ရဲသားတစ်ဦးသည် လမ်းအတိုင်း လျှောက်လာနေ၏။ သူ့ကို ကြည့်ရသည်မှာ သန်မာပြီး ဟိတ်ဟန်အပြည့်နှင့် တာဝန်သိသည့်ပုံစံ ရှိသည်။ ဤလမ်းမသည် သူအမြဲတမ်း တာဝန်ကျရာ နေရာဖြစ်သည်။ သူ့ကိုယ်သူ ဘယ်လိုပုံစံရှိနေလဲ သူက သိပ်စဉ်းစားလေ့မရှိ။ လမ်းမပေါ်ဝယ် သူ့ကို မြင်နိုင်သည့် လူ အနည်းငယ်သာ ရှိတော့သည်။ ညဆယ်နာရီပင် ရှိသေးသည်။ သို့သော် အေးလှသည်။ လေပြင်းထဲတွင် မိုးစက်အချို့ ရောပါနေ၏။
လမ်းတစ်လျှောက်ရှိ တံခါးများရှေ့တွင် သူက ရပ်တန့်လိုက်သည်။ ညရေးညတာ လုံခြုံစွာပိတ်ထားရဲ့လား စစ်ဆေးကြည့်နေခြင်း ဖြစ်သည်။ မကြာခဏဆိုသလို လမ်းအတွင်း ခေါက်တုန့်ခေါက်ပြန် ပြန်လှန်စစ်ဆေးနေသည်။ သူသည် ကြည့်ကောင်းသည့် ရဲသားတစ်ဦးဖြစ်ပြီး စေ့စေ့စပ်စပ်နှင့် ငြိမ်းချမ်းရေးကို စောင့်ရှောက်နေသူဖြစ်သည်။
ဤအရပ်ရှိလူများသည် အိမ်သို့ စောစောပြန်လေ့ရှိကြသည်။ တစ်ခါတစ်ရံ ဆိုင်ခန်းများ၊ စားသောက်ဆိုင်ငယ်လေးများမှ မီးရောင်ကို တွေ့ရနိုင်သည်။ သို့သော် အများစုမှာ စီးပွားရေးဆိုင်ရာ အဆောက်အဦများသာ ဖြစ်ကြပြီး နာရီအတော်ကြာက ပိတ်ထားပြီးခဲ့ပြီ ဖြစ်လေသည်။
ထို့နောက်တွင် ရုတ်တရက် ရဲသား၏ လမ်းလျှောက်ခြင်းက နှေးကွေးသွားသည်။ မှောင်ရိပ်ကျနေသော ဆိုင်ခန်းတစ်ခု၏ တံခါးအနီးတွင် လူတစ်ယောက် မတ်တပ်ရပ်နေ၏။ ရဲသားက သူ့ထံသို့ ဦးတည်လျှောက်သွားလိုက်စဉ်မှာပင် ထိုသူက အလျင်အမြန် စကားပြောလိုက်၏။
§ § § § § § §
“ဘာပြဿနာမှ မရှိပါဘူးဗျာ” ဟု သူက စပြောလိုက်သည်။
“ကျွန်တော် မိတ်ဆွေတစ်ယောက်ကို စောင့်နေတာပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ဒီည၊ ဒီနေရာမှာ ဆုံကြဖို့ ကျွန်တော်တို့ သဘောတူထားခဲ့ပါတယ်။ ခင်ဗျားအနေနဲ့တော့ တော်တော်လေး ထူးဆန်းနေမလားပဲ။ ဟုတ်တယ်ဟုတ်။ ဘာပြဿနာမှ မရှိဘူးဆိုတာ ခင်ဗျားသေချာချင်တယ်ဆိုရင်တော့ ကျွန်တော် ရှင်းပြပါ့မယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက ဒီဆိုင်ခန်းနေရာမှာ စားသောက်ဆိုင်တစ်ဆိုင်ရှိခဲ့ပါတယ်။ “ဂျိုကြီး” စားသောက်ဆိုင်ဆိုတာ... ”
“လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းကအထိ ဒီနေရာမှာ ရှိပါသေးတယ်” ဟု ရဲသားက ပြောလိုက်သည်။
တံခါးအနီးရှိလူမှာ အရောင်အသွေးကင်းမဲ့သည့် လေးထောင့်ကျကျမျက်နှာနှင့် တောက်ပသော မျက်လုံးများ ရှိ၏။ သူ၏ ညာဘက်မျက်လုံးအနီးတွင် အဖြူရောင်အမှတ်လေးတစ်ခုရှိ၏။ သူ၏ နက္ကတိုင်တွင် ရတနာ စီချယ်ထား၏။ သူက ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ဒီနေရာမှာ ဂျင်မီနဲ့ ကျွန်တော်နဲ့ ညစာစားခဲ့ကြတယ်။ သူက ကျွန်တော့်ရဲ့ ကမ္ဘာပေါ်မှာ အခင်မင်အရင်းနှီးဆုံး သူငယ်ချင်းကောင်းတစ်ယောက်ပေါ့။ ဒီနယူးယောက်မြို့ လမ်းမတွေပေါ်မှာ သူနဲ့ကျွန်တော် အတူတူကြီးပြင်းခဲ့တယ်။ ညီအစ်ကို နှစ်ယောက်လိုပါပဲ။ ကျွန်တော်က ဆယ့်ရှစ်နှစ်၊ ဂျင်မီက နှစ်ဆယ်။ နောက်တစ်နေ့မှာ ကျွန်တော်ဟာ အနောက်ကို ထွက်သွားခဲ့တယ်။ အလုပ်တစ်ခုရှာ၊ ပြီးတော့ အောင်မြင်မှုကြီးကြီးမားမား ရယူဖို့ ရည်မှန်းချက်နဲ့ပေါ့။ ဂျင်မီ့ကိုတော့ အတူလိုက်ဖို့ ဘယ်သူမှ ဖျောင်းဖြနိုင်မှာ မဟုတ်ဘူး။ သူက ဒီနေရာကို ကမ္ဘာပေါ်မှာ အသာယာဆုံးနေရာလို့ ထင်နေခဲ့တာ... ”
“အဲဒီညက သူက နောက်ထပ်နှစ်ပေါင်း (၂၀) ကြာတဲ့အချိန်မှာ ဒီနေရာမှာပဲ ပြန်တွေ့ကြမယ်လို့ သဘောတူခဲ့တယ်။ နှစ်ပေါင်း (၂၀) အတွင်း ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူစားမျိုးလဲ ဆိုတာနဲ့ ဘယ်လိုအနာဂတ်မျိုး ကိုယ့်ကို စောင့်ကြိုနေမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်လောက်ပြီလို့ ကျွန်တော်တို့ ထင်ခဲ့ပါရဲ့...”
“အတော်စိတ်ဝင်စားဖို့ ကောင်းသားပဲ...” ဟု ရဲသားက ဆိုလိုက်၏။
“ကျွန်တော့်အတွက်တော့ မတွေ့ရတဲ့ ကြားကာလဟာ ကြာလွန်းလှသလိုပဲ။ ခင်ဗျားအနောက်ကို ထွက်သွားကတည်းက ခင်ဗျားသူငယ်ချင်းဆီက သတင်းမကြားရတော့ဘူးလား...”
“ဟုတ်ကဲ့။ ကာလတစ်ခုလောက်အတွင်းတော့ ကျွန်တော်တို့ကြား စာအဆက်အသွယ်ရှိခဲ့ပါသေးတယ်” ဟု ထိုသူက ဆိုသည်။
“ဒါပေမဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ကြာတော့ ကျွန်တော်တို့ အဆက်အသွယ် ပြတ်သွားတယ်။ အနောက်ဆိုတာ အကြီးကြီးမဟုတ်လား။ ကျွန်တော်က ခြေထောက်ဗွေပေါက်သလို တစ်နေရာပြီးတစ်နေရာ လျှောက်လှည့်နေခဲ့တာ။ ဒါပေမဲ့ သူတတ်နိုင်တယ်ဆိုရင် ဂျင်မီဟာ ကျွန်တော့်ကို ဒီနေရာမှာ လာတွေ့မယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူက ကမ္ဘာမှာ အဖြောင့်မတ်ဆုံး၊ သစ္စာအရှိဆုံး လူတစ်ယောက်ပဲ။ သူဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ဒီအချိန် ဒီနေရာမှာ ရပ်နေဖို့ ကျွန်တော် မိုင်ထောင်ပေါင်းများစွာ လာခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းသာ လာမယ်ဆိုရင် ဒါတွေအရေးလားဗျာ...”
စောင့်ဆိုင်းနေသူက သူ၏ လက်ပတ်နာရီ အကောင်းစားကို ဟန်ပါပါကြည့်လိုက်သည်။ နာရီတွင်လည်း စိန်များစီချယ်ထား၏။
“ဆယ်နာရီထိုးဖို့ သုံးမိနစ်...”
“စားသောက်ဆိုင်တံခါးနားက ဒီနေရာမှာ ကျွန်တော်တို့ နှုတ်ဆက်ခဲ့ကြတဲ့အချိန်က ဆယ်နာရီလေ...”
“အနောက်မှာ ခင်ဗျား အောင်မြင်ခဲ့တယ်နဲ့တူတယ်၊ ဟုတ်လား... ” ဟု ရဲသားက မေးလိုက်သည်။
“အသေအချာပေါ့ဗျာ။ ဂျင်မီလည်း တစ်ဝက်လောက်တော့ အောင်မြင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူက ဖြေးဖြေးမှန်မှန်သမား။ ကျွန်တော်ကတော့ ကိုယ့်အောင်မြင်မှုအတွက် တိုက်ခိုက်ရုန်းကန်နိုင်ခဲ့ပါတယ်။ နယူးယောက်မှာဆိုရင် လူတစ်ယောက်ဟာ ဘာမှ အများကြီးပြောင်းလဲသွားလိမ့်မှာမဟုတ်ဘူးလေ။ အနောက်မှာက လိုချင်တာရဖို့ ဘယ်လို ရင်ဆိုင်တိုက်ခိုက်ရမယ်ဆိုတာကို သင်ယူရတယ်...”
“ကဲ... ကျွန်တော့်ကိုလည်း ခွင့်ပြုပါဦး” ဟု သူက စကားဖြတ်လိုက်သည်။
“ခင်ဗျားသူငယ်ချင်း မပျက်မကွက်ရောက်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါနဲ့ ဆယ်နာရီထိုးလို့မှ မလာရင် ခင်ဗျားပြန်ရတော့မှာပေါ့....”
“မပြန်သေးပါဘူး” ဟု ထိုသူက ပြန်ဖြေသည်။
“အနည်းဆုံး နာရီဝက်လောက်တော့ ထပ်စောင့်ဦးမယ်။ အကယ်၍ ဂျင်မီသာ ဒီကမ္ဘာမှာ အသက်ရှင်နေဆဲ ဆိုရင် အဲဒီအချိန်လောက်ဆို သူအရောက်လာမှာပါ။ မင်္ဂလာညချမ်းပါဗျာ... ”
“မင်္ဂလာညချမ်းပါ” ဟု ရဲသားက ပြန်လည်နှုတ်ဆက်လိုက်ပြီး တံခါးများကို ကြည့်ရှုစစ်ဆေးကာ ဆက်လက်ထွက်ခွာ သွားလေသည်။
အေးမြသော မိုးသီးမိုးပေါက်များ ကျလာပြီး လေလည်း ကြမ်းလာလေပြီ။ လမ်းတစ်လျှောက်မှ အနည်းငယ်မျှသော လူတို့မှာ အပြေးအလွှားနှင့် မိုးမစိုအောင် ကြိုးစားနေကြသည်။ ဆိုင်ခန်းတံခါးရှေ့တွင်သော် မိတ်ဆွေတစ်ယောက်နှင့်တွေ့ဆုံရန် မိုင်ထောင်ချီခရီးနှင်လာခဲ့သော လူတစ်ယောက် မတ်မတ်ရပ်နေ၏။ တကယ်တော့ ဤသို့သော အချိန်းအချက်မျိုးမှာ ရေရာလှသည်မဟုတ်။ သို့သော် သူကတော့ စောင့်နေခဲ့ပါသည်။
မိနစ်နှစ်ဆယ်ခန့်မျှ စောင့်ပြီးသော် ကုတ်အင်္ကျီရှည်နှင့် အရပ်မြင့်မြင့်လူတစ်ယောက် လမ်းကိုဖြတ်၍ ခပ်သွက်သွက်လျှောက်လာ၏။ သူက စောင့်နေသူဆီသို့ တည့်တည့်ကြီး ဦးတည်လာ၏။
“ဘော့....။ ခင်ဗျားလား... ” ထိုသူက မယုံကြည်ဟန်ဖြင့် မေးလိုက်သည်။
“ခင်ဗျားရော.. ဂျင်မီဝဲလ် လား....” တံခါးနားမှလူက ပြန်လည် အော်ဟစ်လိုက်သည်။
ဒုတိယလူက ထိုသူ၏ လက်ကို သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
“ကျွန်တော့် ဘော့လေ။ အသေအချာပေါ့။ ခင်ဗျားအသက်ရှင်နေဆဲဆိုရင် ခင်ဗျားကို ဒီနေရာမှာ တွေ့ရမယ်လို့ ကျွန်တော် သေချာနေခဲ့သားပဲ။ နှစ်နှစ်ဆယ်ဆိုတာ အတော်ကြာတဲ့ အချိန်ပါပဲ။ စားသောက်ဆိုင်ဟောင်းက မရှိတော့ဘူး... ဘော့။ ရှိသေးရင်ကောင်းသားဗျာ။ ကျွန်တော်တို့ အဲဒီမှာ ညစာနောက်တစ်ခါ စားလို့ရတာပေါ့။ ဘယ်လိုလဲ အနောက်က ခင်ဗျားအပေါ်မှာ ကောင်းခဲ့ရဲ့လား... ”
“ကျွန်တော် တောင်းဆိုတာအားလုံး ပေးခဲ့တယ်လို့ပဲ ပြောရမှာပေါ့။ ကျွန်တော်ပြောင်းလဲသွားပြီ ဂျင်မီ။ ခင်ဗျား အရပ်ကြီးဒီလောက်မြင့်လာလိမ့်မယ်လို့ ကျွန်တော် ထင်မထားဘူး.. ”
“ဟုတ်တယ်ဗျာ။ အသက် (၂၀) ကျော်မှ နည်းနည်းထပ်ရှည်လာတယ်..”
“ခင်ဗျား နယူးယောက်မှာ အဆင်ပြေရဲ့လား ဂျင်မီ”
“အဆင်ပြေပါတယ်ဗျာ။ မြို့တော်အတွက် အလုပ်လုပ်နေတာပဲ။ လာဗျာ ဘော့..။ ကျွန်တော်သိတဲ့ တစ်နေရာကို သွားရအောင်။ ရှေးဟောင်းနှောင်းဖြစ်တွေ အေးအေးဆေးဆေး စမြုံ့ပြန်လို့ရတာပေါ့... ”
လူနှစ်ယောက်သည် ပုခုံးချင်းဖက်၍ လမ်းအတိုင်း လျှောက်လာခဲ့လေသည်။ အနောက်မှလူက သူ့ဘ၀ကို စတင် ဇာတ်ကြောင်းလှန်လာသည်။ အခြားတစ်ယောက်မှာ နားအထိဖုံးနေသော သူ၏ ကုတ်အင်္ကျီရှည်ကြီးထဲမှနေ၍ စိတ်ဝင်တစား နားထောင်နေ၏။
လမ်းထောင့်ချိုးတွင် လျှပ်စစ်မီးများ ထိန်လင်းနေသည့် ဆိုင်တစ်ဆိုင်ရှိနေ၏။ နီးလာစဉ်ဝယ် တစ်ယောက်မျက်နှာတစ်ယောက် သူတို့ လှည့်ကြည့်လိုက်ကြ၏။
အနောက်အရပ်မှလူက ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏လက်မောင်းကို ပြန်ရုတ်လိုက်သည်။
“ခင်ဗျား ဂျင်မီဝဲလ်မှ မဟုတ်ဘဲ..။ နှစ်နှစ်ဆယ်ဆိုတာ ကြာတာ မှန်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ နှာခေါင်းပုံသဏ္ဍာန်ကို ပြောင်းလဲပစ်နိုင်လောက်အောင်တော့ မလုံလောက်သေးဘူး...”
“တစ်ခါတလေလည်း လူကောင်းတစ်ယောက်ကို လူဆိုးတစ်ယောက်ဖြစ်အောင် ပြောင်းလဲပစ် နိုင်တယ်လေ..”
အရပ်မြင့်မြင့်လူက ဆိုလိုက်သည်။
“ခင်ဗျားကို ဖမ်းလိုက်ပြီ ဘော့။ ချီကာဂိုရဲတပ်ဖွဲ့က ခင်ဗျား နယူးယောက်ကိုလာနိုင်တယ်လို့ ယူဆတယ်။ သူတို့က ခင်ဗျားကို စောင့်ကြည့်ထားဖို့ ကျွန်တော်တို့ကို သတင်းပို့ခဲ့တယ်။ ခင်ဗျား ကျွန်တော်နဲ့ အေးအေးဆေးလိုက်ခဲ့မှာလား...။ ဒါဆိုရင် လိမ္မာရာ ရောက်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်မှာ ခင်ဗျားကို ပေးစရာ တစ်ခုရှိသေးတယ်။ ဒီပြတင်းပေါက်နားမှာ ဖတ်ရင် မြင်ရလိမ့်မယ်ထင်တယ်။ အဲဒါက ၀ဲလ်ဆိုတဲ့ ရဲသားတစ်ယောက်ဆီကပဲ... ”
အနောက်မှလူသည် စာရွက်အစလေးတစ်ခုကို ဖွင့်လိုက်သည်။ ဖတ်နေစဉ်တွင်ပင် သူ၏လက်မှာ တဆတ်ဆတ် စတင်တုန်လှုပ်လာလေသည်။
“ဘော့...။ ချိန်းထားတဲ့နေရာကို ကျွန်တော် အချိန်မီရောက်ခဲ့ပါတယ်။ ချီကာဂိုရဲတပ်ဖွဲ့က အလိုရှိနေတဲ့ လူတစ်ယောက်ရဲ့ မျက်နှာကို ကျွန်တော် မြင်ခဲ့ရတယ်။ ခင်ဗျားကို ကျွန်တော်ကိုယ်တိုင် မဖမ်းချင်ဘူးဗျာ။ ဒါနဲ့ ကျွန်တော်ပြန်လာပြီး အခြားရဲတစ်ယောက်ကို ၀တ္တရားရှိတဲ့အတိုင်း ဆောင်ရွက်ဖို့ လွှတ်လိုက်ပါတယ်.. ”
~ဂျင်မီ ~
O. Henry ၏ After Twenty Years ကို ဘာသာပြန်ဆိုပါသည်။
◄ တေဇာ ► ဇန်န၀ါရီ (၁) ၂၀၁၀
တွဒ်က နည်းနည်း ပျော့သလိုပဲ နော်...ဗျ။။ ပြန်လာတဲ့ သူက ရဲသားပဲ ဆိုတာ ကြိုသိသွားတယ်..။
ReplyDeleteဘာပဲ ဖြစ်ဖြစ် စေတနာ ပါပါနဲ့ ဘာသာပြန်ပြီး ရိုက်တင်ပေးတာ ကျေးဇူးဗျာ.။။။
နောက်လည်း ဖတ်ချင်သေးတယ်....း)
လာရောက်ဖတ်ရှု့ သွားပါတယ်။
ReplyDeleteသို့ ပေမယ့်လည်း ဘယ်လိုကြီးလဲ မသိ
ကျွန်တော် ငယ်ငယ်က ဘာသာပြန်ဖတ်ဖူးတယ်။
ReplyDeleteသူငယ်ချင်းရဲ့ သူငယ်ချင်းအပေါ် မဖမ်းရက်တဲ့ ခံစားမှုကို ကိုယ်ချင်းစာတယ်။
စိတ်မကောင်း ဖြစ်မိတယ်။
အဲဒီ ခံစားချက်ကို မေ့သလိုလို ဖြစ်နေတာ...
အခုမှ အစပြန်ဖော်ပေးသလို ဖြစ်နေတယ်။
ဘာပဲဖြစ်ဖြစ် အဲလို ပြန်ခံစားလိုက်ရတာကိုက ဝမ်းသာဝမ်းနည်း....
ဝမ်းသာတာက ကိုယ်ဖတ်ဖူးတဲ့ စာကို ပြန်ဖတ်လိုက်ရလို့...
ဝမ်းနည်းတာက ဇာတ်သွားထဲက သူငယ်ချင်းနှစ်ယောက်အတွက် ခံစားမိလို့...
ကျေးဇူးတင်ပါတယ်။