Skip to main content

အေဒီ၂၀၁၀ ဒိုင်ယာရီ

A.D. 2010 Diary

Today, I'm Reading, Writing and Thinking all day long.
Today, I'm Reading, Writing and Thinking all day long. 
Today, I'm Reading, Writing and Thinking all day long. 
Today, I'm Reading, Writing and Thinking all day long.  

§ § § § § § §

၂၀၁၀ ဒိုင်ယာရီစာအုပ်တစ်အုပ် အဖေ့ဆီမှ ရရှိပါသည်။ စာအုပ်က ကျန်သည့် နေ့များအတွက် တစ်ရက်ကို တစ်မျက်နှာခန့် ပါရှိပြီး တနင်္ဂနွေနေ့များ အတွက်မူ ရေးမှတ်စရာ နေရာသေးသေးလေးသာ ပါသည်။ အဖေက တနင်္ဂနွေနေ့တွင်ပါ တစ်မျက်နှာ အပြည့်ပါသည့် စာအုပ်မျိုးမှ လိုချင်သည် ဆို၏။ ထို့ကြောင့် အသစ်တစ်အုပ် ထပ်ဝယ်လိုက်သည်။ တနင်္ဂနွေနေ့များတွင် အိပ်နေတတ်သူများအတွက် သီးသန့် ဒိုင်ယာရီက ကျွန်တော့်ဆီသို့ အလိုအလျောက် ရောက်လာတော့သည်။ ယခုတော့ ဒိုင်ယာရီစာအုပ်တစ်အုပ် ပိုင်ဆိုင်သူ တစ်ယောက် ဖြစ်လာခဲ့ပြီ။ ဒီထဲတွင် ဘာရေးရမည်နည်း။ ဒိုင်ယာရီဆိုသည်မှာ အဘယ်နည်း။ ဒိုင်ယာရီနှင့် ပတ်သက်ခဲ့မိသည့် အပိုင်းအစတချို့အား အနည်းငယ်မျှ တူးဆွကြည့်မိပါသည်။

ငယ်စဉ်က “အန်နာဖရန့်ခ်၏ ဒိုင်ယာရီ” (The Diary of Anne Frank) ဘာသာပြန်စာအုပ်ကို (မှောင်ထဲက မှတ်တမ်းဟု ထင်သည်။ အသေအချာမမှတ်မိ) ဖတ်ခဲ့ဖူးသည်။ စာအုပ်ထဲက ကောင်မလေးနှင့် သက်တူရွယ်တူလောက်ဖြစ်၍ သူ့လို ရေးချင်လာသည်။ သည်တော့ စာအုပ်တစ်အုပ်ထဲတွင် ရေးချင်ရာတွေ လျှောက်ရေးသည်။ စာအုပ်ကိုလည်း နာမည်ပေးသည်။ သို့သော် ကြာကြာမခံခဲ့။ ရေးတလှည့် မရေးတလှည့်နှင့်ပင် ခြောက်လခန့်ကြာသော် ဆက်မရေးဖြစ်တော့။ အန်နာဖရန့်ခ်က နာဇီခေတ်တွင် ပုန်းအောင်းနေရသော ဂျူးမလေးဖြစ်သည်။ သူက ထပ်ခိုးထဲတွင် ပုန်းနေရသည်။ တစ်နေ့တစ်နေ့ သူ့မှာ အပျင်းဖြေ လုပ်ကိုင်စရာ သည်စာအုပ်လေးသာရှိသည်။ မျောက်ရှုံးအောင်ဆော့နေသည့် မြန်မာပြည်က ကောင်လေးတစ်ယောက်က သူ့လိုမျိုး လိုက်ရေးဖို့က လက်တွေ့တွင် မလွယ်ပါ။ သည်တော့ ကလေးဘ၀ ဒိုင်ယာရီ ရေးသားခြင်းမှာ ယာယီထသောအရူးရောဂါများစွာထဲမှ တစ်ခုအဖြစ်သာ  မကြာခင် မေ့လျော့သွားခဲ့ ပါတော့သည်။

§ § § § § § §

ဒိုင်ယာရီဟူသည်မှာ ပုဂ္ဂိုလ်ရေးသက်သက်မျှသာ ဖြစ်သည်ဟု ဆို၍ရနိုင်ပါသည်။ သို့သော် ထိုပုဂ္ဂိုလ်ရေးသည်ပင် သက်ဆိုင်ရာ ခေတ်စနစ်ကို ကိုယ်စားပြု သရုပ်ဖော်နေသည်။ ပွင့်လင်းရိုးသားမှုသည် ဒိုင်ယာရီအရေးအသားတွင် အခြားအရေးအသားများအားလုံးထက် ပိုမိုအားကောင်းသည်။ မိမိခံစားချက်ကို မိမိဘာသာ စာမျက်နှာပေါ်သို့ ဖော်ထုတ်ခြင်းဖြစ်သဖြင့် အဆင်တန်ဆာ၊ လူ အထင်ကြီးစရာများကို ကြွားလုံးထုတ်လိမ့်မည်တော့ မဟုတ်ပါ။ “ကျွန်တော်သည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်ပါသည်” ဟူသော အရေးအသားမျိုး မည်သူမျှမရေးလောက်ဟုတော့ ယူဆပါသည်။ အရှိကို အရှိအတိုင်း၊ အမှားကို အမှားအတိုင်း ပေထက်အက္ခရာ တင်ရခြင်းသည် တကယ်တော့ ရင်ဖိုစိတ်လှုပ်ရှားဖွယ် ကောင်းပါသည်။ မိမိမှလွဲ၍ မည်သူကြည့်ရန်မျှ မဟုတ်သည့် စာသားများသည် ဖြူဖွေးသန့်စင်စွာ လူသားဆန်နေ ပါလိမ့်မည်။ စာရေးဆရာ တစ်ယောက်တွင် “ရိုးသားမှု” သည် အဖိုးတန်သည့်အရာဟုဆိုလျှင် ဒိုင်ယာရီ အရေးအသားများသည်လည်း ရိုးသားမှုစံနှင့် ချိန်ထိုးကြည့်ရာတွင် တန်ဖိုးရှိသည်ဟု ဆိုနိုင်ပါလိမ့်မည်။ ဥပမာတစ်ခု ပေးရလျှင် အခွင့်ရှိခဲ့ပါက ကျွန်တော်ငယ်စဉ်က 'My English Teacher' ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့် အက်ဆေးတစ်ပုဒ်စထက်စာလျှင် ဒိုင်ယာရီထဲတွင် ကျွန်တော် လျှောက်ရေးခဲ့သည့် အစီအစဉ်မကျ စာသားအချို့ကိုသာ ယခုအချိန်တွင် ပြန်လည်ဖတ်ချင်မိပါသည်။ အင်္ဂလိပ်စာဆရာမက စစ်ဆေးအမှတ်ပေးမည့် 'My English Teacher' အက်ဆေးအား ရေးသားရာတွင် ရိုးသားမှုဒီဂရီ မည်မျှပါရှိမည်နည်း။ အသင်အပြကောင်းခြင်း၊ စေတနာကောင်းခြင်းဆိုသည့် အချက်များထက်ပို၍ သဘာဝဆန်သော အချက်အလက်များ ကျွန်တော်တို့အနေဖြင့် ထည့်သွင်းရေးတတ်၊ ရေးရဲ၊ ရေးရန်တွေးခေါ် ဖူးခဲ့ပါသလား။ ပြည်သူများဖတ်ရန် အစိုးရရာဇသံသတင်းစာတွင် အစိုးရက ပြည်သူတို့အားသိစေချင်သည့် အချက်များသာ ပါမည်မှာ သဘာဝပင်ဖြစ်ပါသည်။

ထိုမှတဆင့် ကုမ္ပဏီတစ်ခုတွင် ၀န်ထမ်းအဖြစ် အလုပ်လုပ်ခဲ့စဉ်တွင် ဒိုင်ယာရီဆန်ဆန် ရေးသားရခြင်းနှင့် ပြန်လည် ကြုံကြိုက်ခဲ့ပါသည်။ ဒိုင်ယာရီ စင်စစ်တော့ မဟုတ်ပါ။ မှတ်စုစာအုပ်ထဲတွင် To Do List များ ရေးရခြင်းနှင့် ပေးစရာရစရာအကြွေး၊ ယနေ့ပေါက်ကွဲနိုင်သည့် ချိန်ကိုက်ဗုံးများ၊ သူဌေးကြိုက်သည့် မုန့်ဟင်းခါးဆိုင်၏ ဖုန်းနံပါတ် စသည်ဖြင့် တိုလီမုတ်စများကိုသာ အများအားဖြင့် မှတ်သားရပါသည်။ ၎င်းတို့သည် ဒိုင်ယာရီမဟုတ်ဟု ဆိုနိုင်သော်လည်း ဒိုင်ယာရီဆန်ဆန် ရက်စွဲအစဉ် (Chronologically) အတိုင်း ရေးရခြင်းသာ ဖြစ်ပါသည်။ တကယ်တော့ လခစားအလုပ်တစ်ခု လုပ်နေစဉ်တွင် ပုဂ္ဂိုလ်ရေးနှင့် လုပ်ငန်းကိစ္စသည်လည်း သိပ်မကွဲပြားချင်တော့။ အလုပ်သည်ဘ၀ ဘ၀သည်အလုပ်သာ ဖြစ်နေလေပြီ။ ကိုယ်ရေးဒိုင်ယာရီ ရေးမည်ဆိုလျှင်လည်း အဆိုပါအလုပ်ကိစ္စများသာ ရှေ့တန်းရောက်နေမည်သာ ဖြစ်ပါသည်။ ထိုသို့သော အရေးအသားမျိုးတွင်သော် ခံစားချက်များထက် အချက်အလက်ကိုသာ အသုံးဝင်မှုသက်သက်အတွက် ရေးမှတ်ရခြင်းမျိုးဖြစ်ပါသည်။ တာဝန်အရလုပ်ရခြင်းမျိုးဖြစ်ပါသည်။ ကျွန်တော့်လို မေ့တတ်သောလူအတွက်လည်း အသုံးကျခဲ့ပါသည်။ သို့သော် ထိုမှတ်စုရေးခြင်း အလုပ်ကိုလည်း ကျွန်တော် စနစ်တကျနှင့် စွဲစွဲမြဲမြဲ မလုပ်ခဲ့ပါ။

ဒိုင်ယာရီဆန်သည့် နောက်ထပ် အရေးအသား တစ်မျိုးမှာ ယခုလုပ်နေသည့် Blog ရေးသားခြင်း ဖြစ်ပါသည်။ ဤသည်လည်း ရက်စွဲအစဉ် (Chronologically) အတိုင်း ရေးသားရခြင်း ကြောင့်သာ ဒိုင်ယာရီဆန်သည်ဟု ဆိုရသည်၊ စင်စစ် ဒိုင်ယာရီ မဟုတ်ပါ။ အမြည်းစား ဘီယာသောက် အလုပ်များထက် တောင်တွေးမြောက်တွေးများကို လျှောက်ရေးထားခြင်းများသာ အဓိက ဖြစ်ပါသည်။ မိမိတစ်ယောက်အတွက် သာမကတော့ဘဲ အများသူငါပါ ဖတ်နိုင်သည့် အတွက်ကြောင့် ဒိုင်ယာရီထက်စာလျှင် ရိုးသားမှုဒီဂရီ အနည်းငယ် လျှော့နိုင်ပါသည်။ သို့သော် ဖြစ်နိုင်သမျှ အရိုးသားဆုံး ရေးသားနိုင်ခဲ့သည်ဟုတော့ ကျွန်တော် ပြောနိုင်ပါသည်။ မိမိ၏ အရေးအသားအတွက် တစ်စုံတစ်ခု အာမခံခိုင်းသည်ဆိုခဲ့လျှင် ထိုတစ်စုံတစ်ခုမှာ ရိုးသားမှုသာဖြစ်ပါမည်။ စေတနာ၊ မေတ္တာနှင့် တိုင်းကျိုးပြည်ပြုစိတ်ဓာတ် စသည့်အရာများကို ကျွန်တော့်အနေဖြင့် ကြွေးကြော်နိုင်လိမ့်မည်မဟုတ်ပါ။ ဤသည်တို့မှာ ကျွန်တော်၏ ဒိုင်ယာရီနှင့်ပတ်ခဲ့ဖူးသော ဒိုင်ယာရီအချို့သာ ဖြစ်ပါသည်။

ယခုသော် ကျွန်တော့်ထံတွင် မှင်မစွက်ရသေးသည့် ၂၀၁၀ ဒိုင်ယာရီစာအုပ်တစ်အုပ် ရှိနေပါပြီ။ ယနေ့အထိဆိုလျှင် စာမျက်နှာ (၅) မျက်နှာခန့် ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ ကျွန်တော် တစ်ခုခု ရေးမှ ဖြစ်ပါတော့မည်။ အန်နာဖရန့်ခ်ကို အားကျစိတ်ဖြင့် တီဗီဂိမ်းမကစားရသည့် နာကျည်းချက်ကို ရေးချခဲ့သည့် ငယ်စဉ်ဘ၀ စိတ်အခြေအနေမျိုး ကျွန်တော့်ထံတွင် မရှိတော့ပါ။ သူဌေးကြိုက်တတ်သည့် မုန့်ဟင်းခါးဆိုင်သို့လည်း ဖုန်းဆက်ရန် မလိုတော့ပါ။ ၂၀၁၀ ၏ လက်ကျန်ရက်ပေါင်း (၃၆၀) ခန့်တွင် ကျွန်တော်ရေးစရာ ဒိုင်ယာရီမှာ ကြိယာသုံးလုံးဖြင့်သာ လုံလောက်ပါသည်။ Reading, Writing, Thinking ဟူသည့် စကားလုံးများ လက်ရေးလှရေးထားသလို ပြည့်နှက်နေသည့် ဒိုင်ယာရီစာအုပ်တစ်အုပ်သည် သမိုင်းတန်ဖိုး ကင်းမဲ့နေမည်မှာ အသေအချာပင် ဖြစ်ပါသည်။ သို့ရာတွင် အဆိုပါ ဒိုင်ယာရီစာအုပ်ကို တန်ဖိုးဖြတ်မည့်သူ တစ်ဦးတစ်ယောက်ကမျှလည်း မြင်တွေ့နိုင်လိမ့်မည် မဟုတ်ပါ။

◄ တေဇာ ► ဇန်န၀ါရီ (၆) ၂၀၁၀

Comments

  1. heh heh.. ကိုးတန်းတုန်းက My Teacher ရေးတာ.. ရိုးသားမှု ဒီဂရီ နည်းနည်းများသွားလို့ ရုံးခန်းရောက်ဖူးတယ်..။ :)

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

You have 24 notifications about Eain and others