Skip to main content

ဆေးရောင်စုံ နိမိတ်ပုံစုတ်ချက်

“နာမ၀ိသေသနများသည် အန္တရာယ်များ၏”

 “Adjectives are dangerous

■ ဒီဘိုနို ■

နာမ၀ိသေသန များသည် အန္တရာယ် များ၏။ အခြေတင် စကားပြောခန်း များတွင် နာမ၀ိသေသန များအား လှိုင်လှိုင် သုံးစွဲသူတို့ကို များသောအားဖြင့် ယုံကြည်ရန် မသင့်ပေ။ ၎င်းတို့က တစ်စုံတစ်ရာ၏ အရည်အသွေးသည် အမှန်တကယ် ဓမ္မဓိဋ္ဌာန် ကျကြောင်း ထင်မှတ်လာ စေရန် ကြိုးစားခြင်းဖြင့် သင်၏ ပုဂ္ဂလဒိဋ္ဌာန် ခံစားချက် တစ်ရပ် ဖြစ်ပေါ်လာ စေရန် သိမ်းသွင်းခြင်း ဖြစ်ပါသည်။ နာမ၀ိသေသန တို့အား သံသယ ၀င်ရန်မှာ တစ်စိတ်တစ်ပိုင်း အားဖြင့် ဉာဏ်ပညာ ရှိခြင်းပင် ဖြစ်ပါသည်။ ဤသည်မှာ သင်၏ ဘာသာစကား အတွင်းမှ နာမ၀ိသေသန တို့အား ဆွဲထုတ်ပစ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ “နာမ၀ိသေသနဟူသည် များသောအားဖြင့် ပုဂ္ဂလဒိဋ္ဌာန်သာ ဖြစ်သည်” ဟု မှတ်ယူသင့်ကြောင်း ဆိုလိုခြင်း ဖြစ်ပါသည်။ ဤသို့ ဒီဘိုနိုက ဆိုခဲ့ပါသည်။

§ § § § § § §



သို့ရာတွင် စာပေအနုပညာကို တန်ဖိုးထားသည့် ကဗျာဆရာအချို့ကမူ ဤအဆိုကို အပြင်းအထန် ကန့်ကွက် နိုင်ပါသည်။ အရောင်အသွေးစုံလင်လှသည့် နာမ၀ိသေသနများကိုသာ ဘာသာစကားအတွင်းမှ တစ်ယူသန် ချန်လှပ်ထားခဲ့ပါလျှင် ဆေးအဖြူနှင့် အမည်းသာ ကျန်တော့သည့် ပန်းချီဆရာတစ်ဦးလို မှော်ဝင်သည့် စုတ်ချက်များအား အကန့်အသတ်မဲ့ ချယ်သနိုင်ခွင့် ရှိတော့မည် မဟုတ်ပါ။ အနုပညာအားကောင်းသည့် ကဗျာစာဆိုတစ်ဦး၏ ကဗျာပန်းခင်းမှာ လှပဝေဆာစွာ ပွင့်လန်းနိုင်မည် မဟုတ်တော့ပါ။ အေးမြစိုဆွတ်သည့် လေညင်းလေး သည်ပင် ညင်ညင်သာသာ တိုက်ခတ်ခွင့်မရှိတော့ပါ။ ရွှန်းလဲ့နေသည့် လရောင်အောက်တွင် ၀င်းလက်တောက်ပနေသော ကလီယိုပက်ထရာဟူသည့် မိန်းကလေးငယ်တစ်ယောက်၏ အလှပုံရိပ်သည် စွဲမက်ဖွယ် ထင်ကျန်မနေနိုင်တော့ပါ။ ရက်စက်ကြမ်းကြုတ်လှသည့် စေတန်နတ်ဆိုးအကြောင်း လူအများ သိခွင့်ရအောင် စေတနာကောင်းထား လှစ်ပြနိုင်ခွင့် မရှိတော့ပါ။ မာသာထရီဇာ၏ မြင့်မြတ်သော ဂရုဏာမှာ နွေးနွေးထွေးထွေး ရှိတော့မည် မဟုတ်ပါ။ ရော်ဘင်ဆင်ကရူးဆိုး၏ အထီးကျန်ဆန်သော နှစ်ကာလများအား လွမ်းမောဖွယ် လည်ပြန်ကြည့်နိုင်မည် မဟုတ်တော့ပါ။ လူသိများထင်ရှားသည့် မိုနာလီဇာ၏ မခို့တယို့ အပြုံး မရှိနိုင်တော့ပါ။ ပြင်းထန်သော အဆိပ်ငွေ့ဖြင့် ရက်ရက်စက်စက် သုတ်သင်ခံရသည့် ဒုတိယကမ္ဘာစစ်၏ အပြစ်မဲ့ သားကောင်များဖြစ်သော သနားဖွယ် ဂျူးလူမျိုးခြောက်သန်း မရှိနိုင်တော့ပါ။ ပါရမီရှင် ဗှင်ဂိုး၏ ၀ါထိန်ထိန် နေကြာပန်းများ ထည်ထည်ဝါ၀ါ ပွင့်လန်းနိုင်ခဲ့လိမ့်မည် မဟုတ်တော့ပါ။ ဖြူစင်ရှင်းသန့်နေသော အချစ်စစ်အချစ်မှန်များ ၀မ်းနည်းဖွယ် ဆိတ်သုန်းရလိမ့်မည် ဖြစ်ပါသည်။ တက်သစ်စ လူငယ်တစ်ဦး၏ တောက်ပသော အနာဂတ်မှာ မှောင်မဲပျောက်ကွယ် သွားရလိမ့်မည် ဖြစ်ပါသည်။ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ညီညီညာညာ လျှောက်လှမ်းနိုင်ခွင့် ဝေးရတော့မည် ဖြစ်ပါသည်။ ရိုးသားသော၊ ကြိုးစားသော ပြည်သူပြည်သားတို့ စိတ်ဓာတ်ကျဖွယ် ကင်းမဲ့သွားရတော့မည် ဖြစ်ပါသည်။ အေးချမ်းသော၊ သာယာသော၊ ဖွံ့ဖြိုးသော အနာဂတ်များကို စိတ်ကူးယဉ်စွာ မျှော်မှန်းခွင့် ရှိတော့မည် မဟုတ်ပါ။ ကြောက်မက်ဖွယ် အဆုံးမဲ့ ငရဲနှင့် ထာဝရ ကောင်းကင်ဘုံ မရှိနိုင်တော့ပါ။ စင်စစ် မြင့်မြတ်သည့် ဒေသနာတော်အချို့ကိုပင် ကျွန်တော်တို့လူသားများ နာနာကျည်းကျည်း ဆုံးရှုံးခံ လိုက်ရတော့မည် ဖြစ်ပါသည်။ ဤသည်တို့မှာ အန္တရာယ်ကြီးသော နာမ၀ိသေသနများ၏ လူသူတိတ်ဆိတ်နေသည့် ဈာပနအခမ်းအနားတွင် မြင်ရသည့် ပူဆွေးဖွယ် မြင်ကွင်းတစ်ရပ်ကို ရမ်းရော် စိတ်ကူးကြည့်ထားခြင်းသာ ဖြစ်ပါသည်။

တကယ်တော့ ဖြစ်ရပ်မှန်ကို အဖြူအမည်း နှစ်ရောင်တည်းဖြင့်သာ ရေးချယ်ရန် လုံလောက်သည်။ ဒီဘိုနိုက “နာမ၀ိသေသနများသည် အန္တရာယ်ကြီး၏” ဟု ဆိုသည်။ နာမ၀ိသေသနများသည် “အမှန်တကယ်” အန္တရာယ်ကြီးသည်ဟု ကျွန်တော် မပြောချင်ပါ။ ထပ်ပြောပါမည်...။ နာမ၀ိသေသနများသည် အန္တရာယ် ကြီးသည်။ နာမ၀ိသေသနတို့အား လှိုင်လှိုင် သုံးစွဲသူများကို ယုံကြည်ရန် မသင့်ဟု ဒီဘိုနိုက သတိပေးပါသည်။ စင်စစ် အဖြစ်မှန်ကို ရေးချယ်ရန်မှာ အဖြူအမည်း နှစ်ရောင်ထဲနှင့် လုံလောက်မှု ရှိပါသည်။ နာမ၀ိသေသနများကို ကျော်လွှား၍ ဖတ်ရှုနိုင်ပါသည်။ ထပ်ပြောပါမည်...။ နာမ၀ိသေသနများသည် အန္တရာယ် ကြီးသည်။

◄ တေဇာ ► ဇန်န၀ါရီ (၁၅) ၂၀၁၀

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ