အင်မတန် စိတ်ညစ်ညူးဖွယ် ကောင်းသည့် ဂန္ဓ၀င်ဝတ္ထု တစ်ပုဒ်ကို စိတ်မပါဘဲနှင့် ကျွန်တော် ကြိတ်မှိတ် စူးစိုက်၍ ဖတ်နေသည်။ အရင်တုန်းက ဆိုလျှင် ဤသို့သော အလုပ်မျိုး လုပ်မိလိမ့်မည် မဟုတ်။ လူစိတ်ဝင်စားအောင် တောင်မှ မရေးနိုင်သည့် စာရေးဆရာမျိုး၏ စာထဲ ဘာပါမှာလဲ သဘောထားပြီး ပစ်ထားလိုက် နိုင်သည်။ ယခုတော့ မိမိ စိတ်ဝင်စားသည့် အကြောင်းအရာများကို စိတ်ဝင်စားမှု အနည်းငယ် လျော့ကျလာပြီး စိတ်မ၀င်စားသည့် အရာများအပေါ် စိတ်ဝင်စားစ ပြုလာခဲ့သည်။ သည်လောက်တောင် ပျင်းစရာ ကောင်းအောင် ဘယ်လိုအစွမ်းနဲ့များ ချယ်မှုန်းထားသလဲ သိချင်လာသည်။ နောက်တစ်ချက်က စာကြီး ပေကြီးများကို ဖတ်ဖူးတယ်ဟု လူရှေ့သူရှေ့ ပြောနိုင်မည့် အခွင့်အရေး ကလည်း ရှိနေသည်။ စာဖတ်ဝါ ရင့်လာတဲ့အခါ အပျော်ဖတ်မှ အတည်ဖတ်၊ အပျင်းဖြေ၀ါသနာမှ အကျင့်စရိုက် ဖြစ်လာသည်ဟူသည့် ဆရာကြီးတစ်ဦး၏စကားကို သဘောကျမိရာမှ စာအုပ်စာပေကို ဗဟုသုတ အလို့ငှာ သဘောထား၍ ၀ါသနာပါသယောင် အတည်ပေါက်လုပ်နေမိခြင်းလည်း ဖြစ်သည်။ စာအုပ်ပါ အကြောင်းအရာက လူဖြစ်ရသည့်ဒုက္ခ အကြောင်းကို “အော်ဂလီ” ဆန်လာသည်အထိ ချယ်မှုန်းထားသည်။ ဤသို့ဖြင့် နာရီဝက်ခန့်မျှ အလူးအလဲဖတ်ပြီးသော အချိန်တွင် တင်းထားတဲ့ စိတ်ဓာတ်များ ပြိုကွဲသွားခဲ့ ပါပြီ။ စာကို တိခနဲရပ်ပစ်လိုက်ပြီး ဦးနှောက်ဆေးသည့် အနေဖြင့် ပေါ့ပေါ့ပါးပါး အကြောင်းအရာများ ဖတ်ရန် အင်တာနက်စာမျက်များကို လှန်လှောလိုက်မိသည်။
§ § § § § § §
ဤတွင် “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း” (The Universal Declaration of Human Rights) ဟူသည့် Link တစ်ခုကို ခလုတ်တိုက်မိပါသည်။ ရှင်းရှင်းပြောရလျှင် ကျွန်တော် မဖတ်ချင်ပါ။ ဆားပုံနှင့် တိုးသည့် ကျွတ်လေးတစ်ကောင်လို ရှောင်ကွင်းသွားလိုလှသည်။ သို့သော် ရှေ့တည့်တည့် ရောက်နေသည့် အတွက်ကြောင့် ကွေ့ရှောင်သွားရ မည်မှာလည်း လိပ်ပြာမလုံသလို ခံစားရသည်။ ကျွန်တော်လည်း လောလောဆယ် အခြေအနေထိ လူသားတစ်ယောက်သာ ဖြစ်ပါသည်။ အလောင်းတစ်လောင်း မဟုတ်သေး။ ထို့ကြောင့် လူ့အခွင့်အရေးသည် ကျွန်တော်နှင့် တိုက်ရိုက် သက်ဆိုင်နေသည်။ လူကြီးသူမများက အလေးထား ပြုစုထားသည့် အရာကို တစ်ခါမှ အစအဆုံး မဖတ်ကြည့်ဖူးသေး။ သည်တစ်ခါတော့ ဖတ်ကြည့်တော့မည်ဟု ဆုံးဖြတ်လိုက်ရပါသည်။ သို့သော် ဆားပုံပေါ် တက်ခွေရမည့် ကျွတ်တစ်ကောင်လို ဒုက္ခတွေ့တော့မည်မှန်း မိမိကိုယ်ကိုယ် သိနေပါသည်။ ဤသို့ဖြင့် မ၀ံ့မရဲနှင့်ပင် ကုလသမဂ္ဂ၏ အဆိုပါ လူ့အခွင့်အရေးကြေငြာချက် အချက် (၃၀) အား ခပ်သွက်သွက် ဖတ်ကြည့်မိလိုက်ပါသည်။
ကံကောင်းချင်တော့ ကျွန်တော်၏ အင်္ဂလိပ်စာ အရည်အသွေးမှာ အဆိုပါအချက် (၃၀) လုံးအား အပြည့်အ၀ နားလည်နိုင် လောက်အောင် လူရာမ၀င်သေးခြင်း ဖြစ်ပါသည်။ မရှင်းသည့်အချက်၊ နားမလည်သည့် အရာများကို ခေါင်းခြောက်ခံ မစဉ်းစားတော့ဘဲ အပေါ်ယံရှပ်ဖတ်သွားလိုက်သည်။ ကံကြီးလေစွဟု စိတ်ကူးဖြင့် လေချွန်လိုက်မိသည်။ သို့သော် ကျွန်တော့် ကံကောင်းခြင်းက ကြာကြာမခံပါ။ ကျွန်တော်ရှိနေရာ နေရာနှင့် ခြေလှမ်းဆယ်လှမ်းခန့်အကွာတွင် စာကြည့်တိုက်လေးတစ်ခု ရှိနေသည်။ ထိုစာကြည့်တိုက်ထဲတွင် လူ့အခွင့်အရေးလက်စွဲဆိုသည့် မြန်မာဘာသာဖြင့်ရေးထားသည့် စာအုပ်တချို့ ရှိနေမှန်း စိတ်မသက်မသာ သတိရမိသွားသည်။ သည်အခြေအနေရောက်မှ အကြမ်းဖျင်းလောက် နားလည်အောင်တော့ ဖတ်မှ ဖြစ်တော့မည်။ သည်ထဲက အချက်များသည် လောလောဆယ်အခြေအနေတွင် ကျွန်တော့်အတွက် အလွန်ရေးကြီး နေမှန်းလည်း ကိုယ့်ကိုယ်ကိုယ် သတိပေးရသည်။ ထို့ကြောင့် စာကြည့်တိုက်ထဲတွင် ခပ်တည်တည်နေရာယူထားသော လူ့အခွင့်အရေးလက်စွဲဆိုသည့် စာအုပ်ပုံထဲမှ အပေါ်ဆုံးတစ်အုပ်ကို လက်ဖြင့် ဆွဲယူလိုက်ရတော့သည်။ ထို့နောက်တွင် Website ပေါ်ရှိ အင်္ဂလိပ်လိုနှင့် စာအုပ်ထဲရှိ မြန်မာပြန်ကို ဒုက္ခကြီးစွာဖြင့် တိုက်ဆိုင်ဖတ်ရှုမိပါတော့သည်။
တွေ့တွေ့ချင်း ဆောက်နှင့်ထွင်းသလို အပိုဒ် (၁) တွင်ပင် မကြားဝံ့မနာသာ အချက်တစ်ချက်ဖြင့် စတင်တာလွှတ်ထားသည်။ “လူသားတိုင်းသည် လွတ်လပ်စွာ မွေးဖွားလာကြပြီး တန်းတူညီမျှမှု ရှိသည်” ဟု ဆို၏။ လွတ်လပ်မှုဆိုသည့် နေရာအရောက်တွင် နိုင်ငံရေး အကျဉ်းသားများ၏ မျက်နှာကို ကွက်ခနဲ လှမ်းမြင်လိုက်မိသည်။ (အပြင်မှာတော့ မမြင်ဖူးပါ။ စိတ်ကူးနှင့် လှမ်းမြင်လိုက်သည်ကို ဆိုလိုကြောင်း နားလည်ပေးပါရန်) “လွတ်လပ်စွာ မွေးဖွားလာကြသည်ဆိုတဲ့ အချက်က ရှင်းနေတာပဲ။ လွတ်လပ်စွာ ရှင်သန်၊ သေဆုံးကြသည်လို့မှ မဆိုလိုဘဲ” ဟု မိမိကိုယ်ကိုယ် အတွေးမကပ်ရန် သတိပေးလိုက်ရသည်။ “ခင်ဗျားနဲ့ ကျွန်တော်နဲ့ တန်းတူပဲ” ဟု မိမိထက် အရပ်တစ်ပေလောက် ပိုမြင့်သည့် အမေရိကန်ကြီးတစ်ဦးကို ပြောရမည်မှာ နည်းနည်းတော့ ဂွကျသည့်ကိစ္စ ဖြစ်ပါသည်။ လူသားတို့သည် အခြေခံအရည် အသွေးအားဖြင့် တူညီကြသည်။ ဤအချက်သည် မူအရ မှန်ကန်မှုရှိပါသည်။ ကျွန်တော်က မူဝါဒကို လက်တွေ့ရလဒ်ဖြင့် ချိန်ထိုးစဉ်းစားပြီး ပေါက်ကရတွေးနေမိခြင်းသာ ဖြစ်လိမ့်မည်။
တကယ်တော့ အဆိုပါ ကြေငြာစာတမ်းပါ အချက်အလက်များမှာ လူတို့၏ လွတ်လပ်မှုနှင့် တန်းတူညီမျှရေးကို အခြေခံထားကာ အသေးစိတ်၊ အတိအကျ အချက်အလက်များ သတ်မှတ် ပြဌာန်းထား ခြင်းသာ ဖြစ်ပါသည်။ “လူသားတစ်ယောက် ရနိုင်သည့် အခွင့်အရေးကို အခြား လူသားတစ်ယောက် ကလည်း ရရှိနိုင်သည်” ဟုသည့် အခြေခံတွင် အားလုံး ငုံမိမည် ဖြစ်ပါသည်။ မြန်မာပြန်မူကို “ဤနေရာ” တွင် ဖတ်ရှုနိုင်ပါသည်။ ပြန်ဆက်ရလျှင် အပိုဒ် (၁၄) က အရ “လူတိုင်း မတရားအပြစ်ပေးနှိပ်စက်မှုမှ လွတ်မြောက်ရန် အခြားတိုင်းပြည်များတွင် ခိုလှုံခွင့် တောင်းပိုင်ခွင့်ရှိသည်” ဟူသည့်အချက်သည် အရေးကြီးသည်ဟု ယူဆသဖြင့် အသေအချာ မှတ်သားထားလိုက်သည်။ အပိုဒ် (၁၆) ကိုလည်း စိတ်အားထက်သန်စွာဖြင့် ဖတ်ရှုမိသည်။ “အရွယ်ရောက်ပြီးသောလူတိုင်း လက်ထပ်ထိမ်းမြား ပိုင်ခွင့်နှင့် မိသားစုဘ၀ ထူထောင်ခွင့်ရှိသည်” ဟု ဆိုလိုသည်။ သည်အချက်သည်လည်း လူပျိုတို့အတွက် အရေးကြီးသည်။ အပိုဒ် (၁၈) က သာ၍ပင် အရေးကြီးသေးသည်။ “လူတိုင်း လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ လွတ်လပ်စွာ ဘာသာကူးပြောင်းပိုင်ခွင့်ရှိသည်” ဟု ဆိုထားသည်။ လွတ်လပ်စွာ ယုံကြည်ခွင့်ရှိသည်ဆိုလျှင် “လွတ်လပ်စွာ မယုံကြည်ခွင့်” လည်း ရှိရပေမည်။ တစ်ဆက်တည်း အပိုဒ် (၁၉) သည်လည်း အရေးကြီးပြန်သည်။ “လူတိုင်း မိမိယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်တင်ပြခွင့်၊ သတင်းရယူခွင့်ရှိသည်” ဟူ၏။
စင်စစ် အဆိုပါအခွင့်အရေးသည် Blog စာမျက်နှာများပေါ်တွင် ရရှိနေသည်ဟု ဆိုရလိမ့်မည်။ ပြည်တွင်းပုံနှိပ်မီဒီယာများတွင် လွတ်လပ်အတွေး ပုံနှိပ်ဖြန့်ဝေခွင့်၊ နိုင်ငံရေးဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ အယူအဆ ကွဲလွဲခွင့် “လုံးဝ” မရှိ။ သို့ရာတွင် Blog များကိုလည်း ပိတ်ပင်ထားပြီး ဖြစ်ပါသည်။ ယခု ကျွန်တော်ရေးနေသည့် စာသားများကိုတောင် ကျွန်တော်ကိုယ်တိုင်နှင့် အခြား လက်တစ်ဆုပ်စာ လူများမှသာ ဖတ်ရှုရန် အခြေအနေ ပေးပါသည်။ အများစုသော မြန်မာလူငယ်များ (လူကြီးလည်း ပါသည်။ လူငယ်တို့ကို အဓိက ရည်ညွှန်းလို၍ ဖြစ်ပါသည်) ဖတ်ရှုနိုင်လိမ့်မည်မဟုတ်ပါ။ စပ်မိ၍ Blogger.com အား ပိတ်ပင်ထားခြင်းအပေါ် စစ်အစိုးရမှ အကြောင်းပြချက် တစ်စုံတရာပေးသည်ဟု မကြားမိ။ လူထုထံမှလည်း တရားဝင် မေးခွန်းထုတ်သံ မကြားမိ။ တရုတ်ပြည်တွင် ညစ်ညမ်းဝက်ဆိုက်များကို “ယဉ်ကျေးမှု အကြောင်းပြ” ပိတ်ပင်သလိုမျိုး အကြောင်းပြချက်တစ်ခုခု ချပြထားခြင်းတောင် မရှိတော့ဘဲ “တစ်ချက်လွတ်” ပိတ်ပင်ထားခြင်းကို ဆိုလိုပါသည်။ မေးခွန်းထုတ်သံ မကြားရသည့် အကြောင်းရင်းကိုမူ ကျွန်တော် ကောင်းကောင်း သဘောပေါက်ပါသည်။ “ဘ၀သက်တမ်း” (Lifespan) နှစ် ၇၀ သာသာလောက်သာ ရှိသည့် “လူ” ကို ထောင်ဒဏ် နှစ်ရာကျော်ချမှတ်နိုင်သည့် အံ့ဖွယ် “အီလက်ထရောနစ် အက်ဥပဒေ” ကို ပြည်သူက မည်သို့ မေးခွန်းထုတ် ၀ံ့ပါမည်နည်း။ ကျွန်တော်အခု ရေးနေသည့် စာသားများသည်လည်း လွတ်လပ်မှု ရှိသည်ဟု မဆိုနိုင်ပါ။ အခန်းတံခါး ဂျက်ချပြီး အသံကုန်ဟစ်အော်နေသည်နှင့်သာ တူပါသည်။ အခွင့်အရေးမဲ့နေသည့် ကာယကံရှင် လူထုက အကန့်အသတ်ဖြင့်သာ ကြားရခြင်းကြောင့် ဖြစ်ပါသည်။ ဤနေရာမှနေ၍ ဆင်ဖမ်းမည် ကျားဖမ်းမည်လည်း ကျွန်တော် ကြွေးကြော်ပိုင်ခွင့် မရှိပါ။ မည်သူမျှ မကြားနိုင်သည့် တွင်းငယ်ထဲတွင် အသံကျယ်ကျယ် အော်မြည်နေသည့် ဖားတစ်ကောင်လို မိမိကိုယ်ကိုယ် မလိုတမာ သတ်မှတ်လိုက်ရသည့်အဖြစ်မျိုး ရောက်တော့မည်။
အကျဉ်းချုပ်ရလျှင် အဆိုပါစာတမ်းပါ အချက်များအားလုံးမှာ အားလို့ရေးထားသည့် စာများမဟုတ်ဘဲ အမှန်တကယ် လိုအပ်သည့် သတ်မှတ်ပြဌာန်း “မူ” များ ဖြစ်ပါသည်။ သို့သော် မူသည် မူသာဖြစ်သည်။ လက်တွေ့ အဖြစ်မဟုတ်ပါ။ မူအတိုင်း လက်တွေ့ကျင့်သုံးရန်၊ ရရှိခံစားနိုင်ရန်မှာ ပေးဆပ်စရာများစွာ ရှိနေပါသေးသည်။ သည်လို “အခွင့်အရေး” မျိုးများ ရှိကြောင်းကိုပင် လုံးဝမသိရှိသည့် “လူ” များ အများအပြား ရှိနေပါသေးသည်။ နှိုင်းယှဉ်စဉ်းစားခြင်း၊ ယေဘုယျချခြင်း အတွေးစဉ်များကို ဦးနှောက်က အလိုအလျောက် လုပ်ဆောင်နေသည်ဖြစ်ရာ အဆိုပါမူများကို ဖတ်ရှုနေချိန်တွင် ကျွန်တော်က မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် ချိန်ထိုးစဉ်းစား မိလျက်သား ဖြစ်နေတော့သည်။ ထိုအခါ ခါးသက်သက် ခံစားချက်များသာ ထိန်းမနိုင်အောင် ဖိတ်လျှံကျလာသည်။
ဤသည်တို့မှာ ဦးနှောက်ဆေးရန် ရည်ရွယ်ချက်ဖြင့် အနေအထိုင်မတတ်စွာ အင်တာနက်ပေါ်သို့ လမ်းသလားမိသော ကျွန်တော်၏ အဖြစ်ဆိုးကြီးပင် ဖြစ်ပါသည်။ ဆားနှင့် ထိမိသော ကျွတ်ကလေး၏ ဇာတ်လမ်းကို ပြန်ဆက်ရလျှင် အဆိုပါ စာတမ်းအား အကုန်အစင် ဖတ်ပြီးသော် အရည်ပျော်ကျရသည့် ဘ၀သို့ ရောက်ခဲ့ရပြီဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ထိုင်ဖတ်ပြီး မျက်ရည်ဝဲနေသော ခြေပြတ်လက်ပြတ် နိုင်ငံတော်မှ ဘောလုံးသမား တစ်ဦး၏ ခံစားချက်မျိုးပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် အင်တာနက်အတွင်း စိတ်ထွက်ပေါက်ရှာခြင်းသည် အလွန်အန္တရာယ် ကြီးလှကြောင်း သဘောပေါက်ခဲ့ပါပြီ။ မတော်တဆ ခလုတ်တိုက်မိသည့် အရာလေးကအစ နာကျင်စေသည်။ ကျွန်တော် အမြင်မှန် ရပါပြီ။ ကွန်ပြူတာအား အလျင်စလို Shut Down ချ၍ လူ့အခွင့်အရေးလက်စွဲအား စာကြည့်တိုက် အတွင်းသို့ နေရာတကျ ပြန်ထားလိုက်သည်။ နောက်တစ်ခါ ဤစာအုပ်ကို လက်က စွဲတော့မည်ဆိုလျှင် သတိကြီးစွာ ထားရတော့မည်။
§ § § § § § §
ကျွန်တော်က အင်မတန် စိတ်ညစ်ညူးဖွယ် ကောင်းသည့် ဂန္ဓ၀င်ဝတ္ထုတစ်ပုဒ်ကို စိတ်ပါလက်ပါဖြင့် လေတချွန်ချွန် ဖတ်နေမိသည်။ အရင်တုန်းကဆိုလျှင် ဤသို့သော အလုပ်မျိုး လုပ်မိလိမ့်မည်မဟုတ်။ ယခုမူ ကျွန်တော် အမြင်မှန်ရခဲ့ပါပြီ။ လူဖြစ်ရသည့်ဒုက္ခအကြောင်း ရေးထားသည့် “အော်ဂလီ” ဆန်စရာ စာအုပ်ကို ဖတ်နေခြင်းဖြင့် မိမိကိုယ်ကိုယ် ဒုက္ခိတနိုင်ငံသား တစ်ယောက်ဖြစ်ကြောင်း အနည်းဆုံး ယာယီ အားဖြင့်တော့ မေ့လျော့နေစေလိမ့်မည်။ စာမျက်နှာ (၁၃၂) ရောက်ပါပြီ...။
◄ တေဇာ ► ဇန်န၀ါရီ (၁၁) ၂၀၁၀
ဖတ်နေတဲ့စာအုပ် ဘာလဲဆိုတာ လွတ်လပ်စွာ သိချင်မိပါသည်။
ReplyDeleteSartre ရဲ့ Nausea ပါဗျာ။
ReplyDeleteကုလတွေ၊ နိုင်ငံပေါင်းချုပ် အသင်းကြီးတွေဆိုတာကိုက(သူတို့ရဲ့ ပဋိဥာဉ် မပြောနဲ့) ကမ္ဘာကြီးရဲ့ အင်အားကြီး နိုင်ငံတွေရဲ့ အထောက်အပံ့ယူနေတာ....။ သူတို့ရဲ့ Authority ဆိုတာ ထည့်ပြောမနေနဲ့..။ အားလုံးဟာ On Paper တွေချည်းပဲ..။
ReplyDeleteခင်ဗျား ဘယ်တော့မှာ existentialist တယောက် မဖြစ်ပါစေနဲ့ ဗျာ....။း)
ကိုယ်ကြားဖူးတာတော့ existentialist တယောက်ဟာ သူ့ကိုယ်သူ existentialist ပါလို့ ဘယ်တော့မှ ဝန်မခံဘူး ဆိုတယ်။
ReplyDelete(ဟုတ်မဟုတ် မသိပါ။ မဆိုင်လှပေမယ့် စိတ်ဝင်စားလို့ ဝင်ရေးမိပြန်တယ်။)
ပြင်သစ်မှာ ဆာ့ထ်ရဲ့ ဖြစ်တည်မှုဝါဒ စတင်ခေတ်စားလာခါစတုန်းကတော့ မိမိကိုယ်ကိုယ် အော့ဇစ်ပါလို့ ကြွေးကြော်ကြသူတွေဟာ အနုပညာသမား (ဂီတ/ပန်းချီ) တွေ ဖြစ်ပါတယ်။ ဒဿနဆရာထဲကတော့ ဒါမျိုး “တခုတ်တရ” ကြွားဝါတာ (ကျွန်တော်) မကြားမိပါဘူး။ ၀န်ခံသည်ဖြစ်စေ၊ ၀န်မခံသည်ဖြစ်စေ သူ့ရဲ့အတွေးအခေါ်/ အရေးအသားမှာ ပေါ်နေမှာပဲကိုး။ ကမူးဆိုရင် ဖြစ်တည်မှုပဓာနဆိုင်ရာ ၀တ္ထုတွေ (ဥပမာ- The Outsider) ရေးပေမယ့် အော့ဇစ်တစ်ယောက်ပါလို့ သေတဲ့အထိ ၀န်မခံခဲ့ပါဘူး။ ယနေ့ထိ လူများစု ပြောနေကြဆဲဖြစ်တဲ့ “ဖြစ်တည်မှုဝါဒ” ဟာ ဆာ့ထ်ရဲ့ ဖြစ်တည်မှုဝါဒ (Sartrean Existentialism) သာ ဖြစ်လို့ ဆာ့ထ်အနေနဲ့ကတော့ သူ့ကိုယ်သူ ဖြစ်တည်မှုဝါဒီပါလို့ ၀န်ခံနေစရာကို မလိုတော့သလောက်ပါပဲ။ သူ့ရဲ့ ဒဿနကိုး။ ဒါပေမဲ့ သူ့ရဲ့စာတမ်းတွေမှာ “ကျွန်တော်တို့ ဖြစ်တည်မှုဝါဒီတွေဟာ...” လို့ သုံးနှုန်းခဲ့တာကို သတိထားမိတယ်။
ReplyDeleteဖြစ်တည်မှုဝါဒီပါလို့ ၀န်ခံဖို့ကျတော့ ဖြစ်တည်မှုဝါဒဆိုတာ ဘာလဲလို့ ကျကျနနသိဖို့ လိုလာတယ်။ ဘယ်လောက်ထိ ကျကျနနသိလဲ ကိုယ့်ကိုယ်ကိုယ် မဆုံးဖြတ်ချင်ပေမဲ့ သိသလောက်အတိုင်းအတာအထိ လွှမ်းမိုးခံရတယ် ဆိုတာ အမှန်ပါပဲ။ စာအရေးအသားနောက်က အတွေးအခေါ်တွေမှာ ဖုံးမရဖိမရ သွားပေါ်နေတယ်။ ၂၀ ရာစု ပြင်သစ်အတွေးအခေါ်တစ်ခုကို ၂၁ ရာစုမှာ မြန်မာတစ်ယောက်က ယုံနေတယ်လို့ ကြွေးကြော်လို့ အရသာသိပ်ရှိမှာတော့ မဟုတ်ဘူး။ (ဤဝေဖန်ချက်သည်ပင် မျက်ကန်း လူမျိုးရေးအတွေးအခေါ်မှာ အခြေခံနေပါတယ်။ ထားပါတော့) အချိန်/နေရာ ကွဲလွဲမှုတွေကို ခဏဖယ်ထားလိုက်ပြီး ဖြစ်တည်မှုဝါဒရဲ့ အခြေခံသဘောတရား တစ်ချို့ကို သဘောကျမိတာလို့ ပြောရမှာပဲ။
မရီတာပြောတဲ့ လိုရင်းကိုပြန်ကောက်ရရင်တော့ မိမိကိုယ်ကိုယ် ဖြစ်တည်မှုဝါဒီပါလို့ ကြွေးကြော်သူ “အများစု” ဟာ ခေတ်စားလာတဲ့ အ၀တ်အစားကို ကိုယ်ပေါ်ကောက်စွပ်တတ်တဲ့ အနုပညာသမားဆိုသူတွေ များပါတယ်။ ကိုယ်တိုင် တွေးခေါ်နားလည် ထားကြသူတွေ မဟုတ်ပါဘူး။ ပေါ်ပြူလာသဘော ဆန်ပါတယ်။ ဒဿနာသမားတစ်ဦးဆိုရင်တော့ မကြွေးကြော်လည်း သူ့အတွေး အရေးတွေမှာ ဖြစ်တည်မှုဝါဒရဲ့ လွှမ်းမိုးမှု ပါမပါ သိမြင်နိုင်တယ်လို့ပဲ ဆိုချင်ပါတယ်။
(နည်းနည်းလေး စပေးလိုက်တာ အရှည်ကြီး လျှောက်ပြောမိပါတယ်) ;P