တစ်ညသ၌ သရဲတစ်ကောင်သည် အဆောက်အဦ တစ်ခုအနီးသို့ ချဉ်းကပ်လာ နေသည်။ အကာလ ညအခါဝယ် သရဲတို့ ဘာသာဘာဝ လမ်းသလား နေခြင်းသာ ဖြစ်ပါသည်။ အနှီသရဲမှာ ကာလသား သရဲတစ်ကောင်ဖြစ်ပြီး လူတို့အား ခြောက်လှန့်ပြီး အပျော်ရှာခြင်းကို ၀ါသနာထုံ၏။ လူတို့အား ကြောက်လန့်စေပြီး မိမိ၏ သရဲပီသခြင်း အဖြစ်ကိုလည်း ဂုဏ်ယူတတ်၏။ ယခု သူ ချဉ်းကပ်လာ နေသော အဆောက်အဦမှာ မျက်မမြင်ကျောင်း တစ်ကျောင်း၏ အိပ်ခန်းဆောင်သာ ဖြစ်ပါသည်။
အဆောင်အတွင်းဝယ် မျက်မမြင်တို့သည် မအိပ်သေးဘဲ သရဲပုံပြင်များ ပြောပြီး အဟားဟား ပွဲကျနေကြ၏။ တကယ်တော့ ယခုကဲ့သို့ တိတ်ဆိတ် မှောင်မိုက်နေသော ညအခါဝယ် ပုံမှန်အားဖြင့်မူ သရဲပုံပြင်ကို ကျောတစိမ့်စိမ့်၊ ရင်တဖိုဖို နားထောင်နေ သင့်ပေသည်။ ယခုတော့ ဤသို့မဟုတ်။ သရဲပုံပြင်နားထောင်ပြီး ဟေးလားဝါးလား အူမြူးနေကြသည်။ ဘယ်လိုလူတွေပါလိမ့်ဟု သရဲက ဇဝေဇ၀ါ တွေးမိလိုက်ပြီး၊ တစ်ပြိုင်နက်တည်း မခံချင်စိတ်လည်း ပြင်းစွာ ဖြစ်မိ၏။ အစဉ်အလာအရ တစ္ဆေသရဲ ပုံပြင်များပြောပြီး ဘယာနကရသကို ခံစားရမည့်အစား အနှီလူများက ဟာသရသ လုပ်ပစ်နေခြင်းသည် သရဲတစ်ကောင်အတွက် အခံရခက်လှ၏။ မိမိကဲ့သို့ ဒေါင်ဒေါင်မြည် သရဲတစ်ကောင်အတွက် အခံရခက်လှရုံမက စော်ကားခံရခြင်းပင် ဖြစ်သည်ဟု ကာလသား သရဲက ဒေါသတကြီး တွေးမိလိုက်၏။ ထို့ကြောင့် အနှီလူသားတစ်သိုက်အား သရဲမှန်းတစ္ဆေမှန်း သိစေရန် အစွမ်းကုန် ခြောက်ပြတော့မည်ဟု သရဲက ဆုံးဖြတ်လိုက်လေသည်။
╩ ╩ ╩ ╩ ╩ ╩ ╩
ကာလသားသရဲ စိတ်ဆိုးမည်ဆိုလျှင်လည်း ဆိုးလောက်ပါသည်။ သရဲပုံပြင်တချို့ကို သိသည့် မျက်မမြင်တစ်ဦးက ဤသို့ ဟန်ပါပါ ပြောနေ၏။
“အဲဒါနဲ့ မသင်္ကာလို့ နောက်လည်း လှည့်ကြည့်လိုက်ရော.. အံမလေး.. ခေါင်းပြတ်ကြီးက နောက်က လိုက်လာပါ လေရော။ သူ့နောက်မှာလည်း သွေးတွေက တတောက်တောက်ကျပြီး ချင်းချင်းနီလို့ကိုး...”
“ခေါင်းပြတ်ကြီး နောက်က လိုက်လာတော့ ခေါင်းပြတ်ကြီးကို ခေါ်မသွားချင်လို့လား၊ ဘာလို့လဲ” ဟု မျက်မမြင်တစ်ဦးက ကြောက်ရမည့်နေရာတွင် စိတ်ဝင်တစားမေးနေ၏။
“ဟင်... သရဲတွေက ခေါင်းမရှိဘူးလား” ဟု အခြားတစ်ယောက်က အူကြောင်ကြောင် ၀င်မေး၏။
“ချင်းချင်းနီဆိုတာ တရုတ်မလေးလား” ဟု ကျန်တစ်ယောက်က ကူလီကူမာအသံဖြင့် မေးလိုက်၏။ ၀မ်းတွင်းကန်းများကို သရဲပုံပြင်ပြောမိသူမှာ တစ်ကြောင်းပြောမိလိုက်၊ ရှင်းလို့မနိုင်လိုက် ဖြစ်နေ၏။ ကာလသားသရဲ၏ ဒေါသမှာ အထွဋ်အထိပ်သို့ ရောက်သွားပြီ ဖြစ်၏။
“တိတ်စမ်း” ဟု အသံပါဝါကို ဂိတ်ဆုံးထားပြီး အော်ဟစ်လိုက်၏။ သို့သော် သရဲဘာသာဖြင့် တိတ်စမ်းသည် လူတို့၏နားတွင် အဓိပ္ပာယ် မပေါက်ပါ။ ခြောက်ခြားစရာ လေတိုးသံကြီးကိုသာ မျက်မမြင်တို့ ကြားလိုက် ရပါသည်။ သို့သော် တစ်ယောက်တစ်ပေါက် ပြောဆိုနေခြင်းများတော့ တိတ်ဆိတ်သွားသည်။ သရဲလည်း အားတက်သွားပြီး သရဲတို့တတ်အပ်သည့် ခြောက်လှန့်ခြင်းပညာများကို အစွမ်းကုန်သုံးကာ စတင်ခြောက်လှန့် လေတော့သည်။
သရဲတွေခေါင်းမရှိဘူးလား ပြောထားသည့် လူကို မှတ်လောက်သားလောက်ရှိစေရန် ရည်ရွယ်ပြီး သရဲက သူ၏ ခေါင်းကို ဖြုတ်လိုက်၏။ ထို့နောက် ခြင်းလုံးတော့သလို ခြေထောက်ဖြင့် တော့ပြနေလိုက်သည်။ လည်ပင်းတွင် သွေးများက တပွက်ပွက်ထ နေ၏။ ကြမ်းပြင်တွင်လည်း သွေးများချင်းချင်းနီနေသလို မြင်ရအောင် လုပ်ပြ၏။ စကားသံ တိတ်သွားသည့် မျက်မမြင်တို့မှာ ကြောက်ရွံ့ဟန်တော့ မပြ။ ကြောင်တောင်ကန်းများက အူကြောင်ကြောင်မျက်ဝန်းများဖြင့် သရဲကို ကြည့်နေ၏။ ဟောက်ပက်ကန်းများက ဦးခေါင်းကိုငဲ့ပြီး အသံကို နားစွင့်နေ၏။ အားကြိုးမာန်တက် ခြောက်ပြနေသည့် ကာလသားသရဲခမျာ ရှက်ကိုးရှက်ကန်း ဖြစ်လာသည်။ စိတ်ထဲတွင် နည်းနည်းတော့ ဖြုံနေပြီဖြစ်သည်။ တစ်နည်းမဟန်သဖြင့် အခြားတစ်နည်းပြောင်းပြီး သူ၏ သရဲပီသလှသော ဦးခေါင်းကြီးကို ပြန်တပ်လိုက်ပြန်သည်။ ထို့နောက် သူ၏ လျှာနီနီကြီးကို ကြမ်းပြင်ထိအောင် ထုတ်ပြ၏။ မျက်လုံးကို စကောဝိုင်းလောက်ရှိအောင် ပြူးပြ၏။ ထို့နောက်တွင် မျက်မမြင်တို့ထံမှ စကားသံ စတင်ထွက်ပေါ်လာသည်။
“လေတိုးသံ လိုလို ကြားမိလိုက်တယ်။ ကျောထဲမှာလည်းလည်း စိမ့်သွားသလိုပဲ။ အပြင်မှာ မိုးရွာနေလား မသိဘူး”
“အေး.. ငါလည်း ကြားလိုက်တယ်။ မိုးတွင်းမှ မရောက်သေးပဲ။ ဘယ်မှာ မိုးရွာမှာလဲ...”
“လမ်းမပေါ်က ကားဘီးပေါက်တဲ့အသံ ဖြစ်မှာပါ” ဟု အမျှော်အမြင်ကြီးမားဟန်ရှိသည့် မျက်မမြင်တစ်ဦးက ၀င်ပြောသည်။ ဤသို့ဖြင့် တစ်ယောက်တစ်ပေါက် ငြင်းခုန်သံများ ပြန်လည် ဆူညံလာလေသည်။
အစွမ်းကုန် ခြောက်ပြနေရသည့် ကာလသားသရဲမှာ စိတ်အားငယ်လာပြီဖြစ်၏။ သည်လိုအဖြစ်မျိုး သူ၏ သရဲအတွေ့အကြုံအရ မကြုံစဖူး။ တစ်ခါမျှ ဤသို့ ရေကုန်ရေခမ်း မခြောက်စဘူး။ သူ၏ သရဲချောချောလှသည့် မျက်နှာကြီးအား ယခုအချိန် မှန်ထဲပြန်မြင်ရလျှင် သူကိုယ်တိုင်ပင် လန့်ဖျံ့သွားရလောက်သည်ဟု တွေးမိ၏။ ထို့နောက်တွင် ကာလသားသရဲမှာ လိပ်ပြာငယ်လာပြီ ဖြစ်သဖြင့် အဆောင်တွင်းမှ သုတ်ခြေတင်ရ လေတော့သည်။ အဆောင်တွင်းတွင် မျက်မမြင်တို့၏ အချေတင်ငြင်းခုန်သံ များသာ ကျယ်ကျယ်လောင်လောင် ကျန်ရစ်ခဲ့၏။
╩ ╩ ╩ ╩ ╩ ╩ ╩
နောက်တစ်နေ့ည ညီအစ်ကို မသိတသိအချိန် ခန့်တွင် သရဲတစ်သိုက်သည် မျက်မမြင် အဆောင်အနီးသို့ ချီတက်လာ ကြ၏။ သိက္ခာကျ ခဲ့ရသည့် ကာလသားသရဲမှာ သူ၏ လမ်းသရဲဆန်ဆန် မိုက်တိမိုက်ကန်း သရဲတစ္ဆေများကို စုစည်းလာခဲ့ပြီး အင်အား အလုံးအရင်းဖြင့် ခြောက်လှန့်ရန် စီစဉ်လာခဲ့၏။ ပါဝင်လာသည့် သရဲအားလုံးမှာ ခြောက်စခြောက်န ရှိသည့် အကောင်များချည်း ဖြစ်သည်။ စင်စစ် ဤကိစ္စသည် သရဲအဖွဲ့အစည်း တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ကိစ္စသာ ဖြစ်၏။ သရဲဖြစ်ပြီး ခြောက်ခွင့်လေးမှ မရကြတော့လျှင် သရဲတစ်မျိုးသားလုံး အရှက်ရ ချိမ့်မည်။ လူတို့အား အခါအားလျော်စွာ ခြောက်လှန့်ခြင်းမှာ သရဲအဖွဲ့အစည်း၏ အခြေခံ အခွင့်အရေးသာ ဖြစ်၏။ ထို့ကြောင့် ဦးစီးဦးဆောင် သရဲနာယကကြီး၏ ခွင့်ပြုချက်ဖြင့် ခြောက်ရမည့် အစီအစဉ်ဖြစ်ပြီး အမာခံသရဲများချည်း လိုက်ပါလာခြင်း ဖြစ်သည်။
အဆောင်တွင်းမှ မျက်မမြင်များကတော့ ဘာမျှ မသိရှာ။ ထုံးစံအတိုင်း သရဲပုံပြင် နားထောင်ပြီး စိတ်ထွက်ပေါက်ရှာ ပျော်ရွှင်နေကြသည်။ အိပ်ချင်စိတ်ပင် မရှိကြသေး။ ကွန်မန်ဒိုသရဲများက အဆောင်တွင်းသို့ ချဉ်းနှင်းဝင်ရောက်ခဲ့ပြီး အစွမ်းကုန် စတင် ခြောက်လှန့်လေသည်။ သရဲတို့မှာ လူကို ထိနိုင်တို့နိုင်သည့် အစွမ်းမရှိသဖြင့် အသံဖြင့် အနံ့ဖြင့် စသည့် ပညာကုန် ထုတ်သုံးကာ တက်ညီလက်ညီ ခြောက်လှန့်ကြ၏။ မျက်မမြင်တို့၏ ဆူဆူညံညံ ရယ်မောသံများ ခဏမျှ တိတ်ဆိတ်သွားသည်။
“စိမ်းရွှေရွှေ အနံ့တွေ ရနေသလိုပဲ” ဟု ပုံပြောနေသည့် မျက်မမြင်က ပြောလိုက်သည်။ သရဲတစ်သိုက် အားတက်သွား၏။
“အဲဒါ ကြောင်တောင်ကန်း လက်ချက်ပဲ နေမယ်။ ညနေက သူ့ဆီက ပဲကြီးလှော်စားနေသံ ကြားလိုက်ရတယ်” ဟု ဟောက်ပက်ကန်းက အဆိုပြုလိုက်သည်။
“အနံ့က ဆိုးပါ့ကွာ။ မင်း ယုတ်မာလှချည်လား ကြောင်တောင်ကန်း။ လူစုံချိန်မှာ လူမှုရေးနားမလည်ဘူးလား”
“မျက်စိမမြင်လို့ နှာခေါင်းအားကိုးပြီး အသက်ရှင်နေရတာ”
“အဲဒီကောင် ဘယ်နားမှာလဲ။ ငါ နားရင်းရိုက်မယ်”
မျက်မမြင်တို့ တစ်ယောက်တစ်ပေါက် ပွစိပွစိ ဖြစ်ကုန်၏။ ကြောင်တောင်ကန်းမှာ မျက်နှာလေး ဆီးရွက်လောက် ငယ်သွားပြီး သူ့လက်ချက်မဟုတ်မှန်း ငြင်းရှာပါသည်။ သို့သော် သူမျက်နှာငယ်လား မငယ်လား မည်သည့်မျက်မမြင်ကမှ မြင်နိုင်သည် မဟုတ်။
“ဘုရားပေးပေးကျမ်းပေးပေး... ငါ မပေါက်ရပါဘူးကွာ။ အကန်းယဉ်ကျေးမှုတော့ ငါနားလည်ပါတယ်။ အသံတွေလည်း ကြားနေရတယ် အပြင်မှာမိုးရွာနေလားမသိဘူး”
“ဒါဆို အီးအီးဘယ်သူပေါက် လုပ်ရမယ်။ ကဲ... အားလုံးဝိုင်းထိုင်ကြ” ဟု အကန်းတစ်ဦးက အကြံပေးသည်။
ထိုသို့ မျက်မမြင်တစ်သိုက် အလုပ်ရှုပ်နေစဉ်တွင်ပင် အစွမ်းကုန် ခြောက်နေကြသည့် သရဲတစ်သိုက်မှာ စိတ်ဓာတ်ပျက်ပြားစ ပြုလာပြီ ဖြစ်သည်။ မြင်ကွင်းက ကြောက်စရာကောင်းလှသည်မှာ သရဲအချင်းချင်း တစ်ကောင်မျက်နှာပင် တစ်ကောင် မကြည့်ရဲ။ သွေးကျဲသည့်သရဲအချို့က တပ်ဆုတ်ရန် ခြေလှမ်းပြင်နေကြပြီ ဖြစ်လေသည်။ နောက်ဆုံး သရဲငယ်တစ်ကောင်သည် အသည်းငယ်လွန်းလှသည်ဖြစ်၍ တစ်ဟုန်ထိုး လှည့်ပြေးလိုက်စဉ်မှာပင် အစထဲက ပြေးချင်ချင်ဖြစ်နေသည့် ကွန်မန်ဒို သရဲများမှာ တိုင်ပင်စရာမလိုဘဲ ထွက်ပြေးကြလေသတည်း။ ထိုအချိန်ဝယ် အခန်းတံခါးဝတွင် မြင်ကွင်းကို ရုတ်တရက်တွေ့လိုက်ရသည့် လူသားတစ်ယောက် ရှိနေပါသည်။
“အား.....”
အသံနက်ကြီးဖြင့် စူးစူးဝါးဝါး အော်သံကြီးတစ်ခုကို ထိုညက မျက်မမြင်တို့ ကြားလိုက်ကြရ၏။ နောက်တစ်နေ့တွင် မျက်မမြင်တို့အကြားတွင် ထူးခြားသတင်းတစ်ပုဒ် ရောက်လာ၏။ မျက်မမြင်အဆောင်၏ အစောင့်အဖိုးကြီးမှာ ညက သရဲဂုတ်ချိုးသတ်သွားသဖြင့် သေဆုံးသွားသည့် သတင်းဖြစ်၏။ မျက်မမြင်ဆောင်တွင် သရဲများ ကျက်စားနေကြသည်ဟု လူပြောများနေသည် ဆို၏။ ဤသတင်းမှာ မျက်မမြင်တို့အတွက် အရေးကြီးသတင်း ဖြစ်လာသည်။ မတော် မိမိတို့ကိုပါ ဂုတ်ချိုးသတ်လျှင် မခက်လော။ ပြီးတော့ ကိုယ်က သရဲကို ရှောင်ရှားနိုင် မြင်နိုင်သည်လည်း မဟုတ်။ ဂုတ်ချိုးသတ်မည်ဆိုလျှင် လည်စင်းခံရမည့် သဘောဖြစ်နေ၏။ ခါတိုင်းလို သရဲပုံပြင်ပြောပြီး ရယ်ရဖို့အသာထား အိမ်မြောင်စုတ်ထိုးသံကအစ ကြောက်နေကြပြီ ဖြစ်၏။ ခက်ချေပြီ။ မျက်ကန်းတို့၏ တစ္တေကြောက်မှု ပြဿနာမှာ ဖြေရှင်းရ ခက်လေပြီ။ နောက်ဆုံး မျက်မမြင်ခေါင်းဆောင်က မျက်မမြင် ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံဆွေးနွေး ရလေတော့၏။
“ကျွန်တော်တို့ အဆောင်မှာ သရဲတွေ သောင်းကျန်းနေလို့ အဆောင်သားများ ညည မအိပ်ရဲလောက်အောင် ဖြစ်နေပါတယ်” ဟု မျက်မမြင်ခေါင်းဆောင်က ပြဿနာကို တင်ပြသည်။
ကျောင်းအုပ်ကြီးက ရယ်ချင်စိတ်ကို ထိန်းချုပ်ထားပြီး ရယ်ကျဲကျဲဖြင့်
“ခင်ဗျားတို့က မြင်ရလို့လား” ဟု ပြန်မေး၏။
“မြင်တော့ မမြင်ရဘူးပေါ့ဗျာ။ မမြင်ရလို့ပဲ ဒီကျောင်းကို ရောက်နေတာပေါ့။ ဒါပေမဲ့ အသံကြားရတယ်။ မမြင်ရပေမဲ့ ရှိတော့ ရှိနေတာပဲ မဟုတ်လား”
“မဟုတ်ပါဘူးဗျာ။ အဖိုးကြီး ဆုံးတဲ့ကိစ္စက နှလုံးရောဂါနဲ့ ဆုံးသွားတာပါ”
“ကျွန်တော်တို့ကို မမြင်ရဘူးဆိုပြီး မလိမ်ပါနဲ့ဗျာ။ အခုဆိုရင် အဖိုးကြီးဆုံးတဲ့ညထဲက ကျွန်တော်တို့ အိပ်မရတော့ဘူး ဖြစ်နေကြပြီ”
“ရှိတယ်ထားပါဦး။ ခင်ဗျားတို့ကို သရဲက ခြောက်ပြလို့မှ မရတာ” ဟု ကျောင်းအုပ်ကြီးက ခေါင်းကုတ်ပြီး ပြောလိုက်၏။
“ခြောက်ပြလို့ မရပေမဲ့ သရဲတွေက ရှိနေတာပဲ မဟုတ်လား။ ကျွန်တော်တို့ မျက်မမြင်တွေဟာလည်း လူတွေပါပဲ။ လူသားစစ်စစ်တွေပါပဲ။ ပရလောကသားနဲ့ အတူတူနေလို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့က မမြင်ရပေမဲ့ ကျွန်တော်တို့ကို အန္တရာယ် ပြုနေနိုင်တာပဲ”
ကျောင်းအုပ်ကြီးမှာ အကြပ်ရိုက်ရလေပြီ။ တကယ်တမ်းတော့ မျက်ကန်းတစ္ဆေ မကြောက်ခြင်းက ဘာမှ အရေးမကြီး။ မျက်ကန်းတွေ တစ္ဆေကြောက်ပါမှ တကယ့်ပြဿနာ ဖြစ်လေ၏။ တစ်ခါမှ မမြင်ဖူးသည့်အရာကို ပါးစပ်သတင်းနှင့် အိပ်မရနိုင်လောက်အောင် ကြောက်နေကြလေပြီ။ မည်သို့ ရှင်းပြရမည်နည်း။ သို့သော် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြဿနာအားလုံး ဖြေရှင်းနိုင်သည်ဟူသော အဆိုအရ အချေတင်ဆွေးနွေးပြီးသော် နောက်ဆုံးတွင် သဘောတူညီမှုတစ်ခု ရရှိကြသည် ဆို၏။
မျက်မမြင်ဆောင်တွင် မျက်စိမြင်သည့် လူငယ် ဒ၀လမ်တစ်ဦး ခန့်ထားပေးရမည်။ မျက်မမြင်များ အလိုရှိလျှင် လှမ်းခေါ်၍ ကြားနိုင်သည့်နေရာတွင် အမြဲတမ်း ရှိနေစေရမည်။ တစ္ဆေကြောက်သည့် မျက်ကန်းများကြောင့် ကျောင်းအုပ်ကြီးမှာ ငွေထွက်ပေါက်ဖြင့် ကြုံလာရလေသည်။ မတတ်နိုင်တော့။ မျက်ကန်း တစ္ဆေမကြောက်ခြင်းသည် နားလည်လွယ်သလောက် တစ္ဆေကြောက်သော မျက်ကန်းများကို သူ နားမလည်နိုင်တော့။ မျက်ကန်းများသာ တစ္ဆေကြောက်လာကြလျှင် ဤသို့ ပြဿနာများ ရှုပ်လာနိုင်မှန်း သူ့အနေဖြင့် တစ်ခါမျှ မစဉ်းစားခဲ့ စဖူး။ ခုတော့ တစ္ဆေကြောက်နေသည့် မျက်ကန်းများကိုကြည့်ပြီး ငိုရမလို၊ ရယ်ရမလိုနှင့် ဒ၀လမ် လစာပါ ထွက်လေပြီ။ ကံဆိုးချင်တော့ သရဲခြောက်သည်ဟု နာမည်ကြီး နေသည့်အတွက် ဒ၀လမ်ကလည်း တစ်ဦးတည်း ခန့်၍ မရအောင်ပင် ဖြစ်နေသဖြင့် နှစ်ယောက်တွဲ ခန့်လိုက်ရသည်။ နှစ်ယောက်စောင့်မှသာ လိုအပ်လျှင် ခုခံကာကွယ်နိုင်မည်ဆို၏။ တစ္ဆေကြောက်နေသည့် အကန်းများကိုသာ စိတ်ထဲမှ ကျိန်ဆဲမိရတော့၏။
ထိုနေ့မှစ၍ အိမ်မပျော်သော မျက်မမြင်များ စိတ်လက်ကြည်သာ အိပ်စက်နိုင်ကြတော့သည် ဆို၏။ ဒရ၀မ် နှစ်ယောက်ကလည်း မိမိတို့အလုပ် အရှည်တည်တံ့စေသောငှာ တစ်ခါတရံ သရဲကို မြင်လိုက်ရသလိုလို၊ သူတို့ရှိနေလို့ပဲ ၀င်မလာရဲသလိုလို မျက်စိမြင်သည်ဟူသည့် အားသာချက်ကို အပြည့်အ၀ အသုံးချကာ မျက်မမြင်တို့အား နားသွင်းလေ့ရှိသည် ဆို၏။ ကိုရွှေသရဲတို့မှာမူ ကွန်မန်ဒို သရဲတပ်ဖွဲ့ ကျရှုံးခဲ့ရသော စစ်ဆင်ရေးနောက်ပိုင်း မျက်မမြင်အဆောင်သို့ အနားပင် မသီဝံ့တော့ဟု သိရသည်။ သရဲငယ်များကိုလည်း ဤအရပ်သို့ လှည့်လည်ကျက်စားခြင်းမပြုရန် သရဲမိဘများက တားမြစ်ကြသည် ဆို၏။ မျက်မမြင်အဆောင်တွင်သော် တစ္ဆေကြောက်တတ်သည့် ရွှေဉာဏ်ရှင် မျက်မမြင်အုပ်စုကို ကြိတ်၍ ကျေးဇူးတင်နေသည့် ဒရ၀မ်နှစ်ယောက်မှာ ညစဉ်ညတိုင်း ယမကာတန်ခိုးဖြင့် သိုးနေအောင် အိပ်နေကြလေသည် ဟူသတည်း။ ။
သင်ခန်းစာ။ ။ မျက်ကန်းတို့ တစ္ဆေကြောက်သော် ဒရ၀မ်တို့ ချမ်းသာ၏။
သင်ခန်းစာ။ ။ မျက်ကန်းတို့ တစ္ဆေကြောက်သော် ဒရ၀မ်တို့ ချမ်းသာ၏။
◄ တေဇာ ► ဇန်န၀ါရီ (၁၄) ၂၀၁၀
ဖတ်ပြီး "ပထမံ ဆရာသိန်း (ရွှေဥဒေါင်း)" ဖတ်ခဲ့ရတာ သတိရမိတယ်။ နောက်ဆုံးနှစ်မှာ ကျောင်း စာကြည့်တိုက်ကပဲ ငှားဖတ်ခဲ့တာ။
ReplyDeleteပထမံဆရာသိန်း တိဘက်ဘုန်းကြီးတွေဆီ ရောက်တော့ ပညာစမ်းခံရတဲ့ အခန်း ကို ဆရာသိန်းနဲ့ အတူပါသွားတဲ့ ခရီးဖော်နေရာက ရေးထားတာ။ အဲဒီအရင်က လမ်းခရီးမှာ တွေ့ရကြုံရတာတွေ သရုပ်ဖော်သွားတာ သိပ်မကြောက်မိဘူး။
ပညာစမ်းတဲ့ အခန်းရောက်တော့ နောက်ကလိုက်ကြည့်တဲ့ အဖော်က ဆရာသိန်းကို ဟိုဘက်က ဘာတွေ ပြတယ်ဆိုတာ မြင်ရတာ မဟုတ်ဘူး။ သူက ဆရာသိန်းရဲ့ မျက်နှာအမူအရာကိုပဲ မြင်ရတာ။ ဆရာသိန်းမျက်နှာပေါ်က ခံစားချက်ကိုပဲ သရုပ်ဖော်နေတာ။ ဒီလောက် အကြောက်အလန့်မရှိတဲ့ လူတစ်ယောက် မျက်နှာအပျက်ပျက် ဖြစ်နေရလောက်အောင် ဘာတွေများ ပြနေပါလိမ့်ဆိုတာ တွေးပြီး၊ သူ့မှာ မြင်လဲ မမြင်ရဘဲ ကြောက်လန့်နေတာကို ပြောသွားတာ။
ကိုယ်လဲ အဲဒါ ဖတ်ပြီး မအိပ်ရဲတော့ဘူး။ မျက်စေ့ထဲလဲ ဘာမှ မမြင်ဘူး။ ဘယ်မြင်မလဲ စာအုပ်ထဲမှာ ဘာမှ မှ မပြောထားတာ။ ဒါပေမဲ့ ဘာမှန်းမသိတာဖြစ်လို့ကို ဘာတွေများပါလိမ့်ဆိုပြီး တွေးကြောက်နေတာ။
ကိုယ်လဲ ဒီထဲက တစ္ဆေကြောက်တဲ့ မျက်မမြင်တွေ လိုပဲ။
***
သင်ခန်းစာကတော့ universal truth မဟုတ်ဘူး။ ချွင်းချက်ကြီးနဲ့။
"မျက်ကန်းတို့ တစ္ဆေကြောက်သော်" အစား "မျက်မမြင်ကျောင်းက မျက်ကန်းတို့ တစ္ဆေကြောက်သော်" ဖြစ်ဖို့ကောင်းတယ်။
ဘာလို့ဆို လမ်းဘေးက မျက်ကန်းတွေအတွက်ဆို ဘယ်သူမှ ဒလဝမ် ငှားပေးမှာ မဟုတ်ဘူး။ ဒါဆို ဒီအက်ဆေးကို ဗားရှင်းတစ်မျိုး ပြောင်းရေးမှ ရမယ်။
:)
:)
ReplyDeleteသဘောကျတယ်ဗျို့။ ဒီလိုရေးဟန်တွေ ဖတ်ချင်နေတာကြာပြီ။
ReplyDeleteမိုက်တယ်.. အရေးအသားကောင်းပါပေတယ်
ReplyDeleteကောင်းလိုက်တာဗျာ
ReplyDeleteမျက်မမြင်တွေက ဘယ်သူတွေလည်း...ဒရဝမ်တွေက ဘယ်သူတွေလည်း ဒရဝမ်လစာက ဘာလဲဆိုတာကို ကိုယ့်အတွေးနဲ့ကိုယ် သိလိုက်သလိုလို။
ReplyDelete