Skip to main content

ဟောင်းနွမ်း နေ့များ

နေ့တွေဟာ အသားသေ နေတယ်။ မနက်ဖြန် ဟာလည်း မနေ့ကလိုပဲ ဒီနေ့ဆန်ဆန် နေ့တစ်နေ့ပဲဆိုတဲ့ အသိနဲ့သာ နေ့တိုင်း ဖြတ်သန်းနေ ရတယ်။ နေ၀င်နေထွက် ဖြစ်စဉ်ကို မျက်မုန်းကျိုး လာတယ်။ လေ၀င်လေထွက်ကို ရှုမှတ်နေရတာကို မုန်းတီးလာတယ်။ နေ့တွေဟာ ဟောင်းနွမ်းလွန်း နေတယ်။ သမားရိုးကျ ဆန်နေတယ်။ ဘယ်လောက်ထိ ဟောင်းလဲဆို တီဗီကလာတဲ့ သိပ္ပံနယ်လွန် ဇာတ်ကားတွေတောင် ဟောင်းနွမ်းလှပြီ။ ဆေးအပြာရောင် မခြောက်တခြောက် ဒီအခန်းဟာလည်း အနှစ်သာရအားဖြင့် ဟောင်းနွမ်းနေတယ်။ အခန်းဆိုတာ ကြမ်းပြင်နဲ့ မျက်နှာကြက်ပါ ထည့်တွက်ရင် ဒိုင်မေးရှင်း ခြောက်ခုလုံး ပိတ်ဆို့နေတဲ့ အရာပဲ။ ခုတော့ အချိန်ဆိုတဲ့ မျက်နှာစာမှာပါ ပိတ်ဆို့နေခဲ့ပြီ။ ဒီလို အသားသေ နေ့တွေမှာ မိမိကိုယ်ကိုယ် သစ်သစ်လွင်လွင် ရှင်သန်နိုင်အောင် တွေးခေါ်ရတာဟာ တစ်ခါတစ်ခါ လက်ဝင်လွန်းလှတယ်။ အဖြူအမည်း ဇာတ်လမ်းထဲက အရောင်တောက်တောက် ၀တ်ထားတဲ့ ဇာတ်ဆောင်တစ်ဦးလို အူကြောင်ကြောင် သရုပ်ဆောင်နေရတယ်။ ကဲ... ဘယ်လိုလူလဲ...။

╩ ╩ ╩ ╩ ╩ ╩ ╩

အဲဒီလူဟာ ကလန်ကဆန်နိုင်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တယ်။ အဲဒီလူဟာ ရထားတစ်စင်းဖြစ်တယ်။ အဲဒီလူဟာ ဓားတရမ်းရမ်း ၀င့်နေတဲ့ ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်တယ်။ အနုပညာကြေးမရတဲ့ ဘ၀သရုပ်ဖော် ဇာတ်လမ်းစစ်စစ်မှာ ဆက်လက်ပါဝင်ဖို့ အကြောင်းရင်းကို မေးခွန်းထုတ်နေသူဖြစ်တယ်။ အကန့်အသတ်မဲ့ ခြေဆန့်ချင်နေတဲ့ ရထားတစ်စင်း ဖြစ်တယ်။ နှောင်ကြိုးတွေကို မုန်းတီးနေသူဖြစ်တယ်။ အရပ်ဆန်ဆန်ပြောရရင် မသေသင့်သေးကြောင်း သက်သေထူနိုင်မယ့် အကြောင်းရင်း တစ်ခုကိုတောင် ချွေးပျံအောင် ရှာဖွေနေရသူ တစ်ဦးဖြစ်တယ်။

ကိုယ့်ကိုယ်ကိုယ် သစ်ပင်တစ်ပင်လို့ ရှာဖွေတွေ့ရှိသွားတဲ့ သစ်ပင်တစ်ပင်ဟာ လူဖြစ်သွားလိမ့်မယ်။ လက်ခမောင်းခတ်ပြီး အသက်ရှင်ချင်လာလိမ့်မယ်။ သူရှိနေကြောင်း သူသိသွားပြီကိုး။ ကိုယ့်ကိုယ်ကိုယ် သစ်ပင်တစ်ပင်လို့ ထင်မြင်လာနေမိတဲ့ လူတစ်ယောက်အတွက်တော့ သေမင်းရဲ့ချော့မြူမှုကို နားယောင်ဖို့ သိပ်ကိုလွယ်ကူ သွားတယ်။ ခပ်တည်တည် သေပစ်လိုက်ဖို့ ကိစ္စကို သဘောတရားအရ မမှုတော့ဘူး။ ဒါပေမဲ့ သူ့ရဲ့ ဇီဝဗေဒ၊ သို့မဟုတ် ရုက္ခဗေဒ သဘာဝကတော့ ဆက်လက် ရှင်သန်နေဦးမှာပဲ။ အဲဒီအခါမှာ သဘောတရားနဲ့ သဘာဝအကြားမှာ ပဋိပက္ခ ဖြစ်လာတယ်။ သူ့ခန္ဓာကိုယ်ဟာ ထိုနှစ်ခုအကြားက စစ်တလင်းဖြစ်လာတယ်။ အဲဒီပဋိပက္ခဖြစ်စဉ်ဟာ ကျွန်တော်ရိုက်နေတဲ့ အဖြူအမဲရုပ်ရှင်ရဲ့ ဇာတ်ညွှန်းပဲ။

နေ့တွေဟာ ဖလင်ကွက်တွေလို တစ်ကွက်ပြီးတစ်ကွက် ပြောင်းလဲနေတယ်။ ပျင်းစရာ ကောင်းလွန်းလှတဲ့ ဇာတ်ညွှန်းမှာ ဟန်ပါပါ သရုပ်ဆောင်နေရတယ်။ “ဒီနေ့” တွေဟာ အကယ်ဒမီ ရိုက်ချက်တွေ ချည်းပဲလို့ ပြောရလောက်အောင် ပီပြင်လွန်းနေတယ်။ ဒီဇာတ်ညွှန်းမှာ တော်လှန်ရေးသမားတစ်ယောက်၊ သို့မဟုတ် ဟာသသရုပ်ဆောင်တစ်ယောက်ရဲ့ အိုင်တင်မျိုးနဲ့ သရုပ်ဆောင်ရင် မှားသွားလိမ့်မယ်။ မိမိဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်နိုင်ခဲ့ရင် ကမ္ဘာမကျေမဆိုလည်း အကယ်ဒမီရမယ်။ ဒါတွေကို ကျွန်တော်က ကိုယ့်ဘာသာကိုယ် သတိပေးနေရတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကျရာဇာတ်ရုပ်ဟာ အတော် အူကြောင်ကြောင်နိုင်တယ်။

ရထားဟာ သံလမ်းကို ကျော်လွန်ပြီး ခရီးမနှင်နိုင်ဘူး။ သံလမ်းပေါ်က ကျော်လွန် ခြေဆန့်မိတဲ့ ရထားတစ်စင်းဟာလည်း ဟန်ကျပန်ကျ သံလမ်းပေါ် ပြန်မရောက်နိုင်တော့ဘူး။ သံလမ်းကို ကျော်သွားတဲ့ ရထားဟာ လမ်းချော်တယ်ဆိုတဲ့ အသုံးအနှုန်းသာ ရရှိလိမ့်မယ်။ ဒီလိုပဲ သရုပ်ဆောင်တစ်ဦးဟာ ဇာတ်ညွှန်းကို မလွန်ဆန်နိုင်ဘူး။ ဇာတ်ညွှန်းအတိုင်း ကမှသာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လိမ့်မယ်။ မိမိကိုဆွဲနေတဲ့ ကြိုးကို ဓားနဲ့ခုတ်ဖြတ်လိုက်တဲ့ ရုပ်သေးရုပ်ဟာ ပုံလျက်သား သေဆုံးရလိမ့်မယ်။ ရထားတစ်စင်းလို၊ အဖြူအမဲဇာတ်လမ်းထဲက အရောင်တောက်တောက် သရုပ်ဆောင်လို၊ ဓားသမား ရုပ်သေးရုပ်လို ကျွန်တော်က အသားသေနေတဲ့ သံလမ်းပေါ်မှာ ကြိုးဆွဲရာ သရုပ်ဆောင်နေရတယ်။ နေ၀င်နေထွက်ကို ဒရွတ်တိုက် လိုက်ပါနေရတယ်။ ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး ကျွန်တော် သိချင်တာတချို့ ရှိသေးတယ်။ ဒီအချက်နဲ့သာ အသက်ကယ် နေရတယ်။

အခုလောက်ဆိုရင် ကမ္ဘာမြေရဲ့ တစ်နေရာမှာ နေ၀င်ပြီး၊ တစ်နေရာမှာ နေထွက်နေလောက်ပြီ။ ဒါကြောင့် နေ့တွေဟာ အသားသေနေတယ်လို့ ပြောတာဟာ မမှားလောက်ဘူး။ ကျွန်တော်က အခု လိုရင်းမရောက်တဲ့စာတချို့ ရေးနေမိတယ်ဆိုရင်လည်း မမှားဘူးလို့ ဆိုရမှာပဲ။ ဒီတော့ ရှုတ်ယှက်ခတ်နေတဲ့ လိုရင်းကို နည်းနည်းလောက် ကျွန်တော် ရေးကြည့်မယ်။

လမ်းချော်နိုင်ခြေ အလွန်များတဲ့ ရာသီဥတုမှာ ရထားတစ်စင်း အရှိန်ပြင်းပြင်း ခုတ်မောင်းနေတယ်။
အဖြူအမည်းဇာတ်လမ်းထဲမှာ  အရောင်တောက်တောက် ၀တ်ထားတဲ့ ဇာတ်ဆောင်တစ်ဦး အူကြောင်ကြောင် သရုပ်ဆောင်နေတယ်။
ရုပ်သေးရုပ်ရဲ့ ဓားဟာ ကြိုးကို ဖြတ်မိတော့ မလိုလို မကြာခဏ ဖြစ်နေတယ်။

ဒါတွေအားလုံးဟာ ဟောင်းနွမ်းနေ့များထဲမှာ ဆက်လက်မျောပါနေရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ လတ်ဆတ်သော အတွေးစ တချို့သာ ဖြစ်ပါတယ်။

◄ တေဇာ ► ဇန်န၀ါရီ (၁၂) ၂၀၁၀

»»» ပတ်သက်ရာ »»»

Comments

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

You have 24 notifications about Eain and others