Skip to main content

“အတုအပ သတိပြု ...”

အီဂျစ်ကျောင်းသားခေါင်းဆောင်များက တိုင်းပြည်အတွင်းသို့ “အပျိုစင် အတုလုပ် ကိရိယာများ” (Virginity-Faking Device) တင်သွင်းခြင်းကြောင့် ဖမ်းဆီးရမိသူများကို သေဒဏ်အပြစ်ပေး သင့်သည်ဟု တောင်းဆိုလိုက်ကြသည်။

ဘာယောမိ (Abdul Mouti Bayoumi) ဆိုသူက အဆိုပါပစ္စည်းများ ပံ့ပိုးခြင်းသည် လူ့အဖွဲ့အစည်း၏ လူမှုရေးချိုးဖောက်မှုများကို ပြန့်ပွားစေခြင်းနှင့် အတူတူပင်ဖြစ်ပြီး အစ်စလာမစ် ရှာရီယာဥပဒေ (Islamic Sharia Law) အရ ရာဇ၀တ်မှုတစ်ခုအဖြစ် သေဒဏ်အပြစ်ပေးနိုင်ကြောင်း ပြောဆိုသည်။

အဆိုပါကိရိယာသည် သွေးရည်အတု ထုတ်လွှတ်ပေးပြီး အမျိုးသမီးများကို မင်္ဂလာဦးညတွင် အပျိုစင်စစ်စစ် ဖြစ်ကြောင်း ဟန်ဆောင်ရန် အကူအညီပေးနိုင်သည်။

ရှေးရိုးစွဲအာရပ်လူ့အဖွဲ့အစည်းများတွင် အိမ်ထောင်ရေးမတိုင်မီ လိင်ကိစ္စနှင့်ပတ်သက်၍ ပြင်းထန်သော အယူအဆ ရှိကြသည်။

ထိုပစ္စည်းမှာ အမှေးပါးခွဲစိတ်ပြုပြင်မှုထက် (Hymen Repair Surgery) ပိုမိုရှင်းလင်းလွယ်ကူပြီး ဈေးသက်သာသော အခြားနည်းလမ်းတစ်ခု ဖြစ်လာနေသည်။ အရှေ့အလယ်ပိုင်းရှိ အချို့သောဆေးခန်းများတွင် အဆိုပါခွဲစိတ်မှုကို လျှို့ဝှက်စွာ ပြုလုပ်ပေး နေခြင်းများ ရှိသည်။

၎င်းကို တရုတ်ပြည်မှ ထုတ်လုပ်ခြင်းဖြစ်ပြီး အာရပ်ကမ္ဘာ၏အခြားဒေသများတွင်လည်း ၀ယ်ယူရရှိနိုင်ပြီ ဖြစ်သည်။

ဆီးရီးယားနိုင်ငံ၌ တစ်ခုလျှင် ၁၅ ဒေါ်လာဖြင့် ၀ယ်ယူနိုင်ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

သြဇာကြီးမားသည့် နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်သော al-Azhar University ကျောင်းသား၊ ပရော်ဖက်ဆာ ဘာယောမိက ၎င်းပစ္စည်းသည် လက်မထပ်ဘဲ လိင်ဆက်ဆံမှုပြုခြင်းအပေါ် လူအများ၏ကြောက်လန့်စိတ်ကို ထိခိုက်စေသည်ဟု ပြောကြားခဲ့သည်။ ဤသည်မှာ အစ်စလာမ်ဘာသာ၏ အဓိကပြစ်မှုကြီးများထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်ဟု သူက ဖော်ညွှန်းခဲ့သည်။

အီဂျစ် ပါလီမန်အဖွဲ့ဝင်များကလည်း အဆိုပါပစ္စည်းများ တင်သွင်းခြင်းကို ပိတ်ပင်ရန် အဆိုပြုခဲ့ကြသည်။

Source: BBC

သတင်းနောက်ဆက်တွဲအတွေး

နည်းပညာနဲ့ ဘာသာရေးယုံကြည်ချက်တို့ရဲ့ တရိပ်ရိပ် ပွတ်တိုက်လာမှုများအကြောင်းဟာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ပုပ်ရဟန်းမင်းကြီးက ကွန်ဒုံကို ကန့်ကွက်သလိုပေါ့။ ပြန်လှန်ငြင်းခုန်မှုများအတွင်းမှာ ပုပ်ကြီးမှန်တယ်။ အေ့စ်ရောဂါကို ယုံကြည်မှု (Faith) နဲ့သာ ကျော်လွှားနိုင်မယ်လို့ ဆင်ခြေကန်မှုများလည်း တွေ့ရှိရပါတယ်။ ဒါပေမဲ့ ဟုတ်ပါ့မလား မောင်ကာလုရဲ့လို့သာ ခပ်ပြုံးပြုံးမေးရုံပဲ ရှိတယ်။ ကလေးဆန်ဆန်ပြော ရရင်တော့ ခင်ဗျားတို့လား နေနိုင်မှာလို့ မေးလိုက်ရုံပဲ။ လူတွေ မနေနိုင်ကြလို့သာ အေ့စ်လည်း ဒီအခြေအနေထိ ကျယ်ပြန့်လာတာပေါ့။ ဒါကိုလည်း လူတွေကို အပြစ်ပြောလို့မရဘူး။ ဒါသဘာဝပဲ၊ ပုံမှန်စိတ်ပဲ။ ဒါတွေကို အစဉ်အလာယုံကြည်မှုတွေနဲ့ ခုခံနေရင် ဘယ်ဟာ ပျက်သုန်းသွားမယ်ဆိုတာ ကြည့်ရမှာပဲ။ ကွန်ဒုံသုံးတယ်ဆိုတာ အေ့စ်ရောဂါအတွက် အများလက်ခံထားပြီးသား လက်တွေ့ကျတဲ့ ကာကွယ်မှုတစ်ခု ဖြစ်ပါတယ်။ အဲ… ဘာသာရေး ဘက်တော်သားတွေကလည်း Bible ကြီးကိုင်ပြီး နင်းကန်ငြင်းနေကြဦးမှာပါပဲ။ ဘာသာရေးနဲ့ နည်းပညာ (၀ါ) သိပ္ပံပညာတို့တိုက်ပွဲမှာ ဘာသာရေးဘက်က တဖြည်းဖြည်းနဲ့ ပြိုကျပျက်စီးလာနေတဲ့ စိတ်ဝင်စားစရာ ဖြစ်စဉ်ကြီးတစ်ရပ်လို့သာ မြင်ပါတယ်။

ဒီသတင်းကိုဖတ်ပြီးတော့ ပြုံးစိစိဖြစ်သွားမိတယ်။ တီထွင်ပါရဂူဖိုးဆိတ်ဖြူက ကျွန်တော်တို့ အရှေ့က ပေါက်ဖော်ကြီး (တရုတ်) ဖြစ်နေလို့ပါ။ ကွန်ဖြူးရှပ်ဝါဒီတွေကတော့ ဒါကို ဘယ်လိုသဘောထားမယ် မသိပေမဲ့ အာရပ်ကမ္ဘာမှာတော့ ပေါက်ဖော်ကြီးလုပ်တာနဲ့ ကသောင်းကနင်းဖြစ်နေပြီ :P တကယ်တော့ သိပ်မကြာလှသေးသော သက္ကရာဇ်များအတွင်းကမှ အပျိုစင်ကိစ္စနဲ့ပတ်သက်ပြီး တန်ဖိုးထားမှုဟာ ယနေ့ခေတ်နဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ အိမ်ထောင်ပြုမယ့်အမျိုးသမီးဟာ အပျိုစင်မဟုတ်မှ တန်ဖိုးမြင့်တဲ့ ခေတ်တစ်ခုကို ဖြတ်သန်းခဲ့တာ သိပ်မကြာလှသေးပါဘူး။ (အတိအကျမပြောနိုင်တာ ခွင့်လွှတ်ပါ) ဒေသအနေနဲ့ကတော့ မြန်မာပြည်လည်းပါမယ်ထင်ပါတယ်။ အရည်းကြီးယဉ်ကျေးမှုကို နမူနာ ကြည့်နိုင်ပါတယ်။ အဲဒီအချိန်တုန်းကတော့ မိန်းမဆိုရင် သားများများမွေးနိုင်မှ၊ အမြုံမဟုတ်မှ တန်ဖိုးရှိတာဆိုပြီး “တန်ဖိုးသတ်မှတ်မှုစံ” ဟာ ယနေ့ခေတ်နဲ့ ကွာပါတယ်။ ဒါတွေဟာ အမှန်အမှားဆုံးဖြတ်ဖို့ ခက်ခဲလှတဲ့ကိစ္စတွေပါ။ သက်ဆိုင်ရာခေတ်ရဲ့ ယဉ်ကျေးမှုစနစ်တစ်ခုက ပြဋ္ဌာန်းထားတဲ့ တန်ဖိုးများအပေါ်မှာသာ ကျွန်တော်တို့ လူသားတွေဟာ လက်ခံကျင့်သုံးကြရတာမဟုတ်လား။ ခုခေတ်မှာတော့ စာရိတ္တဖောက်ပြန်မှု၊ မသန့်စင်မှုပေါ့။ ထားပါတော့။

အထက်ကပြောခဲ့သလို ဘာသာရေးနဲ့ သိပ္ပံပညာနဲ့ ထိပ်တိုက်တွေ့မှုမှာ အစွန်းအရောက်ဆုံး၊ အယူအသည်းဆုံး ဘာသာတရားတွေ ရှေ့ဆုံးက ပြိုကျရမှာပဲ။ ပြောင်းလဲတိုးတက်မှုတွေနဲ့ လိုက်လျောညီထွေမဖြစ်တဲ့ အချက်တွေဟာ တဖြည်းဖြည်းပဲ့ကျပြီး နောက်ဆုံးမှာ လုံးဝသေဆုံးသွားရမှာပဲ။ ဒါပေမဲ့ ဘာသာရေးတွေကို ယုံကြည်မှုဆိုတဲ့အရာကြီးနဲ့ ကျားကန်ထားတော့ လွယ်လွယ်တော့မဟုတ်ဘူးပေါ့။ အမာခံယုံကြည်သူတွေကို သူတို့က ထပ်ခါထပ်ခါမွေးထုတ်ဖို့ အစွမ်းကုန်ကြိုးစားနေကြတော့ အချိန်တိုအတွင်းတော့ ပျောက်ကွယ်သွားဖို့ မဖြစ်နိုင်ပါဘူး။ ဘာပဲပြောပြော လူ့သမိုင်းရဲ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်းနဲ့ လူငယ်ခြေတက် ချန်ပီယံလက်သစ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံပွဲအရှိန်ရနေစ ကာလလေးအတွင်းမှာ လူလာဖြစ်ရတော့လည်း ပွဲကြီးပွဲကောင်းအနေနဲ့ ငေးကြည့်နေရုံပဲ။ ချန်ပီယံအစစ်အမှန်ကိုတော့ အနာဂတ်သမိုင်းက အဖြေပေးသွားပါလိမ့်မယ်။ (မီမှာမဟုတ်တာ သေချာပါတယ်။ :P )

◄ တေဇာ ► အောက်တိုဘာ (၄) ရက် ၂၀၀၉

Comments

  1. စာဖတ်သူOctober 4, 2009 at 5:35 AM

    အသေအချာပေါ့။
    တခြားဘာသာတရားတွေကို ကြည့်မိတဲ့အခါတော့ စိတ်ဝင်စားစရာ ပွဲကြီးပွဲကောင်းတွေပဲ။ ကိုယ်ယုံကြည်ရာ ပြန်ကြည့်ရင်တော့ ကြေကွဲစရာ။

    ဒါပေမယ့် အတုလုပ်ရမယ်ဆို ရှေ့ဆုံးက ပေါက်ဖော်ကြီးတွေအကြောင်းကတော့ ပြုံးစရာ။ =)

    ReplyDelete
  2. အဲဒီအစွန်းရောက်ဟာတွေတော့ ပြောမနေနဲ့.. တကယ်ပါပဲ.. ဒါနဲ့ အဲဒီကိရိယာကြီးကလုပ်ပေးနိုင်တာကလည်း သိပ္ပံနည်းကျ စဉ်းစားကြည့်ရင် တကယ့်အမှန်နည်းလမ်းမှမဟုတ်တာ.. အပျိုစင်စစ်မစစ်က စမ်းသပ်လို့မှမရတာ...

    ဘာသာရေးနဲ့ သိပ္ပံပညာကတော့... တစ်ယောက်တစ်လှည့်ပေါ့.. သိပ္ပံပညာရဲ့ တိုးတက်မှုကို တချို့ဘာသာတွေက လက်မခံနိုင်ပေမဲ့.. ဒီသိပ္ပံပညာတွေ မတိုးတက်ခင်ကတည်းက အဏုမြူတို့၊ ပရမဏုမြူတို့၊ စကြာဝဠာတို့အကြောင်း ဟောပြခဲ့ဖူးတဲ့ ဘာသာတရားရှိနေတာကျတော့ သိပ္ပံပညာက ဦးညွတ်သင့်တာပေါ့....

    ReplyDelete
  3. သက်ဆိုင်ရာခေတ်ရဲ့ ယဉ်ကျေးမှုစနစ်တစ်ခုက ပြဋ္ဌာန်းထားတဲ့ တန်ဖိုးများအပေါ်မှာသာ ကျွန်တော်တို့ လူသားတွေဟာ လက်ခံကျင့်သုံးကြရတာမဟုတ်လား။
    We are fowerer.
    ခုခေတ်မှာတော့ စာရိတ္တဖောက်ပြန်မှု၊ မသန့်စင်မှုပေါ့။ ထားပါတော့။
    I hate corruption.
    Most are familiar with bad habit.
    Most are thinking that is right way for wrong way country.
    That is very very dangerous situation.

    BINO

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ