Skip to main content

♥ ချစ်ခြင်းတရား သရုပ်ခွဲ




♥ ♥ ♥ ...
အကယ်၍ ချစ်ခြင်းတရားတွင်သာ အနက်အဓိပ္ပာယ်တစ်စုံတရာ ရှိခဲ့လျှင်...
အကယ်၍ ချစ်ခြင်းတရားတွင်သာ အနက်အဓိပ္ပာယ်တစ်စုံတရာ မရှိခဲ့လျှင်...
အကယ်၍ ချစ်ခြင်းတရားသည် ရှိခဲ့ (သို့မဟုတ်) မရှိခဲ့လျှင်...
အကယ်၍ ချစ်ခြင်းတရားသည် ဤသို့ဖြစ်ခဲ့လျှင်...
အကယ်၍ ချစ်ခြင်းတရားသည်...
ချစ်ခြင်းတရားသည် အကယ်၍ ..... ခဲ့လျှင် .... ♥ ♥ ♥ !


တစ်စုံတစ်ယောက်က သူ့ကို ချစ်ခြင်းတရား၏အနက်အဓိပ္ပာယ် တစ်စုံတရာကို မေးမြန်းခဲ့ပါလျှင် သူ့အနေဖြင့် အဖြေတစ်ခုခု ပြန်လည်ပေးစွမ်းနိုင်လိမ့်မည်မှာ မသေချာလှ။ အချစ်ကို ကျွန်မအဓိပ္ပာယ်ဖွင့်ဆိုရန် မတတ်စွမ်းပါဟု ရေးသားခဲ့သည့် စာရေးဆရာမလေးကဲ့သို့ အဖြေမဟုတ်သော အဖြေတစ်ခုကိုပင် သူက ပေးနိုင်လိမ့်မည်မထင်။ ချစ်ခြင်းတရား၏ အဓိပ္ပာယ်တစ်ခုခုကို ဖမ်းဆုပ်ရယူရန် ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက် ယင်း၏အနက်အဓိပ္ပာယ်မှာ (သို့မဟုတ်) ချစ်ခြင်းတရားမှာ ကြေမွပျက်စီးနှင့်ပြီးသား ဖြစ်ခဲ့ပြီဟု အဓိပ္ပာယ်ဖွင့်ဆိုရမည်လား သူက စဉ်းစားကြည့်သည်။ ဖတ်ကောင်းအောင်ရေးထားသော (သို့မဟုတ်) ယုံကြည်ရန်လွယ်ကူသော (သို့မဟုတ်) လူပြိန်းကြိုက်ဟု လူပြိန်းများကသတ်မှတ်မည်ဖြစ်သော (သို့မဟုတ်) မြီးကောင်ပေါက်များ ဒိုင်ယာရီထဲ ရေးမှတ်လေ့ရှိကြသော တော်ရိလျော်ရိ အဓိပ္ပာယ်တစ်ခုခု မဖွင့်ဆိုမိစေရန် သူသတိကြီးစွာထားခဲ့ပြီးနောက် သူ၏ ချစ်ခြင်းတရား အဓိပ္ပာယ်သတ်မှတ်ချက်စာတမ်းမှာ မှင်တစ်စက်မျှ ခြေမချရသေးသော ဗလာစာရွက်တစ်ရွက်မျှသာ မူလအခြေအနေအတိုင်း ရှိနေခဲ့သည်။ သို့သော် သူ့ထံတွင် ချစ်ခြင်းတရားနှင့်ပတ်သက်သော တစ်စုံတရာသည် သဘာဝကျစွာပင် တည်ရှိနေခဲ့ပါသည်။

သူက သူမကို ချစ်ခဲ့သည်။ (ချစ်နေဆဲလည်းဖြစ်ပါသည်) “သူက သူမကို ချစ်ခဲ့သည်” ဆိုသော ၀ါကျတွင် အဓိပ္ပာယ်အလုံးစုံ ပြည့်ဝနေပြီးသားပင် ဖြစ်ပါသည်။ သို့သော် “အချစ်”၏ အဓိပ္ပာယ်ကို လူအများက တစ်ယောက်တစ်ပေါက် ဖွင့်ဆိုခဲ့ကြခြင်းကြောင့် သူ၏ ပထမတန်းစား ၀ါကျဖွဲ့ဆိုမှုမှာ သေးသိမ်သွားရသည်ဟု သူခံစားရသည်။ သူက သူမကိုချစ်သည့်အကြောင်းကို “သူက သူမကိုချစ်သည်” ဟူသောဝါကျဖြင့် အပိုအလိုမရှိ အတိအကျဖွဲ့ဆိုနိုင်ခွင့် မရှိတော့ပါ။ သူမအပေါ်ထားရှိသော သူ၏အချစ်သည် “သူမအပေါ်ထားရှိသော သူ၏အချစ်” ဟူသော စကားရပ်တွင် သေးနုပ်ပျောက်ကွယ်သွားနှင့်ခဲ့ပြီဖြစ်သည်။ ဘာသာစကားကို စည်းကမ်းမရှိသုံးစွဲကြသူတချို့ကြောင့် ဘာသာစကား၏ တန်ပြန်ဒဏ်ခတ်ခြင်းခံရသည့် အထဲတွင် သူပါ ရောနှောပါဝင်ခဲ့ရပြီ။ ထို့ကြောင့် သူက သူမကိုချစ်သော်လည်း “သူမကို ချစ်သည်” ဟု မည်သည့်အခါမျှ ပြောလိမ့်မည် မဟုတ်ပါ။ သို့သော် သူ့အနေဖြင့် သူမကို ချစ်နေခဲ့ပါသည်။

သူမသည် ချောမောလှပသော မိန်းကလေးဖြစ်သည်။ ထိုထက် ပိုလည်းမပို လိုလည်း မလိုပါ။ အပေါစားဝတ္ထုများအတွင်းမှ နတ်မိမယ်တမျှ လှပသည်ဆိုသော စိတ်ကူးယဉ်ဇာတ်ကောင်တစ်ကောင် မဟုတ်သလို လမ်းမပေါ်က ဖြတ်သွားဖြတ်လာမြင်နေရသော သာမန်မိန်းကလေးများကဲ့သို့လည်း မဟုတ်ပါ။ သူမက သာမန်ထက် ပိုလှပါသည်။ သို့သော် အလွန်လှပသည်ဟုသုံးနှုန်းရန်အတွက်မူ “အလွန်” ဆိုသော ကြိယာဝိသေသန၏ဂုဏ်ရည်ကို ငဲ့ကွက်သောအားဖြင့် သူက သုံးနှုန်းလိမ့်မည်မဟုတ်ပါ။ သူမသည် အမှန်တကယ် လှပသော မိန်းကလေးတစ်ယောက်သာ ဖြစ်ပါသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူမ လှပသည့်ကိစ္စကို အငြင်းပွားလိုသည်ဆိုလျှင် သူက လူအယောက်တစ်ရာကို မေးကြည့်ရင် ရှစ်ဆယ့်ရှစ်ယောက်က လှပတယ်လို့ ပြန်ဖြေလိမ့်မယ်ဟု အတိအကျ ပြောပါလိမ့်မည်။ သူမလှပသည်ကို လက်မခံသော ဆယ့်နှစ်ယောက်အနက် လေးယောက်က မျက်မမြင်ဖြစ်၍ လေးယောက်မှာ သာသနာ့ဝန်ထမ်း သိက္ခာတော်ရ ရဟန်းတော်လေးပါးနှင့် ကျန်လေးယောက်မှာ လွန်စွာမနာလိုတတ်သော မိန်းကလေးများ ဖြစ်ပါလိမ့်မည်။

သူမက မိန်းမပီသစွာ လှပပါသည်။ သူမက သူ့ထက် အသက်ကြီးပါသည်။ သူမသည် အရွယ်ရောက်ပြီးသော မိန်းမတစ်ယောက်၏ ဖွံ့ဖြိုးလှပခြင်းမျိုးဖြစ်ပါသည်။ သူမတွင် ကလေးဆန်သောအမူအရာများမရှိသလို ဟန်လုပ်ပြီး ဣနြေ္ဒရှင်ဟန်ဆောင်နေခြင်းမျိုးများလည်း ရှိမနေပါ။ သူ သူမကို စချစ်ခဲ့မိသည့်အချိန်က သူမတွင် ချစ်သူ တစ်ယောက် ရှိနေခဲ့သည်။ သူမ၏ချစ်သူက သူမထက် အတော်အတန်ကြီးပြီး သူက သူမထက် အတော်အတန် ငယ်ပါသည်။ သူက သာမန်ထက်မထူးခြားသော စိတ်ခံစားချက်မျိုးဖြင့် သူမကို ချစ်သည်ဟု ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ် ထိုနေ့က ပြောဖြစ်ခဲ့ပါသည်။ ရှိသင့်ရှိထိုက်သော (သို့မဟုတ်) သိပ်မကြာလှသော ကာလအတွင်း သူမက သူ့ကို ချစ်သည်ဟု ပြန်ပြောခဲ့ပါသည်။ ကမ္ဘာပေါ်တွင် အပျော်ဆုံး လူသားတစ်ယောက်ကဲ့သို့ သူခံစားရသင့်သော်လည်း တကယ့်လက်တွေ့တွင် သူမခံစားခဲ့ရပါ။ “သူပျော်နေခဲ့သည်” ဟူသောဝါကျထက် သာလွန်သောခံစားချက်မျိုး သူ့တွင် လုံးဝ ရှိမနေခဲ့။ သို့သော် သူ ပျော်နေခဲ့ခြင်းမှာ သေချာပါသည်။

သူမက သူမ၏ချစ်သူကို ဘယ်လိုလုပ်လိုက်ရမလဲဟု သူ့ကို မေးခဲ့ပါသည်။ သူ့တွင် ပြန်လည်ဖြေကြားစရာ စကားတစ်ခွန်းတလေ ရှိမနေခဲ့ပါ။ သူက ပြုံးပြီး “ကျွန်တော်က သူ့ကို ဘယ်လိုလုပ်လိုက်ပါလို့ ဘယ်လိုပြောရမလဲ” ဟု သူမ နားလည်မလည် မသေချာသော Rhetorical Question တစ်ခုကိုသာ ပြန်မေးခဲ့မိသည်။ သူမက ခပ်ပေါ့ပေါ့လည်းမဟုတ်၊ အလေးအနက်လည်း မကျသော မျက်နှာထား၊ လေသံ စသည်တို့ဖြင့် “ဖြတ်လိုက်မယ်လေ” ဟု သူ့ကို ပြန်ပြောခဲ့သည်။ သူက ခေါင်းငြိမ့်ခြင်း (သို့မဟုတ်) ခေါင်းခါခြင်း (သို့မဟုတ်) “အစ်မသဘောပဲ” စသည်ဖြင့် မည်သို့ ပြန်လည်တုန့်ပြန်ခဲ့မိမှန်း ယနေ့အချိန်တွင် မသေချာတော့။ သို့သော် သူမက သူမချစ်သူကို အဆက်ဖြတ်ခဲ့သည်ဟုတော့ သူက ယုံကြည်နေခဲ့သည်။ (မှတ်ချက်။ သူက ယုံကြည်နေခဲ့သည်ဆိုသောစကားသည် သူမက တကယ်ဖြတ်ခဲ့ခြင်းမဟုတ်ဟူသော အဓိပ္ပာယ်ကို ကြိုတင်နိမိတ်ပြသည့်အနေဖြင့် သုံးထားခြင်းမဟုတ်ပါ)

သူနှင့်သူမ ဘုရားပေါ်တွင် နှစ်ယောက်တွဲထိုင်နေခဲ့သည်။ သူက သူမအကြောင်းကို ရောက်တတ်ရာရာ မေးနေခဲ့သည်။ ကိုးတန်းကစပြီး ရည်းစားထားခဲ့ကြောင်း၊ မြို့နယ် ဘော်လီဘောလက်ရွေးစင် ဖြစ်ခဲ့ဖူးကြောင်းနှင့် သူမ၏အဖေမှာ အရက်ကြိုက်သော ဗိုလ်မှူးတစ်ဦးဖြစ်ကြောင်းမှတစ်ပါး ချစ်ရေးချစ်ရာစကားလုံးများ သူလုံးဝမပြောဖြစ်ခဲ့သလို သူမကလည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။ သူလက်ဆောင်ပေးခဲ့သော အငဲသီချင်းခွေအများအပြားကို သူမက မနှစ်သက်ဘဲ သူမအဖေက နှစ်သက်သည်ဟု သူမက ပြန်ပြောပြသည်။ ဤအတွက် သူက ထူးထူးခြားခြား ခံစားရခြင်းမရှိခဲ့။ ထိုနေ့က ဘုရားပေါ်တွင် သူက အစ်မလက်ကိုကိုင်လို့ရလားလို့ မေးလိုက်တော့ သူမက ပြုံးပြီးခေါင်းခါပြသည်။ ချစ်သူတွေမှ မဟုတ်ကြသေးတာလို့ သူမက ပြောလိုက်သည်။ အတင်းကိုင်ရင်ရောလို့ သူက ပြုံးပြီးမေးလိုက်တော့ ထပြန်သွားမှာပေါ့လို့ သူမက အတည်ပေါက်မဖြစ်ဖြစ်အောင် လုပ်ထားသည့် မျက်နှာဖြင့် ပြန်ပြောသည်။ သူက ရယ်ချင်စိတ်ကို ထိန်းပြီး ခပ်ပြုံးပြုံးသာ လုပ်နေခဲ့သည်။ ကောင်လေးတစ်ယောက်နှင့် ချိန်းပြီးခါမှ လက်အကိုင်ခံရသဖြင့် စိတ်ဆိုးပြီးထပြန်သွားသော ကောင်မလေးတစ်ယောက်အကြောင်းသည် ၀တ္ထုထဲတွင်သော်မှ အတော် ရယ်စရာကောင်းပါလိမ့်မည်။ သို့သော် ဤရယ်ချင်စိတ်တွင် လှောင်ပြောင်လိုသောစိတ်မပါရှိဘဲ အရာရာကို ရယ်စရာလိုသဘောထားတတ်သော သူ၏ ပင်ကိုယ်စိတ်သဘာဝကြောင့်သာ ဖြစ်ပါသည်။ ထို့နေ့မှ သိပ်မဝေးကွာသောကာလတစ်ခုတွင် သူမ၏ လက်ချောင်းသွယ်သွယ်များကို ကြည်ကြည်ဖြူဖြူ ပေးကိုင်ခဲ့ပါသည်။

အလွန်တို တောင်းသောကာလအတွင်း သူမက တစ်လတစ်ခါသာ တွေ့ဆုံကြရန် သူ့ကို အကြံပြုခဲ့သည်။ သူမပေးသော အကြောင်းပြချက်သည် မည့်သည့်အရာမှန်း သူ့အနေဖြင့် မသေချာတော့သော်လည်း သူလုံးဝလက်မခံနိုင်ဖြစ်ခဲ့ရလောက်အောင် ခိုင်လုံမှုကင်းမဲ့သည်ကတော့ သေချာသည်။ ထိုအချိန်ကာလက သူမကို တစ်ရက်မမြင်ရလျှင် “တစ်ခုခုလိုအပ်နေသည်” ဟူသောစကားရပ်ထက် အဆပေါင်းများစွာ လေးနက်သော ခံစားချက်တစ်ခု သူ့တွင် ခံစားနေခဲ့ရသည်။

သူမက “အရက်သောက်တာမကြိုက်ဘူး”ဟု ပြောခဲ့သည့်နေ့မတိုင်ခင် သူမနှင့် အစဦးဆုံးစတွေ့သည့်နေ့ ကတည်းက သူက နေ့စဉ်ရက်ဆက်နီးပါး အရက်သောက်နေခဲ့သည်။ သူက အရက်မသောက်တတ်ဘူးဟု ပြောတတ်သော အရက်သမားတစ်ယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့။ “ကြိုးစားပြီးမသောက်ဘဲနေ ကြည့်မယ်” ဟူသော စကားတစ်ခွန်းမှာ သူအမှန်တကယ်ချစ်မြတ်နိုးသော သူမအတွက် သူ၏ အစွမ်းကုန် လိုက်လျောသော စကားတစ်ခွန်းဟု သူက ထိုအချိန်ကယူဆခဲ့သည်။ (ယနေ့အချိန်တွင် ၎င်းစကားကို သူက “သူ၏ အစွမ်းကုန်ရိုးသားသော စကားတစ်ခွန်း” အဖြစ် ပြောင်းလဲရှုမြင်ပါသည်)

တကယ်တော့ သူမနှင့် သူ့အကြောင်းသည် တက္ကသိုလ်နယ်မြေ၏ ထူးမခြားနားလှသော မရေတွက်နိုင်သည့် ဇာတ်လမ်းပေါင်းများစွာထဲမှ တစ်ပုဒ်သာ ဖြစ်ပေမည်။ ဤသို့ ဂန္ဓ၀င်မဆန်ခြင်းအတွက် သူက ကျေနပ်ပါသည်။ ထို့နောက်တွင် သူမ၌ သူမဟုတ်သော ချစ်သူတစ်ယောက် ရှိနေပြီဖြစ်ကြောင်း သူ သိခဲ့ရသည်။ ဤအတွက် သူ ကြေကွဲ၊ ဒေါသထွက်၊ လွမ်းဆွတ် စသည့် ခံစားရမကောင်းလှသော စိတ်ခံစားမှုများ တစ်သီကြီး ခံစားခဲ့ရသည်။ သို့သော် သူ၏ ခံစားချက်သည် ကြေကွဲခြင်းထက် မပိုလွန်ခဲ့ပါ။ လွမ်းဆွတ်ခြင်းထက် မပိုလွန် ခဲ့ပါ။ လွမ်းဆွတ်ကြေကွဲခြင်းဟူသော စကားလုံးတွင် သူ၏ ခံစားချက်အားလုံး ပြည့်စုံခဲ့ပြီဖြစ်သည်။ ထိုကာလမှ ပြန်လည် တွက်စစ်ကြည့်လျှင် အတော်အတန် လှမ်းနေပြီဖြစ်သည့် အနာဂတ်ကာလတစ်ခုတွင်လည်း သူသည် ထိုသို့ ကြေကွဲ လွမ်းဆွတ်ခြင်းကို ခံစားနေရဆဲဖြစ်ပါသည်။

သူသည် သူမကို ချစ်သည်။ အဆိုပါဝါကျသည် ပြီးပြည့်စုံသော ၀ါကျတစ်ကြောင်းသာ ဖြစ်ပါသည်။ သူသည် သူမကို ချစ်ခဲ့သည်၊ သို့မဟုတ် ချစ်နေဆဲဖြစ်သည်၊ သို့မဟုတ် ထာဝရချစ်နေလိမ့်ဦးမည်ဟု Tense များ ခွဲခြားရေးသားစရာ မလိုအပ်သော သူ့အတိုင်းတိုင်း ပြီးပြည့်စုံနေသည့် ၀ါကျတစ်ခုသာ ဖြစ်ပါသည်။

သူ့အတွက် သူသည် သူမကို ချစ်နေဆဲဖြစ်ကြောင်း သူမ သိရှိရန် မလိုအပ်ပါ။ သူမကို ရယူပိုင်ဆိုင်နိုင်ရန်၊ သို့မဟုတ် အချစ်နှင့် မည်သို့မျှ မသက်ဆိုင်သည့် အိမ်ထောင်ရေးဟူသည့် မှောင်မဲမဲအရာတစ်ခုထဲသို့ တိုးဝင်ရန် သူက ဆန္ဒ မရှိပါ။ ပိုင်ဆိုင်ခွင့်မရှိခြင်းဟူသည့် အကြောင်းရင်းကြောင့်ပင် တစ်သက်စာ တမ်းတနေရန် လုံလောက်ခဲ့ပြီဖြစ်ကြောင်း သူ သဘောပေါက်ခဲ့ပြီဖြစ်သည်။ သူအလိုရှိသည့်အရာမှာ သူမ၏ ပျော်ရွှင်မှုသာ ဖြစ်ပေသည်။ သို့သော် ဤ၀ါကျသည်လည်း လိမ်ညာသူများ၏ လက်သုံးစကားဖြစ်ခဲ့ရသဖြင့် အင်အားမှေးမှိန်ခဲ့ပြီဖြစ်ကြောင်း သူဝမ်းနည်းစွာ နားလည်နေခဲ့ရပါသည်။ ထို့ကြောင့်လည်း သူမကို သူက ပျော်ရွှင်စေချင်ကြောင်း ဆုမွန်ကောင်းတောင်းရန် သူ ပျက်ကွက်ခဲ့ရသည်။ ဤသည်မှာပင် သူ၏ နာကျည်းချက် စစ်စစ် ဖြစ်ပေသည်။

သူက မသေချာမရေရာသည့် ပြန်လမ်းမဲ့ခရီးတစ်ခုကို စတင်ထွက်ခွာသွားတော့မည် ဖြစ်သည်။ ထို့ကြောင့် သူမကို နောက်ဆုံးအနေဖြင့် တွေ့ဆုံနှုတ်ဆက်ချင်သည်။ ဤအလုပ်သည် ကလေးဆန်သည်ဟု သူသိသော်လည်း “နောက်ဆုံး” ဟူသည့် စကားလုံးက သူ့ကို တပ်လှန့်နေလေသည်။ ထို့ကြောင့် သူမ၏ အိမ်သို့ နောက်ဆုံးအကြိမ်အဖြစ် သူရောက်ခဲ့ပါသည်။ အတိအကျဆိုရလျှင် တတိယနှင့် နောက်ဆုံးအကြိမ် ဖြစ်ပါသည်။ ပို၍ အတိအကျဆိုရလျှင် သူမရှိမနေခဲ့သော သူမ၏အိမ်သို့ တတိယနှင့် နောက်ဆုံးအကြိမ် သူ ရောက်ခဲ့ခြင်းသာ ဖြစ်ပေသည်။ ထိုနေရာတွင် သူမ ရှိမနေခဲ့ပါ။ သူ့ကိုတပ်လှန့်နေသော “နောက်ဆုံး” ဆိုသည့် စကားလုံးသည် “မဖြစ်နိုင်ခြင်း” ဆိုသည့် လွန်ဆန်ရန်ခက်ခဲသည့် စကားလုံးအောက်တွင်ေ၀၀ါးသွားခဲ့ရပေ တော့သည်။ ထိုညက သူသည် အပိုအလိုမရှိ ၀မ်းနည်းနေခဲ့ပါသည်။

ဤသို့သော သူ၏ ခံစားချက်များကို သူမနေဖြင့် သိရှိလိမ့်မည်မဟုတ်ပါ။ သိရှိခဲ့လျှင်လည်း နားလည် လိမ့်မည် မဟုတ်ပါ။ နားလည်ခဲ့လျှင်လည်း ထပ်တူထပ်မျှ ခံစားနိုင်ရန် မဖြစ်နိုင်ပါ။ သို့သော် သူမအပေါ်ထားရှိသော သူ၏ “ပျော်ရွှင်စေလိုမှု” (မေတ္တာတရား) သည် စိတ်ခံစားချက်တစ်ခုမှ “အကောင်အထည်” အဖြစ်သို့ တစ်ချိန်ချိန်တွင် ပုံပြောင်းလာနိုင်ပါသည်။ တစ်နေ့တွင် သူမကို ပြုံးပျော်စေနိုင်ပါလိမ့်မည်။ သို့သော် ထိုအချိန်တွင် သူသည် သူမဟုတ်တော့သကဲ့သို့ သူမသည်လည်း သူချစ်ခဲ့သော သူမ ဟုတ်တော့လိမ့်မည် မဟုတ်ပါ။ ဤသို့ နားလည်နေရမှုများအတွင်း သူ့တွင် အမျိုးအမည်ဖော်ပြ၍မရသော ခံစားချက်တစ်မျိုး ခံစားနေရသည်။ ဤအတွက်လည်း သူက ကျေနပ်ပါသည်။ အကယ်၍ သူ၏ ခံစားချက်ကို ဘာသာဗေဒအားဖြင့် အမျိုးအမည် ခေါ်ဝေါ်သမုတ်နိုင်သည်ဆိုလျှင် လူအများ၏ အလွဲသုံးစားပြုလုပ်ခြင်း ခံရပြီး မူရင်းခံစားချက်မှာ အရောင်မှိန်သွားလိမ့်ဦးမည်ဟု သူက သိနေ၍ ဖြစ်ပါသည်။

အကယ်၍... သူသည် သူမနှင့် ပြန်တွေ့ခွင့်ရှိခဲ့လျှင် ...
တစ်ချိန်က သူမကို တစ်ချိန်က သူက ချစ်ခဲ့သည့် အချစ်သည် ...
အချစ်စစ်ဖြစ်ခဲ့ကြောင်း ...၊
သူမသည် ယောက်ျားတစ်ယောက်၏ အမှန်တကယ် ချစ်ခင်မြတ်နိုးခြင်းကို ခံခဲ့ရဖူးကြောင်း ...၊
ထိုအချစ်သည် အချစ်စစ်ဖြစ်သည့်အတွက် ယနေ့တိုင်တည်တံ့နေဆဲဖြစ်ကြောင်း...၊
စသည့်..
အချိန်တိုင်းတွင် လူတကာအတွက် ထူးမခြားနား ဖြစ်နေခဲ့သည့် စကားများကို ...
သူနှင့်သူမက ရယ်မောပြောဆိုပြီး ကြည်နူးမိကြပါလိမ့်မည်...။

◄ တေဇာ ► အောက်တိုဘာ (၁၇) ၂၀၀၉

Comments

  1. it's your novel right? great.
    please keep going.

    ReplyDelete
  2. ငွေကြယ်လေးOctober 18, 2009 at 11:26 AM

    အဲ့လိုအချစ်မျိုးကိုလူတိုင်းနားမလည်ဘူး... လူတွေကအပိုတွေကြိုက်ကြတယ်
    အဲလိုချစ်တာက ဘယ်တော့မှအမုန်းမရှိတဲ့အချစ်လေ....၅၂၈ ရောနေတယ်
    ဆိုပါတော့...ကြိုးစားအကို နောက်ထပ်ကောင်းတဲ့ဇာတ်လမ်းလေးတွေဖတ်ချင်
    သေးတယ်...

    မြတ်မေဇင်( ငွေကြယ်လေး)

    ReplyDelete
  3. စာဖတ်သူOctober 18, 2009 at 7:40 PM

    ခုမှပဲ အဆုံးထိ ဖတ်ရတော့တယ်။ အစက ဇာတ်လမ်းရှည်ရေးလိမ့်မယ် ထင်နေတာ။
    အားပေးလျက်

    ReplyDelete
  4. နှစ်သက်စွာဖတ်သွားပါတယ်...

    ReplyDelete
  5. i just got the feeling the same way right now. Thank you for your post coz` it make me feel strong.

    ReplyDelete

Post a Comment

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...