လက်ရှိ ကျွန်တော်၏ စိတ်အခြေအနေမှာ အနုတ်ဘက်ပြ နေသည်။ အလိုမကျ ဖြစ်နေသည့် ခံစားချက်နှင့် တငွေ့ငွေ့ပေါက်ကွဲနေသည့် ဒေါသတို့ဖြင့် ဆူပွက်နေသည်။ တစ်ပြိုင်တည်းတွင် ကျွန်တော်က စာလည်းရေး နေသည်။ ဒေါသအကြောင်းကို ဒေါသထွက်နေရင်း တန်းလန်း ရေးနေမိခြင်း ဖြစ်ပါသည်။ ဒေါသကို ရည်ရွက်ချက်ရှိရှိ လက်ပိုက်ကြည့်ရင်း စကားလုံးများအဖြစ် ပြောင်းလဲပစ် နေခြင်းသာ ဖြစ်ပါသည်။ မီးလောင်နေသည်ကို မငြိမ်းသတ်ဘဲ စိတ်ပါလက်ပါ အပူလှုံနေခြင်းသာ ဖြစ်ပါသည်။ စင်စစ် တောမီးဖြင့် အချမ်းဖြေနေသော လူတစ်ယောက်သာ ဖြစ်ပါသည်။
လောဘ၊ ဒေါသစသည့် အရာများကို “ကိလေသာ” ဟု သတ်မှတ်ကြသည်။ ငြိမ်းချမ်းရေး၏ ရန်သူစစ်စစ်ဟု သတ်မှတ်ကြသည်။ ဒေါသနှင့် ငြိမ်းအေးမှုသည် အဖြူနှင့် အမည်းလို ပြတ်ပြတ်သားသား ဆန့်ကျင်ဘက်များဟု လက်ခံထားကြသည်။ လောဘဒေါသ ကင်းရှင်းလျှင် ငြိမ်းချမ်းမည်ဟု ယူဆကြသည်။ ဤသို့ဆိုလျှင် လောဘဒေါသ ဧကန်ကင်းရှင်းသောလူသား တစ်ဦးတလေမျှ မရှိခြင်းက ၀မ်းနည်းဖွယ် ကောင်းသည်ဟုပင် ဆိုရလိမ့်မည်။ ဒေါသကိုလျှော့ဆိုသည့် စကားကို တုန့်ပြန်ရသည်မှာ အတော် လက်ပေါက်ကပ် လှပါသည်။ မလုပ်နိုင်သည့် အရာတစ်ခုကို အကြံပေးခြင်းအားဖြင့် မူရင်းဒေါသကိုပင် ဆွပေးသလို ဖြစ်စေလိမ့်မည်။ ဒေါသသည် မော်တော်ကားဘီး လေလျှော့သလို ရှူးခနဲ လျှော့ချလိုက်လို့ရသည့် အရာမဟုတ်။ ဒေါသသည် အမုန်းတရား လောင်စာဖြင့် တောက်လောင်နေသည်။ လေအပင့်တွင် အားကောင်းလာသည်။ စင်စစ် ဒေါသသည် တို့မီးရှို့မီးမဟုတ်၊ “တောမီး” သာ ဖြစ်သည်။ မွေးကင်းစမှစ၍ အလျင်မပြတ် တောက်လောင်နေသော ရင်တွင်း တောမီး ဖြစ်သည်။ ဖယောင်းတိုင်မီး မှုတ်သလို ဖူးကနဲမှုတ်လို့ ငြိမ်းသွားလိမ့်မည် မဟုတ်။ ထို့ကြောင့်ပင် ဒေါသကိုလျှော့ပါဟု ပြောတတ်သော ပါးစပ်များကို ကျွန်တော်ဒေါသ ဖြစ်သည်။
မီးတောက်သည် တဖြည်းဖြည်း အားကောင်းလာသောကြောင့် ကျွန်တော် ပိုမိုပူနွေးစွာ ခံစားလာရသည်။ ကျွန်တော် မီးလှုံနေခြင်း ဖြစ်ပါသည်။ မီးကို မငြှိမ်းသတ်ချင်သဖြင့် မီးလှုံနေခြင်း ဖြစ်သည်ဟု ကျွန်တော် ကြွားကြွားဝါ၀ါ မပြောလိုပါ။ တောမီးကို မငြှိမ်းချင်သဖြင့် မီးလှုံနေသည်ဟု ပြော၍ မဖြစ်ပါ။ ကိုယ့်ထက် ခွန်အားဗလကောင်းသည့် လူတစ်ယောက်၏ အနိုင်ကျင့်မှုကို သည်းခံသည်ဟု မသုံးနှုန်းနိုင် သလိုပင် “ကြောက်သည်” ဟူ၍ သုံးပါမှ မှန်ကန်မှု ရှိပါမည်။ မီးကို မငြိမ်းသတ်ချင်သဖြင့် ကျွန်တော် မီးလှုံနေခြင်း မဟုတ်ပါ။ ထို့အတူ မီးကိုကြောက်၍လည်း မဟုတ်ပါ။ မီးလောင်နေသောကြောင့်သာ မီးလှုံနေခြင်း ဖြစ်သည်ဟု ရိုးသားစွာ ဆိုပါမည်။ သဘာဝတောမီးကို ရေလောင်းခြင်း၊ ဆီလောင်းခြင်း စသည့် အလုပ်တစ်ခုခုဖြင့် ကျွန်တော် ၀င်မစွက်ချင်ပါ။ အလိုအလျောက် တောက်လောင်နေသော တောမီးကို မနေတတ်မထိုင်တတ် ကျွန်တော် ရေမဖြန်းချင်ပါ။ ငြိမ်းသတ်ဖို့ အားထုတ်မှု တစ်စုံတစ်ရာ ပြုလုပ်လိမ့်မည် မဟုတ်ပါ။
လောလောဆယ် ကျွန်တော် အလိုမကျ ဖြစ်နေသည်။ အကျိုးတရားအားလုံးတွင် အကြောင်းတရားရှိသည် ဟူသည့် နိယာမအရသော် “တည်ရှိမှု” ကိုသာ တရားခံအဖြစ် ကျွန်တော် စွပ်စွဲပါမည်။ ကျွန်တော်၏ တည်ရှိမှု၊ တစ်နည်း “အလိုမကျဖြစ်နေရသော ကျွန်တော်” တည်ရှိနေခြင်း အကြောင်းကို ကျွန်တော် အလိုမကျ ဖြစ်နေခြင်းသာ ဖြစ်ပါသည်။ သို့သော် ဤသည်ကို ကျွန်တော်က စိတ်လိုလက်ရ အလိုမကျဖြစ်နေခြင်းသာ ဖြစ်ပါသည်။ လိုတရကျေနပ်မှုလို ခံစားချက်မျိုး လူသားတစ်ယောက်အတွက် မရရှိနိုင်ကြောင်း ကျွန်တော် သိပါသည်။ အလိုမကျမှုကို မရှောင်လွှဲနိုင်တော့မှန်း ကျွန်တော် အသာတကြည် သဘောတူပါသည်။ အလိုမကျမှုနှင့်သာ ဘ၀တစ်လျှောက်လုံး လိုက်ပါရှင်သန်ရတော့မည် ဆိုသည်ကို လက်ခံနိုင်ခဲ့ပါပြီ။ သို့ရာတွင် လူသားတစ်ယောက်က ခံစားသိရှိနိုင်သည့် အကျိုးတရားအားလုံးတွင် အဆိုပါ လူက နားလည်လက်ခံနိုင်သည့် အကြောင်းတရားတစ်ခုခု ဧကန်ရှိသည်ဟုတော့ ကျွန်တော် လက်မခံနိုင်ပါ။ တောမီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို ကျွန်တော် မသိပါ။ တောမီးနား မျက်စိလည်လမ်းမှားပြီး ရောက်လာရခြင်း၏ အကြောင်းရင်းကို ကျွန်တော်မသိပါ။ တောမီးသည် ကျွန်တော့်အတွက် တစ်ခါတရံ ပူလောင်ပြီး တစ်ခါတရံ နွေးထွေးသည်ဆိုသော အချက်ကိုသာ ကျွန်တော် သိပါသည်။
ယခုမူ ကျွန်တော်၏ စိတ်အခြေမှာ အပေါင်းဘက်ပြနေခဲ့ပါပြီ။ သင့်လျော်သည့် အချိန်တစ်ခုတွင် တောမီးလည်း အလိုအလျောက် ငြိမ်းသွားခဲ့ပါပြီ။ ပူလောင်ခြင်းနှင့် နွေးထွေးခြင်းတို့သည် ငြိမ်းချမ်းခြင်းနှင့် အေးစက်ခြင်း ဆီသို့ စီးခင်းခဲ့လေပြီ။ ကျွန်တော်၏ တောမီးကို တွေ့ရှိလိုက်ရသူ ဘ၀တူလူသား တစ်ဦးတလေမျှ မရှိခဲ့ခြင်းအတွက် ကျွန်တော် ၀မ်းနည်းမိပါသည်။ လူသားတစ်ယောက်တွင် တောက်လောင်သည့် ကွက်ကြားမီးကို အခြား လူသားတစ်ယောက်က ဝေမျှခံစားနိုင်လိမ့်မည် မဟုတ်ပါ။ ကိုယ်စီကိုယ်ငှ တစ်ကိုယ်တည်း လောင်ကျွမ်းကြရမည်သာ ဖြစ်သည်။ ထို့အတူ သဘာဝတောမီး၏ တရားခံကို ဘယ်ကယ်တင်ရှင်ကမျှလည်း လက်ထိပ်ခတ်နိုင်လိမ့်မည် မဟုတ်ပါ။ ယခု ကျွန်တော့်ရင်ထဲတွင် ကြွင်းကျန်ရစ်နေခဲ့သော မီးလောင်ပြင်သည် လှပ၏၊ အကျည်းတန်၏ စသည်ဖြင့် လူသားတစ်ယောက်က ဆုံးဖြတ်ချက် တစ်စုံတရာ ပေးအပ်ရန် လိုအပ်လိမ့်မည် မဟုတ်ပါ။ စင်စစ် ဤအတွေးများမှာ မောဟ၏အရိပ်တွင် အေးစက်တုန်ရီနေသည့် လူသားတစ်ယောက်၏ စိတ်အခြေအနေမျှသာ ဖြစ်ပါလိမ့်မည်။ အရင်လိုသာ မောဟကို ကျွန်တော် လက်ပိုက်ကြည့်နေမိပါသည်။
◄ တေဇာ ► ဇန်န၀ါရီ (၁၀) ၂၀၀၉
ကောင်းလိုက်တာ။
ReplyDeleteဖတ်ရတာ ဘဝင်ကို ကျနေတာပဲ။
;)
ReplyDeleteတောမီးကို တောမီးနဲ့ပဲ ပြန်ရှို့ ပါလေ။
ReplyDelete...“လူသားတစ်ယောက်တွင် တောက်လောင်သည့် ကွက်ကြားမီးကို အခြားလူသားတစ်ယောက်က ဝေမျှခံစားနိုင်လိမ့်မည် မဟုတ်ပါ။ ကိုယ်စီကိုယ်ငှ တကိုယ်တည်း လောင်ကျွမ်းကြရမည်သာဖြစ်သည်” ...
ထောက်ခံပါသည်။ တဆက်တည်း လောင်ကျွမ်းဖူးသူတစ်ဦးတစ်ယောက်ကတော့ လောင်ကျွမ်းနေသူတစ်ဦးရဲ့  အပူကိုတော့ ဝေမျှခံစား (လျော့ပါးပေးစေနိုင်) ပေးနိုင်မယ်လို့ထင်ပါတယ်။
အနုတ်လေးနဲ့စ၊ အပေါင်းရောက်ပြီး မောဟလေးနဲ့ အဆုံးသတ်သွားတဲ့ ဒီပို့စ်လေးမတော့ စကားပါးခဲ့တယ် ။
(((ချုံပြောရရင် ဒီဟာကောင်းတယ်၊ ဟိုဟာပိုကောင်းတယ်လို့ ပြောစရာမလိုအောင် ကောင်းတဲ့ ၊ သန့်ပြန့်တဲ့ ဘလော့ဂ်လေးပါ )))
UU@!
ကျေးဇူးတင်ပါတယ် ခင်ဗျား...။
ReplyDelete