သူနဲ့ တွေ့တယ်။ ဒီတစ်ခါ တွေ့တာ အရင်တုန်းကလို တွေ့တာနဲ့ မတူတော့ဘူး။ ကျွန်တော်က သူ့ကိုတွေ့တာ မဟုတ်ဘူး။ ကျွန်တော်နဲ့ သူနဲ့ကို ဘေးတစ်နေရာရာက ပြန်တွေ့ရသလိုမျိုးပဲ။ အထူးသဖြင့် သူ့မျက်လုံးတွေနဲ့ ကျွန်တော့်ကိုယ်ကိုယ် ပြန်တွေ့ လိုက်ရသလိုမျိုးပဲ။ ကျွန်တော့်ကြောင့် ဖြစ်ခဲ့တဲ့ ရလဒ်တွေကို သူ့အနေနဲ့ ပြန်ခံစားနေရ မိသလိုမျိုးပဲ။ အဲဒီရလဒ်တွေကို အရင်တုန်းက ကျွန်တော် မတွေးခဲ့မိဘူး။ ကျွန်တော် မသိခဲ့တဲ့ ရလဒ်တချို့ ကျွန်တော့်ကြောင့် ရှိခဲ့တယ်ဆိုတာ ဒီနေ့မှ ကျွန်တော် သတိပြုမိတယ်။ တခါတခါ ကျွန်တော်တို့ မသိလိုက်ဘဲ မှားခဲ့မိတဲ့ အမှားတွေ အတော်များလိမ့်မယ် ထင်တယ်။ ဘယ်လောက်ထိ များတယ် ဆိုတာတော့ ကျွန်တော်မသိလိုက်လို့ အတိအကျ ပြန်မပြောနိုင်တော့ဘူး။
§ § § § § § §
ဆံပင်ရှည်ကို ညှပ်လိုက်ရင် ကျွန်တော်ကြားချင်တဲ့အဖြေကို ပေးမယ်လို့ သူက ပြောတယ်။ ကျွန်တော်က သူ့ကို ပြုံးပြီးကြည့်နေ လိုက်မိတယ်။ အိုကေ ညှပ်မယ်မညှပ်ဘူး ပြန်မပြောတော့ဘူး။ လာမယ့် တစ်ပတ်လောက်အတွင်း ဆိုင်ကို လာနိုင်မှာ မဟုတ်ဘူး။ ပြန်လာတဲ့နေ့ကျရင် ညှပ်ခဲ့လား မညှပ်ခဲ့ဘူးလားကြည့်ကြည့်ပေါ့လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ သူကလည်း ရှက်ပြုံးပြုံးပြီး ခေါင်းညိတ်ပြလိုက်တာ တွေ့ရတယ်။ နောက်နေ့ မနက်ကျတော့ ချမ်းမြေ့ရိပ်သာမှာ ကေသာ၊ လောမာ.. ရှုရင်း ကျွန်တော် ဆံချနေခဲ့ရတယ်။
မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်တော် ကိုးတန်းနှစ်။ ပိုပြီး မှတ်မှတ်ရရ ဖြစ်တာက ကျွန်တော် ကိုးတန်း ကျတဲ့နှစ်။ အောင်စာရင်းထွက်ရင် သိပ်အခြေအနေ မဟန်လောက်ဘူးဆိုတာ သိနေတော့ ကိုရင်ဝတ်က လူမထွက်ချင်ဘူး ဖြစ်နေတယ်။ ဘုန်းနဲ့ကံနဲ့ ကိုရင်ဖြစ်နေတော့လည်း မိဘတွေက သိပ်မဆူလောက်ဘူးလို့ တွက်မိတာကိုး။ ပြီးတော့ နှစ်တိုင်းဝတ်နေကျ ကိုရင်က၀ိဓဇဆိုတာလည်း ချမ်းမြေ့ရိပ်သာမှာ နှယ်နှယ်ရရမှ မဟုတ်တာ။ ဗုဒ္ဓဘာသာစာမေးပွဲက အဲဒီအချိန်တုန်းက ဒဿမအဆင့်ထိပဲ အမြင့်ဆုံးရှိတာ၊ ဒဿမအဆင့်ထိ အောင်ပြီးလို့ အဆင့်အသစ်တွေ ထပ်တိုးပေးတာကို စောင့်နေရတဲ့ ကိုရင်။ သည်လို အကြောင်းတွေက ရှိနေတော့ အရှုံးကို ကိုရင်ဝတ်နဲ့ရင်ဆိုင်ရတာ ဟန်မပျက်လောက်ဘူး။ အဆူခံလွတ်ရုံတင်မက လိုအပ်ရင် ဒကာဒကာမကြီးတွေကိုတောင် ပူဆွေးခြင်း မဖြစ်မိကြဖို့ ကိုယ်က တရားပြန်ပြနိုင်တယ်လို့ တွက်မိတော့ နှစ်ဆန်းတစ်ရက်နေ့မှာလည်း အိမ်ကို နားပူနားဆာ ဖုန်းမဆက်မိဘူး။ နှစ်ဆန်းသုံးရက်နေ့လောက်ကျတော့ ဒကာကြီးရောက်လာတယ်။ မျက်နှာသိပ်မကောင်းဘူး။ ကိုရင်စာမေးပွဲ ကျတယ်လို့ ပြောတယ်။ ကိုရင်ကလည်း တည်ငြိမ်တဲ့မျက်နှာတော်နဲ့ ဟုတ်လားဒကာကြီးလို့ ပြန်ပြောလိုက်တယ်။ ကိုးတန်းဒုတိယနှစ်ကို ကျွန်တော် ပြန်မတက်မိဘူး။ အိမ်မှာ ကွန်ပြူတာစာစီစာရိုက် လုပ်ရင်း၊ အပြင်စာအုပ်တွေ ဖတ်ရင်းနဲ့ပဲ အချိန်ကုန်သွားတယ်။ လာမယ့်နှစ်ကျရင် ကိုးတန်းအပြင်ဖြေမယ် ရည်ရွယ်ချက်နဲ့ပဲ။ အဲဒီနှစ်မှာပဲ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် စထိုင် တတ်လာတယ်။ သူက ကျွန်တော်တို့ သွားထိုင်နေကျ လက်ဖက်ရည်ဆိုင်က ကောင်မလေးပဲ။
တကယ်တော့ လက်ဖက်ရည်ဆိုင် စထိုင်တတ်တာ ပေါက်စရဲ့ ဦးဆောင်လမ်းပြမှုကြောင့်ပဲ။ ဒီကောင်က ဗိုလ်မှူးမြေး။ ခပ်ငယ်ငယ် ကျွန်တော်တို့ စက်ဘီးတောင် မတွန်းတတ်သေးတဲ့ အချိန်ကတည်းက ဒီကောင်က ဘီအမ်အိတ်က်စ် လေးတစ်စီးနဲ့ ရွာရိုးကိုးပေါက် လျှောက်သွားနေတဲ့ကောင်။ ကျွန်တော်နဲ့ စသိတဲ့အချိန်ကတည်းက ကွမ်းစားတတ်နေပြီ။ အဲဒီအချိန်က ငါးတန်း၊ ခြောက်တန်းလောက်ပဲ ရှိဦးမယ်။ ကိုးတန်းနှစ်မှာ လန်ဒန်ကို ခပ်တည်တည်ဖွာ တတ်နေပြီ။ အဘိုးကောင်းမှုကြောင့် ဒီကောင်က ငယ်ငယ်ထဲက လူကြီးတစ်ယောက်လို ပိုက်ဆံ သုံးနိုင်တယ်။ အပေါင်းအသင်းလေးနဲ့ ပျက်စီးတော့ ပိုပွဲစည်တယ်ပဲ ဆိုရမယ်။ ပေါက်စရယ်၊ အောင်သူရယ်၊ ကျွန်တော်ရယ် သူငယ်ချင်းသုံးယောက် ညနေတိုင်း လက်ဖက်ရည်ဆိုင် ပုံမှန်သွားထိုင်ဖြစ်ကြတယ်။ သူ့အဖေအမေတွေ မထိုင်တဲ့အချိန်မှာ သူက ကောင်တာမှာ တစ်ခါတလေ ထိုင်ထိုင်နေတတ်တယ်။
ကျွန်တော်တို့တောင် ကိုးတန်းဆိုတော့ သူက အဲဒီအချိန်တုန်းက ရှိလှမှ ခုနစ်တန်း ရှစ်တန်းလောက်ပဲ နေမယ်။ တကယ့် ကလေးလေးပဲ ရှိသေးတယ်။ ပိန်ပိန်လေး။ အဲဒီဆိုင်မှာ ပုံမှန်ထိုင်ဖြစ်တာ ကြာတော့ ကျွန်တော်တို့နဲ့ ရင်းနှီးလာတယ်။ သူ့အဖေအမေကလည်း သဘောကောင်းတယ်။ သူ့အစ်ကိုတွေကလည်း ဆိုင်နဲ့ အပြည့်ပဲ။ သူတို့က အဲဒီအချိန်တုန်းက ကျွန်တော့်အမြင်မှာ တကယ့် လူကြီးတွေ ဖြစ်နေပါပြီ။ ရင်းရင်းနှီးနှီး စကားပြောဖြစ်ကြတာကလွဲလို့ သူငယ်ချင်းပေါင်း ပေါင်းရမယ့် ရွယ်တူချင်းတော့မဟုတ်ဘူး။ သူနဲ့ကတော့ ဆိုင်မှာ စကားမပြောဖူးဘူး။ သူ့မိသားစုရှေ့မှာ သူ့ကိုပြောရမယ့် စကားလည်း ကျွန်တော် စဉ်းစားလို့မရဘူး။ ဒါပေမဲ့ ကျွန်တော့် မျက်စိရှေ့တင်ပဲ သူက ပိုပိုလှလာတယ်လို့ ခံစားမိတယ်။ သူငယ်ချင်းသုံးယောက် လက်ဖက်ရည်ဆိုင်ထဲဝင်သွားရင် ဘယ်သူရှေ့က၀င်ဝင် ကောင်တာဘက် မျက်နှာမူထားတဲ့ ခုံလေးက ကျွန်တော့် အတွက်ပဲ။
ဒီလိုနဲ့ အကြည့်ချင်း မကြာခဏ ပိုဆုံမိလာတာနဲ့ အပြုံးချင်းဖလှယ်မိကြတဲ့ အချိန်ချည်းပဲ အတော်လေး ကြာခဲ့တယ်။ ပထမဆုံးခြေလှမ်းဟာ အရေးကြီးမှန်း အဲဒီအချိန်တည်းက ကျွန်တော် သတိပြုမိခဲ့တယ်။ မကြည့်ချင်းမဆုံ ဆုံအောင်လုပ်ပြီး အောင်မြင်တဲ့ အပြုံးတစ်ခု သူ့ဆီပို့လွှတ်နိုင်အောင် လနဲ့ချီ အချိန်ယူခဲ့ရတယ်။ မရဲတရဲ အပြုံးလေးတွေကနေ တဖြည်းဖြည်း လှိုက်လှိုက်လှဲလှဲ အပြုံးတွေ ဖြစ်လာတယ်။ အပြုံးတစ်ခုက စလိုက်တာ နောက်ပိုင်းမှာ တစ်နေ့ကို ဘယ်နှစ်ကြိမ်မှန်း မသိတော့လောက်အောင် ပြုံးနေရတော့တယ်။ မျက်နှာချင်းဆိုင်ထိုင်ပြီး သူတို့ကိုမကြည့်ဘဲ အနောက်ကို ကျော်ကျော်ပြုံးပြနေလို့ ဟိုနှစ်ကောင် ဆဲတာ ခံရတဲ့ အကြိမ်တွေလည်း စိပ်လာတယ်။ အဲဒီ သူခိုးပြုံးတွေကို သူ့အစ်ကိုတွေ၊ မိဘတွေရဲ့ မျက်လုံးပေါင်းများစွာက ရှောင်ကွင်းပြီး လှစ်ခနဲ၊ ဖျတ်ခနဲ ပို့လွှတ်ရတာလည်း စွန့်စားရတဲ့ အလုပ်တစ်ခုပဲ။ အတော်လည်းရင်ခုန်ရတယ်၊ ပျော်စရာလည်းကောင်းတယ်။ ဒီလောက် မျက်လုံးများစွာကို လွတ်အောင်ရှောင်ပြီး ပြုံးပြနိုင်တယ် ဆိုတာ၊ ဟိုနှစ်ကောင်ရှေ့မှာ ဂုဏ်ယူစရာလည်းကောင်းတယ်၊ ယောက်ျားလေး တစ်ယောက်အနေနဲ့ ရဲရင့်ရာလည်းကျတယ်လို့ အဲဒီအချိန်တုန်းက ထင်ခဲ့မိတာပဲ။ စားသုံးသူသာ အမြဲတမ်းအမှန်ဆိုတဲ့ ဥပဒေသကို အဲဒီအချိန်တုန်းက သတိမပြုမိခဲ့သေးဘူး။
အဲဒီလိုနဲ့ လပေါင်းအတော်ကြာတဲ့အထိ သူနဲ့ ကျွန်တော် စကားမပြောဖူးသေးဘူး။ ဒါပေမဲ့ အချင်းချင်းတော့ အတော်ရင်းနှီးနေပြီလို့ ခံစားရတယ်။ အဲဒီနေ့က သူက သူတို့ဆိုင်ဘေးနားက မလွယ်ပေါက်မှာ စာအုပ်လေး တစ်ကိုင်ကိုင်လုပ်နေတယ်။ စာအုပ်သွားအပ်မလို့ကို မသွားသေးဘဲ ဘေးနားကဆိုင်နဲ့ စကားပြောသလိုလို ဘာလိုလိုလုပ်နေတယ်။ ကျွန်တော်ကတော့ မြင်နေရတယ်။ အရင်တုန်းက သူ စာအုပ်သွားငှားတာ ကျွန်တော် မတွေ့ဖူးဘူး။ အခွင့်အရေးကို အပြည့်အ၀ အသုံးချရလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရတယ်။ ဟိုနှစ်ကောင်ကိုလည်း တိတ်တိတ်ကြိတ် ပြောပြရတယ်။ သူငယ်ချင်းကောင်း ပီသစွာပဲ မင်းအစွမ်းကိုကြည့်မယ်ဆိုတဲ့ မြှောက်ထိုးပင့်ကော်စကား ပြိုင်တူထွက်လာတယ်။ သူ့အမေကြီးကတော့ ကောင်တာမှာ မိန့်မိန့်ကြီးထိုင်နေတယ်။ သူ့အစ်ကိုတွေကိုတော့ မတွေ့ရဘူး။
စုံထောက်ဝတ္ထုတွေ တော်တော်များများ ဖတ်ထားတဲ့လူဆိုတော့ အဲဒီအချိန်တုန်းက ကိုယ့်ကိုယ်ကိုယ် ဦးစံရှားနီးပါးလောက် အထင်ရောက်နေမိတယ်။ သူထွက်သွားပြီး ငါးမိနစ်လောက် ကြာတဲ့အထိ ကျွန်တော် မထသေးဘူး။ ဘာတွေပြောရမလဲ အကြိတ်အနယ် စဉ်းစားရင်း ရေနွေးချည်းပဲ ထိုင်သောက်နေမိတယ်။ ဟိုကောင်တွေရဲ့ မျက်နှာမှာ လှောင်ပြုံးလေးတွေ မြင်နေရတယ်။ မင်းမသွားရဲဘူး မဟုတ်လားလို့ ပါးစပ်က ဖွင့်ပြောစရာကို မလိုဘူး။ ဒီမျက်နှာတွေရဲ့ အဓိပ္ပာယ်ကို ကျွန်တော်သဘောပေါက်တယ်။ သူထွက်ထွက်သွားချင်း ငါက နောက်ကလိုက်သွားလို့ ကောင်တာမှာထိုင်နေတဲ့ သူ့အမေကြီးက သိသွားမှာပေါ့လို့ ခပ်တည်တည်နဲ့ ပြောလိုက်တယ်။ ဟိုနှစ်ကောင်က လေးစားတဲ့အကြည့်နဲ့ ပြန်ကြည့်တယ်လို့ ထင်လိုက်မိတယ်။ ငါတို့စိတ်ထဲမှာ တွေးနေတာ မင်းဘယ်လိုလုပ်သိလဲ လို့တော့ ၀တ္ထုထဲကလို အံ့သြတဲ့မျက်နှာထားနဲ့ ပြန်မမေးကြဘူး။ အလောတကြီးပုံစံ မပေါက်အောင် သတိထားပြီး မတ်တပ်ထရပ်လိုက်တယ်။ စက်ဘီးကိုယူပြီး သူထွက်သွားတဲ့ဘက်နဲ့ ဆန့်ကျင်ဘက်အရပ်ကို ဦးတည်လိုက်တယ်။ သူ့အမေကြီး မြင်ကွင်းက လွတ်တာနဲ့တစ်ပြိုင်တည်း စက်ဘီးကို မြန်နိုင်သမျှ အမြန်ဆုံးဖြစ်အောင် နင်းပြီး၊ လမ်းကို တစ်ပတ်ပတ်ရတယ်။ သူသွားငှားတဲ့ စာအုပ်ဆိုင်ကို ကျွန်တော် ခန့်မှန်းမိတယ်။
စာအုပ်ဆိုင်ထဲ ကျွန်တော်ရောက်သွားတော့ သူက ရွေးနေတုန်းပဲ ရှိသေးတယ်။ ဒီလို အချိန်အတော်ကြာအောင် ရွေးနေလိမ့်မယ်လို့ ကျွန်တော်က ကြိုတင်တွေးထားတယ်။ အဲဒီအချိန်ထဲက ကျွန်တော့်မှာ ဘ၀င်မြင့်ပြီး ကိုယ့်ဘက်ဆွဲ တွေးတတ်တဲ့အကျင့်ရှိခဲ့တယ်လို့ ယူဆချင်လည်း ရပါတယ်။ ရလဒ်တွေ မှန်နေသရွေ့ တွေးပုံတွေးနည်းကို အပြစ်ရှာစရာ မလိုဘူးလို့ ထင်တယ်။ ဘာစာအုပ်တွေ ရှာနေတာလဲလို့ ကျွန်တော်က တည်ငြိမ်တဲ့အသံဖြစ်အောင် လုပ်ပြီး မေးလိုက်တယ်။ ဒါပေမဲ့ ပါးစပ်ကတော့ အထစ်ထစ်အငေါ့ငေါ့ပဲ ထွက်သွားတယ်။ သူကတော့ မျက်နှာမှာ ရုတ်တရက် အံ့သြသွားပုံပေါ်အောင် သရုပ်ဆောင်လိုက်တယ်။ ဒါပေမဲ့ သူလည်း မပီပြင်ဘူး။ သူအံ့သြတဲ့ပုံစံက ပြုံးစိစိဖြစ်နေတယ်။ ကာတွန်းဝိဇ္ဇာရဲ့ တောင်တန်းနှင့်တူသောယောက်ျားများ စာအုပ်ကို သူ့လက်ထဲမှာ ကိုင်ထားတယ်။
အပြန်ကျတော့ ကျွန်တော် လာခဲ့တဲ့လမ်းအတိုင်း ပတ်ပြန်ဖို့ သူ့ကို ပြောတယ်။ သူက သဘောတူတယ်။ ကျွန်တော်သူ့ကို ချစ်နေတာ ကြာပြီလို့ ကျွန်တော်က လေးနက်တဲ့ပုံစံဖြစ်အောင် ကြိုးစားပြီး ပြောလိုက်တယ်။ ဒါလည်း ထုံးစံအတိုင်း မပီပြင်ပါဘူး။ ဒါပေမဲ့ သူကလည်း သူ့ရှက်တဲ့အလုပ်နဲ့သူ ရှုပ်နေလို့ ကျွန်တော့်မျက်နှာက အလေးအနက်လား၊ ပေါ့ပေါ့ပျက်ပျက်လား သတိထားမိပုံ မပေါ်ပါဘူး။ ဆံပင်အရှည်ကို သပ်သပ်ရပ်ရပ် ညှပ်လိုက်ရင် လိုချင်တဲ့အဖြေကို ပြောပြမယ်လို့ သူက ကတိပေးတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က ဆေးလိပ်တွေ ကွမ်းတွေ မသောက်မစားတတ်သေးဘူး။ ဟိုနှစ်ကောင်ကြားမှာ လူလိမ္မာလိုလို ဖြစ်နေတယ်။ ဆေးလိပ်တစ်လိပ်သောက်ရင် ခုနစ်မိနစ်အသက်တိုတဲ့အကြောင်း ဟိုနှစ်ကောင် အမြင်ကပ်အောင်လည်း ပြောတတ်တယ်။ ဆံပင်လေးညှပ်လိုက်ရင် အားလုံးကောင်းသွားမယ်လို့ သူကပြောတယ်။ ပြောချင်တာ ပြောပြီးကြတော့ သူ့ကိုလည်း သူလာတဲ့လမ်းကပဲ ပြန်တော့ဖို့ ထပ်ပြောလိုက်ရတယ်။ နင့်အမေ ကောင်တာမှာ ထိုင်နေတယ်လို့ သူ့ကို ပြောလိုက်တယ်။ သူကလည်း အလွယ်တကူ ခေါင်းညိတ်တယ်။ ကျွန်တော့်အတွက်က အဲဒီအချိန်တုန်းက သူ့အမေကြီးထက် သူ့အစ်ကိုတွေကို ပိုကြောက်မိတယ်။ ဆိုင်ကို ကျွန်တော်က သူ့ထက်အရင် ပြန်ရောက်တယ်။ အမှုတစ်ခု နေရာကျခဲ့တဲ့ ဦးစံရှားလို ဟိုနှစ်ကောင်ကို အောင်မြင်တဲ့အပြုံးနဲ့ ပြုံးပြလိုက်တယ်။
§ § § § § § §
ကိုရင်ဝတ်က ထွက်ပြီးချင်း တစ်ခေါက်တော့ ကျွန်တော် သူတို့ဆိုင်ကို ရောက်သေးတာ မှတ်မိနေတယ်။ သူကလည်း စာအုပ်ထွက်ငှားတယ်။ လမ်းမှာ သူက ဘယ်လိုလဲဆိုတဲ့အကြည့်နဲ့ ပြုံးပြီးကြည့်တယ်။ ကျွန်တော်က ဦးထုပ် ချွတ်ပြလိုက်တယ်။ ကတုံးဖြစ်နေပြီ။ သူ အဲဒီနေ့က ကျွန်တော့်ကို ခေါင်းညိတ်ပြတာ ကျွန်တော် မှတ်မိနေတယ်။ ကိုရင်လူထွက်ပြီး ကျောင်းလည်းပြန်မတက်ဖြစ်တော့ ကျွန်တော် အပြင်စာတွေပဲ ပိုဖတ်ဖြစ်လာတယ်။ စာနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်း ဟိုနှစ်ကောင်နဲ့ ကျွန်တော် သိပ်မတွဲဖြစ်တော့ဘူး။ နောက်ပိုင်း သူတို့ဆိုင်ကို အတော်လေး အရောက်အပေါက် ကျဲသွားခဲ့တယ်။ အဲဒီအချိန်တုန်းက စစ်နဲ့ငြိမ်းချမ်းရေးထဲက ခပ်ဆိုးဆိုးကောင်မလေး နာတာရှာကို ကျွန်တော် စွဲလမ်းမိနေတာလည်း ပါချင်ပါမယ်။ ကိုရင်ဝတ်လို့ ကတုံးဖြစ်ခဲ့ရသလို ဆံပင်မညှပ်တဲ့ လူတစ်ယောက်ဘ၀နဲ့ ကျွန်တော် နှစ်နဲ့ချီကြာခဲ့ ပြန်တယ်။ ဆံပင်တွေ တဖြည်းဖြည်းပြန်ရှည်နေတဲ့ နေ့ရက်တွေတစ်လျှောက်လုံး ကျွန်တော် လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်ခဲ့တော့ဘူး။
အဲဒီနေ့က ကျောင်းထဲက ကန်တင်းမှာ သူ့ကို တွေ့ရတယ်။ သူလည်း သူ့သူငယ်ချင်းတွေနဲ့ ကျွန်တော်လည်း သူငယ်ချင်းတွေနဲ့ပဲ။ တကယ်တော့ ကျွန်တော်က ကျောင်းပြီးနေပြီ။ သူငယ်ချင်းတွေဆီ လာတွေ့ရုံ သက်သက်ပဲ။ သူက တက္ကသိုလ်ကျောင်းသူတောင် ဖြစ်နေပြီ။ ကျွန်တော် အံ့သြသွားမိတယ်။ ကျွန်တော် သူ့ကို မေ့နေတာမဟုတ်ဘူး။ သတိရဖို့ကို သတိမရတာပဲ။ သူက အရင်ကလို ခပ်ပိန်ပိန်ကောင်မလေး တစ်ယောက် မဟုတ်တော့ဘူး။ လှပပြည့်ဖြိုးတဲ့ ကျောင်းသူတစ်ယောက်ဖြစ်နေပြီ။ မျက်နှာပေါ်မှာ ဓာတုဗေဒ အစွန်းအထင်းလေးတွေ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် သူက အရင်ကထက်ပိုလှလာတာ အမှန်ပဲ။ သူက ကျွန်တော့်ကို ခပ်စိမ်းစိမ်းကြည့်နေတာကို ကျွန်တော်ကြည့်နေမိတယ်။ အရင်က ကျွန်တော့်ကို ပြုံးပြတယ်လို့ ထင်ခဲ့ရတဲ့ သူ့နှုတ်ခမ်းတွေက အခု ကျွန်တော့်ကို မဲ့ပြနေတယ်လို့ ကျွန်တော် ထင်နေရတယ်။ ဟုတ်တယ်။ ထင်နေရတာပဲ ရှိတယ်။ အဲဒီအချိန်မှာ လောကကြီးတစ်ခုလုံးကို အလစ်အလပ်မရှိအောင် အထင်နဲ့ တည်ဆောက်ဖို့ ကျွန်တော် စတင်ကြိုးစားနေမိခဲ့ပြီကိုး။
သူတို့ဆိုင်မှာ ဖုန်းမရှိဘူး။ ဒါပေမဲ့ ကျွန်တော်လုပ်နေကျ အောက်လမ်းနည်း တွေရှိတယ်။ Informal တွေဟာ ကျွန်တော့်ရဲ့ Formal တွေ ဖြစ်နေပြီ။ သူတို့ဆိုင်ရဲ့ မျက်နှာချင်းဆိုင်က ဖုန်းကို ကျွန်တော် ဆက်လိုက်ပြီး သဲသဲကိုခေါ်ပေးပါလို့ ပြောလိုက်တယ်။ သူလာ ကိုင်တယ်။ ကိုရင်မ၀တ်ဘဲ ကတုံးတုံးချင်တယ်လို့ ကျွန်တော် အဆိုပြုလိုက်မိတယ်။ ဘာတွေလာပြောနေတာလဲလို့ သူ့ဆီက ပြန်ပြောလိုက်သံ ကျွန်တော် ကြားလိုက်ရတယ်။ ဟုတ်တယ်။ ကျွန်တော် ဘာတွေ သွားပြောနေမိတာလဲ။ ဟိုးအရင်တုန်းက ကောင်မလေးတစ်ယောက်ကို ပြောခဲ့တဲ့စကားတွေကို အခု ကျွန်တော် သူ့ကိုသွားပြောနေမိတာပဲ။ အရင်တုန်းက သူခေါင်းညိတ်ဖို့အတွက် စကားတစ်ခွန်း ကျွန်တော်က ပြောပေးရတာဆိုရင် အခု သူခေါင်းခါဖို့ စကားတစ်ခွန်းကို ကျွန်တော်က ပြောနေရတာပဲ။ ဘာပဲဖြစ်ဖြစ် ရလဒ်တွေက မှန်နေတုန်းပဲ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရလဒ်တွေချည်းပဲ။ ဒါပေမဲ့ ဒီတစ်ခါ မှန်နေတဲ့ အမှန်တရားကို ကျွန်တော် မကြိုက်တော့ဘူး။ အမှန်တရားကတော့ ကျွန်တော့်ရဲ့ ကြိုက်ခြင်းမကြိုက်ခြင်းကို ဘယ်တုန်းကမှ ဂရုစိုက်ခဲ့ဟန် မတူဘူး။ သူ အရသာရှိရှိ ငြင်းပယ်ကလဲ့စားချေနိုင်အောင် ကျွန်တော်က ပြောမိနေသလိုမျိုးပဲ။ ရလဒ်တွေမှန်အောင် တွေးနိုင်ဖို့က လွယ်ပေမဲ့ ရလဒ်တွေကို ပြောင်းလဲသွားအောင်လုပ်ဖို့က ခက်တယ်ဆိုတာ ကျွန်တော် အခုအချိန်မှာ ခပ်ရေးရေး နားလည်နေခဲ့ပြီ။
နှစ်ပေါင်းများစွာအတွင်း ကျွန်တော် သူ့ကို သတိရဖို့ သတိမရခဲ့ပြန်ဘူး။ အခု ကျွန်တော် တစ်ခုခုကို ဖျတ်ခနဲ သတိရလိုက်မိတယ်။ သူ့ကို မဟုတ်ဘူး။ သူ့တစ်ယောက်တည်းကို သတိရတာမျိုးမဟုတ်ဘူး။ သူနဲ့ ပတ်သက်တဲ့ တစ်စုံတစ်ရာကို ကျွန်တော် သတိရမိလိုက်တာ မျိုးပဲ။ အဲဒီတစ်စုံတစ်ရာဟာ သူနဲ့ကျွန်တော် နှစ်ယောက်ပေါင်းထားတဲ့ အရာပဲ။ သူချည်းသက်သက်၊ ကျွန်တော်ချည်းသက်သက် မဟုတ်ဘူး။ သူ့အတွက်သက်သက် ကျွန်တော့်အတွက်သက်သက် မဟုတ်ဘူး။ သူနဲ့ ကျွန်တော်ကို ဘေးနားက လူတစ်ယောက်က ကြည့်နေတဲ့ အမြင်မျိုးပဲ ဖြစ်လိမ့်မယ်။ တခါတခါ ကျွန်တော်တို့ မသိလိုက်မိဘဲ မှားခဲ့တဲ့အမှားတွေ တော်တော်များလိမ့်မယ် ထင်တယ်။ ဘယ်လောက်ထိ များတယ်ဆိုတာတော့ ကျွန်တော်မသိလိုက်လို့ အတိအကျ ပြန်မပြောနိုင်တော့ဘူး။ တကယ်တော့ ရလဒ်တွေက အမြဲမှန်တယ်။ အမှန်တွေဟာ ကျွန်တော်တို့ကို ဂရုမစိုက်ဘူး။ ကိုယ့်ကြောင့်ဖြစ်ခဲ့ရတဲ့ ကိုယ့်မျက်ကွယ်ရာက ရလဒ်တွေကို အချိန်နှောင်းမှသာ ပြန်လည်သတိပြုမိတတ်ကြတယ်လို့ ကျွန်တော် ဒီနေ့မှ တွေးမိတော့တယ်။
◄ တေဇာ ► ဇန်န၀ါရီ (၃၁)
ကြိုက်ပါတယ်...။ ညားကြစေသတည်း မလုပ်ဘဲနဲ့ ကိုယ်ယုံကြည်ရာ လျှောက်လှမ်းခဲ့ကြတဲ့ ဘဝတကွေ့မှာ အားလုံးဟာ နေသားတကျ ရှိခဲ့တယ်လို့ပဲ လက်ခံလိုက်ပါတော့မယ်....။
ReplyDeleteဒီဝတ္ထု ထဲက “ကျွန်တော်” ဆိုတဲ့ ကောင်လေး ဝမ်းနည်း နေခဲ့သလား.....။
မြင့်သန်း အရေးအသား ဟန်တော့ တော်တော့်ကို လွှမ်းမိုးနေတယ်....ဗျ..။ဖတ်ခါစက မြင့်သန်းများလားတောင် ထင်မိတယ်...။း)
ကောင်းလှချည်လားကိုတေဇာ... ရေးတတ်ရန်ကော..။ :)
ReplyDelete