Skip to main content

ဘ၀အား ဘွာတေးခေါ်ခြင်း

ထင်ရှားကျော်ကြား ပုဂ္ဂိုလ်အချို့၏ အထုပ္ပတ္တိများကို ဖတ်ရာတွင် စိတ်ဝင်စားစရာ အချက်တစ်ခုကို သတိပြုမိသည်။ ဘ၀၏ အနိမ့်အမြင့် အတက်အကျများ စာရင်းကို အကျဉ်းချုပ် ဖော်ပြထားသည့် “သက္ကရာဇ်စဉ် အထုပ္ပတ္တိ” (Chronology) ဖြစ်ပါသည်။ ဤတွင် “အနိမ့်အမြင့် အတက်အကျ” ဟူသည့် သဘောထားသည် မွေးဖွားသည်မှ သေဆုံးသည်အထိ လူတစ်ယောက်၏ ဘ၀တစ်ခုလုံးအား ခြုံငုံကြည့်သည့် အခါတွင် သိပ်အရေးမပါတော့ကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် အထုပ္ပတ္တိ လေ့လာနေသူ စာဖတ်သူတစ်ဦးအဖို့ “ဂယ်လီလီယို” တရားရင်ဆိုင်နေခဲ့ရသည့် အချိန်ကို သူ၏ အနိမ့်ပိုင်း ကာလများဟု ရှုမြင်မည်မဟုတ်။ စင်စစ် စာဖတ်သူတစ်ဦး၏ အမြင်တွင် ပိုမိုအရေးပါသည့် စိတ်ဝင်စားဖွယ် ဖြစ်ရပ်တစ်ခုပင် ဖြစ်နေနိုင်ပါသည်။ ဂယ်လီလီယို ကိုယ်တိုင်အတွက်မူ ထိုကာလများကို သူ၏ ကံဆိုးမိုးမှောင်ကာလများဟု ယူဆကောင်း ယူဆမိပေမည်။

╨ ╨ ╨ ╨ ╨ ╨ ╨ 

တစ်ဖန် “ဒါဝင်” တစ်ယောက် စာသင်ခန်းထဲတွင် ရှိမနေဘဲ ကမ္ဘာပတ် ခရီးထွက်ပြီး ဇီဝဗေဒဆိုင်ရာ လေ့လာမှုများ ပြုလုပ်စုဆောင်းနေသည့် ကာလများမှာ ကမ္ဘာကို လှုတ်ခတ်စေခဲ့သည့် “မျိုးစိတ်တို့၏ မူလဇစ်မြစ်” (Origin of the Species) စာအုပ် ထွက်ပေါ်လာစေခြင်း၏ အဓိက ကျောထောက်နောက်ခံ များပင် ဖြစ်ပါသည်။ ထိုအချိန်ကမူ ဒါဝင်၏ ဖခင်က သူ့ကို ကျောင်းမတက်ဘဲ အလေလိုက်နေသည်ဟုသာ ယူဆခဲ့ဟန် တူသည်။ သို့ရာတွင် ပုံစံကျ စာသင်ကျောင်းတက်အလုပ်များသာ “ဒါဝင်” လုပ်နေခဲ့ပါလျှင် အဆိုပါ စာအုပ် ထွက်ကောင်းမှ ထွက်လာနိုင်ပါလိမ့်မည်။ (မထွက်လာဖို့ များပါသည်) ဘေးမှ ထိုင်ကြည့်နေသူ တစ်ယောက်၏ မြင်ကွင်းတွင် လူတစ်ယောက် ဘ၀၏ အနိမ့်အမြင့် အတက်အကျများသည် သာမန်အားဖြင့် မည်သို့မျှ ထူးခြားဆန်းကြယ်မှု မရှိခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ ကာလအပိုင်းအခြားတစ်ခုသည် “ရွှေထီးဆောင်း” နေသည်၊ သို့မဟုတ် “မြေကြီးညောင်း” နေသည်ဟု သတ်မှတ်ခြင်း ကိစ္စသည် ကြည့်မြင်သူ၏ ရှုထောင့်နှင့်သာ ဆိုင်ပါလိမ့်မည်။

နောက်တစ်ချက်မှာ လူပုဂ္ဂိုလ် တစ်ဦး၏ သက္ကရာဇ်စဉ်အထုပ္ပတ္တိ (Chronology) တစ်ခုကို ဖတ်ရှုကြည့်လျှင် ခုနှစ်သက္ကရာဇ် အချက်အလက် များကိုသာ အတိအကျ ဖော်ပြထားပြီး စိတ်ခံစားချက်ဆိုင်ရာ (Emotional) အသုံးအနှုန်းများ မပါဝင်ခြင်း ဖြစ်ပါသည်။ အဆိုပါ အချက်အလက်များသည် တိကျမှုသာ လိုရင်းဖြစ်ပြီး အပျင်းပြေဖွယ်၊ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရည်ရွယ်ရင်း မရှိပါ။ ဥပမာ “ဗိုလ်ချုပ်အောင်ဆန်း” ၏ သက္ကရာဇ်စဉ်တွင် “၁၉၄၇ ခုနှစ်တွင် သေဆုံးသည်” ဟုသာ ဖော်ပြလိမ့်မည် ဖြစ်သည်။ “ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ်တွင် မြန်မာပြည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ရရှာသည်” ဟူသော ဂရုဏာသံမျိုး ပါလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် သက္ကရာဇ်စဉ် အထုပ္ပတ္တိသည် “အေးစက်တိကျ” နေသည့် တုံးတိတိ အချက်အလက်များသာ ဖြစ်ပါသည်။ ရေပြင်ညီသဏ္ဍာန်ဖြင့် ဖော်ပြသည့် ဇယားတစ်ခုသာ ဖြစ်ပါသည်။

ထို့နောက်တွင် အားကစားဂျာနယ်များတွင် ဖတ်ရဖူးသည့် “ဒေးဗစ်ဘက်ခမ်း” ၏ သက္ကရာဇ်စဉ် အနိမ့်အမြင့် အတက်အကျ ဖော်ပြချက် အချို့ကို သတိရမိသည်။ ဘောလုံးသမားတစ်ယောက်အတွက်မူ သူ့ဘ၀၏ အနိမ့်အမြင့်အတက်အကျများမှာ ခုနှစ်အလိုက် သွင်းနိုင်သည့် ဂိုးအရေအတွက်၊ ၀င်ငွေ စသည်တို့ဖြင့် အချိုးချထားခြင်း ဖြစ်သည်။ ဖတ်ကောင်းအောင်ရေးထားသည့်၊ တစ်နည်း စာဖတ်သူကို ဆွဲဆောင်ချော့မြူသည့် ဤအရေးအသားတို့တွင်သော် အဖွဲ့အနွဲ့ ပါ၏။ ဇယားဖြင့်ပြမည်ဆိုလျှင် အချွန်အတက်တွေ ထွက်နေသည့် ဇယားပုံစံဖြင့် မြင်ရမည်ဖြစ်သည်။ ကိုးကားနိုင်ဖို့ ရည်ရွယ်ရင်းမရှိသော အပျင်းပြေဖတ်စရာ အရေးအသားများ ဖြစ်ပါသည်။ သက္ကရာဇ်စဉ် အထုပ္ပတ္တိ အစစ်အမှန်ဟု ယူဆနိုင်လိမ့်မည် မဟုတ်ပါ ။ ဤသို့အရေးအသားမျိုး တွင်သော် ဘ၀၏ ထူးမခြားနား၊ ရွက်ကြမ်းရေကြိုနိုင်မှု သဘောကို မြင်ရလိမ့်မည်ဟု မမျှော်လင့်သင့်ပါ။

မွေးဖွားချိန်နှင့် သေဆုံးချိန်ကို အဖွင့်အပိတ်ဖြင့် ဘောင်ခတ်လိုက်ပါလျှင် အဖြစ်အပျက် မှတ်တိုင်များမှာ ဘေးမှရှုမြင်သူတစ်ဦးအဖို့ ရေပြင်ညီသဘောသာ ဆန်ပါသည်။ အချွန်အတက်သဏ္ဍာန် မဆန်ပါ။ ကံကောင်းသည့် အချက်မှာ လူသားတစ်ဦးအဖို့ မိမိ၏ သက္ကရာဇ်စဉ် အပြည့်အစုံကို မည်သည့်အခါမျှ ကိုယ်တိုင် ဖတ်ရှုနိုင်မည် မဟုတ်ခြင်း ဖြစ်ပါသည်။ ရှေ့ဆက်ရန် အနာဂတ်တစ်ခုသည် အမြဲတစေ ကျန်ရှိနေသည်။ ဥပမာ - တေဇာ (၁၉၈၅-၂၀၁၀) ဟူသည့် သက္ကရာဇ်စဉ်သည် ပြီးပြည့်စုံမှု မရှိသေးခြင်း ဖြစ်ပါသည်။ အတိအကျ မသိနိုင်သော်လည်း ဆက်ရန် လက်ကျန်အနာဂတ် အနည်းဆုံးအားဖြင့် မိနစ်စက္ကန့် အနည်းငယ်မျှ ကျန်ရှိနေသေးသည်။ မိမိကိုယ်ပိုင် သက္ကရာဇ်စဉ်ကို စာဖတ်သူတစ်ဦး၏ ရှုထောင့်ဖြင့် ခံစားချက်ကင်းမဲ့စွာ ထိုင်မဖတ်နိုင်ခြင်းကို ဆိုလိုပါသည်။ တကယ်တော့ ၎င်းအချက်သည် ကံကောင်းမှုတစ်ရပ်သာ ဖြစ်ပါသည်။ ဘ၀တစ်ခုအား ပုံစံခွက်အတွင်း ပိတ်လှောင်ပြီး တည်ငြိမ်နေသော ရေပြင်လို ဘေးနားမှ ထိုင်ကြည့်နေခွင့် မရခြင်းသည် တစ်နည်းတစ်ဖုံ ကျေးဇူးတင်စရာ ကောင်းသည်။ ဤသို့မဟုတ်ခဲ့လျှင် ဖက်တွယ်ထားစရာ ဘ၀တဏှာအား ဆုံးရှုံးရပေ လိမ့်မည်။ ထိုထက်ပို၍ ကံကောင်းသည်မှာ ထိုသို့သော အခြေအနေကို ကျွန်တော်တို့က စိတ်ကူးကြည့် နေနိုင်ခြင်း ဖြစ်ပါသည်။

 ရှေ့သို့ အရှိန်အဟုန်ဖြင့် လှိုင်းတံပိုးထ စီးဆင်းနေသည့် ဘ၀များသည် ပုံစံခွက်အတွင်းမှ ကန်ရေပြင်မဟုတ်ပါ။ အသက်ဝင်နေသည့် ဒရာမာ ဇာတ်ကားများသာ ဖြစ်ပါသည်။ သို့သော် မုန်တိုင်းအတွင်း မပျော်ပါးနိုင်သည့် အခါများတွင် ရံဖန်ရံခါ မိမိ၏ ဘ၀အား စိတ်ကူးဖြင့် ဘောင်ခတ်ပြီး ဘေးနားမှ ထိုင်ကြည့်နေခြင်း အလုပ်သည် စိတ်ဝင်စားဖွယ် ကောင်းလှ၏။ ကြမ်းတမ်းသည့် ရေစီးကြောင်းတွင် အလိုက်သင့် စီးမျောနိုင်ခြင်း မရှိတော့သည့် ခံစားချက်မျိုးသည် လူသားတိုင်း အနည်းနှင့်အများဆိုသလို ခံစားရတတ်ပါသည်။ ဘ၀အား ဘွာတေးခေါ်နိုင်ဖို့ အလေ့အကျင့် အနည်းငယ်မျှ ပြုလုပ်ဖို့ လိုအပ်မည်ဆိုလျှင်လည်း တန်သည်ဟု ထင်မိပါသည်။ ယခု ကျွန်တော်က ဘွာတေးခေါ်မည်ဆိုလျှင် “တေဇာ (၁၉၈၅-၂၀၁၀)” ဖြစ်ပါမည်။ မိမိနာမည်အား ဤသို့ ကိုယ်တိုင်ရေးထိုးပြီး ပြန်ဖတ်ကြည့်လျှင် အမျိုးအမည်ဖော်မရသည့် ခံစားချက် တစ်မျိုးကို ရရှိနိုင်လိမ့်မည် ထင်သည်။ စိမ်ပြေးတမ်းဆော့ရာတွင် မောပန်းနေသည့် ကလေးငယ်တစ်ဦးက ဘွာတေးခေါ် လိုက်ရသည့် အရသာနှင့် ခပ်ဆင်ဆင် တူပါလိမ့်မည်။

◄ တေဇာ ► ဇန်န၀ါရီ (၁၅) ၂၀၁၀

Comments

  1. ဘ၀ကို (ခဏတာ) ဘုတ်တေး (ဘွာတေး) လုပ်လိုက်ချင်ပြီ...
    ကံဆိုးမိုးမှောင်ကာလများ...
    ဘုရားသခင်မျက်နှာလွှဲသွားသောနေ့ရက်များ...
    ....
    ဘေးမှ ထိုင်ကြည့်နေသူတယောက်၏မြင်ကွင်းတွင် လူတစ်ယောက်၏ ဘ၀အနိမ့်၊အမြင့်၊အတတ်၊အကျများသည် သာမန်အားဖြင့် မည်သို့မျှ ထူးခြားဆန်းကြယ်မှုမရှိ ...
    လူတွေကပဲ ကိုယ့်ကိုဖတ်ပါစေ...

    UU@!

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

You have 24 notifications about Eain and others