အဘိုးကြီး အန်သိုနီမှာ “ရော့ခ်ဝေါလ်” ဆပ်ပြာ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဖြင့် ဒေါ်လာသန်းနှင့်ချီ ကြွယ်ဝချမ်းသာ လာခဲ့သူဖြစ်ပြီး သူ၏ ပဉ္စမရိပ်သာ နေအိမ်ကြီး၏ ပြတင်းတံခါးတွင် မတ်တပ်ရပ်နေသည်။ ယခု သူက အိမ်နီးချင်းဖြစ်သူ မစ္စတာဂျုံး၏ နေအိမ်ဘက်သို့ ငေးစိုက်ကြည့်နေခြင်း ဖြစ်လေသည်။ မစ္စတာဂျုံးစ်မှာ နယူးယောက်မြို့၏ အထက်တန်းလွှာ ဆွေကြီးမျိုးကြီး အသိုင်းအ၀ိုင်း၏ အနွယ်ဝင်တစ်ဦး ဖြစ်ပါသည်။ တံခါးဝမှ ထွက်ပေါ်လာပြီးနောက် ကားတစ်စီးအတွင်းသို့ မစ္စတာဂျုံးစ် ၀င်သွားသည်။ အန်သိုနီ၏ နေအိမ်သို့ သူက သာမန်ကာလျှံကာမျှ ဖျပ်ခနဲ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုအကြည့်တွင် မစ္စတာဂျုံးဆိုသူမှာ ဂုဏ်အဆင့်အတန်းမြင့်မားသည့် ဧရာမပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပြီး ဆပ်ပြာရောင်းပြီး ချမ်းသာလာသူ တစ်ဦးသည် မလောက်လေးမလောက်စားမျှသာ ဖြစ်သည်ဟူသော အဓိပ္ပာယ်များ အပြည့်အ၀ ပါဝင်နေ၏။
“ဒီအိမ်ကို လာမယ့်နွေကျရင် အဖြူ၊ အနီ၊ အပြာ ဆေးရောင်စုံသုတ်ပြီးသားဖြစ်အောင် လုပ်ရမယ်” ဟု ဆပ်ပြာသူဌေးကြီးက စိတ်ထဲမှ ရေရွတ်လိုက်သည်။ “ဒီတော့မှ ခင်ဗျား ပါးစပ်အဟောင်းသား ဖြစ်သွားစေရမယ်” ဟုလည်း စိတ်ထဲမှပင် ကြုံးဝါးလိုက်ရသည်။ ထို့နောက်တွင် အဘိုးကြီး အန်တိုနီ ရော့ခ်ဝေါလ်မှာ အနောက်သို့ လှည့်ကြည့်လိုက်ပြီး အသံကုန် အော်ဟစ်လိုက်လေသည်။
§ § § § § § §
“မိုက်ခ်”
အစေခံအားခေါ်ယူရာတွင် သူက မည်သည့်အခါမျှ အချက်ပေးဘဲလ်ကို သုံးလေ့မရှိ။
အစေခံတစ်ဦး ရောက်လာချိန်တွင် သူက ပြောလိုက်သည်။
“ငါ့သားကို ပြောလိုက်စမ်းပါဦး။ သူ အပြင်မထွက်ခင် ငါ့ဆီ လာပါဦးလို့... ”
သားဖြစ်သူ “ရော့ခ်ဝေါလ်” အခန်းတွင်းသို့ဝင်လာစဉ်တွင် အဘိုးကြီးမှာ ဖတ်လက်စ သတင်းစာကို ပစ်ချလိုက်သည်။
“ရစ်ချက်...” ဟု အဘိုးကြီးက အလေးအနက်လေသံဖြင့် အတည်ပေါက်စကားစသည်။
“မင်း သုံးတဲ့ ဆပ်ပြာအတွက် မင်း ဘာပေးရလဲ...”
ရစ်ချက်မှာ လွန်ခဲ့သည့်ခြောက်လခန့်ကမှ ကျောင်းပြီး၍ အိမ်သို့ ပြန်လည်ရောက်ရှိနေထိုင်ခဲ့ခြင်း ဖြစ်ပါသည်။ သူ့အဖေနှင့် နားလည်မှုတစ်စုံတစ်ရာရဖို့ သူ့အနေဖြင့် မလေ့လာရသေးဟု ဆိုနိုင်သည်။ သူ့အဖေသည် သူ့အတွက် အမြဲလိုလို အံ့အားသင့်စရာ ဖြစ်ဖြစ်နေ၏။
“တစ်ဒါဇင်ကို ခြောက်ဒေါ်လာပါ အဖေ” ဟု သူက ဖြေလိုက်သည်။
“နောက်တော့ မင်း အ၀တ်အစားတွေကရော...”
“များသောအားဖြင့်တော့ ဒေါ်လာ ၆၀ လောက်ပေါ့...”
“သားက လူကြီးလူကောင်း တစ်ယောက်ပဲ” ဟု အဘိုးကြီးက ဆိုသည်။
“ဆပ်ပြာတစ်ဒါဇင်အတွက် ၂၄ ဒေါ်လာပေးဝယ်တယ်ဆိုတဲ့ လူငယ်တစ်ယောက်ကို အဖေကြားဖူးတယ်။ အ၀တ်အစားအတွက် ၁၀၀ ကျော်သုံးတာ အဖေကြားဖူးတယ်။ တခြားလူတွေလိုပဲ သားလည်း ပိုက်ဆံကို ရေလိုသုံးလို့ရတယ်။ ဒါပေမဲ့ ငါ့သားက သင့်တင့်သလောက်ပဲသုံးတယ်။ ဆပ်ပြာတစ်တုံးအတွက် ၁၀ ဆင့်လောက် သားအနေနဲ့ ပိုသုံးမယ်ဆိုရင် အနံ့အသက်ပိုမွှေးဖို့နဲ့ နာမည်တစ်လုံးအတွက် ပေးရတာလို့သာ မှတ်ရမယ်”
“ဒါပေမဲ့ သားလို လူငယ်တစ်ယောက်အတွက်တော့ ဆင့် ၅၀ ဆိုတာ သင့်လျော်ပါတယ်။ သားက လူကြီးလူကောင်းတစ်ယောက်ပဲ။ လူတွေက ပြောတတ်ကြတယ်။ လူတစ်ယောက်ဟာ လူကြီးလူကောင်း မဟုတ်ဘူးဆိုရင် သူ့ရဲ့သားဟာလည်း လူကြီးလူကောင်း မဖြစ်နိုင်ဘူး။ သူ့သားရဲ့ သားကျမှသာ လူကြီးလူကောင်းဖြစ်ချင် ဖြစ်နိုင်မယ်တဲ့။ သူတို့တွေ မှားတယ်။ ဒါကို ငွေက မြန်အောင် လုပ်ပေးနိုင်တယ်။ ငွေက သားကို လူကြီးလူကောင်းတစ်ယောက်ဖြစ်အောင် လုပ်ခဲ့ပြီ။ အဖေ့ကိုလည်း လူကြီးလူကောင်း တစ်ယောက်နီးနီး ဖြစ်အောင် လုပ်ခဲ့တာပဲ။ အဖေတို့အိမ်ရဲ့ ဘေးကပ်ရပ် အိမ်နှစ်အိမ်က လူကြီးလူကောင်းတွေနဲ့ အဖေဟာ ထပ်တူထပ်မျှနီးပါး တူလာခဲ့တာပဲ။ အဖေ့ အမူအယာတွေဟာလည်း သူတို့လိုပါပဲ။ ဒါပေမဲ့ သူတို့ရဲ့စိတ်ထဲမှာ ဒီအိမ်မှာ ဆပ်ပြာသမားတစ်ယောက်နေနေတာကြောင့် စားမ၀င်အိပ်မပျော်နိုင်ဖြစ်နေတဲ့ သဘောထား အမြဲတမ်းရှိနေသေးတယ်”
“ငွေနဲ့ချိန်စက်ဝယ်လို့မရတဲ့ အရာတချို့ ရှိနေသေးတာကိုး” ဟု လူငယ်က ၀မ်းနည်းဟန်စွက်၍ ပြောလိုက်၏။
“ဒီလို မပြောနဲ့...” အဘိုးကြီး အန်သိုနီက ပြောလိုက်သည်။
“အချိန်တိုင်းမှာ ငွေဟာ အောင်မြင်မှုပဲ။ ငွေနဲ့ မင်းမ၀ယ်နိုင်တဲ့အရာတစ်ခုရှိလိမ့်မယ်လို့ ငါ စဉ်းစားလို့မရဘူး။ ပြောပါဦး ငွေနဲ့ဝယ်လို့ မရဘူးဆိုတဲ့အရာဟာ ဘာလဲ။ ပြီးတော့ မင်းကို အဖေပြောစရာတစ်ခု ထပ်ရှိသေးတယ်။ သားမှာ တစ်ခုခု လိုနေသလိုပဲ။ ဒါ နှစ်ပတ်လောက်အတွင်း အဖေတွေ့ခဲ့တာကို ပြောတာ။ အဖေ့ကိုပြော။ အဖေ ကူညီမယ်။ နှစ်ဆယ့်လေးနာရီအတွင်း အဖေ့လက်ထဲမှာ ဒေါ်လာ (၁၁) သန်းလောက် ရောက်လာအောင် အဖေလုပ်နိုင်တယ်။ သား နေမကောင်းဘူးလား...”
“တချို့ကတော့ ရောဂါလို့ ပြောကြတာပဲ”
“အိုး...” အန်သိုနီက ပြောလိုက်သည်။
“ကောင်မလေး နာမည်က ဘယ်သူလဲ။ ကိုယ့်ကို လက်ထပ်ပါလို့ သားက သူ့ကို ဘာလို့ မပြောခဲ့ရတာလဲ။ သူ့အနေနဲ့ ၀မ်းမြောက်ဝမ်းသာ သဘောတူမှာပဲ။ သားမှာ ငွေရှိတယ်၊ သားမှာ ရုပ်ရည်ရှိတယ်၊ ဒါတွေအပြင်ကို သားက လူကောင်းလေးတစ်ယောက်ပဲ။ သားရဲ့လက်တွေဟာ သန့်ရှင်းနေတာပဲ မဟုတ်လား။ ရော့ခ်ဝေါလ်ဆပ်ပြာတွေ ပေကျံမနေဘူး မဟုတ်လား...”
“သူ့ကို လက်ထပ်ခွင့်တောင်းဖို့ သားမှာ အခွင့်အရေးကို မရခဲ့တာ..” ဟု ရစ်ချက်က ပြောလိုက်၏။
“အခွင့်အရေးတစ်ခု ရအောင်လုပ်ပေါ့” ဟု အဘိုးကြီး အန်သိုနီက ဆိုသည်။
“ပန်းခြံထဲမှာ လမ်းလျှောက်ကြရအောင်လို့ သူ့ကို ခေါ်ပေါ့။ ဒါမှမဟုတ် ဘုရားကျောင်းက သူနဲ့ အတူတူ အိမ်ကို လမ်းလျှောက် ပြန်ရင်လည်း ဖြစ်တာပဲ”
“လူကုံထံ မိန်းကလေးတွေအကြောင်းကို အဖေမသိပါဘူး။ သူတို့ရဲ့ နာရီတိုင်း မိနစ်တိုင်းက အစီအစဉ် ချထားပြီးသား။ သူ့ကို သား ရမှ ဖြစ်မယ်အဖေ။ သူမှမရှိရင် ကမ္ဘာကြီးဟာ သားအတွက် ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။ ပြီးတော့ သားအနေနဲ့ စာနဲ့လည်း ရေးပြီးသူ့ကို ခွင့်မတောင်းချင်ဘူး။ သား မတောင်းနိုင်ဘူး အဖေ..”
“မင်းပြောနေတာက ငါ့ရဲ့ငွေတွေအားလုံးနဲ့ မိန်းကလေးတစ်ယောက်ရဲ့အချိန် တစ်နာရီ၊ နှစ်နာရီကိုတောင်မှ ၀ယ်လို့မရဘူးလို့ ပြောနေတာပေါ့...” ဟု အဘိုးကြီးက ပြောလိုက်၏။
“ကျွန်တော် အကြာကြီး စောင့်ခဲ့ပြီးပြီ။ သန်ဘက်ခါဆိုရင် သူ ဥပရောပကို သွားတော့မယ်။ အဲဒီမှာ နှစ်နှစ်လောက်ကြာမယ်။ မနက်ဖြန်ညနေမှာ သူနဲ့ မိနစ်အနည်းငယ်လောက် တွေ့ဖို့ပဲ အခွင့်အရေးရတယ်။ သူ ရထားနဲ့လာလိမ့်မယ်။ ကျွန်တော်က ကားငှားပြီး သူ့ကိုစောင့်ရမယ်။ အဲဒီကနေ ကားကို အမြန်မောင်းခိုင်းပြီး ပြဇာတ်ရုံမှာ သူ့အမေနဲ့ တခြားလူတွေနဲ့ တွေ့ရဖို့ရှိတယ်။ အဲဒီလောက် ရှုပ်နေတဲ့ အလုပ်တွေကြားထဲမှာ ကျွန်တော့်စကားကို နားထောင်ဖို့ သူ့မှာ အချိန်ရှိမယ်လို့ အဖေထင်သလား။ ပြဇာတ်ရုံထဲမှာရော..၊ ပြဇာတ်ရုံက အပြန်ရော...။ မရှိဘူး အဖေရဲ့ မရှိဘူး။ အဲဒါက အဖေ့ရဲ့ပိုက်ဆံတွေနဲ့ ဘာမှလုပ်လို့မရတဲ့ ပြဿနာပဲ။ ကျွန်တော်တို့ ပိုက်ဆံနဲ့ အချိန်တစ်မိနစ်ကိုတောင် မ၀ယ်နိုင်ဘူး။ ၀ယ်နိုင်တယ်သာဆိုရင် ချမ်းသာတဲ့လူတွေအားလုံး အသက်ရှည်ကုန်ကြမှာပေါ့။ လန်ထရီနဲ့ သူ သင်္ဘောပေါ်မတက်ခင် စကားပြောဖို့အရေးက မျှော်လင့်ချက် လုံးဝ မရှိတော့ဘူး...”
“ရစ်ချက်.. လူလေး...” အဘိုးကြီး အန်သိုနီက ပြောလိုက်သည်။ “သား တကယ်ရောဂါရနေတာမဟုတ်မှန်း သိရလို့ အဖေ၀မ်းသာပါတယ်။ ငွေနဲ့ အချိန်ကို ၀ယ်လို့မရဘူးလို့ သားက ပြောတယ်။ အချိန်တွေအားလုံးကို ၀ယ်လို့မရတာတော့ ဟုတ်ချင်ဟုတ်မှာပေါ့။ ဒါပေမဲ့ အစိတ်အပိုင်းလေး အချို့ကိုတော့ ၀ယ်နိုင်တယ်ဆိုတာ အဖေ သိပါတယ်”
§ § § § § § §
အဆိုပါ ညနေတွင် သူ၏ ညီမဖြစ်သူ အယ်လင် အဘိုးကြီး အန်သိုနီဆီသို့ ရောက်လာပြီး ချစ်သူတို့၏ နှလုံးသားရေး ပြဿနာများအကြောင်း စကားတွတ်ထိုးလေ၏။
“သူ ငါ့ကို အကြောင်းစုံ ပြောပြီးပြီ” ဟု အစ်ကိုလုပ်သူ အန်သိုနီက ပြောလိုက်သည်။
“သူ လိုသလောက်ငွေ ရစေရမယ်လို့လည်း ငါပြောပြီးသား။ ဒီတော့ သူ့အတွက် ငွေက အသုံးမ၀င်ဘူးလို့ စပြောလာတယ်။ ငွေနဲ့ မကယ်နိုင်ဘူးလို့ သူက ပြောတာပဲ”
“အို အန်သိုနီရယ်...” ဟု အယ်လင်က ပြောလိုက်သည်။
“အစ်ကို့ကို ပိုက်ဆံအကြောင်းချည်းပဲ သိပ်တွေးမနေစေချင်ဘူး။ အချစ်နဲ့ပတ်သက်လို့ ငွေက ဘာမှမကူနိုင်ဘူး။ အချစ်ဟာ အစွမ်းထက်ပါတယ်။ သူသာ ကောင်မလေးကို အစောထဲက ဖွင့်ပြောခဲ့မယ်ဆိုရင် ဘယ်တော့မှ အငြင်းခံရမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့... ကျွန်မ စိုးရိမ်တာက အရမ်းနောက်ကျနေပြီလေ။ အစ်ကို့မှာရှိတဲ့ ရွှေတွေအားလုံးနဲ့လည်း သားရဲ့ ပျော်ရွှင်မှုကို ၀ယ်ပေးလို့မရဘူး”
§ § § § § § §
နောက်တစ်နေ့ည (၈) နာရီတွင် အယ်လင်သည် ရွှေလက်စွပ်ဟောင်းတစ်ကွင်းကို ယူလာပြီး ရစ်ချက်ကို ပေးလိုက်၏။
“ဒါကို ဒီည ၀တ်ထားလိုက်” ဟု သူက ပြောလိုက်သည်။
“မင်းရဲ့ အမေက ဒါကို အန်တီ့ကို ပေးခဲ့တယ်။ မင်း ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတစ်ယောက် တွေ့တဲ့အခါကျရင် မင်းကို ဒီလက်စွပ်လေးပေးဖို့ မင်းအမေက မှာခဲ့တယ်”
ရစ်ချက်က လက်စွပ်ကို လှမ်းယူလိုက်ပြီး သူ၏လက်သန်းတွင် ကြိုးစားစွပ်ကြည့်လိုက်သည်။ လက်စွပ်လေးမှာ သေးလွန်းနေသည်။ လုံခြုံစိတ်ချရသည့်နေရာဟု သူထင်သည့် ကုတ်အင်္ကျီအိတ်ကပ်ထဲတွင်ပင် ထည့်ထားလိုက်လေသည်။ ထို့နောက်တွင် နောက်တစ်နေ့အတွက် အငှားကားတစ်စီးကို ကြိုတင် မှာကြားထားလိုက်လေ၏။
ဘူတာရုံ၌ လန်ထရီနှင့် သူ တွေ့လေသည်။
“အမေနဲ့ တခြားလူတွေကိုတော့ စောင့်ခိုင်း မထားချင်ဘူး” ဟု လန်ထရီက အလောတကြီး ပြောလိုက်သည်။
“ဝေါလက်ခ် ပြဇာတ်ရုံကို အမြန်ဆုံးသာ မောင်းပေတော့” ဟု ရစ်ချက်က ကားသမားကို လှမ်းပြောလိုက်၏။
(၄၂) လမ်းမှ ဘရုတ်ဝေး၊ ထိုမှတစ်ဆင့် (၃၄) လမ်းသို့သွားရန် သူတို့ စတင်ထွက်ခွာလာခဲ့ ကြလေသည်။
ထို့နောက် ရုတ်တရက် ရစ်ချက်က ကားသမားကို အလောတကြီး ရပ်တန့်ခိုင်းလိုက်၏။
“လက်စွပ်ပြုတ်ကျသွားလို့” ဟု ကားပေါ်မှ အလျင်စလိုဆင်းရင်း သူက ပြောလိုက်သည်။
“ကိုယ့်အမေရဲ့လက်စွပ်မို့လို့ အဆုံးမခံချင်ဘူး။ တစ်မိနစ်လောက်ပဲ ကြာမယ်ထင်တယ်။ ကျသွားတဲ့နေရာကို ကိုယ်မြင်လိုက်ပါတယ်”
တစ်မိနစ်ခန့် မကြာသေးခင်တွင်ပင် လက်စွပ်နှင့်အတူ သူ ကားပေါ်သို့ ပြန်ရောက်လာခဲ့သည်။
သို့သော် ထိုစဉ်မှာပင် သူတို့ကားလေးသည် အခြားကားတစ်စီး၏နောက်တွင် ရပ်တန့်လိုက်ရပြန်သည်။ ကားသမားက ဘယ်ဘက်မှ ကျော်တက်ရန်ကြိုးစားလိုက်သည်။ သို့သော် ထိုနေရာတွင် အငှားကားတစ်စီး ရှိနေ၏။ ညာဘက်သို့ ကြိုးစားကြည့်ပြန်သည်။ ထိုနေရာတွင်လည်း အငှားယာဉ်တစ်စီး ရှိနေပြန်၏။ နောက်သို့လည်း ပြန်ဆုတ်၍ မရတော့။ အရပ်လေးမျက်နှာ မည်သည့်ဘက်သို့မျှ မောင်းထွက်၍ မရအောင် ပိတ်မိနေလေသည်။
ဤသို့ ယာဉ်ကျောပိတ်ဆို့သည့် အခိုက်အတန့်များသည် မြို့ထဲတွင် မကြာခဏ ဖြစ်တတ်ပါသည်။ ယာဉ်ကြောအတိုင်း လမ်းတလျှောက် မောင်းနှင်ရမည့်အစား လူတင်လှည်းများနှင့် အငှားကားများမှာ လွတ်ရာနေရာသို့ တိုးထွက်မောင်းနှင်ရင်း ရှင်းလို့မရနိုင်လောက်အောင်ပင် ပိတ်ဆို့ကြပ်ညှပ် သွားခဲ့ပြီဖြစ်သည်။
“ဘာလို့ ရှေ့ဆက် မမောင်းတော့တာလဲ” ဟု လန်ထရီက မေးလိုက်သည်။ “နောက်ကျတော့မယ်”
ရစ်ချက်က ကားအတွင်းမှ ဘေးဘီဝဲယာသို့ ခေါင်းထောင်အကဲခတ်လိုက်သည်။ လှည်းများနှင့် အငှားကားတန်းကြီးနှင့် ဘီးပါသည့်ယာဉ်မှန်သမျှဟု ဆိုရလောက်အောင်ပင် ဘရုတ်ဝေးရှိရာ အမှတ် (၆) ရိပ်သာလမ်းနှင့် (၃၄) လမ်း လမ်းဆုံရှိရာဆီသို့ ပြွတ်သိပ်ဦးတည်လာနေ၏။ အရပ်လေးမျက်နှာမှ လာနေကြခြင်းဖြစ်သည်။ ကားများ ပို၍ပို၍ များလာလေလေ၊ သူတို့မှာ အလည်တွင် ပိတ်မိလေလေ ဖြစ်လျက်ရှိနေသည်။ ကားသမားများနှင့် မြင်းလှည်းသမားများသည် အော်ဟစ်ဆူညံနေကြသည်။ နယူးယောက်မြို့အတွင်းမှ ဘီးပါသည့်ယာဉ်များအားလုံး ဤနေရာသို့ အလုအယက်စုပြုံ လာနေကြသလား ဟုပင် ထင်ရ၏။
“ကိုယ် ၀မ်းနည်းပါတယ်” ဟု ရစ်ချက်က တောင်းပန်လိုက်၏။ သူက စိတ်ပျက်လက်ပျက်ဖြင့် ကားပေါ်သို့ ပြန်ထိုင်ချလိုက်သည်။ “ကိုယ်တို့ ဆက်သွားလို့ ရတော့မှာမဟုတ်ဘူး။ ဒီလမ်းကြောကို တစ်နာရီအတွင်း ရှင်းဖို့ မဖြစ်နိုင်ဘူး။ ကိုယ့်လက်စွပ်သာ ပြုတ်မကျခဲ့ရင်....”
“အဲဒီလက်စွပ်လေးကို ကျွန်မ ကြည့်လို့ရလား” ဟု လန်ထရီက ကြားဖြတ်မေးလိုက်၏။
“လောနေလို့ မရတော့ဘူးဆိုရင်လည်း ဘာတတ်နိုင်တော့မှာလဲ။ အရေးမကြီးပါဘူး။ ကျွန်မလည်း ပြဇာတ်ရုံကို မသွားချင်ဘူး။ ကျွန်မက ပြဇာတ်မကြိုက်ဘူး”
ထိုနေ့ည (၁၁) နာရီတွင် အန်သိုနီ၏ အခန်းတံခါးရှေ့တွင် တစ်စုံတစ်ယောက် လာရောက်ရပ်တန့်နေ၏။
“၀င်ခဲ့ဟေ့” ဟု အဘိုးကြီး အန်သိုနီက အော်ပြောလိုက်သည်။ သူ၏ ဖတ်လက်စစာအုပ်ကို ဘေးသို့ ချထားလိုက်သည်။ အခန်းအတွင်းသို့ အယ်လင် ၀င်ရောက်လာလေသည်။
“သူတို့ လက်ထက်ကြတော့မယ် အန်သိုနီ” ဟု သူမက ပြောလိုက်သည်။
“ကောင်မလေးက ရစ်ချက်ကို လက်ထပ်ပါ့မယ်လို့ ကတိပေးလိုက်ပြီ။ ပြဇာတ်ရုံကိုသွားတဲ့ လမ်းပေါ်မှာ ကားပိတ်နေလို့လေ။ လမ်းကြောင်းရှင်းအောင် စောင့်ရတာ နှစ်နာရီလောက် ကြာသွားတယ်”
“ဒါနဲ့ အစ်ကိုရယ်...၊ ငွေဂုဏ်မောက်တဲ့စကားတွေပြောတာကို ရပ်ပါတော့နော်။ ဒါဟာ လက်စွပ်လေး တစ်ကွင်းကြောင့်ပါပဲ။ အချစ်စစ်ကို ကိုယ်စားပြုတဲ့ လက်စွပ်လေးကြောင့်သာ ရစ်ချက်တစ်ယောက် သူ့ ပျော်ရွှင်မှုကို ရှာဖွေနိုင်ခဲ့တာ။ ကားရှေ့ဆက်မသွားနိုင်ခင် တခြားကားတွေကြားထဲမှာ သူတို့ ပိတ်မိနေခဲ့တယ်လေ။ သူမေတ္တာရှိတဲ့အကြောင်း ကောင်မလေးကို ကားပေါ်မှာပဲ ပြောခဲ့တယ်။ ငွေဟာ ဘာမျှမဟုတ်ပါဘူး အန်သိုနီ။ အချစ်စစ်သာ အရာရာပါ”
“ကောင်လေး သူလိုချင်တာရသွားတဲ့အတွက် ငါဝမ်းသာပါတယ်” ဟု အဘိုးကြီး အန်သိုနီက ပြောလိုက်၏။
“ငါသူ့ကို ပြောခဲ့သားပဲ ပိုက်ဆံဘယ်လောက်ကုန်ကုန် ငါဂရုမစိုက်...”
“ဒါပေမဲ့ အန်သိုနီ၊ ရှင့်ငွေတွေက ဘာလုပ်ပေးနိုင်ခဲ့လို့လဲ”
“ညီမ” အဘိုးကြီးက ပြန်ပြောလိုက်သည်။ “ငါ အခု ဇာတ်လမ်းကောင်းတစ်ပုဒ်ပါတဲ့ စာအုပ်ကို ဖတ်နေတယ်။ တောတွင်းစွန့်စားခန်း ဇာတ်လမ်းပဲ။ ဒါပေမဲ့ ငါကြိုက်တယ်။ ပြီးတော့ ရှေ့မှာ ဘာဆက်ဖြစ်မယ်ဆိုတာလည်း ငါသိချင်တယ်။ ငါ ကိုယ့်စာကိုယ် အေးအေးဆေးဆေး ဆက်ဖတ်ပါရစေလား”
ဇာတ်လမ်းမှာ ဤနေရာတွင် အဆုံးသတ် သင့်ပါပြီ။ ဤသို့လည်း ဖြစ်စေချင်ပါသည်။ စာဖတ်သူလည်း ပြီးစေချင်လိမ့်မည်မှာ သေချာပါသည်။ သို့သော် အမှန်တရားဆီသို့သာ ကျွန်တော်တို့ ဆက်လက် ချီတက်ကြပါဦးစို့...။
နောက်တစ်နေ့ဝယ် အင်္ကျီလက်အနီရောင်၊ နက္ကတိုင်အပြာရောင်စည်းထားသည့် ကယ်လီဟု အမည်ရသည့် လူတစ်ယောက်သည် အန်သိုနီရော့ခ်ဝေါလ် နေအိမ်သို့ အဘိုးကြီး အန်သိုနီနှင့်တွေ့ဆုံရန် ရောက်ရှိလာခဲ့သည်။
“ဆပ်ပြာကောင်းတွေကို ကျွန်တော်တို့ ထုတ်လုပ်ပါတယ်” အဘိုးကြီး အန်သိုနီက စပြောလိုက်၏။
“ခင်ဗျားကို ကျွန်တော် မနေ့က ဒေါ်လာငါးထောင် ပေးထားတယ်နော်”
“ကျွန်တော့်အိတ်ထဲကတောင် ဒေါ်လာ ၃၀၀ ထပ်စိုက်လိုက်ရပါသေးတယ်” ဟု ကယ်လီက ပြောလိုက်သည်။
“ထင်ထားတာထက် ပိုကျသွားတယ်။ အငှားကားအများစုကို ၅ ဒေါ်လာနဲ့ ရပါတယ်။ ဒါပေမဲ့ မြင်းနှစ်ကောင်တပ် ရထားလုံးတွေအားလုံးကို ၁၀ ဒေါ်လာပေးလိုက်ရတယ်။ အများဆုံးပေးရတာက ပုလိပ်နှစ်ယောက်ကို ဒေါ်လာ ၅၀ စီနဲ့ တခြားလူတွေကို ဒေါ်လာ ၂၀၊ ၂၅ စသည်။ ဒါပေမဲ့ လုပ်သွားပုံလေးကတော့ မသင်းဘူးလား မစ္စတာ ရော့ခ်ဝေါလ်...။ သူတို့ အားလုံး အချိန်ကိုက်ပဲ။ ဘယ်ကိုမှ သွားလို့မရအောင် ပိတ်မိနေတာ နှစ်နာရီတိတိကြာတယ်”
“ဒီမှာ ခင်ဗျားအတွက် ဒေါ်လာ ၁၃၀၀ ကယ်လီ” ဟု ငွေများလှမ်းပေးရင်း အဘိုးကြီးအန်သိုနီက ပြောလိုက်၏။
“တစ်ထောင်က ခင်ဗျားအတွက်။ ပြီးတော့ သုံးရာက ခင်ဗျားအိတ်ထဲက စိုက်သုံးထားတဲ့ ငွေအတွက်။ ခင်ဗျား ငွေကို ခင်တယ်မဟုတ်လား ကယ်လီ။ ဟုတ်တယ်ဟုတ်...”
“ဒါပေါ့ဗျာ” ဟု ကယ်လီက မဆိုင်းမတွ ဖြေလိုက်သည်။
တံခါးဝရှိရာသို့ လိုက်ပို့စဉ် အဘိုးကြီး အန်သိုနီက ရုတ်တရက် ပြောလိုက်၏။
“ဒါနဲ့ မနေ့က လမ်းမပေါ် တစ်နေရာရာမှာများ အင်္ကျီချွတ်နဲ့ ၀၀ကောင်လေးတစ်ယောက် တွေ့မိလားဗျ။ မြားကိုင်ထားတယ်လေ”
ကယ်လီက အံ့သြသွားပုံပေါ်သည်။
“ဟင့်အင်း ကျွန်တော် မတွေ့မိဘူးခင်ဗျ။ ဒါပေမဲ့ အဲဒီလို အင်္ကျီချွတ်ပြီး လမ်းမပေါ်ထွက်ရင်လည်း ပုလိပ်က သူ့ကို ဖမ်းချင်ဖမ်းမှာပေါ့”
“ကျုပ်လည်း မြားနတ်မောင် အဲဒီမှာ ရှိလိမ့်မှာမဟုတ်ဘူးလို့ ထင်ပါတယ်လေ...၊ ကောင်းပြီ ကောင်းပြီ.. ဂွတ်ဘိုင် ကယ်လီရေ...” ဟု အဘိုးကြီး အန်သိုနီက ရယ်ရွှမ်းပတ်ရွှမ်း ပြောလိုက်လေတော့သတည်း။ ။
O. Henry ၏ Mammon and the Archer ကို ဘာသာပြန်ဆိုပါသည်။
◄ တေဇာ ► ဇန်န၀ါရီ (၄) ၂၀၁၀

ဝတ္ထုတိုတွေထဲမှာ အိုဟင်နရီကိုလည်း ကြိုက်တယ်။
ReplyDeleteသိသားပဲ...
ReplyDeleteဒီလိုလုပ်လိမ့်မယ်လို့ ..
ဟိဟိ.