Skip to main content

ကိုယ်တိုင်စိုင်းရမည့် မြင်း

ကိုယ်တိုင်သင်ယူဝါဒ (Autodidactism)

Autodidactism ဟူသည်မှာ ကိုယ်တိုင် သင်ယူလေ့လာခြင်း သဘောကို ရည်ညွှန်းသည်။ ပုံစံကျ စာသင်ကျောင်းတက် ပညာရေးနှင့်၊ ဆရာဖြင့် သင်ကြားခြင်းတို့နှင့် ဖီလာဖြစ်နေသော သင်ယူနည်းတစ်ခု ဖြစ်ပါသည်။ လူတစ်ယောက် အနေဖြင့် ဘ၀တွင် ကိုယ်ထူကိုယ်ထ သင်ယူခြင်း အလုပ်ကို တစ်ချိန်မဟုတ် တစ်ချိန်တွင် တစ်နည်းမဟုတ် တစ်နည်း ပြုလုပ်ဖူးခဲ့ ပေလိမ့်မည်။ အထူးသဖြင့် ကျောင်းတွင် မသင်ရသည့် ပညာရပ် နယ်ပယ်များတွင်သော် ကိုယ်ထူကိုယ်ထ သင်ယူခြင်း စနစ်ကို ပိုမိုအားပြု ရပေမည်။

ကိုယ်တိုင်သင်ကြားခြင်း (သို့မဟုတ်) မိမိကိုယ်ကိုယ် အခြေပြု၍ သင်ယူလေ့လာခြင်း စနစ်သည် တစ်ကိုယ်တော် ဖြစ်နေရန် မလိုအပ်ပါ။ ကိုယ်တိုင်သင်ယူသူ တချို့သည် စာကြည့်တိုက်များ၊ ပညာရေးဆိုင်ရာ Website များတွင် အချိန်ပေးကြသည်။ အချို့လူများက မိမိတို့၏ သင်ယူမှု ပုံစံအတွက် မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အသိအကျွမ်းများ၏ ညွှန်ကြားချက်များကို ကိုးစားအသုံးပြု ကြသည်။ မြင်ဆရာ၊ ကြားဆရာများဟု ခေါ်နိုင်ပါသည်။ သို့ရာတွင် ဤအခြေအနေတွင် ဆရာမရှိ၊ ကိုယ်တိုင်သင်ယူသည်ဟု မခေါ်နိုင်တော့ကြောင်း၊ အနည်းဆုံးအားဖြင့် မြင်ဆရာ၊ ကြားဆရာတော့ ရှိသည်ဟု အငြင်းပွားလာ နိုင်ပါသည်။ စင်စစ် အထွေထွေ သင်ရိုးတစ်ခုခုအား လေ့လာရာတွင် သီးသန့် ဆရာတစ်ယောက်၏ ပုံရိပ်ကင်းမဲ့နေခြင်း သဘောကို Autodidactism ဟု မှတ်ယူ နိုင်ပါသည်။ အစဉ်အလာ ပုံစံကျ သင်ယူနည်းစနစ် (ကျောင်းတက်) မှ ခွဲထွက်၍ ဆရာလွတ် ကိုယ်ထူကိုယ်ထ ပုံစံချ သင်ယူနည်း စနစ်တစ်ရပ်ပင် ဖြစ်ပါသည်။ မြင်ဆရာ၊ ကြားဆရာ စသည် ထည့်ပြောခြင်းသည် စကားကပ်ခြင်းသာ ဖြစ်လိမ့်မည်။



စွယ်စုံရပညာရှင် (Polymath)

ပုံပြင်များတွင် “ဒိသာပါမောက္ခ” ဟူသည့် ကိုယ်တိုင်သိ ပညာရှိကြီးများ တွေ့ရလေ့ ရှိပါသည်။ ပညာရပ် အမြောက်အများကို တစ်ဦးတည်း ဒိုင်ခံ သင်ကြားပေးသည်။ သူတို့ကိုမူ Autodidact ဟု ခေါ်ခြင်းထက် Polymath ဟု သုံးနှုန်းရန် ပိုမိုသင့်လျော်မည် ထင်သည်။ စွယ်စုံပညာရှင်၊ ဗဟုသုတ ဟင်းလေးအိုး စသည့် သဘောပင် ဖြစ်ပါသည်။ သက်ရှိထင်ရှားရှိခဲ့သည့် လူသားထဲမှ စွယ်စုံပညာရှင်တစ်ဦးကို ပြပါဆိုလျှင် “လီယိုနာဒို ဒါဗင်ချီ” ကိုပင် ပြရမည်။ ပန်းချီ၊ ပန်းပု၊ ဂီတ၊ ဗိသုကာ၊ သိပ္ပံ၊ သင်္ချာ၊ စာရေးဆရာ စသည်ဖြင့် နယ်ပယ်ပေါင်း မြောက်များစွာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါသည်။ Autodidact များ အားလုံးကို Polymath ဟု သတ်မှတ်နိုင်မည် မဟုတ်သော်လည်း Polymath ဆိုသူ စွယ်စုံပညာရှင်များသည် Autodidact စာရင်းဝင်သည်ဟုတော့ ဆိုနိုင်ပါလိမ့်မည်။ ကိုယ်တိုင် လေ့လာသင်ယူ ချင်စိတ်မရှိဘဲ ပညာရပ်နယ်ပယ် အများအပြားတွင် မည်သို့မျှ နှံ့စပ်လာ နိုင်မည် မဟုတ်ခြင်းကြောင့် ဖြစ်ပါသည်။

ဆရာ,မရှိသော ဆရာများ

Autodidact များထဲတွင် ထင်ရှားကျော်ကြားသူများ မရေတွက်နိုင်အောင်ပင် အများအပြား ရှိနေပါသည်။ ဘီဂိတ် (Bill Gate) သည် ကောလိပ်ကျောင်းမှ ပညာတစ်ပိုင်းတစ်စနှင့် ထွက်ခဲ့သူဖြစ်သည်။ သမ္မတလင်ကွန်း (Abraham Licoln) သည် တစ်နှစ်ပြည့်အောင်ပင် ကျောင်းမနေခဲ့ဖူးဘဲ ကိုယ်တိုင်သင်ယူလေ့လာပြီး ရှေ့နေဖြစ်ခဲ့သူ ဖြစ်သည်။ ဂျက်လန်ဒန် (Jack London) ၊ ဒစ်ကင်း (Charles Dickens) နှင့် ဟဲမင်းဝေး (Ernest Hemingway) စသည့် စာရေးဆရာကြီးများသည် Autodidact များ ဖြစ်သည်။ ဒဿနပညာရှင်များတွင် ဆော့ခရိတ္တိမှ၊ ဒေးကား၊ နစ်ရှေးအဆုံး ဆရာလွတ်လေ့လာသူများသာ ဖြစ်ပါသည်။ အဆုံးစွန်ဆိုရလျှင် လျှပ်စစ်မီး တီထွင်ခဲ့သူ အက်ဒီဆင် (Thomas Edison) သည်ပင် ကျောင်းနေရန် ထုံထိုင်းလွန်းသည်ဟု ဆရာများက သတ်မှတ်ခံရသဖြင့် အိမ်တွင်ပင် မိခင်ဖြစ်သူမှ သင်ကြားပေးခဲ့ရသည်။ တကယ်တော့ Autodidact များအကြောင်း ရေးမည်ဆိုလျှင် ကုန်နိုင်ဖွယ်မရှိပါ။ ဤသည်တို့မှာ ကိုယ်တိုင်လေ့လာသင်ယူခြင်း နည်းလမ်းဖြင့် အလုပ်ဖြစ်နိုင်ကြောင်းကို ထင်ရှားစေလိုသဖြင့် အကျဉ်းမျှ ထုတ်ပြခြင်းသာ ဖြစ်ပါသည်။

ဤနေရာတွင် အဆိုပါ ပုဂ္ဂိုလ်များသည် ခြွင်းချက်မျှသာဖြစ်ပြီး တက္ကသိုလ်ကျောင်းထွက် ပညာရှင်များလည်း ပြောမကုန်အောင် ရှိနေကြောင်း ငြင်းချက်ထုတ်နိုင်ပါသည်။ စနစ်တကျ ပညာရေးဖြင့် ထူးချွန်ထင်ရှားသူများ အများအပြားရှိသည်ကို မည်သို့မျှ မငြင်းနိုင်ပါ။ သို့ရာတွင် Autodidact များသည် လက်တစ်ဆုပ်စာ ခြွင်းချက်မျှ ဟူ၍တော့ ယူဆနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်ဘွဲ့ရ ပညာတတ်တို့သည်လည်း အဆိုပါ နယ်ပယ်မှအပ အခြားဘာသာရပ် နယ်ပယ်များတွင် Autodidact ဖြစ်နေနိုင်သောကြောင့် ဖြစ်ပါသည်။ လိုရင်းမှာ Autodidact နှင့် စနစ်တကျ ပညာတတ် ခွဲခြား ပြိုင်ဆိုင်လိုခြင်း မဟုတ်ပါ။ Autodidactism ၏ အရေးပါမှုကိုသာ ထင်ရှားစေလိုခြင်း ဖြစ်ပါသည်။

ကိုယ်ထူကိုယ်ထ သင်ယူမှုစနစ်အကြောင်း အလေးထား ပြောကြားရသည့် အကြောင်းအရင်း ခိုင်ခိုင်မာမာ ရှိပါသည်။ အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ ကုန်းကောက်စရာ မရှိအောင် ချွတ်ခြုံကျနေသည်ဟု ဒဲ့ရေးသော်မှ လွန်မည်မထင်။ လိုကောင်းသာ လိုပါလိမ့်မည်။ ပြည်ပတွင် ကျောင်းသွားတက်နိုင်သူ အရေအတွက်သည် စုစုပေါင်းလူဦးရေ၏ အစွန်းထွက်ပင် မရှိ။ အမှန်တကယ် ပညာလိုလားသော လူငယ်များ အများအပြားသည် အဆင့်မီပညာရေးအား သင်ကြားခွင့် မရရှိကြပါ။ အဆင့်မီပညာရေးစနစ်မရှိ၊ အဆင့်မီ ဆရာများ အလုံအလောက် မရှိ။ အဆင့်မီ ကျောင်းသားမရှိ။  စသည့်သံသရာသည် စတင်လည်ပတ်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ ကွပ်လပ်များအား ဖြည့်နိုင်စွမ်း မရှိသေးသည့် လတ်တလော အခြေအနေတွင် ကိုယ်ထူကိုယ်ထ ပညာသင်ကြားခြင်းသည် အရေးကြီး လှသည်။ လိုရင်းမှာ “ဆရာကို အာခံ” ခိုင်းခြင်းမဟုတ်ဘဲ “ကိုယ်ထူကိုယ်ထ ပညာရှာခြင်း အလေ့ကို” (Autodidactism) ပုံကြီးချဲ့ ပြခြင်းသာ ဖြစ်ပါသည်။

စာဖတ်ရန်


ဤတွင် မည်သည့်နည်းလမ်းဖြင့် ကိုယ်ထူကိုယ်ထ လေ့လာရမည်နည်းဟူသော မေးခွန်းပေါ်လာသည်။ စာကြည့်တိုက်နှင့် အင်တာနက် Website များကိုချည်း ညွှန်းသော် ရယ်စရာ ပြောသလိုသာ ဖြစ်နေပေလိမ့်မည်။ ကျွန်တော့်အတွေ့အကြုံအရ တူတူတန်တန် စာကြည့်တိုက် တစ်ခုတလေမျှ မြန်မာနိုင်ငံတွင် မတွေ့ခဲ့ရဖူးပါ။ တက္ကသိုလ်တွင်လည်း စာကြည့်တိုက်အကြောင်း ပြောသည်ဆိုသည်ဟူ၍ တစ်ခါမျှ မကြားရစဖူး။ တက္ကသိုလ် စာကြည့်တိုက်လည်း မမြင်စဖူး။ British Council, American Centre စသည်တို့မှာလည်း သာမန် အရပ်ထဲမှ လူငယ်များနှင့် အလှမ်းဝေး နေပါသေးသည်။ ဖတ်စရာမှတ်စရာ မြန်မာဘာသာ Website တစ်ခုခုကို ညွှန်းရန်လည်း မည်သည်ကို ညွှန်းရမည်ပင် စဉ်းစားမရ။

ထို့ကြောင့် ယေဘုယျကျသည့် အချက်ဖြစ်သည့် “စာဖတ်ခြင်း” ကိုသာ ညွှန်းစရာ ကျန်ရှိတော့သည်။ လေ့လာသင်ယူစိတ်ဖြင့် စာဖတ်ခြင်း၊ စူးစမ်းဆင်ခြင်စိတ်ဖြင့် စာဖတ်ခြင်း စသည့်အချက်များကိုသာ အကြံပြုစရာ ရှိတော့သည်။ ဘယ်ပုံဘယ်နည်းဟု ထပ်မေးလာလျှင် “ကိုယ့်နည်းကိုယ့်ဟန်” ဟုသာ ပြန်ဖြေ ရတော့မည်။ လောလောဆယ်တွင် ကိုယ့်မြင်းကိုယ်စိုင်းခြင်းသည်သာ ခရီးပေါက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဟု ထင်ပါသည်။ အများစု ကိုယ့်မြင်းကိုယ်စိုင်းကြလျှင် အများစု ခရီးရောက်မည် ဖြစ်ပါသည်။  လူစုံမှသွားမယ် သဘောထားအားဖြင့် မည်သည့်ပန်းတိုင်သို့မျှ ရောက်နိုင်မည် မဟုတ်ပါ။  ထို့ကြောင့် အနည်းဆုံးအားဖြင့် လူတစ်ယောက်သည် စာဖတ်နေသည်ဆိုလျှင် မှန်ကန်သည့် လုပ်ရပ်တစ်ခုကို လုပ်နေခြင်း ဖြစ်ကြောင်း သတိရပါ။ စာဖတ်ခြင်း၊ စာဖတ်နိုင်ရန် အခွင့်အရေး ဖန်တီးပေးခြင်း၊ စာဖတ်ရန် အားပေးကူညီခြင်း၊ လမ်းညွှန်ခြင်းစသည့် အလေ့အထများသည် နိုင်ငံတည်ဆောက်နေခြင်း ဖြစ်ကြောင်း သတိရပါ။ ကျွန်တော်တို့အားလုံး အပြိုအပျက်များ အတွင်းမှ မွေးဖွားလာခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရှင်သန်နေရဆဲသာ ဖြစ်ကြောင်း မမေ့သင့်ဟု ထင်ပါသည်။

◄ တေဇာ ► ဇန်န၀ါရီ (၁၉)

Ref: Wikipedia, Autodidactic Press

Comments

  1. "ကိုယ့်မြင့်ကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်" တဲ့.. အနည်းဆုံး စစ်ကိုင်းတော့ ရောက်နိုင်သေးတာပေါ့...။ မြန်မာနိုင်ငံ ပညာရေးလမ်းကျောင်းနဲ့လိုက်ရင်တော့... ရန်ကုန်ကကို ထွက်ရမယ်မထင်ဘူး..။ :D

    ReplyDelete
  2. ကြိုးစားကြတာပေါ့...လောလောဆယ်တော့ မြန်မာပြည်က ပြန်/ဆက်က ကိုကျော်ဆန်း တယောက်တော့ နယ်တွေလိုက်ပြီး ကျေးရွာတွေက စာကြည့်တိုက်(မိုးကြိုးပစ်စေ့ စာကြည့်တိုက်) တွေမှာ ကိုယ်တိုင်လေ့လာသင်ယူကြဖို့ စာအုပ် စာတန်းအဟောင်းပလောင်းတွေ လှူနေတယ်လို့ သတင်းစာတွေမှာ ပလူပျံနေတာပဲ..။ခက်တာက သူများတွေ အဲလို ဖတ်ဖို့ မှတ်ဖို့ အချိန်မပေးနိုင်သေးတာပဲ..။ လွမ်းရေးထက် ဝမ်းရေးခက် ဆိုသလိုပေါ့..။ ခင်ဗျားပြောသလို အများညီ မစောင့်တော့ဘဲ တကိုယ်ရေ တကာယ သာ တတ်နိုင်သလောက် လုပ်ရတော့မှာပေါ့..။

    ReplyDelete
  3. Gooda Gooda. I m still looking for my own horse.

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ