အစဉ်အမြဲ ဒီအခန်းထဲမှာပါပဲ။ နာရီလက်တံ ပြောင်းပြန်အတိုင်းလည်နေတဲ့ မျက်နှာကြက် ပန်ကာဆီက တ၀ီဝီအသံနဲ့ သီချင်းသံ တိုးတိုးဆိတ်ဆိတ်…။ ခါတိုင်းညများလိုပဲ ဒီညမှာလည်း မှောင်နေတယ်။ Tobacco ပါတဲ့ ရယ်ဒီမိတ်ကွမ်းယာကို ပါးစပ်ထဲအမြဲ ငုံထားတတ်သူက သူ့မှာ စွဲလန်းခြင်းတွေ ကင်းခဲ့ပြီဖြစ်ကြောင်း သက်သေပြဖို့ ကြိုးစားချင် နေတယ်။ သူဟာ အချစ်ဆိုတဲ့အရာကို မြေမြှုပ် သဂြုင်္ိဟ်ပြီး ဖြစ်ကြောင်း သူ့ကိုယ်သူ စက္ကန့်မလပ် သတိပေးနေတယ်။ ဒါကြောင့်ပဲ အချစ်ဆိုတဲ့အရာသာ သူ့ခေါင်းထဲမှာ အခါမလပ် ကြီးစိုးနေရတယ်။ အချစ်ကို မေ့ပြစ်လိုက်ပြီလို့ တွေးနေရခြင်းကိုယ်နှိုက်က အချစ်ရဲ့ လေးနက်မှုကို တစ်ဖက်လှည့်ပြန်ညွှန်းနေပြန်တယ်။ တကယ်သာ မေ့သွားခဲ့ပြီဆိုရင် မေ့ပစ်လိုက်ပြီလို့ သတိပေးနေစရာ ဘယ်လိုမှာလဲ။ ခက်တာက သည်အချက်ကို မသိမမြင်ဘဲ ဇွတ်တိုးနေရင်လည်းကောင်းသား။ သူ့ကိုယ်သူ လှည့်စားခြင်း အလုပ်မှာ သူဟာ အမြဲတမ်း ရှုံးနိမ့်ခဲ့သူဖြစ်တယ်။ သူကိုယ်တိုင်ဟာ သူ့ထက်ပိုလည်နေတယ်။ သူ့ကိုယ်သူ တစ်ပတ်ရိုက်လို့မရဘူး။ ဒီထက်ပိုခက်တာက သူကိုယ်တိုင်ဟာ သူ့ထက်ပိုလည်တယ်ဆိုတဲ့အချက်ကိုလည်း သူက ပြန်သိမြင်နိုင် လောက်အောင် ပါးနပ်နေပြန်တယ်။ ဒီတော့ သူ့ဆီမှာ နာကျင်မှုဝေဒနာ ဖြစ်ပေါ်လာတယ်။ အဲဒီလို အပ်ကွက်ဖြစ်နေတဲ့ စက်ဝန်းထဲက ညစဉ်ညတိုင်း သူရုန်းမထွက်နိုင်ခဲ့ဘူး။
သူက သူ့ရဲ့ ဧကစာကျင့်စဉ်ကို တစ်ကမ္ဘာလုံးကြားအောင် လှည့်လည်ပြောပြချင်တယ်။ သူ့ရဲ့ တကိုယ်တော်ခရီးကို အပေါင်းအသင်းများကို လေ့လာဖို့ ဖိတ်ခေါ်ချင်တယ်။ သူဟာ လောကဓံကို ကဗျာဆန်ဆန် တုန့်ပြန်ခဲ့ကြောင်း သူ့ကဗျာထဲမှာ ထည့်ရေးပြချင်တယ်။ ဒါပေမဲ့ သူက ကဗျာကို တစ်စက်စက်မှင်စို ဖောင်တိန်လေးနဲ့ ရေးနေတာတော့မဟုတ်ဘူး။ နံရံပေါ်မှာ မောင်းချဓားနဲ့ ထွင်းပြီးရေးနေခြင်းသာ ဖြစ်တယ်။ သူ့ရဲ့ ကဗျာဆန်ဆန်တုန့်ပြန်မှုအကြောင်းရေးထားတဲ့ ကဗျာဟာ မသေမသပ် ဓားထွင်းရာတွေသာ ဖြစ်တယ်။ Graffiti ဆန်ဆန် အကျင့်ပျက်မှုတစ်ခုသာ ဖြစ်တယ်။ သူက လောကဓံနဲ့ လက်ရည်တူပြိုင်ဘက်တစ်ယောက် ဖြစ်တယ်လို့ ပရိသတ်ထင်မှတ်လာအောင် နာကျင်မှုကို ဖုံးကွယ်ထားခဲ့တယ်။ ဒါကြောင့်ပဲ သူ့ရဲ့ နာကျင်မှုပမာဏဟာ ရှိသင့်တာထက် ပိုမို လေးနက်စူးရှလာခဲ့ရတယ်။ တကယ်တော့လည်း ပရိသတ်တွေဟာ သူနဲ့ လောကဓံရဲ့ ပ၀ါမကူရေမရှူ စိန်ခေါ်ပွဲကို လာကြည့်ကြသူတွေမှ မဟုတ်တာ။ သူတို့အားလုံးလည်း ကဗျာဆရာတွေချည်းပဲ မဟုတ်လား။ အဲဒီလို သဘောပေါက်နားလည်နေရတာဟာ သူ့ကို ပိုပြီး နာကျင်မှုဖြစ်စေတယ်။ သူ အဲလောက် နားလည်မနေချင်ဘူး။ တနည်းအားဖြင့် သူ ဘာမှမသိသေးဘူးဆိုတဲ့ အချက်ကလေးကိုပဲဖြစ်ဖြစ် နားမလည်ခဲ့ဘူးဆိုရင် သူ့အတွက် အများကြီးနေသာထိုင်သာ ရှိခဲ့လိမ့်မယ်။ သူ့ကိုနားမလည်တဲ့ စိတ္တဇနာမ်တွေကို၊ ပြီးတော့ သူကိုယ်တိုင်ကို သူကချည်းပဲ နားလည်ပေးနေတာဟာ ဘာကြောင့်လဲ သူနားမလည်နိုင်တော့ဘူး။
သူက အသုဘယပ်တောင်ပေါ်က ၀င်လာတော့လည်း တစ်ယောက်ထဲ၊ ပြန်သွားတော့လည်း အဖော်မပါ ဆိုတဲ့ စာသားကို ဖတ်နေမိတယ်။ အမှန်တော့ ခုလို ပူနေအိုက်နေချိန်မှာ အများသူငါလို အဲဒီယပ်တောင်နဲ့ ယပ်ခပ်နေခဲ့ရင် သူအေးချမ်းမှာပဲ။ ခုတော့ သူက တစ်ယောက်ထဲထိုင်ပြီး အထီးကျန်ခြင်းအကြောင်း တွေးနေမိတယ်။ အထီးကျန်ခြင်းရဲ့အရသာကို တစ်ယောက်ယောက်နဲ့ ဝေမျှခံစားလို့ရရင် ကောင်းမယ်လို့လည်း အတွေးခေါင်လိုက်သေးတယ်။ အဖျားတစ်ဘက်မှာ မီးစွဲနေတဲ့ အုန်းဆံကြိုးတစ်ပင်လို သူ့ဘ၀ဟာ တဖြည်းဖြည်း တိုတိုလာတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သူဘာမျှ တတ်နိုင်မှာမဟုတ်ဘူး။ ခက်နေတာက အဲဒီအုန်းဆံကြိုးက သုံးလွန်တင်မှကြိုးဆိုပြီး ကြိုးလောကမှာ ကဗျည်းတင်နိုင်ဖို့ ကြိုးစားချင်နေတာပဲ။ ဒါပေမဲ့ အုန်းဆံကြိုးဖြစ်ဖြစ်၊ အပ်ချည်ကြိုးဖြစ်ဖြစ်၊ နိုင်လွန်ကြိုးဖြစ်ဖြစ် ကြိုးတစ်ချောင်းအဖြစ်ထက် ပိုနိုင်မှာမဟုတ်ဘူး။ ဒီတော့ အဲဒီကြိုးရဲ့စိတ်ထဲမှာ မှန်စာလို ဒေါသတရားတွေ ၀င်ဝင်လာတော့တယ်။ သူ့ရဲ့ကိုယ်ခန္ဓာကို မီးလောင်ကျွမ်းခဲ့တာ သုံးပုံတစ်ပုံလောက်အရောက်မှ သူဟာ မီးလောင်နေကြောင်း သတိထားမိတော့တယ်။ သူဟာ ကြိုးကြိုးစားစား ကြိုးတစ်ချောင်းမဖြစ်မှာ ကြောင့်ကျနေတဲ့ ကြိုးတစ်ချောင်းပဲ။ ဒီထက် ဘာမှမပိုခဲ့ဘူး။
မျက်နှာကြက်က ပန်ကာလည်သံဟာ ပိုပြီး ဆူညံလာတယ်လို့ သူက ဆက်ရေးလိုက်တယ်။ ပြီးတော့မှ ပြန်ဖျက် လိုက်တယ်။ တကယ်က ပန်ကာသံက ပိုပြီး ကျယ်လာတာမဟုတ်ဘဲ သူ့အာရုံကသာ ပိုပြီးထက်မြက်လာတာကိုး။ သူကသာ ပိုပြီး နားစိုက်ထောင်လိုက်မိတာကိုး။ အဲဒီလို ဖျပ်ခနဲသတိတွေကြောင့် သူဟာ အနုပညာမြောက်တဲ့ (အနုပညာမြောက်တယ်လို့ လူတွေ သတ်မှတ်ကြတဲ့) အရာရာတစ်ခုခု ဘယ်တုန်းကမျှ မဖန်တီးနိုင်ခဲ့ဘူး။ အဲဒီလို ဆက်တွေးမိတော့ သူဝမ်းနည်းလာတယ်။ ၀မ်းနည်းလာတယ်ဆိုတဲ့ ၀ါကျကိုလည်း သူက ထပ်ဖျက်လိုက်ရပြန်တယ်။ တကယ်တော့ သူ့ရဲ့ ဉာဏ်ပညာထက်မြက်မှုကြောင့် သူရဲ့ အနုပညာမြောက်လက်ရာတွေကို အတားအဆီးဖြစ်စေခဲ့ပြီး ၀မ်းနည်းနေရပါတယ်လို့ သူက လူတွေကို လှည့်စားချင်သေးတာကိုး။ သူကိုယ်တိုင်က ဒီအချက်ကို ရိပ်မိနေပြန်တော့ သူ့စာကို ဖျက်ပစ်လိုက်တယ်။ သူဟာ တကယ်တော့ ချောင်ပိတ်မိနေတဲ့ ခွေးပဲလို့ သူကိုယ်တိုင်က မခိုးမခန့်ပြောလိုက်တယ်။ သူဒေါသထွက်လာတယ်။ သူ့ဝမ်းနည်းမှုဟာ ဒေါသအဖြစ် အရောင်ပြောင်းသွားတယ်။ သူ့ကိုယ်သူ အလွန်အကျွံ မုန်းတီးလာမိတယ်။ သူဟာ သူ့ကိုယ်သူ ဘယ်တော့မှ အနိုင်မယူနိုင်ခဲ့ဘူး။ သူကိုယ်တိုင်ရဲ့ စော်ကားမှုကို သူ အကြိမ်ကြိမ်ခံခဲ့ရတယ်။ မီးဟာ အုန်းဆံကြိုးရဲ့ အဆုံးထိ အကုန်လောင်ကျွမ်းမသွားသေးခင် တစ်ချိန်ချိန်မှာ သူကိုယ်တိုင်ကို သူ သတ်ပစ်နိုင်ကောင်းပါရဲ့။
သူကိုင်တိုင်က မခိုးမခန့်ပြုံးပြီး Suicidal Attempt အကြောင်း ဒီထက်ပိုဖတ်ထားသင့်တယ်လို့ ပြောပြန်တယ်။ ဒီအချိန်မှာတော့ အလွန်အမင်း စိတ်ပျက်အားငယ်စွာ လက်လျှော့လိုက်ရတော့တယ်။ သူ့ကိုယ်သူ သတ်ပစ်ချင် လောက်အောင် မုန်းတီးနေမှန်း သူကိုယ်တိုင်က သိတယ်။ ဒါပေမဲ့ သူက ခိုင်မာတဲ့အကြောင်းပြချက်တစ်ခုခုကို ခုတုံးလုပ်ချင်တယ်။ ခိုင်မာတဲ့ ဆင်ခြေစနစ်တွေနဲ့ အဆုံးစီရင်မှုကို တည်ဆောက်ချင်တယ်။ ဒါပေမဲ့ သူကိုယ်တိုင်က သူ့ရဲ့ဆင်ခြေစနစ်တွေကို အလွယ်တကူ ရိုက်ချိုးဖျက်ဆီးပစ်တယ်။ သူကိုယ်တိုင်ကို သူသတ်ပစ်ဖို့ အကြောင်းပြချက်မရှိတော့ဘူး။ သူ့ရန်သူကို သူ ဇာတ်မသိမ်းပစ်နိုင်တော့ဘူး။ သူကိုယ်တိုင် သေဆုံးမယ့်အချိန်ကိုပဲ စောင့်ရတော့မယ်။ ဒါပေမဲ့ သူကိုယ်တိုင်သေဆုံးမယ့်အချိန်မှာ သူလည်း အသက်ရှင်လျက်ရှိနေတော့မှာမဟုတ်ဘူး။
သူက တစ်စုံတစ်ခုကို ရေးမှတ်နေတယ်။ အုန်းဆံကြိုးတစ်ချောင်း မီးစွဲလောင်နေတဲ့အချိန်မှာ မျက်နှာကြက်ပေါ်က ပန်ကာဟာ နာရီလက်တံပြောင်းပြန်အတိုင်း အ၀ီဝီလည်ပတ်နေတယ်။ သူ့ကိုယ်သူ မခိုးမခန့် ပြုံးကြည့်လိုက်တယ်။ ခါတိုင်းညများလိုပဲ ဒီညဟာလည်း နောက်ဆုံးမှာတော့ တဖြည်းဖြည်း တိမ်ကောလာတယ်။ အဲဒီလို တစ်ကိုယ်တော် ညပေါင်းများစွာထဲမှာ သုံးလွန်းတင်ချင်တဲ့ ကြိုးတစ်ချောင်းဟာ မီးစွဲလောင်နေခဲ့တယ် ဆိုတာ ဘယ်သူမှ သိလိမ့်မှာမဟုတ်ကြောင်း သူကိုယ်တိုင်က သူ့ကိုဆရာကြီးလုပ် ရှင်းပြနေသေးတယ်။ နောက်ဆုံးတော့ အထီးကျန်နေတဲ့ သူကိုယ်တိုင်နဲ့ သူဟာ တစ်ပြိုင်နက် မခိုးမခန့်အပြုံးချင်း ဆုံမိသွားကြတော့တယ်။
တေဇာ (လရောင်လမ်း)
အောက်တိုဘာ၊ ၂၀၀၉

မခိုးမခန့် ပြုံးပြရင်း...သူ့အပြုံးထဲမှာ မကြာခင် မိုးလင်းတော့မှာပါကွာလို့...
ReplyDeleteတီးတိုးပြောလိုက်မိလေသလား...