နာနာဘာဝစာအုပ်
ကလေးသင် ပထ၀ီဝင်စာအုပ်မှာ ငါဖတ်ခဲ့တယ်
လူ့သမိုင်း တစ်နံတစ်လျားမှာ ငါဖတ်ခဲ့တယ်
မိုးမှုန်မှုန်နဲ့ သရက်ပင်အုပ်အုပ်မှာ ငါဖတ်ခဲ့တယ်
ပင်လယ်တကြော စုန်ဆန်မျောနေတဲ့ နှစ်ကာလတွေမှာ ငါဖတ်ခဲ့တယ်
မထွေးနိုင် မမျိုနိုင် အဖြစ်အပျက်တွေမှာ ငါဖတ်ခဲ့တယ်
စုံးစုံးနစ်တော့မယ့် ၂ မိနစ်အလိုမှာ ငါဖတ်ခဲ့တယ်
နတ်သမီးပုံပြင်တွေနဲ့ ဂြိုဟ်တုသတင်းတွေမှာ ငါဖတ်ခဲ့တယ်
အကြောင်ရိုက်တတ်တဲ့ ကံကြမ္မာရဲ့ ထွေပြားမှုတွေမှာ ငါဖတ်ခဲ့တယ်
အပုပ်ခံဆေးနဲ့ စီရင်ထားတဲ့ ဘ၀ကွေ့ချိုးတွေမှာ ငါဖတ်ခဲ့တယ်
ခရမ်းရင့်ရောင် ကတ္တီပါကားလိပ်နဲ့ တိုင်ဖုံးနောက်ကွယ်မှာ ငါဖတ်ခဲ့တယ်
ငါဖတ်ခဲ့ပါတယ်
ငါဖတ်ခဲ့တာတွေကတော့ အများမှ အများကြီး။
ခွင့်လွှတ်ပါ
အခု ပြန်ပြောပြဖို့ ကြိုးစားတော့
မကျွတ်မလွတ်သေးတဲ့ နာနာဘာဝပြိတ္တာတစ်ကောင်လို
လူတွေကြားအောင်သိအောင် ငါ့မှာ လုပ်နိုင်စွမ်းမရှိ ဖြစ်ရတယ်။
◄ ခင်အောင်အေး ►

§ § § § § § §
ပထမဆုံး အသိအမှတ်ပြုရမှာကတော့ ကဗျာဆရာရဲ့ စကားလုံးရွေးချယ်သုံးစွဲတတ်မှု ဖြစ်ပါတယ်။ ကဗျာကို ဖတ်ကြည့်ရင် ကဗျာဆရာဟာ ခေါင်းစဉ်မှာ ကတိပေးထားတဲ့ အကြောင်းအရာကို ကဗျာဆုံးတဲ့အထိ ပြောပြမသွားဘဲ လျှို့ဝှက်သွားတာ၊ ထိမ်ချန်သွားတာ တွေ့ရတယ်။ ကဗျာဆရာဟာ ကျွန်တော်တို့ကို အဖုံးပိတ်ထားတဲ့ လျှို့ဝှက်မှော်သေတ္တာကိုသာ ပေးခဲ့တယ်။ ခင်အောင်အေးဟာ မီဒူဆာ (Medusa) နတ်မိစ္ဆာရဲ့ ဦးခေါင်းကို မြင်တွေ့ခဲ့သူ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ နတ်မိစ္ဆာရဲ့ ဦးခေါင်းကို ကြည့်မိတဲ့သူဟာ ကျောက်တုံးအဖြစ် ပြောင်းလဲသွားလို့ပဲ။ အခုလည်း ကဗျာဆရာဟာ “နာနာဘာဝ” စာအုပ်ကို ဖတ်ပြီး တစ်စုံတရာ ပြန်မပြောပြနိုင်တာ တွေ့ရတယ်။ ကဗျာဆရာဟာ ဘ၀၊ လူ့အဖြစ်၊ ကမ္ဘာလောကနဲ့ပတ်သက်တဲ့ သူ့ရဲ့ “လျှို့ဝှက်နက်နဲတဲ့ အတွေ့အကြုံ” ကို ပြန်မပြောနိုင်တာ တွေ့ရတယ်။ ဒါပေမဲ့ သူဒီလိုပြုလုပ်လိုက်တာဟာ ကျွန်တော်တို့ကို “တစ်စုံတရာ” ရရှိစေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ လောက၊ လူ့ဘ၀၊ လူ့အဖြစ်ဟာ နာနာဘာဝစာအုပ်ကို ဖတ်ရသလိုမျိုး ရှင်းပြလို့မရနိုင်တဲ့၊ ပြန်ပြောပြလို့ မရနိုင်တဲ့ “လျှို့ဝှက်နက်နဲတဲ့ အဖြစ်” ဆိုတာကို ပေါ်လွှင်စေလို့ပါပဲ။ ကျွန်တော်တို့ဟာ သူ့ကဗျာကိုဖတ်ပြီး စာအုပ်ကို ချလိုက်တာနဲ့တစ်ပြိုင်နက် ပြတင်းပေါက်တွေ၊ မိုးတိမ်တွေ၊ သစ်ပင်တွေ၊ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဗဟိဒ္ဓလောကကြီးနဲ့ မိမိရဲ့ဖြစ်ရှိနေမှုအပေါ် ထူးဆန်းအံ့သြမှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရပါတယ်။
◄ အောင်ခင်မြင့် ►
စတိုင်သစ်၊ မတ်လ၊ ၂၀၀၅ မှ ပြန်လည် ထုတ်နုတ်သည်။
Comments
Post a Comment