ဒီနေ့ ဒေ၀ါလီနေ့ဟု သိရသည်။ ခါတိုင်း တိတ်ဆိတ်နေကျ ညများသည် ခုတော့ ပြောင်းပြန်ပြန်ဖြစ်ခဲ့ပြီ။ မိုးခြိမ်းသံလို တ၀ုန်းဝုန်း မီးပန်းများမှ ပေါက်ကွဲသံ၊ စက်သေနတ်ပစ်သလို တရစပ် ရှူးဒိုင်းများ၏ အသံတို့ဖြင့် ရှေ့တန်း စစ်မျက်နှာ တစ်နေရာကို ရောက်နေရသည့် အလား…။ အဘိုးကြီး အဘွားကြီးများ ကတော့ ဆီမီးထွန်းကြသည်။ အုတ်ခုံတန်းများပေါ်တွင် ဖယောင်းတိုင် မီးလေးများ မြင်ရသဖြင့် မြန်မာသတင်းကျွတ် မီးထွန်းပွဲတော်ကို အမှတ်ရ မိလိုက်သည်။
ဆင်နွဲသည့်ပုံစံက ဆင်တူယိုးမှားဖြစ်သော်လည်း အခြေခံအယူအဆချင်းက ကွာခြားသည်။ မြတ်စွာဘုရားရှင် တာဝတိံသာမှ ဆင်းသက်တာလား၊ ရာမမင်းသား၏ အောင်ပွဲခံအယုဒ္ဓယပြန် ဇာတ်လမ်းလား… အမှန်ကို ခွဲခြားမရ။ တစ်ခုမှန်ရင်တော့ တစ်ခုက မှားနေမှာပဲ။ ဒါပေမဲ့ ဟိန္ဒူကတော့ အတော်လေးစောနေတယ်ဟု အဖေက ရှင်းပြ နေသေးသည်။ ဘယ်ဟာအမှန်လည်း အဖြေမရှာချင်သလို အဖြေရှာစရာ ကိစ္စတစ်ခုလည်း ဟုတ်မည်မထင်ပါ။ အဓိကက မီးရှူးမီးပန်း ကိုယ့်ကို လာမမှန်အောင် သတိထား ရှောင်တိမ်းနိုင်ဖို့ပဲ ဖြစ်သည်။
တကယ်တော့ မီးရှူးမီးပန်းများက မိုးပေါ်ထောင်ဖောက်နေခြင်းသာ ဖြစ်သည်။ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို Phobia ရှိသော အဖေက တစ်လမ်းကျော်သို့ ညစာအဖြစ် Chicken Choungmein သွားစားရသည်ကို မဟာစွန့်စားခန်းကြီးတစ်ရပ်သဖွယ် ကျော်ဖြတ်နေသည်။ သူသည် တစ်ချိန်က သာယာဝတီထောင်တွင် ထန်းလျက်ဗူးကို ဗုံးလုပ်ပြီး ဖောက်ခဲ့ဖူးသည့် Chemical Engineer တစ်ယောက်ဖြစ်သည် ဟူသောအတွေး ၀င်ရောက်လာချိန်တွင် အလိုလို ပြုံးမိလျက်သားဖြစ်သွားသည်။ တကယ်တော့ အဖေသည် Psychological Engineer တစ်ယောက်သာ ဖြစ်ပေမည်။ ထို ထန်းလျက်ဗုံးပေါက်ကွဲမှုအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာမရခဲ့သော်လည်း ထောင်အာဏာပိုင်များ ထိတ်လန့်တကြား ဖြစ်ခဲ့ရသည်ကတော့ သေချာသည်။ သူလည်း Psychological Terrorism အတွက် တိုက်ထဲသို့သာ မြန်းခဲ့ရ ပြန်လေသည်။ ခုတော့ သူက ကောင်းကင်တွင် သူ့အလိုလိုပေါက်နေသည့် မီးပန်းများကို သတိကြီးစွာဖြင့် လိုက်ကြည့်နေသည်။
ဒီနေ့ ကံဆိုးပါသည်။ စားနေကျ လမ်းဘေးခေါက်ဆွဲ ဆိုင်ကလေးက ပိတ်ထားသည်။ သရက်သီး ဖျော်ရည်ကလေးသောက်၊ အာလူးကြော်အထုပ်ကြီး တစ်ယောက်တစ်ထုပ်ဆီ ၀ယ်ပြီး ပြန်လာရသည်။ ထုံးစံအတိုင်း ကွန်ပြူတာများနှင့်ပြည့်နေသည့် အခန်းတစ်ခန်း၊ စာကြည့်တိုက်အသေးစားလေးတစ်ခုနှင့် ညအသစ်တစ်ခုသာ သူ့ကို စောင့်ကြိုနေပါသည်။
အရင်ဦးဆုံး HBO ကို ဖွင့်လိုက်သည်။ သူကြိုက်သည့် ခပ်မဲမဲမင်းသားတစ်ယောက်၏ ရုပ်ရှင် လာနေသည်။ ၀ီလ်စမစ်က နယူးယောက်မြို့တွင် လူသားဟူ၍ သူတစ်ယောက်တည်း ကျန်တော့သဖြင့် ကျွန်တော် ဒဏ္ဍာရီဖြစ်သည် (I’m Legend) ဟု ကြွေးကျော်နေသည်။ တစ်ကိုယ်တည်းသာ ကျန်တော့သည့် လူတစ်ယောက်၏ အထီးကျန်စိတ္တဇဖြစ်စဉ်မှတစ်ပါး ကျန်သည့် Video Effects များသည် စိတ်ဝင်စားစရာ မရှိပါ။ သူကတော့ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး ဆယ်မြို့ထဲတွင်ပါဝင်သည့် မြို့ကြီးတစ်မြို့တွင် တစ်ကိုယ်တည်း အထီးကျန်နေသည် မဟုတ်လား။ ရုပ်ရှင်ထဲကလို သမင်များ၊ ကျားများနှင့် မိစ္ဆာများ ရှိမနေသော်လည်း သူသည်လည်း လူတွေကြားတွင်ပင် တစ်ကိုယ်ထီး ရပ်တည်နေရသူသာ ဖြစ်လေသည်။
ညဥ့်က တစ်စစ နက်လာသည်။ မီးရှူးမီးပန်းတို့၏ ပေါက်ကွဲသံက မရပ်နားသေး။ အဆက်မပြတ် တရစပ် ဆူညံနေဆဲပင်။ ယမ်းပေါက်ကွဲသံက သေနတ်သံနှင့်မခြား ကျယ်လောင်ပြင်းထန်သည်။ ဤသို့သော မီးပန်းများ မြန်မာနိုင်ငံတွင် ဖောက်ကြည့်လျှင် မည်သို့ ဖြစ်မည်လဲ တွေးမိလိုက်သေးသည်။ သွားကြားထိုးတံလောက် ဗြောက်အိုးကလေး ဖောက်ရန်အတွက်ပင် အကြမ်းဖက်သမားတစ်ဦးသဖွယ် စွန့်စားနေရသည့် အရပ်မှာ သိပ်မနိပ်လှဟု သူက ဗြောင်ကျကျ တွေးလိုက်သည်။ လွမ်းစရာရှိလျှင် နာစရာနှင့်ဖြေဆိုသည့် သူသုံးခဲလှသည့် မြန်မာအဆိုတစ်ခုကို ကြံကြံဖန်ဖန် သတိရလိုက်သေးသည်။ မြန်မာပြည်ကို လွှမ်းချင်ချင်ဖြစ်နေလျှင် “သူရူးများနှင့် ဝေးရာ” (Far From the Madding Crowd) ဟူသည့် ဂန္ဓ၀င်ဝတ္ထုကို ကိုယ်တိုင်မဖတ်ဖူးပါဘဲနှင့် လိုသလိုဆွဲပြီး သူက စိတ်ဖြေလေ့ရှိသည်။ သူ့နည်းသူ့ဟန်ဖြင့် ဟန်တော့ ကျနေသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် “ဦးသန့်” ၏ နာမည်ကို ကင်ပွန်းတပ်ထားသော အဆိုပါ စာကြည့်တိုက် ပိစိကွေးကလေးကို သူ အခု နည်းနည်း အမြင်ကပ်နေမိသည်။ မြန်မာမဂ္ဂဇင်းအဟောင်း အနည်းငယ်နှင့် အများစုမှာ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော စာအုပ်များသာဖြစ်သည်။ အင်္ဂလိပ်စာအုပ်များကို ကောက်ကိုင်လိုက်၊ ဖတ်မရလိုက်နှင့် ချွေးပြန်နေရသည်။ ကြာတော့ စိတ်ဓာတ်ပါ ကျလာသည်။
ဤသို့လျှင် ကိုယ့်အဆင့်ကို ကိုယ်နားလည်ရခြင်းသည် အမှန်ပင် ခါးသီးပါသည်။ တကယ်တော့ မြန်မာစကားတွင် သုံးနှုန်းလေ့ရှိသည့် “နွားခြေရာခွက်ထဲက ဖားကလေး” ဟူသည် ခပ်နှိမ်နှိမ်အသုံးအနှုန်း ဖြစ်သည့်တိုင် ဖားကလေးကတော့ ပျော်ရွှင်အေးချမ်းနေမည်သာ ဖြစ်သည်။ ခုတော့ ပင်လယ်ထဲရောက်သည့် ဖားငယ်ပမာ သူက နှစ်ချို့ပင်လယ်လိပ်ကြီးတွေကို ကြောက်ရ၊ ဝေလငါးတွေ ငါးမန်းတွေကိုကြည့်ပြီး စိတ်ဓာတ်ကျရနှင့် သိပ်သက်တောင့်သက်သာမရှိလှ။ ရေပြင်ကျယ်တွင်ပင် ကိုယ့်အသက်ကိုယ် တတ်နိုင်သမျှ ရှင်အောင် မွေးရပေတော့မည်။ ငယ်စဉ်ဘ၀ ရွာမှာနေစဉ်က သံပြိုင်ပျော်မြူးအော်ဟစ်နေသည့် မိုးဦးကျဖားတို့၏ အသံကို သတိရလိုက်မိသည်။ ခုတော့ ထိုစာကြည့်တိုက် ပိစိကွေးကို သူက သတိကြီးစွာထားပြီး ဆက်ဆံသည်။ သူ့ကို စိတ်ညစ်အောင် လုပ်သည့်သူများကို သူက ရင်းရင်းနှီးနှီးမပေါင်းသင်းနိုင်ဟု သန္နိဌာန်ချထားသည်။
◄ တေဇာ ► အောက်တိုဘာ (၁၈) ၂၀၀၉

Comments
Post a Comment