ရှည်ရှည်ဝေးဝေး စဉ်းစားလေ့ရှိသော အဝေးပြေးလမ်းမများ ရှိ၏။
စိတ်မြန်လက်မြန် ဖြတ်လမ်းများ ရှိ၏။
ဖြတ်လမ်းသွား ခရီးသည်များသည် အဖိတ်အစင် များ၏...။
သံသယဆိုသည်မှာ မသေချာမှုကို ဖော်ပြသည့် စိတ်ခံစားချက်ဆိုင်ရာ အသုံးအနှုန်း တစ်ခု ဖြစ်ပါသည်။ ဒွိဟသံသယ ဟုလည်း တွဲသုံးခြင်းများ ရှိသည်။ သံသယဟူသည့် အသုံးအနှုန်း အပေါ် ကျွန်တော်တို့၏ ပင်ကိုယ် ခံစားချက်ကို ကျွန်တော်က သံသယပွား ကြည့်မိသည်။ သံသယ၏ အနက်ကို “မယုံကြည်မှု” ဟုပင် အကြမ်းဖျင်း သတ်မှတ်ပါမည်။ ယုံကြည်ခြင်း အမှုသည် ငယ်စဉ်ဘ၀ ဆုံးမစာများ အတွင်း ထည်ထည်ဝါ၀ါ နေရာယူခဲ့ပြီး ဖြစ်ရာ ဆန့်ကျင်ဘက် အားဖြင့် “မယုံကြည်ခြင်း” မှာ အလိုလို မှေးမှိန်သွား ရသည့် စကားလုံးတစ်ခု ဖြစ်ခဲ့ရသည်။ အလိုလို အဆိုးဂုဏ်ရည် ပေါ်နေသော၊ အနုတ်လက္ခဏာ ဆောင်နေသော (Negative) သဘောထားတစ်ခု ဖြစ်နေခဲ့ရသည်။ ဖရွိုက် (Sigmund Freud) ၏ အလိုအရ ကလေးဘ၀ အစွဲအလမ်းများသည် လူကြီးဘ၀ကို ပုံသွင်းသည်ဆိုသော် ငယ်စဉ်က ကြားခဲ့ရသည့် ယုံကြည်ခြင်းအပေါ် အလွန်အကျွံ ဇောင်းပေးသော စကားများကြောင့် “မယုံကြည်ခြင်း” အပေါ် စက်ဆုပ်စရာဟု မြင်သော လူကြီးများ ဖြစ်လာကြသလောဟု ယူဆစရာ ဖြစ်လာခဲ့သည်။ သံသယဟူသည့် စကားလုံးသည် မကောင်းဆိုးရွား ဆန်ပြီး မှောင်မိုက်နေဟန် ရှိသည်။ လုံးဝမထားသင့် မထားအပ်သည့် အရာတစ်ခု အဖြစ်သော်မှ ယူဆကြသူ အများအပြား ရှိနေပါသည်။ ဤသည်မှာ “သံသယ” ဟူသည့် စကားလုံးအပေါ် ထားရှိသည့် လူတို့၏ ယေဘုယျ သဘောထား တစ်ရပ် ဖြစ်ပါသည်။ စင်စစ် သံသယနှင့်ပတ်သက်၍ လူတို့၏ သိစိတ်ကဖြစ်စေ၊ မသိစိတ်ကဖြစ်စေ ချဉ်းကပ်ရှုမြင်တတ်သည့် သဘောထားကို သံသယပွားကြည့်ထားခြင်းမျှသာ ဖြစ်ပါသည်။
နိုင်ငံရေးအရသော် မိမိလုပ်ပုံကိုင်ပုံကို မယုံကြည်သည့်၊ တစ်နည်း သံသယရှိသည့် သဘောထားများကို မည်သည့်အစိုးရကမျှ လိုလားလိမ့်မည် မဟုတ်။ ပြည်သူလူထု၏ ယုံကြည်မှုကို ရယူနိုင်ရန် အစိုးရတိုင်း အလေးထား ကြရသည်။ လူထု၏ သံသယသည် အစိုးရအတွက် အန္တရာယ် ဖြစ်သည်။ ထို့ကြောင့် အစိုးရ အာဘော်များသည် “လူထုယုံကြည်မှုရရန်” တစ်နည်း “လူထုသံသယကို သတ်ပစ်ရန်” ဟူသည့် အခြေခံအရ ထွက်ပေါ်လာ ရသည်။ အစိုးရကို သံသယ၀င်စေမည့် အရေးအသားများကို အစိုးရယန္တရားက တတ်နိုင်သမျှ တားဆီးသည်။ ခပ်တုံးတုံး (သို့မဟုတ်) ရမ်းကားသည့် အာဏာရှင်အစိုးရများက ဗြောင်ပင် ပိတ်ပင်သည်။ ထိုအခါ ခြွင်းချက်မရှိ တစ်လမ်းသွား အယူအဆများသာ အဆိုပါရပ်ဝန်းတွင် တည်ရှိနေတော့သည်။ အစိုးရ အာဘော်များသည် နိုင်ငံသားတစ်ယောက်၏ သံသယကို အကြိမ်ကြိမ်အထပ်ထပ် ထိုးနှက်သည်။ ခပ်တုံးတုံး အရေးအသားများတွင်သော် “သံသယ မထားသင့်” ဟူသည်အထိပင် ခပ်ပြောင်ပြောင် ရေးသားလာ ကြတော့သည်။ ကျွန်တော်၏ အဓိက ရည်ရွယ်ချက်မှာ အစိုးရမကောင်းကြောင်း ပြောလိုခြင်းမဟုတ်။ “သံသယ” ဟူသည့် စကားလုံးအပေါ် နိုင်ငံရေးအရ ပြုပြင်စီရင်ခြင်းများကို ထင်ရှားအောင် ပြလိုခြင်းသာ ဖြစ်ပါသည်။ သံသယမပွားသင့်ကြောင်း ခြွင်းချက်မရှိ ပြောရဲသည့်အဆင့်အထိ တက်လှမ်းလာသည့် နိုင်ငံရေး၏ ပြုပြင်စီရင်မှုကို ထင်ရှားစေခြင်းသာ ဖြစ်ပါသည်။
ဘာသာရေးအရသော် မယုံကြည်သည့်၊ တစ်နည်း “သံသယ” ရှိသည့် လူတို့ကို မည်သည့်ဂရုဏာတော်ကမျှ ကယ်တင်မည်မဟုတ်ဟု အတိအလင်းဆိုသည်။ လေထဲက ကတိက၀တ်များအား ဆုပ်ကိုင်စံစားနိုင်ဖို့ သံသယကို တစွန်းတစမျှ မကျန်အောင် ချန်ထားခဲ့ဖို့ လိုသည်။ ဘာသာရေး၏ “သံသယ” အပေါ်ဖိနှိပ်ပုံသည် ယခု ကျွန်တော်က “ဘာသာရေး၏ သံသယအပေါ် ဖိနှိပ်ပုံ” အချို့ကို ဤနေရာမှနေ၍ အကျယ်တ၀ံ့ မရေးသားရဲ လောက်အောင်ပင် ဆိုးရွားပြင်းထန်သည်။ ဤသည်တို့မှာ “သံသယ” ဆိုသည့် စကားလုံးအပေါ် ဘာသာရေး၏ ခွဲခြားဆက်ဆံပုံ၊ တစ်နည်း လူ့အတွေးအခေါ်တွင် သံသယ ဟူသည့်သဘောထား နေရာမရအောင် ခေတ်အဆက်ဆက်၊ လူ့ယဉ်ကျေးမှု တစ်လျှောက်လုံး ဘာသာရေး၏ ထိုးနှက်ချက်များကို ဆိုလိုခြင်းဖြစ်ပါသည်။
သံသယသည် မသေချာမှုဖြစ်သည်။ သံသယသည် ဗီဇစိတ် ဖြစ်သည်။ သို့သော် ပုံသွင်းလွယ်သည့် ငယ်စဉ်ဘ၀တွင် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုများကြောင့် ဗီဇစိတ်သည် ငုတ်လျှိုးသွားရခြင်း ဖြစ်သည်။ ကွန်မြူနစ် တစ်ယောက်အဖြစ်၊ သို့မဟုတ် အစ္စလာမစ် စစ်သွေးကြွတစ်ဦး အဖြစ် မွေးဖွားလာသည့် ကလေးငယ် တစ်ဦးမျှ မရှိပါ။ လူတိုင်းသည် ဘာသာမဲ့အဖြစ် မွေးဖွားလာကြခြင်း ဖြစ်ပါသည်။ အလေးအနက် ပြောလိုသည်မှာ ဘာသာရေးနှင့် နိုင်ငံရေးတို့သည် မပတ်သက်၍ မရသော လူ့ယဉ်ကျေးမှု၏ အားကောင်းမောင်းသန် အခြင်းအရာများဖြစ်၍သာ ဥပမာဆောင် ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ “သံသယ” သည် သနားစရာကောင်း လောက်အောင်ပင် ဖိနှိပ်တိုက်ခိုက်ခံခဲ့ရကြောင်း ပြောလိုရင်းသည် ပဓာန ဖြစ်ပါသည်။ သံသယဟူသည် ခွဲခြားဆက်ဆံခံရသော စကားလုံးတစ်လုံးမျှသာဖြစ်ကြောင်း ဂရုဏာစိတ်ဖြင့် တွေးမိခြင်း ဖြစ်ပါသည်။ ကလေးဘ၀၏ သံသယစိတ်၊ သို့မဟုတ် “ကလေးအတွေး” တွေးတတ်သည့် အဆင့်သို့ တက်လှမ်းလာနိုင်ခြင်းမရှိအောင် တားဆီးထားသည့် အခုအခံများကို “မျဉ်းသား” ကြည့်ခြင်း ဖြစ်ပါသည်။
ယခု ကျွန်တော်က သံသယအပေါ် သံသယ၀င်နေသည်။ သံသယပေါ်ထားရှိသော လူတို့၏ သဘောထားများ အပေါ် သံသယ၀င်နေသည်။ ကျွန်တော့်သံသယသည် အားကောင်းမောင်းသန် ဗီဇသံသယ ဖြစ်ပါသည်။ စင်စစ် မည်သည့်တိုက်ခိုက်မှုနှင့်မျှ ဖယ်ရှားမရသည့် ဧကန်သံသယသာ ဖြစ်ပါသည်။ သံသယ၀ါဒအပေါ်တွင် မျက်ကန်းယုံကြည်လိုက်ပါဟု မည်သည့်အခါမျှ တိုက်တွန်းနိုင်မည် မဟုတ်ပါ။ သံသယ၀ါဒအပေါ် သံသယ ၀င်နိုင်ပါသည်။ သံသယ၀ါဒအပေါ် သံသယ၀င်မိသည်နှင့် တစ်ပြိုင်နက် သံသယ၀ါဒီတစ်ဦးအဖြစ် အလိုလို ရောက်ရှိသွားရတော့မည် ဖြစ်ပါသည်။
ဤသည်တို့မှာ “သံသယ” ဟူသည့် စကားလုံးအပေါ်ထားသည့် သံသယမှ ထွက်ကျလာသည့် အတွေးစများ ဖြစ်ပါသည်။ တကယ်တော့ အဝေးပြေး လမ်းမများပေါ် သွားသောခရီးမှာ ရှည်လျားပြီး ငြီးငွေ့ဖွယ်ကောင်း နေနိုင်ပါသည်။ သို့သော် ၎င်းမှာ ခရီးရှည် နှင်လိုသော ခရီးသွားများ အတွက်သာ ဖြစ်ပါသည်။
◄ တေဇာ ► ဇန်န၀ါရီ (၁၃) ၂၀၁၀

╩ ╩ ╩ ╩ ╩ ╩ ╩

ကျွန်တော်တို့ အမှန်ဆီကို ရည်မှန်း လျှောက်လှမ်းကြမှာ မဟုတ်လား.။ (အမှန်ဆိုတာ ဘာလဲ မေးရန်မလို) ။း) အကြောင်းအရာ တခုအပေါ် ယေဘုယျကျကျ ရှုမြင်သုံးသပ် နိုင်ဖို့ပဲ လိုမယ် ထင်တယ်..။ ခုလို သံသယ(ဗီဇစိတ်) ဆိုတဲ့(နဂိုရှိပြီးသား အမှန်ဖြစ်နေတဲ့ ) စကားလုံး အတွက် ထပ်မံ သံသယ ပွားနေဦးမယ် ဆိုရင် ကြက်ဥနဲ့ ကြက်မ ဘယ်က စလဲ ဆိုတာမျိုးပဲ ရောက်သွားမယ် ထင်တယ်..။
ReplyDelete