သူတစ်ပါးရဲ့စိတ်ကို ဖတ်ချင်ခဲ့ဖူးပါသလား။ ပါးစပ်က စကားတစ်ခွန်းမျှမပြောဘဲ စိတ်ချင်းဆက်သွယ်ချင် ခဲ့ဖူးပါသလား။
ဤကိစ္စသည် နောက်ပိုင်းတွင် လက်တွေ့ အကောင်အထည် ပေါ်လာကောင်းသည်ဟု “ဦးနှောက်ချင်း ဆက်သွယ်မှု” (Brain-to-Brain Communication) ကို ခွင့်ပြုသော စနစ်တစ်ခုကို ဖန်တီးခဲ့ကြသည့် ဗြိတိသျှသိပ္ပံပညာရှင်များက ဖွင့်ဟခဲ့ကြသည်။ လူတစ်ယောက်၏ ဦးနှောက်မှ အချက်ပြမှုများကို အင်တာနက် ကော်နက်ရှင်မှတစ်ဆင့် မိုင်ပေါင်းများစွာဝေးကွာသော အခြားလူတစ်ဦး၏ ဦးနှောက်သို့ ပို့ဆောင်ပေးနိုင်မည့် စနစ်ဖြစ်ပါသည်။
ဆောက်သမ်တန်တက္ကသိုလ်တွင် အပေါင်းပါများနှင့်အတူတကွ အလုပ်လုပ်နေသော ခရစ်စတိုဖာ ဂျိမ်းစ်ဆိုသူက ဤနည်းပညာမှာ အတွေးများ၊ စကားလုံးများနှင့် ပုံရိပ်များကို အခြားသူများ၏စိတ်အတွင်းသို့ ချက်ချင်းဆိုသလို တိုက်ရိုက် ပေးပို့နိုင်မည်ဖြစ်ပြီး လမ်းလျှောက်သင်သည့် ကလေးငယ်၏ ပထမဆုံးခြေလှမ်းသဖွယ် စမ်းသပ်ချက် တွေ့ရှိချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဤနည်းပညာက ကိုယ်ခန္ဓာမလှုပ်ရှားနိုင်သူများ၊ စကားမပြောနိုင်သူများနှင့် မျက်မမြင်များအတွက်တောင်မှ အသုံးဝင်လာနိုင်လိမ့်မည်ဟု ဒေါက်တာ ဂျိမ်းစ်က ပြောကြားခဲ့သည်။ ကီးဘုတ်များ၊ တယ်လီဖုန်းများနှင့် အနည်းဆုံးအားဖြင့် ပါးစပ်ကိုတောင် သုံးစရာမလိုအပ်ဘဲ ပြောဆိုဆက်သွယ်နိုင်မည့် နည်းလမ်းသစ်တစ်မျိုးနှင့် အင်တာနက်၏ အနာဂတ်ဖြစ်လာလိမ့်မည်ဟု တချို့က ဤနည်းပညာကို အမွမ်းတင်ခဲ့ကြသည်။ သို့သော်လည်း စံချိန်မီ ဘရော့ဘန်း ကော်နက်ရှင် (Broadband Connection) ကတော့ အရေးတကြီး လိုအပ်နေဦးမည်သာ ဖြစ်သည်။
အဆိုပါ အသံမဲ့ပြီး အတွေးများဖြင့်သာပြည့်လွှမ်းနေသည့် အနာဂတ်ကမ္ဘာမှာ ခရီးရှည်ကြီးတစ်ခုအဖြစ်သာ ရှိသေးကြောင်းကိုမူ ဒေါက်တာ ဂျိမ်းစ်က ၀န်ခံသည်။ ယခုလောလောဆယ်အခြေအနေတွင် သုညနှင့် တစ်ဂဏန်းများပါသည့် ကိန်းစဉ်တန်းများဖြစ်သည့် ဘိုင်နရီဒစ်ဂျစ် (Binary Digits) ကိန်းတန်းများကိုသာ ဦးနှောက်များအကြား ပို့လွှတ်နိုင်သေးသည်။
“ဦးနှောက်ကွန်ပြူတာ မျက်နှာချင်းဆိုင်ခြင်း” (Brain-Computer Interfacing) ဟုခေါ်သည့် ဦးနှောက်၏ အချက်ပြမှုများကို ကွန်ပြူတာမှ စိစစ်သုံးသပ်နိုင်သည့် အခိုင်အမာတည်ဆောက်ထားသည့် နည်းပညာတစ်ခုကို အဆိုပါ သိပ္ပံပညာရှင်များက အသုံးပြုကြသည်။ ဒေါက်တာ ဂျိမ်းစ်က သူ၏ ဆန်းသစ်တီထွင်မှုမှာ အဆိုပါ အချက်ပြထုတ်လွှင့်မှုများကို လူတစ်ယောက်ဆီမှ အခြားလူတစ်ယောက်ဆီသို့ အင်တာနက်မှတစ်ဆင့် ထုတ်လွှင့်ခြင်းပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အချက်ပြထုတ်လွှင့်စဉ်အတွင်း လူတစ်ယောက်ကို ဦးနှောက်၏ တစ်ခုသောအစိတ်အပိုင်းမှ လှုပ်ရှားမှုကို တိုင်းတာသည့် အီလက်ထရုဒ် (Electrodes) နှင့် ချိတ်ဆက်ထားသည်။ ပထမလူက သုညနှင့်တစ် ကိန်းစဉ်တန်းများကို ဘယ်ဘက်လက်လှုပ်ရှားလျှင် သုညဟုတွေး၍ ညာဘက်လက်ကို တစ်ဟုတွေးပြီး စိတ်ကူးပြီး ထုတ်လွှတ်သည်။
ကွန်ပြူတာက သိမှတ်လက်ခံနိုင်သည့် ဘိုင်နရီအတွေးများသည် ပထမဆုံးအကြောင်းအရာ ဖြစ်သည်။ ဤသည်တို့ကို ဒုတိယလူ၏ ကွန်ပြူတာသို့ အင်တာနက်မှတစ်ဆင့် ပို့လွှတ်သည်။ ထို့နောက် မီးချောင်းတစ်ချောင်းမှ သုညနှင့် တစ်အတွက် ကွဲပြားသော ကြိမ်နှုန်းဖြင့် လင်းလက်စေသည်။ (မော့စ်ကုတ် သဘောမျိုးဖြစ်သည်) ဒုတိယလူ၏ ဦးနှောက်အချက်ပြမှုများကို ထိုမီးချောင်း စတင်သည်နှင့်တစ်ပြိုင်နက် စိစစ်အဖြေထုတ်လေသည်။ ကိန်းဂဏန်းအစဉ်မှာ ကွန်ပြူတာမှ ကောက်ယူရရှိသည့် အတိုင်း ဖြစ်လေသည်။
ဤနည်းအားဖြင့် ပို့လွှတ်ရာတွင် ကိန်းဂဏန်းလေးခုလျှင် စက္ကန့် (၃၀) မျှ အချိန်ယူရသည်။ နောက်တစ်ဆင့်မှာ အဆိုပါစနစ်ကို ပိုမိုမြန်ဆန်ရန်နှင့် ရှင်းလင်းအောင်လုပ်ရန်ဖြစ်သည်သည်ဟု ဒေါက်တာဂျိမ်းစ်က ဆိုသည်။
ဒါဟာ “တယ်လီပသီ” (Telepathy) မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ဦးခေါင်းဆီက ထွက်ပေါ်လာတဲ့ သိမြင်နိုင်တဲ့ “အတွေး” နဲ့ အခြားလူတစ်ယောက်ဆီမှာ သွားပေါ်နေတဲ့ အတွေးတွေ မရှိပါဘူး” ဟု သူက ပြောကြားသည်။ ကျွန်တော်တို့ သိမြင်နိုင်တဲ့ “အတွေး” ဆိုတာမျိုး အပြင်မှာ တကယ်တမ်းအားဖြင့် ရှိမနေဘူးလို့ သူက ဆိုလိုခြင်း ဖြစ်သည်။
နောက်ထပ် စမ်းသပ်လေ့လာချက်ကတော့ ဒုတိယလူက သူ့ဆီကို ပို့လွှတ်တဲ့ သတင်းအချက်အလက်ကို သတိပြုမိဖို့ လုပ်ဆောင်ရတာပါ။ ဒီအတွက် “အတွေး ဦးထုပ်” (Thinking Cap) ကို ဖွင့်ထားဖို့လိုပါတယ်။ ဒါမှသာ စကားပြောနိုင်မှာ ဖြစ်ပါတယ်။
သူ၏ သုတေသနမှာ အခြားလူများ၏ အကူအညီမပါဘဲ မိမိဘာသာ အတွေးသတင်းအချက်အလက်များ ပို့လွှတ်နိုင်သည့် စနစ်တစ်ခုကို ဖန်တီးရန် တစ်ချိန်တွင် ဖြစ်နိုင်လိမ့်မည်ဟု သက်သေပြနိုင်ကြောင်း ဒေါက်တာ ဂျိမ်းစ်က ဆိုသည်။ ဤအတွက် ဦးခေါင်းခွံထဲတွင် အီလက်ထရုဒ် (Electrodes) များ တပ်ဆင်ထားရန် လိုကောင်းလိုလိမ့်မည်ဖြစ်ပြီး ဦးနှောက်ထဲတွင် ထည့်ထားရန်ပင် လိုအပ်နိုင်ပေသည်။ ဤကိစ္စအတွက် ကျင့်ဝတ် ဆိုင်ရာပြဿနာ အများအပြားလည်း ပေါ်ထွက်လာလိမ့်မည်ဖြစ်ကြောင်း သူက ၀န်ခံသည်။
လူတစ်ယောက်၏ ဦးနှောက်အတွင်းသို့ မည်ရွေ့မည်မျှ နက်ရှိုင်းသည်အထိ သင်ဝင်ရောက်နိုင်ပါလဲ။ ရေရှည်အတွက် ကောင်းကျိုးဆိုးပြစ်တွေကရော ဘာတွေများဖြစ်မည်လဲ။ ဤကိစ္စသည် မူအရ ဖြစ်နိုင်နေပြီ ဖြစ်သည်။ သို့သော် အဦးဆုံး ဆင်ခြင်စဉ်းစားစရာ ကိစ္စရပ်အများအပြား ရှိနေပါသည်။
ကျွမ်းကျင်သူများကတော့ ယခုလောလောဆယ် စိုးရိမ်စရာ မလိုသေးပါဟု ပြောဆိုသည်။ “နှစ်ပေါင်း (၃၀) အတွင်း ခင်ဗျားရဲ့ အတွေးသတင်းဟာ ခင်ဗျားမိန်းမရဲ့ မိုဘိုင်းဖုန်းထဲမှာ ပေါ်နေနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီအတွေးက ခင်ဗျားမိန်းမဟုတ်ဘဲ တခြားတစ်ယောက်ရဲ့ စိတ်ထဲမှာ သွားပေါ်နေခဲ့ရင်ရော ဘယ်လိုလုပ်မလဲ။ သိပ်တော့ မကောင်းလှသေးဘူး ထင်ပါတယ်” ဟု အဆင့်မြင့် ကွန်ပြူတာနှင့် သတင်းဆက်သွယ်မှု လမ်းကြောင်းကို စောင့်ကြည့်လေ့လာသူ အနာဂတ္တိပညာရှင် ဒေါက်တာ အီယန် ပီယာဆန် (Dr Ian Pearson) က ပြောကြားခဲ့သည်။
◄ တေဇာ ► အောက်တိုဘာ (၁၇) ၂၀၀၉
Source: TIMES

Comments
Post a Comment