Skip to main content

ချောင်ထဲကကောင်

“ပြေးသူ လိုက်သူ အခွင့်အရေး ဆတူရှိအောင် ကျယ်ပြန့်ပြန့် တလင်းပြင်မှာ ကစားရအောင်” လို့တောင် မတောင်းဆိုနိုင်ခဲ့ဘူး။ မွေးထဲက ဒီချောင်ထဲမှာပဲ။ ကမ္ဘာကြီးထဲ တစ်ဘ၀စာ အကျယ်ချုပ် ကျ။ အကျဉ်းထောင်ထဲက အချုပ်၊ အချုပ်ထဲက လှောင်အိမ်၊ လှောင်အိမ်ထဲက ထောင်ချောက်၊ ထောင်ချောက်ထဲက ကန့်သတ်ချက် စည်းဝိုင်းထဲမှာ နွံနစ် ... ။ နွံထဲမှာတင် လေဖြတ်ထားသလို လှုပ်မရ အော်မရ။ တိုင်မရ တည်မရ။ အဆုံးမရှိ...။

ဒါနဲ့... နေပါဦး...။ ဒီဦးနှောက်က တွေးတာ ဒီ့ထက်မပိုတော့ဘူးလား။ ငါတွေးတာတွေထက် ပိုအောင် ငါမတွေးနိုင်တော့ဘူးလား။ ငါမတွေးမိတဲ့အတွေးမျိုး ငါဘာလို့ တစ်ခါမှ မတွေးမိတာလဲ။ ဒီဦးနှောက်ရဲ့အတွေးက ငါဘာလို့ မလွတ်မြောက်နိုင်ရတာလဲ။ ဘယ်သူမှမတွေးမိသေးတဲ့ အတွေးသစ်တစ်ခုခု ငါဘာလို့ မတွေးနိုင်ရတာလဲ။ ဘယ်သူမှ မတွေးမိသေးတဲ့ အသစ်စက်စက် အတွေးလှိုင်းတစ်ခု တွေးနိုင်ခဲ့တဲ့အကြိမ်တိုင်း ငါတွေးပြီးသားဖြစ်နေလို့ ငါ့မှာ စိတ်ဓာတ်ကျရ။ ဦးနှောက်ရဲ့ အထူးပြုလုပ်ချက် (Special Effect) မဟုတ်တာ တစ်ခုခု ငတ်မွတ်လွန်း။

§ § § § § § §

ဒီလို ရုပ်ပိုင်းစိတ်ပိုင်း တစ်ရွေးသားမှ လှုပ်မရအောင် လွတ်လပ်နေတဲ့ လူ...။ အခွင့်အရေး ဆတူရှိကြောင်း မလိမ်ပါနဲ့ ဘုရားသခင်။ ငါးမျှားချိတ်မှာ တံစို့ထိုးလူးလွန့်နေရတာ ကျွန်တော် ကိုယ်တိုင်ပါ။ ကံကောင်းထောက်မစွာ ဘ၀က လာမဟပ်သေးဘူး။ သူကံကောင်းတာလား ကျွန်တော်ကံကောင်းတာလား ဆိုတာလည်း ငါးမျှားချိတ်ကို မေးကြည့်မှ သိမယ်။ ငါးမျှားချိတ်က တီကောင်ရဲ့ အဆိုးမြင်ဝါဒီဆန်မှုကို တံငါသည်က ဂရုဏာသက်စွာနဲ့ လွတ်လွတ်လပ်လပ် လူးလွန့်ခွင့်ပေးလိုက်တယ်...။ ဘ၀ကြီး အငမ်းမရ လာဟပ်တဲ့အထိ...။

ထောင်ဆိုထောင်ပေါ့... ဘာအကျဉ်းစခန်းလဲ...။ ချောင်ဆိုချောင်ပေါ့... ဘာဘ၀လဲ။ အသာတကြည် မာန်ဖီလို့မှ နောက်မဆုတ်ရင် အသက်စွန့် ခုခံကိုက်ခဲရလိမ့်မယ်။ ပိန်ပိန်ပါးပါး ခွေးဝဲစားတစ်ကောင်လို မိန့်ခွန်းချွေကြည့်...။ နောက်ကကြည့်တော့ အမြီးဖျား မြေနဲ့ထိနေပြီ။ လာပါ ကျယ်ကျယ်ဝန်းဝန်း ကစားကြရအောင်။ စနေဂြိုဟ် မပါကြေး၊ ကြာသပတေးဂြိုဟ်အထိ ကြိုက်သလိုပြေး...။ မစ်ကီးဝေးကျော်ရင် အသေနော်...။ အပ်ဖျားပေါ်မှာ ပြေးကြလွှားကြ၊ ပျော်ကြမော်ကြ။ ကံဆိုးတဲ့သူက ဘုရင်တွေ ဘာတွေ ဖြစ်လို့...။ တစ်သက်တာ အပ်တစ်ထောက်စာ ချယ်လှယ်ခွင့်။ စက္ကန့်သံ သက်တန့်။ ညီလေး တစ်နာရီပြည့်ပြီ၊ ထတော့နော်။ နောက်လူစောင့်နေလို့...။ တီဗီဂိမ်းဆိုင်မှ အားမလိုအားမရထပြန်လာရသည့် ချာတိတ်။

ရှင်လည်းပဲ အနှေးနဲ့အမြန် မြေကြီး။ ရှင်လည်း ရဲရဲပဲပေါ့။ မဟုတ်ဘူးလား။ ရှင်မှတော့ ရဲပြီပေါ့။ ပြောစရာမလိုတဲ့စကားတွေ အံကြိတ်ပြောလိုပြောမိ။ ရှင်လည်း အတူတူပါပဲ။ ခိုင်ခံ့သောမေးရိုးနှင့် မိန်းမလျာက မူသံပါပါပြော။ သေမထူးနေမထူးထက်ပိုပြီး သမားရိုးကျဖြစ်အောင် နေချင်တယ်ပြောမှ လူထူးလူဆန်းကြီးကို ဖြစ်လို့။ သေရင်ကိုယ့်နောက်ပါမှာ ဒါပဲရှိတယ်တဲ့။ လက်ဆွဲအိတ်ထဲ အလှူခံဖြတ်ပိုင်းလေးထည့်၊ ဒုစရိုက်ကင်းရှင်းကြောင်း ထောက်ခံစာထည့်၊ လူ့ပြည်တွင်နေထိုင်ကြောင်း ထောက်ခံစာထည့်၊ သံသရာလုပ်သား မှတ်ပုံတင်ထည့်၊ ရှိစုမဲ့စု ကုသလလေးတွေ တယုတယထည့်။ ဟဲလို.. အဲလိုင်းကပါ...။ လေဆိပ်ကို တစ်နာရီစောပြီး ရောက်အောင် ဆင်းပေးပါ... ဂွပ်...။

ဟောင်ရတာ မောတော့လည်း ဟောင်လိုက်ရလို့ကို မကျေနပ်ဘူး။ ဘယ်ကျေနပ်မလဲ၊ ဟောင်အောင်လုပ်နေလို့ ဟောင်လိုက်ရတာကို သိနေတာကိုး...။ ဒါပေမဲ့ ချောင်ထဲမှာ ဟောင်သံတွေ အောင်အောင်မြင်မြင် ဆူညံနေမြဲ။ အစွယ်ဖွေးဖွေးများ တောက်ပမြဲ။ ဇဗ္ဗူဒိပ်တံဆိပ်အပ် တစ်ထောက်စာ ဘုရင်များ ရာဇဣနြေ္ဒကြီးစွာ အမျက်တော် ရှမြဲ။ သတ္တ၀ါတစ်စု တရားရုံးတင်မစစ်ဆေးဘဲ ရုပ်နာမ်နှစ်ပါးလုံး အသားလွတ် အကျယ်ချုပ်ကျဆဲ ကျခံနေရမြဲ။ ဘ၀သည် အငမ်းမရ လာဟပ်စမြဲ။ အဲဒီထဲ “ငါ” (ပေါင်းများစွာ) လည်း လူးလွန့် ပါမြဲပါဆဲ။

◄ တေဇာ ► ဇန်န၀ါရီ (၂၃) ၂၀၁၀

Comments

  1. စာတွေ လာဖတ်သွားတယ် ညီလေးရေ ...း)

    ReplyDelete
  2. “ပြေးသူ လိုက်သူ အခွင့်အရေးဆတူ ရှိအောင် ကျယ်ကျယ်ပြန့်ပြန့်တလင်းပြင်မှာ ကစားရအောင်...”

    ကျွန်တော်တို့ အမှန်တကယ် စိန်ခေါ်ခွင့် ရှိခဲ့ကြသလား..။ ဘက်တူရင် လူမရွေးစတမ်း ဆိုပြီး ဟစ်ကြွေးခွင့် ရှိခဲ့သလား..။
    (ကာလာပြောင်း)
    “အခွင့်အရေးဆတူရှိကြောင်း မလိမ်ပါနဲ့ ဘုရားသခင်”..။
    မလိမ်ပါနဲ့..။ မလိမ်ပါနဲ့..။ ဘာသာစကားကို ခုတုံးလုပ်ပြီး တရားမချပါနဲ့..။ ကျွန်တော်တို့ ယုံကြည်တာတွေ ရှိသလို မယုံကြည်နိုင်တာလည်း ရှိသေးတယ်..။ ခင်ဗျားက ဥပေက္ခာဆန်ဆန်၊ တခါ တခါ် ပိဿာလေးနဲ့ ဘေးပစ်သမား..

    (ထပ်ချိန်း)
    ခင်ဗျား မနှင်လည်း ကျွန်တော် ပြန်မှာပါ..။ တာရှည်တာမောကြီး မနေပါဘူး.။ ကျွန်တော် အိမ်ပြန်ရဦးမှာပါ..။ အားပါးတရ ပြန်မယ်။။

    ဟောင်သံတွေ အောင်မြင်တဲ့ အထိ ဟောင်မယ်...။ (မည်းမည်း မြင်ရာကို လိုက်ဟောင်နေတာ မဟုတ်ဘူး..ရန်သူ အတိအကျကို ဟောင်တာပါ)

    ချောင်ထဲမှာ ကျွန်တော်နဲ့ အတူတူ “ငါ” ပေါင်း များစွာ.....

    ရှေ့ဆက်ဖို့ တခုပဲ လိုမယ်....

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

You have 24 notifications about Eain and others