးရထံ လျှောက်ထားကြရသည်ဆို၏။ ထိုအခါ ဘွဲ့တံဆိပ်ရောဂါထသည့် သူများလည်း ရောနှောပါဝင်လာ ကြတော့သည်။ “သာသနာရေးဆိုင်ရာ ဂုဏ်ဒြပ်” တစ်ခု ဖြစ်လာလေပြီ။

ဤတွင် အော်ဝဲလ်၏ Animal Farm ထဲမှ ဘွဲ့တံဆိပ် ဖန်တီး၍ မိမိဘာသာ ပြန်လည်ပေးအပ်ချီးမြှင့်သည့် “၀က်အာဏာရှင်” ကို သတိရမိသည်။ သူ့ဘာသာသူ ပေးသည်က အရေးမကြီး၊ သူတို့အသိုင်းအ၀ိုင်း ကွက်ကွက်လေးမျှလွဲ၍ မည်သူကမျှလည်း အရေးတယူ လုပ်သည်မဟုတ်။ သာသနာပြုမင်းတရားကြီး စိတ်ဝင်၍ ဘာသာရေးတွင် သူ့ခြေသူ့လက် ၀င်လုပ်နေခြင်းက သာသနာတော်ကို မှေးမှိန်စေသလို သာသနာတော်အပေါ်ထားသည့် ပြည်သူတို့၏ ကြည်ညိုမှုကိုလည်း တစ်နည်းတစ်ဖုံအားဖြင့် လျော့ပါးစေသည်။ အလှူငွေ တနင့်တပိုး ပေးပြီး သေလျှင် မိမိနာရေးကြော်ငြာအမည် ရှေ့တွင် ရှည်ရှည်လျားလျားထည့်နိုင်စရာ ဘွဲ့များ ၀ယ်ယူနေသည့် “လူ” များအကြောင်းတော့ တခုတ်တရပင် ဆွေးနွေးရန်အကြောင်း မရှိတော့ပါ။

§ § § § § § §

ဤပုံစံနှင့် အဆင်တူ အသွေးတူ အကြောင်းအရာ တစ်ခု တင်ပြလိုပါသေးသည်။ “မြန်မာ ဘလော့အကယ်ဒမီ” ပေးပွဲအတွက် စာရင်းပေးသွင်းရန် ဟူသည့် သတင်းတစ်ခု တွေ့ရ၏။ “အကယ်ဒမီ” မေးမည့်သူများ၊ ပေးအပ်ရသည့် ရည်ရွယ်ချက်နှင့် စည်းမျဉ်း စည်းကမ်းများ၊ ဆုရွေးချယ်သည့် နည်းလမ်း စသည့် တိုလီမုတ်စများကို “ဤနေရာတွင်” ဖတ်ရှုနိုင်ပြီး ကျွန်တော့်အနေဖြင့် အကျယ်တ၀င့် မပြောလိုတော့ပါ။ ဆွေးနွေးစရာ အချက်များ တပုံတပင် ရှိနေပါသည်။ အထက်တွင်ဖော်ပြခဲ့သည့် အကြောင်းအရာနှင့် သဘောတရားချင်းတူသည့် မျက်စိစူးဖွယ် တစ်ချက်လေးကိုသာ ပြောချင်ပါသည်။ ဆုပေးရာတွင် ထည့်သွင်းစဉ်းစားခံရဖို့ ရေးသားသူ Blogger က စာရင်းသွင်းရမည်ဆိုသည်မှာ ကျွန်တော့်အမြင်အရ အောက်ကျသည်ဟု ထင်ပါသည်။ “ကျွန်တော်ကတော့ ဒီလိုလေး ကြိုးစားဖန်တီး ထားပါတယ်ခင်ဗျာ” ဟူ၍ မိမိကိုယ်ကိုယ် သူများအဆုံးအဖြတ်ခံဖို့ ထိုးအပ်ရမည်မှာ အတော်ရယ်စရာကောင်းသည့် ကိစ္စဖြစ်ပါသည်။ အများကြိုက် မဲပေးဆုံးဖြတ်မှာဟု ပြောလျှင်လည်း အဆိုပါနည်းလမ်း၏ ခိုင်လုံမှု (Validity) က မေးခွန်းထုတ်စရာ ဖြစ်ပါသည်။ သည်တော့ ခြုံငုံပြောရလျှင် သာသနာကိုသော်မှ အထက်ကနေ၍ ထင်သလို ချယ်လှယ်နေကြလျှင် Blog ဆိုသည့် အရာအတွက်တော့ ပြောစရာပင် လိုမည်မထင်။ နာကျည်းမှုများကို ခဏဘေးထုတ်ထားခဲ့ပါလျှင် သည်အရပ်နှင့် သည်ဇာတ်မှလူများသည်  အတော်ဟာသရသမြောက်အောင် လုပ်နိုင်သည့် လူများပင်ဟု ထင်မိပါသည်။

၁၉၆၄ ခုနှစ်တွင် စာပေဆိုင်ရာနိုဗယ်ဆု ချီးမြှင့်ခြင်းကို “ယန်းပေါဆာ့ထ်” က ငြင်းပယ်ခဲ့သည်။ ငြင်းပယ်ရသည့် အကြောင်းရင်းကို “ပလေးဘွိုင်” မဂ္ဂဇင်းမှ အင်တာဗျူးတွင် မေးမြန်းခဲ့ရာတွင် သူက ဤသို့ ပြန်လည် ဖြေကြားခဲ့သည်။

“ဘွဲ့ထူးဂုဏ်ထူးတစ်ခု ဒါမှမဟုတ် ဆုတစ်ခုခုဟာ ကျွန်တော်နဲ့ပတ်သက်စရာ ဘာမှမရှိဘူးလို့ ယူဆထားလို့ပါပဲ။ ကျွန်တော့်အတွက် ရနိုင်စရာ အမြင့်ဆုံးဂုဏ်ပြုမှုကတော့ ကျွန်တော့်စာတွေ အဖတ်ခံရခြင်းသာ ဖြစ်တယ်လို့ ကျွန်တော် ယူဆထားပါတယ်” 

ဆာ့ထ်၏ အယူအဆမှာ အစွန်းရောက်မှု ရှိမရှိဆိုသည်ကို ကိုယ်ပိုင်အတွေးအခေါ်အားဖြင့်သာ သတ်မှတ်နိုင် ပါလိမ့်မည်။ ကမ္ဘာတွင် ဂုဏ်သိက္ခာမြင့်မားလှပါသည်ဆိုသော နိုဘယ်ဆုတွင်သော်မှ “ဘက်လိုက်မှု” (Bias) များ နက်နက်နဲနဲ ရှိနေပါသည်။ ၁၉၆၄ ခုနှစ်တွင်ပင် ကဗျာဆရာကြီး “ပက်ဘလိုနီရုဒါ” အား အမေရိကန်နှင့် အစေးမကပ်သဖြင့် နိုဘယ်ဆု ဆန်ကာတင် စာရင်းမှ ပယ်ဖျက်ခံရခြင်းကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။ ထို့ကြောင့် “ဆု” များကို အထင်သေးစရာမလိုသလို အထင်ကြီးစရာလည်း လိုလိမ့်မည် မဟုတ်ပါ။ ဟပ်ချလောင်းလုပ်ထားသည့် ဆုအမျိုးမျိုးအဖုံဖုံတို့ကို တပ်မက်ပြီး ဂုဏ်တုဂုဏ်ပြိုင်လုပ်နေကြမည် ဆိုလျှင် အင်မတန်ရယ်စရာကောင်းသည့် လူ့ယဉ်ကျေးမှုပင် ဖြစ်ပါလိမ့်မည်။ အဆိုပါအချက်ကို လောလောဆယ် မျက်စိလျှမ်းနေနိုင်သည်ထားဦး နှောင်းလူများ၏ မနုဿဗေဒတွင် “ဟာသ” ဆိုသည့် ခေါင်းစဉ်ခွဲအတွင်း ပါဝင်နေလိမ့်မည့် ဖြစ်ရပ်များသာ ဖြစ်ပါသည်။

နိဂုံးချုပ်ရလျှင် အထက်တွင်တင်ပြခဲ့သည့် သဘောတရားမှာ ကျွန်တော်တို့ငယ်စဉ်က “ငါ့သား စာကြိုးစားကွယ်။ စာမေးပွဲမှာ အမှတ်ပြည့်ရရင် အဖေဆုပေးမှာပေါ့” ဆိုသည့် သူငယ်နှပ်စား သားငယ်အား လှည့်စားသည့် “ဖခင်” တို့၏ ထောင်ချောက်သာ ဖြစ်ပါသည်။ အလိုအလျောက် ဒူးမနာသားများ ဖြစ်ရမည့် ဇာတ်ထုတ်ထဲ ၀င်က မိသလိုဖြစ်သွားပါ လိမ့်မည်။ “ဖခင်” ကို ချစ်ခင်စိတ်ဖြင့်သာ စာကြိုးစားပါမည်။ “ဖခင်” ပီသမှုကို လေးစားမြတ်နိုး ပါမည်။ “ဖခင်” ၏ လှည့်ကွက်တွင် မအူမလည်နှင့် ကျွန်တော် အမှတ်မကောင်းချင်ပါ။ မျက်နှာကြက် တက်ကပ်နေသည့် မျောက်ကားများကို ခြွင်းချက်မရှိ ဆန့်ကျင်ပါသည်။ ခပ်တည်တည် အဖေနေရာ ၀င်ယူသည့် မလှိမ့်တပတ်များကို ခြွင်းချက်မရှိ ဆန့်ကျင်သည်။ ဤစာသားများ အားလုံးသည်လည်း “အကယ်ဒမီမျှော်” အတွေးအခေါ်များ မဟုတ်ကြောင်း သိသာလိမ့်မည် ထင်ပါသည်။

◄ တေဇာ ► ဇန်န၀ါရီ (၇) ၂၀၁၀

Comments

  1. ထောက်ခံတယ်

    ReplyDelete
  2. ကျနော်လဲ အဲဒီစာရင်းပေးရမည်ဆိုတာကြီးဖတ်ပြီးရင်ထဲကလိကလိ ဖြစ်နေတာ..တကယ်ပါပဲဗျာ..

    ReplyDelete
  3. အခုတလော ကိုတေဇာရဲ့ စာတွေကို ဖတ်ဖြစ်တယ်။ ကြိုက်တယ်။ အခုရေးထားတာနဲ့လည်း ခံစားချက် အတော်ကိုက်ညီပါတယ်။ ကျွန်တော်တို့ ရေးထားတာတွေကို ကြိုက်တဲ့သူ ရှိသလို စိတ်မ၀င်စားတဲ့သူတွေ ရှိတယ်။ ကိုယ်ရေးချင်တာ ရေးလိုက်တာပဲ။ ဒီလို ပေါ်ပင်တွေကြောင့် ပေါ်ပြူလာဖြစ်စေနိုင်တယ် ဆိုပေမယ့် ဘလော့တစ်ခု ကောင်းတယ် မကောင်းဘူးကတော့ Subjective ပါ။

    ReplyDelete
  4. ကျွန်တော်တို့ ရယ်မောတတ်ဖို့ ကလေးတွေကို သင်ပေးရဦးမယ်ဗျ.။ သာသနာရေး ဦးစီးဋ္ဌာနက စစ်အစိုးရ အောက်က၊ အစိုးရက သာသနာရဲ့ အထက်က ။၊ သူ့ဘာသာ ဘာသာ၊ သာသနာ ထွန်းကားအောင် ဘယ်လောက် လုပ်လုပ် ဘယ်နတ် ဘယ်လူမှ သာဓု မခေါ်ဘူး..။ ဘုန်းတော်ကြီးတွေ ကိုယ်တိုင်ကလည်း လိုလိုချင်ချင် လျှောက်လွှာတွေ တင်ကြ.၊ အရပ်(ဆရာ/ဒကာ)ကလည်း ဝိုင်းဝန်းမြှောက်ပင့်ပေး.. ခင်ဗျား ပြောသလိုပဲ ဒီအရပ်နဲ့ ဒီဇာတ်ကတော့ တော်တော် ရယ်စရာ ကောင်းလွန်းနေတယ်...။ရပ်ရွာကလည်း အဟုတ်ထင်နေတော့ ပိုခက်တာပေါ့..။
    ဒါနဲ့ ဘလော့ အကယ်ဒမီ ပေးပွဲကိုတော့ သွားမဆွလေနဲ့...။ ထိုင်းနိုင်ငံက ဆိုလားပဲ..ဟဟ။ တော်ပါပြီဗျာ....။ ကျွန်တော်လည်း မပြောချင်တော့ပါဘူး....။ လူတွေက တော်တော် ပေါ်ပင် ဖြစ်ချင်ကြတာကိုးဗျ.။ နောင် ဖြစ်လာဦးမယ့် အကြောင်းအရာတွေကိုလည်း ပေါ့ပေါ့ပါးပါး ရယ်မော(မော) ကြတာပေါ့....ဟားဟား..

    ReplyDelete
  5. နိုဗယ်ဆုက ချီပြောပေမယ့် ဒီစာလေး ဖတ်ရတာ အမျိုးသားစာပေဆုကို သွားသတိရမိတယ်။
    ဆရာမကြည်အေးဟာ အမျိုးသားစာပေဆုမရခဲ့ပါဘူး။
    ဒါပေမယ့် စာဖတ်သူရဲ့ ရင်ထဲမှာ အဖိုးမဖြတ်နိုင်ခဲ့ဘူး။
    ဒီလိုဆိုလို့ အမျိုးသားစာပေဆုရသူတွေက ဘာမှမဟုတ်တော့ဘူးလား ။ အဲလိုတော့လည်း မဟုတ်သေးဘူးထင်တယ်။
    ကိုယ့်တန်ဖိုးနဲ့ ကိုယ်ပေါ့နော်။ ကိုယ့်ရှုထောင့်နဲ့ ကိုယ်ပေါ့။
    ဆုရလို့ ပျော်ရွှင်နေသူတွေကို လွတ်လွတ်ပျော်ရွှင်စေချင်ပါတယ်။
    ဒါပေမယ့် ကျွန်မကို အမျိုးသားစာပေဆုလာပေးရင်တော့ ငြင်းမှာ။ ထွင်ချင်လို့ :P

    ReplyDelete
  6. သာသနာရေးဆိုင်ရာဘွဲ့တွေချီးမြှင့်ခဲ့တာကတော့ ဒီစစ်အစိုးရလက်ထက်မှမဟုတ်ပါဘူး
    ရှေးမင်းအဆက်ဆက်ကလဲချီးမြှင့်ခဲ့ပါသေးတယ်
    ဘွဲ့တံဆိပ်တော်ဆိုတာကတော့ တနည်းအားဖြင့် အမှန်တကယ်ချီးမြှင့်မြောက်စားသင့်တဲ့သူတွေကိုပေးအပ်သင့်ပါတယ်
    အဲလိုပေးအပ်ခံရတဲ့သူမှာလဲ ရထားတဲ့ဘွဲ့တံဆိပ်တော်နဲ့အညီ ကျင့်ကြံနေထိုင်ဖို့ အထိမ်းအကွပ်လေးဖြစ်စေတာပေါ့
    ဂုဏ်ဒြပ်ကိုအလွယ်တကူတိုင်းတာနိုင်တဲ့ စံနှုန်းကလဲဘွဲ့တွေကပိုလွယ်တာကိုး
    လူတွေဆေးခန်းသွားတဲ့အခါ ဘွဲ့များများရှိတဲ့ဆရာဝန်အထူးကုဆိုပိုအထင်ကြီးတတ်တာ သဘာဝလေ
    ဘယ်လိုခေတ်စနစ်ပဲဖြစ်ဖြစ် စိန်နားကပ်ကြီးတွေဝယ် ကားကောင်းကြီးတွေစီးမဲ့အထဲက ပြည်သူလူထုအတွက် နည်းနည်းပဲလှူလှူ အဲလိုလူတွေကို သာသနာရေးဆိုင်ရာဘွဲ့တံဆိပ်တွေပေးတာကတော့ ဖြစ်သင့်ပါတယ် တကယ်ဆိုကျနော်လဲကိုယ့်ကိုယ်ကိုယ်သုံးသပ်မိပါတယ် ကိုယ့်ဝင်ငွေအထဲက ၁၀ပုံ ၁ပုံမပြောနဲ့ ၂၀ ပုံ ၁ပုံတောင်သတ်သတ်မှတ်မှတ်မလှူဖြစ်သေးနိုင်ပါဘူး တကယ့်ခရစ်ယာန်ပီသူတွေက ၁၀ပုံ ၁ပုံကိုသတ်သတ်မှတ်မှတ်လှူနေ လှူနိုင်ကြပါတယ်
    အဲဒါက အခုပိုစ့်နဲ့တိုက်ရိုက်မဆိုင်ပေမယ့် သဒ္ဒါတရားအကြောင်းကိုပြောပြချင်တာပါ
    ဘာပဲဖြစ်ဖြစ် ကောင်းရာမှာလှူနေတဲ့သူများဟာ သေလျင်ဘွဲ့တဆိပ်တပ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်ထက်တော့ပိုမှာပါ
    ကျေးဇူးပြုပြီး အဲဒိသာသနာရေးဆိုင်ရာဘွဲ့ရသူတွေရဲ့ အထုပတ္တိ ကိုဖတ်ကြည့်ပါအုံး အကုန်လုံးကိုတော့သိမ်းကြုံးမပြောစေချင်ပါဘူး
    သူတို့ရဲ့ သဒ္ဒါတရားကိုတော့ အသိအမှတ်ပြုစေချင်ပါတယ်
    ပေးတဲ့လူကိုအပြစ်တင်ချင်မယ့် ရတဲ့သူတွေကိုထိခိုက်စေတာတော့မသင့်တော်ပါ
    နိဂုံးချုပ်ပြောရရင် အခုပိုစ့်လေးက စစ်အစိုးရကိုဝေဖန်ပေမယ့် ကျနော်တို့ဘာသာသာသနာကိုတခြား ဘာသာခြားတွေက အထင်လွဲစေနိုင်ပါတယ်
    ထောက်ခံသူများလည်း စဉ်းစားစေချင်ပါတယ်

    ReplyDelete
  7. “ဘွဲ့တံဆိပ်တော် ဆိုတာကတော့ တနည်းအားဖြင့် အမှန်တယ် ချီးမြှင့်မြောက်စားသင့်တဲ့ သူတွေကို ပေးအပ်သင့်ပါတယ်” လို့ဆိုရာမှာ ကျွန်တော်ပို့စ်ပါ ဆိုလိုရင်းကို ပိုပြီး ထင်ရှားစေပါတယ်။ အစ်ကို့ စိတ်ထဲမှာလည်း အုပ်ချုပ်သူတွေဟာ အမှန်တကယ်သာ “ချီးမြှင့်မြောက်စား” နေကြတယ်လို့ လက်ခံပြီးသား ဖြစ်နေပုံရတယ်။ မြန်မာ့သမိုင်းပါ အသုံးအနှုန်းလို့ ယူဆပါတယ်။ တကယ်တော့ “ဆက်ကပ်ပူဇော်” တယ်ဆိုရင် ပိုသင့်တော်မယ်လို့ ထင်ပါတယ်။ အစိုးရအနေနဲ့ကလည်း ချီးမြှင့်မြောက်စားတယ်ဆိုတဲ့ အသုံးအနှုန်းကို ပီတိဖြစ်မှာ သေချာပါတယ်။
    ဒါပေမဲ့ စာအရတော့ ဆက်ကပ်ပူဇော်ကိုပဲ သုံးလို့ရပါသေးတယ်။ (ဒီထက်လွန်လို့လည်း မဖြစ်တော့ဘူးမဟုတ်လား) ဆိုလိုချင်တာက မျောက်ကားဟာ အပေါ်ရောက်လို့ ရောက်နေမှန်းကို မသိသာတော့လောက်အောင်၊ မျောက်ကားရဲ့နေရာမှန်ဟာ အပေါ်မှာပဲလို့ လူတွေ သံသယမထားမိတော့လောက်အောင် သမိုင်းနဲ့ချီ ပြောင်းလဲလာမှုကို ထောက်ပြ လိုတာပါ။ ဘွဲ့တံဆိပ်တော်နဲ့အညီ ကျင့်ကြံနေထိုင်ဖို့ အထိန်းအကွပ်လေး ဖြစ်စေတယ်ဆိုတာကတော့ ဆရာတော်ကြီးတွေရဲ့ သီလကို တစ်ဘက်လှည့် စော်ကားလိုက်သလိုပါပဲ။ သေသေချာချာ စဉ်းစားကြည့်စေချင်ပါတယ်။

    သဒ္ဓါတရားနဲ့ ပတ်သက်လို့ နည်းနည်းလေး ပြောချင်ပါတယ်။၂၀၀၈ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး Warren Buffet ဟာ ၂၀၀၆ ခုနှစ်မှာ သူ့ပိုင်ဆိုင်မှုတွေရဲ့ ၈၃% ကို Bill and Melinda Gates Foundation ကို လွှဲပြောင်းမှာဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ၀မ်းနည်းစရာက Warren Buffet ဟာ ခရစ်ယန် မဟုတ်ပါဘူး။ ဘာသာမဲ့တစ်ဦးသာ ဖြစ်ပါတယ်။ ဒီထက်ပိုပြောရရင် Bill Gate ဟာလည်း မည်သည့်ဘာသာဝင်မှ မဟုတ်ပါဘူး။ ဒါဟာ သဒ္ဓါတရားကို “ဘာသာရေး” အနားကွပ်မှု ရှိမရှိ ချိန်ထိုးကြည့်နိုင်အောင် သာဓကအနည်းငယ်မျှ ပြခြင်းသာ ဖြစ်ပါတယ်။ သူတို့ဟာ သေရင်ကိုယ့်နောက်ပါအောင် လှူဒါန်းနေကြတာ မဟုတ်တာတော့ ထင်ရှားမယ် ထင်ပါတယ်။ သဒ္ဓါတရားရဲ့ အရင်းခံဟာ ဘာသာရေးကချည်း လာနိုင်တာမဟုတ်ဘူးဆိုတာ သိနိုင်အောင်ပါ။

    အစ်ကို့ရဲ့ နိဂုံးချုပ်ကို ပြန်ကြည့်ရရင် ကျွန်တော့်ပို့စ်ကို ဝေဖန်တာထက် ဘာသာရေးမှာ “ငါတို့ကြက်ဖနိုင်နိုင်” ခံစားချက်မျိုးနဲ့ ပြောလိုက်တာလို့ပဲ မြင်ပါတယ်။ သာသနာရေးဆိုင်ရာ ဘွဲ့ရသူတွေရဲ့ အထုပ္ပတ္တိကို မဖတ်ဘဲ မှန်းကြည့်ရုံနဲ့တင် သိသာနိုင်ပါတယ်။ Chronological အစဉ်အတိုင်း လေးစားခန့်ညားစရာ ဘ၀ရဲ့ မျဉ်းမတ်တွေသာ (သီးသန့်) ပါဝင်နေမှာ ဖြစ်လို့ပါ။ ဒါကလည်း လုပ်ရိုးလုပ်စဉ်ပဲ မဟုတ်လား။ ထေရ၀ါရ အမြင်အရ ဘုရားဟောထဲ မပါခဲ့တဲ့ အလေ့တစ်ခုဟာ နှောင်းခေတ်မှာ အမြစ်တွယ်လာနေကြောင်း ပြောမိလို့ ဘာသာခြားတွေ အထင်လွဲနိုင်ပါသလား အလေးအနက် စဉ်းစားကြည့်စေချင်ပါတယ်။

    ကျွန်တော် အခုပြောသမျှမှာ “ဆုတံဆိပ်/ဘွဲ့တံဆိပ်” နဲ့ပတ်သက်လို့ နိုင်ငံရေး၊ ဘာသာရေး ရှုထောင့်နှစ်ရပ်သာ ရှိပါသေးတယ်။ ဒဿနအမြင်ကိစ္စကိုပါ ထည့်ပြောရင် အတော်ရှည်သွားမှာစိုးလို့ ချန်ထားခဲ့ပါတော့မယ်။ တခုတ်တရဆွေးနွေးပေးတဲ့ ကိုချမ်းမြေ့ကို ကျေးဇူးတင်ပါတယ်ဗျာ။

    ReplyDelete
  8. ဒီဘက်ခေတ် ပြောင်းလဲလာတဲ့ သာသနာဆိုင်ရာ အယူအဆတွေမှာ လူပုဂ္ဂိုလ်(ဓမ္မာစရိယ)ဖြစ်စေ၊ ရဟန်းပညာရှိဖြစ်စေ အားလုံးဟာ ဘုရားဟောနဲ့ ပြောရရင် ပုထုဇဉ်တွေ ဖြစ်နေဆဲမို့ စိတ်မထားတတ်ကြတော့ တချို့နေရာတွေမှာ မျက်စိစပါးမွှေး စူးသလိုပါပဲ။ (ရွာဘုရား ရွာသား မကြည်ညိုလို့ ပြောရင်လည်း ပြောနိုင်ပါတယ်.).။
    ဥပမာ- စာပေကျမ်းဂန်တတ်လို့ ဘွဲ့တံဆိပ် တခု ရခဲ့ပြီ ဆိုရင် ဂုဏ်ယူပြီး နာမည်တခု ထူထောင်ချင်ကြတာ ဘယ်လိုမှ လက်မခံ နိုင်စရာ အကြောင်းအရာ သာ ဖြစ်ပါတယ်.။(ကျွန်တော်က စာတတ် ပေတတ် မဟုတ်တော့ ပြောမိတာတွေက ရိုင်းသလို ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။ သည်းခံပါ။ ဆက်ပြောပါရစေ)
    သာသနာတွင်းကာလလို့ ဆိုနေကြတဲ့ ဒီခေတ်ကာလမှာ စာပေကျမ်းဂန်တတ် ပုဂ္ဂိုလ် ရဟန်းပညာရှိ လူပညာရှိတွေ လုပ်ရပ်တွေကို တချက် လေ့လာကြည့်ကြပါ.။ တရားပွဲ တပွဲကို သိန်း 30 မရရင် မလိုက်တဲ့ ပုဂ္ဂိုလ်တွေ ရှိသလို မိမိကိုယ်ကို ပေါ်ပင် ဖြစ်ချင်နေကြတဲ့ ပညာရှိတွေ တလှေကြီးပါ.။ ဒါက ပုဂ္ဂိုလ်ရေးကို တိုက်ခိုက်လိုခြင်း မဟုတ်ဘဲ. အများပြည်သူ(ဒါယကာ၊ဒါယကာမ)တွေရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်တာ ခံလိုက်ရခြင်းပါ.။ လူတဦး တယောက် အနေနဲ့ သာသနာ ထွန်းကား ပြန့်ပွားရေး ဆိုတာကြီးကို မအိပ်ဘဲ အော်နေလည်း အဲဒီလူကို ယုံချင်မှ ယုံလို့ ရတာပါ.။ အဲဒီလူ ဘာလုပ်နေလဲ ဆိုတာပဲ အရေးကြီးပါတယ်။
    ဘုရားဟောမှာ ပါတဲ့ နိဗ္ဗာန် ဆိုတာကလည်း ကိုယ်တိုင် ကျင့်ကြံမှ ဖြစ်တာချည်းပါပဲ..။ သာသနာတော်(သစ္စာလေးပါး၊ရုပ်နာမ်ခန္ဓာ)ကို ယုံကြည်လွန်းလို့ ရဟန်း ဝတ်သွားပြီးမှ စာအုပ်ကြီးထဲက ဟာတွေ အလွတ်ကျက်မှတ်ပြီး လူတွေကို ကယ်တင်မယ်ဆိုတာကြီးကတော့ ဂိဇ္ဈကုဋ်တောင် ရောက်ပြီးမှာ ကျောက်စရစ်ခဲ ကောက်ပြီး ပြန်လာသလိုပါပဲ...။ ဒါက မိမိရဲ့ အတ္တကို တိတိကျကျ ဖော်ပြတာ မဟုတ်ပါဘူး.။ ကြားဖူးချင်လည်း ကြားဖူးမှာပါ...။“တကိုယ်စာ လမ်းကျဉ်းဖြင့်သာ တောသို့ ဝင်ကြကုန်၏” ဆိုတာ..။ သာသနာ ဆိုတာ(ဘယ်သာသနာပဲ ဖြစ်ဖြစ်) ခုတုံး မဟုတ်ပါဘူး..။ လုပ်စားစရာ အလုပ် တခု မဟုတ်ပါဘူး..။

    နိုင်ငံတွေ ဆင်းရဲ မွဲတေနေကြရာမှာ အဓိက တရားခံ နေရာမှာ ဘာသာရေးဟာလည်း တခန်း တကဏ္ဍ ပါတာပါပဲ...။ သူ့ရဲ့ ချုပ်ကိုင် လွှမ်းမိုးမှုကို တော်ရုံ တွန်းလှန်ဖို့ ခက်ခဲ လွန်းပါတယ်..။ အဲဒီမှာ အုပ်ချုပ်သူ လူတန်းစားက အဲဒီအရာကို မိမိရရ ဆုပ်ကိုင်ပြီး ပြည်သူ လူထုကို ချယ်လှယ်နိုင်ပါတယ်...။ ဘာသာရေးဆိုတာ ကျွန်တော်တို့ အားကိုး ရှာကြတာပါ( ကျွန်တော် ပြောတာ မဟုတ်ပါဘူး..။ အစဉ်အဆက်ပြောခဲ့ကြတာပါ)။ တကယ်က အတ္တာဟိ အတ္တာနော နာထော ပါပဲ...။

    ခု ဖြစ်နေတာက စိတ်မကောင်းစရာ.......“သူကြီး ဘုရား ရွာသား ကောင်းမှု” ဖြစ်နေလို့ပါ.......။ ကျွန်တော်တော့်အဲလို လုပ်ရပ်တွေကို ပြတ်ပြတ်သားသား ရှုံ့ချပါတယ်....။ ခင်ဗျားတို့ ကျွန်တော်တို့ တွေးကြခေါ်ကြရာမှာ ဘက်မလိုက်တတ်ဖို့ အလိုအပ်ဆုံးပါပဲ.....။

    ReplyDelete
  9. WOW !!!WOW !!!WOW !!!WOW !!!WOW !!!

    တကယ်ကို ပြီးပြည့်စုံလိုက်တာ။ ဖတ်ရတာ။
    ဘာမှ ဆက်ပြောစရာ မရှိတော့ဘူး။

    ကိုယ်ကြိုက်တဲ့ ဘလော့တွေ သိပ်အများကြီး မရှိလှပါဘူး။ ဒါပေမဲ့ ၁ ခုတော့ မကဘူး။

    ဖတ်ရင်း ကျေနပ်လိုက်တာ ကျေနပ်လိုက်တာ ဖြစ်မိတာကတော့ ခုချိန်ထိ ဒီ တစ်ခုတည်းပဲ။

    ReplyDelete
  10. နှစ်ချက်စလုံးကို သဘောတူပါတယ်ဟု ခပ်တိုးတိုးရေရွတ်သွား၏။

    ReplyDelete
  11. ဘယ်ကြက်ဖမှ မနိုင်စေချင်ဘူးဗျာ။ အင်း...တကယ်ဆို တကယ့်ကြက်ပွဲကမှ ကြည့်ကောင်းဦးမယ်။

    ReplyDelete
  12. သိပ်သိပ် ကြိုက်တာပဲ

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ