Skip to main content

ရေခဲမှတ် မီးလျှံများ

အအေးဓာတ်သည် ခါချဉ်ကောင်များ တဆစ်ဆစ် ကိုက်ခဲနေသလို ခံရခက်လှသည်။ ဤသို့ ဖြစ်သင့်သည်။ သို့သော် အမှန်တကယ်တွင် ထိုမျှလောက် မဆိုးရွားခဲ့။ လက်တွေ့ဘ၀သည် အမြဲတမ်း ဤသို့သာ ဖြစ်၏။  ဘ၀သရုပ်ဖော် ၀တ္ထုများထဲကလို ပိုပိုလိုလို ရေးဖွဲ့ခွင့် မရှိအောင် အမြဲအနိုင်ပိုင်းလေ့ ရှိသည်။ အေးခဲတုန်ရီပြီး နှုတ်ခမ်းတွင် ကပ်နေသည့် ရေခဲများကို သုံးမိနစ်တစ်ခါ ခွာချနေရသည့် အဖြစ်ဆိုလျှင်လည်း ကောင်းမည်။ နားအတွင်းမှ ကျောက်ခက် ပန်းဆွဲများကြောင့် သွေးထွက်သံယို မဖြစ်မီ ကျွန်တော် အဆင်ပြေစွာ သေဆုံးသွားနိုင်ပေလိမ့်မည်။ ယခုတော့ အပူချိန်သည် “ဆိုးတော့ဆိုးတယ်၊ နေလို့တော့ ဖြစ်သေးတယ်” ဆိုသည့် အနေအထားတွင် အမြဲတမ်း အစွန်းမရောက်အောင် ရပ်တည်နေသည်။ ရုတ်ချည်းသိသိသာသာ ဆိုးရွားသွားခြင်းမဟုတ်၊ မသိမသာ တစ်ရစ်ချင်း လျော့ကျလာသော အပူချိန်ကြောင့် ကျင့်သားရချင်ယောင် ဆောင်နိုင်ခဲ့လေပြီ။ အိမ်အပြင်မှ နှင်းဖွဲများကို ကျွန်တော် မလိုတမာ ငေးကြည့်နေမိသည်။

တကယ်တော့ ဆောင်းသည် စစ်အာဏာရှင်ဆန်ဆန် ကောက်ကျစ်နေခြင်းသာ ဖြစ်သည်။ သည်းခံနိုင်သည့် ဖိနှိပ်မှုများသည် သာ၍ဆိုးသည်ဟု ဆာ့ထ်က ဆို၏။ သည်းမခံနိုင်သည့် ဖိနှိပ်မှုသည် တန်ပြန်တွန်းအားကို ဖြစ်ပေါ်စေသည်။ ချောင်ထဲက ခွေးကလေးများလို အစွယ်တဖွေးဖွေး ထုတ်ပြနိုင်စေသည်။ အဆုံးစွန်ဆိုရလျှင် ဘ၀တဏှာကိုပင် အားပျော့သွားအောင် လုပ်ဆောင်နိုင်ပေသည်။ သည်းခံနိုင်သည့် ဖိနှိပ်မှုကျတော့ ထိုထက်ပို၍ ဆိုးပါသည်။ မသေသေးချင်အောင် သွေးဆောင် ဖျားယောင်းတတ်သည်။ ဖိနှိပ်မှုဒဏ်ကို ပျော်ရွှင်စွာခံနိုင်စွမ်း ရှိလာအောင် လေ့ကျင့်သင်ကြားပေးသည်။ ဆောင်းတွင်းသည် အဘယ်ကြောင့် အေးရသနည်းဆိုသည့် သမားရိုးကျမေးခွန်းကိုပင် ဟာသတစ်ပုဒ်လို ရယ်မောတတ်လာအောင် စနစ်တကျ လုပ်ဆောင်ပါလိမ့်မည်။ ဤသို့လျှင် ဆောင်းတွင်းသည် ကျွန်တော့်ကို စနစ်တကျအုပ်ချုပ်နေပြီး စစ်အာဏာရှင်သည် ယခုလို ခိုက်ခိုက်တုန်နေစေပါသည်။


မကြာခင် အေးစက်နေသည့် ဂွမ်းကပ်ကို ကိုယ်ငွေ့ဖြင့် ငါးမိနစ်ခန့် ဖိကပ်ထားပြီး အိပ်နိုင်ရုံခန့် ပူနွေးလာအောင်လုပ်ရန် ကြိုးစားရပေဦးမည်။ ဤ၀ါကျသည် အမှန်တကယ်မူ ရုန့်ရင်းကြမ်းတမ်းလှသည့် အရေးအသားသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ အကျဉ်းထောင်များတွင် ယုံကြည်ချက်အကျဉ်းစံများ ကျန်းမာရေး ချို့တဲ့နေကြောင်း ရေဒီယိုသတင်းတွင် ကြားလိုက်ရသည်။ ယခုလို မကောင်းဆိုးရွားညများတွင် ထိုသူများ သမံတလင်းပေါ် ၀ါးကပ်ခင်းပုဆိုးခြုံ အိပ်စက်ရခြင်းအပေါ် အကောင်းမြင်ဝါဒီများ မည်သို့တွေးခေါ်ကြမည်လဲ ကျွန်တော် သိချင်လှသည်။ မြန်မာနိုင်ငံမှ ထောင်များသည် လူကို တရားဝင်သည့်နည်းဖြင့် သတ်နေခြင်းသာ ဖြစ်သည်ဟု အဖေကဆိုသည်။ ဥပဒေ၏ အဆိုးဘက်မျက်နှာစာကို တွေးမိချိန်တွင် ဆော့ခရိတ္တိ၏ အဆိပ်သင့် မျက်နှာမှ ကိုဇာဂနာ၏ နဖူးပြောင်ပြောင်အထိ ဖျပ်ခနဲ အသိဝင်မိသည်။  အနုမြူဗုံး ထိန်းချုပ်ခန်းတွင်း မျောက်အုပ်ဝင်ရောက်ခြင်း သတင်းခေါင်းစဉ်ကို ကျွန်တော်အနေဖြင့် တည်တည်ငြိမ်ငြိမ် ဖတ်ရှုနိုင်လိမ့်မည် မဟုတ်ပါ။

ဟိမ၀န္တာအအေးလှိုင်းသည် မျက်နှာလိုက်စွာ အားနည်းသူအချို့ကို သွေးအေးအေးဖြင့် သတ်ဖြတ်ပစ်ပေ ဦးမည်။ နိမ့်ကျသည့် ဖြစ်တည်မှုအချို့ကို အမှိုက်လှည်းသည့်နှယ် ရှင်းလင်းခေါ်ဆောင် သွားပေလိမ့်ဦးမည်။ ပျော်ရွှင်မှုသည် ဘူဇွာဆန်သည်ဟူသည့် ဖြစ်တည်မှုဝါဒီတို့၏ စကားကို ကျွန်တော် ပြန်လှန်သုံးသပ် နေမိသည်။ လူအချို့ ခိုက်ခိုက်တုန်နေစဉ်ဝယ် အခြားလူအချို့က လိပ်ပြာသန့်သန့်နှင့် နွေးထွေးစွာ အိပ်စက်နေနိုင်ပါသလားဟု မေးခွန်းထုတ်မိသည်။ မိမိ၏ နွေးထွေးမှုအတွက်  တစ်ကိုယ်ကောင်းဆန်စွာ ဘုရားသခင်အား ကျေးဇူးတင်နေ သင့်ပါသလား။ မမျှတမှုအတွက်သာ ဘုရားသခင်ကို ကျွန်တော် ခါးခါးသီးသီး ရှုတ်ချပါမည်။ အမျက်တော်ရှခဲ့သော် ကျွန်တော်၏ ရှိပြီးသားနွေးထွေးမှုတချို့တလေကို ပြန်လည်ယူဆောင် သွားနိုင်ပါသည်။ လူသားဝါဒခေါင်းစဉ်အောက်မှ “ရှောင်လွဲမရသည့် သောက” ကို အဆိုးမြင်ဝါဒဟု တံဆိပ်ကပ်မည်ဆိုလျှင် မွေးရာပါအဆိုးမြင်ဝါဒီတစ်ဦးအဖြစ် မိမိကိုယ်ကို သတ်မှတ်ပါမည်။ ဆောင်းနှင့်စစ်ဝါဒီတို့နှင့် ပတ်သက်၍ ကျွန်တော်၏ သဘောထားအမြင်မှာ ရေခဲမှတ်အောက် ဖြစ်ပါသည်။

အနွေးထည်၊ ခေါင်းစွပ်နှင့် စောင်ထူထူနှစ်ထပ်တို့သည် ရင့်ရင့်သီးသီးဆောင်းကို အထိုက်အလျောက် ကာကွယ်နိုင်သော်လည်း ကျွန်တော့်နှလုံးသားသည် အေးစက်နေဆဲ ဖြစ်သည်။ ဤသို့သော ညများတွင် လူသားတစ်ယောက်အနေဖြင့် ၀င်ရိုးစွန်းအိပ်မက်များကိုသာ မက်နိုင်စရာရှိသည်။ ယခုသော် ဆောင်းသည် ခါချဉ်ကောင်များ တဆစ်ဆစ်ကိုက်ခဲသလို ကျွန်တော့်ကို အမှန်တကယ် ခံရခက်စေခဲ့ပြီ ဖြစ်သည်။

◄ တေဇာ ► ဇန်န၀ါရီ (၄) ၂၀၁၀

Comments

  1. သဘာဝတရား၏ ဥတု သုံးလီနောက်မှ ဆောင်း၏ အေးစက်ခြင်းဒဏ်ကို တကိုယ်ရေ တကာယ အပြင်းအထန် ခံစားနေရခြင်း နောက်ကွယ်မှ လူတယောက် (ရှောင်လွှဲမရနိုင်သော သောက)အနေဖြင့် အဆိုးမြင်ဝါဒီ တဦး ဖြစ်သွားသည် ဆိုခြင်းမှာ လက်ခံချင်စရာ ကောင်းသော အရေးအသား ဖြစ်သည်။ လူတဦး ပီသစွာပင် အအေးဒဏ်ကြောင့် ကမ္ဘာမြေ၏ တနေရာတွင် ဆိုးရွားစွား ဖြစ်နေလိမ့်မည် ဖြစ်သော ကပ်ရောဂါများ အတွက် စာနာခြင်းများဖြင့် မလိုမုန်းတီးဖြစ်မိသော ဥပဒေ(စစ်အာဏာရှင် စနစ်) အား အပြစ်တင်ချင်စရာ ကောင်းသော်လည်း တကယ်တော့ အပြစ်တင်ရမည်မှာ လောလောဆယ် (ကျွန်တော့် အနေနှင့်) တိတိကျကျ ပြောမရနိုင်ခြင်းအတွက် လူတယောက် အဆိုးမြင် ဝါဒီ တဦး ဖြစ်သွားရခြင်းအပေါ် ထိုသူ၏ ကိုယ်ရေးကိုယ်တာ များကို ပြန်ပေး(ရုပ်သိမ်း)စရာ မလိုလှသေးပါ...။

    ဆော့ခရတ္တိ၏ အဆိပ်သင့်သွားသော မျက်နှာနှင့် ကိုသူရ၏ နဖူး(ဟန်ပန်)များကို ကျွန်တော်တို့ စာနာ နားလည် ယုံကြည်မိသော်လည်း...ကျွန်တော် တို့ ဘာလုပ်ရမည်ကို ကျွန်တော် တို့ အမှန်တကယ် သိချိန် တိုင်ခဲ့ပါပြီ...။ သို့သော် အချိန်တခုကို ကျွန်တော်တို့ အမှန်တကယ် စောင့်နေခဲ့ကြသည်လား....???? :)

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ