Skip to main content

နှင်းရိုင်းများနောက်

ယခင်က...
နှင်းဖွဲများကြား ပစ္စုပ္ပန်ဆန်အောင် ကြိုးစား
ယခု...
နှင်းရိုင်းများကြား အတိတ်ဆန်အောင် ကြိုးစားနေရပြီ
... အနာဂတ်အတွက်... ။      ။

~တေဇာ~

တံခါးကို ဆွဲဖွင့်လိုက်တော့ နှင်းများ မျက်နှာကို အငမ်းမရ လာရောက် ရိုတ်ခတ်သည်။ အပြင်တွင် နှင်းများ ပိန်းပိတ် နေလေပြီ။ ယားတက်လာသော လည်ချောင်းထက်က ချောင်းတစ်ချက် ဟပ်လိုက်ပြီးနောက် အလျင်အမြန် အခန်းတွင်းသို့ ပြန်ဝင်လိုက်ရသည်။ အပြင်က ညဦးယံသည် ထုနှင့်ထည်နှင့် ကျနေသော နှင်းမှုန်များကြားဝယ် ဖြူရော်ရော် ဖြစ်နေလေပြီ။ ည၏ ကိုယ်ပိုင်အရည်သွေး အချို့ကို နှင်းက ၀ါးမျိုခဲ့ပြီ ဖြစ်၏။ သည်လို နှင်းရိုင်းများ မင်းမူနေသောညမျိုး အရင်တုန်းက မကြုံစဖူး။ သွပ်မိုးပေါ်သို့ တတောက်တောက် နှင်းပေါက်ကျသံအချို့နှင့် သံစဉ်ညီနေသည့် ရန်ကုန် ဒီဇင်ဘာညချမ်း အချို့နှင့်သာ အမြဲတမ်းရင်းနှီးခဲ့ရသူ ဖြစ်သည်။ ယခုနှင်းသည် ယခင်နှင်းမဟုတ်၊ ထို့အတူ ယခုသူသည်လည်း ယခင်သူမဟုတ်တော့။ ယခင်သူနှင့် ယခင်ဆောင်းနှင်းများအကြောင်း ယခုသူက အေးစက်စက် တွေးနေမိသည်။

စာမေးပွဲ သုံးဘာသာကျကြောင်း ထည့်သွင်းဖော်ပြထားသည့် Report Card ကို မိဘထံသို့ ပြန်ပြရမည့် ကိစ္စသည် ယခင်သူ၏ သူငယ်ချင်းတစ်ယောက်အတွက် သေရေးရှင်ရေး အရေးကြီးနေခဲ့ဖူးသည်။ နံနက်ခင်း ကျောင်းသွားရာလမ်းတွင် နှင်းထုက ကလေးငယ်နှစ်ယောက်၏ မြင်ကွင်းကို ပိတ်ကာတားဆီးနေခဲ့သည်။ ကလေးငယ်တစ်ယောက်က ရှေ့မှမြင်ကွင်းကို လက်ညှိုးထိုးပြပြီး ဟိုးမှာ ဘာမြင်ရလဲဟု သူ့သူငယ်ချင်းကို မေးလိုက်၏။ ဘာမြင်ရမှာလဲ နှင်းဖြူဖြူတွေပဲ မြင်ရတာပေါ့ဟု သူငယ်ချင်းက စိတ်ပျက်လက်ပျက်ပြန် ဖြေလိုက်သည်။ အင်း အဲဒီ မမြင်ရတဲ့ နှင်းထုတွေ ပိတ်နေရာနေရာမှာလည်း လူတွေ ရှိတယ်။ သူ့တို့ကလည်း တို့အခုရှိနေတဲ့နေရာကို ကြည့်လိုက်ရင် နှင်းတွေပဲ မြင်ရမယ်။ အဲဒီလို ဘာမှန်းမသိ မမြင်နိုင်တဲ့ နှင်းဖြူဖြူတွေဟာ ကြောက်စရာ ကောင်းတယ်။ ဘာမှန်းမသိရလို့ကို ကြောက်စရာကောင်းတယ်။ အခုရောက်နေရာ နေရာကနေပြီး ရှေ့ဆီက မသဲကွဲတဲ့နှင်းထုကို ကြည့်ရတာဟာ အနာဂတ်ကို ကြည့်ရတာနဲ့ တူတယ်။ ဒါပေမဲ့ တို့ အခု ဒီမှာရှိနေတာပဲ။ တို့ရှိနေတဲ့နေရာကတော့ မြင်နေရသားပဲ။ ဟိုးအရှေ့ကို မမြင်နိုင်ပေမဲ့ အခုရောက်နေတဲ့နေရာကိုတော့ သဲသဲကွဲကွဲမြင်ရတာပဲ။ အဲဒီလို သဲသဲကွဲကွဲ မြင်နေရတာကျတော့ ကြောက်စရာမကောင်းတော့ဘူး။ အဲဒီလိုပဲ အနာဂတ်ကို လှမ်းကြည့်နေရတာဟာ အသည်းငယ်စရာ ကောင်းတယ်။ ဒါပေမဲ့ အနာဂတ်ကို ရောက်နေတဲ့အချိန် ကျတော့ ဘာမှ မထူးဆန်းတော့ သလိုပဲ။ အားလုံးကို ကွဲကွဲပြားပြား မြင်နေရပြီကိုး။ အဲဒီတော့ မကြောက်ချင်ရင်တော့ ပိန်းပိတ်နေတဲ့နှင်းတွေကို အကြည့်လွှဲပြီး သဲသဲကွဲကွဲမြင်နေရတဲ့ အခုနေရာကိုပဲ ကြည့်မှ ဖြစ်လိမ့်မယ်။

အရွယ်နှင့်မလိုက်သော စကားများပြောတတ်သောကလေးငယ်ကို လူကြီးအချို့က အံသြသဘောကျ ကြပြီး၊  အချို့က မေးငေါ့ကြသည်။ ရွယ်တူသူငယ်ချင်း အချို့က အထင်ကြီးကြပြီး အချို့က အမြင်ကပ်ကြသည်။ ထိုသူငယ်ချင်းကတော့ ကံကောင်းထောက်မစွာ ထိုနေ့နံနက်ခင်းက သူပြောခဲ့သည့် စကားများကို တလေးတစား နားထောင်နေခဲ့ပါသည်။ နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက် ထိုနေ့နံနက်ခင်းက သူပြောခဲ့သော စကားများကို  အခုထိမှတ်မိနေသေးကြောင်း သူ့ကို ပြန်ပြောပြခဲ့သည်။ အနာဂတ်နှင်းမှုန်များသည် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်ဆိုလျှင် အတိတ်နှင်းမှုန်များကျတော့ လွမ်းဆွတ်မှုကို ဖြစ်ပေါ်စေသည်ဟု ဆိုချင်ပါသည်။ အတိတ်၏ေ၀၀ါးသောနှင်းမှုန်များကို ယခုအချိန်ဝယ် သူ လွမ်းဆွတ်နေမိပြီဖြစ်သည်။ သို့သော် ၎င်းတို့ကို သူ အကြည့်မလွှဲဖယ်နိုင်ပါ။ စိတ်လိုလက်ရ လွမ်းနေချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပစ္စုပ္ပန်မှ သဲကွဲရှင်းလင်းလှသည့် နှင်းများမှာ သူ့အမြင်တွင် နှင်းရိုင်းများသာ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

နှင်းရိုင်းများနှင့်ညသည် အထီးကျန်မှုကို ပိုမိုပီပြင်အောင် သရုပ်ဖော်သည့်နှယ် ချမ်းစီးတိတ်ဆိတ်နေသည်။ ယခုနှင်းများကို မသက်မသာဖြစ်နေသော လူတစ်ယောက်သည် ယခင်နှင်းများကို တိတ်တဆိတ် ကြိတ်၍ လွမ်းဆွတ်နေမိသည်။ သူသည် အရွယ်ရောက်သူတစ်ယောက် ဖြစ်လာခဲ့ပြီ။ ကလေးဘ၀က သူကိုယ်တိုင် ပြောခဲ့ဖူးသည့် စကားအတိုင်း မလွမ်းချင်ရင် အခုနှင်းတွေပဲကြည့်ပေါ့ဟု တစ်စုံတစ်ယောက်က အကြံပေးခဲ့သော် သူက ခေါင်းခါမိပါလိမ့်မည်။ ကာလဒေသ ကွဲပြားရာရပ်ဝန်းတစ်ခုဆီမှ ဖြူဖွေးသန့်စင်သည့် ဒီဇင်ဘာနံနက်ခင်းများကို သူက နောက်ပြန်ငဲ့၍ စိတ်လိုလက်ရ  လွမ်းနေမိခြင်းသာ ဖြစ်ပါသည်။ သို့မဟုတ်ခဲ့လျှင် ယခုကျဆင်းနေသည့် ရက်စက်ရိုင်းစိုင်းသော နှင်းများအလယ်တွင် သူကိုယ်တိုင် ပျောက်ဆုံးသွားတော့မည်ဆိုသည်ကို သူသိနေခဲ့သည်။ သူ့ဘ၀တွင် ဒီဇင်ဘာနှင်းဖွဲများ ရှိခဲ့ဖူးသည်။

◄ တေဇာ ► ဇန်န၀ါရီ (၇) ၂၀၁၀

Comments

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

You have 24 notifications about Eain and others