Skip to main content

ကျွန်တော့်ကီးဘုတ်မှ ရိုက်မရသောစာကြောင်းများ

ခံစားချက်စစ်စစ်များအား အိတ်သွန်ဖာမှောက် ရေးချလိုက်ရုံဖြင့် လှလှပပ ၀ါကျများ မော်နီတာပေါ် ပြေးကပ်။ မဟုတ်ဘူး။ ဟို အသည်းကွဲ ကဗျာဆရာ ဆိုသူရေးတာနဲ့ ခပ်ဆင်ဆင် ဖြစ်နေပြန်ပြီ။ မရသေးဘူး။ ပြန်ပြင်ဦး။ ခဲဖျက်၊ Correction Pen ။ ကီးဘုတ်က ကျွံဝင်နေတဲ့ Backspace Key အား အားနာနာဖြင့် ထပ်နှိပ်ရ။ ခံစားချက်က အမှန်အကန်ပါ။ ကကြီးက အအထိ ညာတာပါတေး ဆန်နေတာတော့ ကျွန်တော်လည်း ဘယ်တတ်နိုင်တော့မလဲ။ အချိန်အတော်ကြာ ဆွံအခဲ့သူ။ အများအသိအမှတ်ပြု လက်ခံထားပြီးသား ဆွံ့အနားမကြား...။ သူ စကားပြောတတ်ကြောင်း တတွတ်တွတ် ရှင်းပြပါသော်လည်း လက်သင့်မခံနိုင်စရာ ဖြစ်ရ...။

ကြားခဲ့ဖူးတာက ဟိုလူကြီးဆွဲတဲ့ နွားက နွားအစစ်ထက်တောင် နွားနဲ့ပိုတူသတဲ့။ အခု ငါ့မှာတော့ ရုပ်ရှင်မင်းသား လွမ်းနေတာကိုကြည့်ပြီး ကိုယ့်အလွမ်းလေးကိုပင် ကိုယ်သိမ်ငယ်ရ။ သူ့လို သဘာဝ အလွန်ကျနေမှာလည်း စိုးရိမ်ရ။ ရေးပြီးသားဝါကျလေးတွေမှာ ပလီပလာလေသံ ပါနေမှာလည်း ငဲ့ရ။ ကျွန်တော် ဆွဲတဲ့နွားဟာ ခင်ဗျားနဲ့ ခပ်ဆင်ဆင်တူနေမှာ အားနာရ။ ဒီတော့ ရေးလက်စ ၀ါကျတွေ အဆုံးမသတ်တာလည်း မဆန်းဘူး။ ဒီတော့ ခနော်ခနဲ့ မျက်နှာပေး ထားတတ်မှ လွမ်းကြပါ။ ဒါမှသာ သဘာဝကျမှာပါ။ ကျွန်တော့်မှာတော့ “သဘာဝ၏ သဘာဝမကျသော သဘာဝ” စာတမ်းလေးကိုတောင် လှောင်ပြောင်ခံဘ၀ မရောက်စေချင်လို့ ရင်ထဲသိမ်းဆည်းထားခဲ့ရ။ အဆန်းထွင် လွန်းတယ်ဆိုလား..၊ သူတို့မှတ်ချက်မှာ။

§ § § § § § §

ဟုတ်ပ၊ လေသံကိုက ဘုဆတ်ဆတ်နဲ့။ ၀ါကျတွေမှာ “သည်” နဲ့ချည်း ဆုံးဆုံးနေတာ ရှက်စရာကောင်းလွန်းလှသည် ဆိုပဲ။ အခု ကျွန်တော်က ကျွန်တော်ဖြစ်နေတာကို ဒီစကားလုံးတွေထဲ အတင်းထိုးထည့်ချင်နေတာ။ သို့သော်... ဒါမှမဟုတ် ဒါပေမဲ့။ ကကြီးမှအအထိပါဝင်သော အရာတစ်ခုဖြင့် ဝေဒနာအား ဖွင့်လှစ်ပြ၍ မရ။ ဖွင့်လှစ်မပြနိုင်တာလား ကျွန်တော့်မှာပဲ ဖွင့်လှစ်ပြနိုင်စွမ်း မရှိတာလားဆိုတာလည်း ကျွန်တော် ဝေခွဲမရ။ ရှေ့မှာ အစစ်ခံနေတဲ့ လူလိမ်တစ်ယောက်က ကျွန်တော့် ဖြောင့်ချက်တွေကို ရက်ရက်စက်စက် ဦးအောင် ပြောပစ်လိုက်ပြီ။ “ကျွန်တော် လိမ်ညာခဲ့ပါတယ်”  လို့ သူဝန်ခံနေတာတွေဟာ အမှားတွေချည်းပဲ။ မြန်မြန်ဝန်ခံရင် အပြစ်ဒဏ် လျှော့ပေါ့စဉ်းစားပေးမယ်လို့ ပြောကြတယ် မဟုတ်လား။ “တကယ်လား...၊ ကျွန်တော် မလိမ်ဘူး”

ဒီလိုဗျာ။ ကျွန်တော်ဟာ အိမ်အပြန် ကူးတို့ခ မကျန်တော့တဲ့ ဘုရင့်နောင်ပါ။ ရေစီးသန်တာလည်း သန်တာပေါ့။ စစ်ပွဲမှာလည်း သေမယ့်အတူတူ ဒီမြစ်ထဲမှာပဲ လက်ပစ်ကူးပြီး သေလိုက်တော့မယ်။ ရာဇ၀င်မှာ ငါ့ဖြစ်အင်ကို ကျက်မှတ်နေဖို့ လိုမလို၊ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြ။ မြစ်ပြင်မှာ ကြောက်စရာကောင်းလောက်အောင် လှိုင်းထန်နေပါပြီ။ ဒီလိုသာ မိမိသူရဲဘောကြောင်ကြောင်း သူရဲကောင်းဆန်ဆန် ၀န်ခံရတာဟာ ကလေးတွေ သိမှတ်ဖို့ မကောင်းလောက်အောင်ပင် အညှီအဟောက်ဆန်လှ။ ကျွန်တော့် အနီးတစ်ဝိုက်မှာ ဒီလို အငွေ့အသက်တချို့ ရတယ်။ ဒါပေမဲ့ ဒီလို အတိအကျလည်း မဟုတ်ပြန်ဘူး။ ခပ်ရှုပ်ရှုပ်ပဲ။ ပြောနေရင်း ပုဒ်မချဖို့တောင် မ၀ံ့မရဲ....။

ခုန်လို့မမီတော့မှ စပျစ်သီးချဉ်ကြောင်းချတဲ့ မှတ်ချက်နဲ့ လျှာပေါ်ရောက်တော့မှ ဒီဒညင်းသီး စေးတယ်ဆိုတဲ့ အတွေး ခပ်ရေးရေး ဆက်စပ်ကြည့်မိတော့ ကမ္ဘာကြီးဟာ သာယာပါလားလို့ အမြင်မှန်ရသွား။ စားစေချင်လို့ ကျွေးတာ လျှာပေါ်ရောက်မှတော့ အိမ်ရှင်အပေါ် ရိုင်းပြပြ၊ ထွေးထုတ်ဖို့လည်း မသင့်ဘူးမဟုတ်လား။ ဟုတ်တယ်။ ငါးပိရည်နဲ့လည်း လိုက်တယ်။ ကျွန်တော့်မိန်းမဆို အရမ်းကြိုက်တာ။ ဒီလောက် ပုပ်အက်အက်နိုင်မှတော့ အတော်ဈေးကြီးပေး ရမှာပဲနော်...။ စိတ်လှုပ်ရှားအံ့သြဖွယ်လက်ရာ ... ဆိုသော သံပြိုင်သီချင်းသံ အထီးကျန်စွာ ထွက်ပေါ်လာ...။

သည်းခံပါ။ ရိုးရိုးသားသား ၀န်ခံကြေးဆို ဒီလိုတွေ လျှောက်ရေးနေတာ ဘာအဓိပ္ပာယ်မှတော့ မရှိလှဘူး။ တကယ်ဆို ဂေါ်ဂင် စိတ်ပျက်လက်ပျက် ပန်းချီထိုင်ဆွဲနေပုံနဲ့တောင် ခပ်ဆင်ဆင်မတူဘူး။ ဟုတ်တယ်။ လုံးဝ မတူဘူး။ မတူဆို၊ တူတယ်လို့လည်း ရေးလို့မဖြစ်ဘူး။ တူတယ်လို့ရေးမိတာနဲ့ ပန်းချီကားပေါ်ကပ်နေတဲ့ အိမ်မြောင်စုတ်ထိုးသံ မြည်သွားလိမ့်မယ်ဆိုတာ မချိမခံသာ သိခဲ့ရ။ ကင်းဗတ်စပေါ် စိတ်တိုင်းကျ ဆေးစက်ချနိုင်ခွင့်မျိုးနဲ့ မတူဘူး။ ဖြတ်သန်းသွားလာခွင့် မရှိသော လူသွားလမ်းလို၊ ကျွန်တော့် ကီးဘုတ်မှ စာကြောင်းအချို့၊... ရိုက်မရ...ဖျက်မရ... ။

◄ တေဇာ ► ဇန်န၀ါရီ (၂၆)

Comments

  1. ကီးဘုတ်မှ ရိုက်မရသော စာလုံးများအား အဓိပ္ပါယ်တချို့ သယ်ဆောင်လာသော စကားလုံးများ အဖြစ် ဝါကျ အဖြစ် အက်ဆေး တပုဒ် အဖြစ် မော်နီတာ စခရင်ထက် ရောက်ရှိလာ..။

    ပြင်ဆင်ခွင့် မရသေးသော အိပ်မက် အပိုင်းအစများအား အသွင်ပြောင်း၍ သံတူကြောင်းကွဲ ဆင်ဆင်တူ ................း)

    ReplyDelete
  2. စာဖတ်သူJanuary 26, 2010 at 6:46 PM

    စာလေး အရမ်းလှတယ်။ သူများတွေလို ကဗျာလို့ ခေါင်းစဉ်တပ်ရင် ပိုမိုက်သွားမယ် :P

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

You have 24 notifications about Eain and others