Skip to main content

အိမ်မြှောင်

အိမ်မြှောင်အများအပြား အခန်းရဲ့နံရံမှာ ဖြိုးဖြိုးဖျောက်ဖျောက်၊ မြေဆွဲအားကို မထီမဲ့မြင် အံတုပြီး ကပ်နေကြတယ်။ ကြီးငယ်ရွတ်လတ်၊ ဖြူဖြူညိုညို ပြာနှမ်းနှမ်း…အရွယ်စုံအသွေးစုံ။ ဒီတော့.. အိမ်မြှောင်အဖွဲ့အစည်းလို့ပဲ ဆိုပါရစေတော့။ အဲဒီ အိမ်မြှောင်အဖွဲ့အစည်း မှီတင်းနေထိုင်ရာ အခန်းထဲကလူက ညနက်နက်မှာ သူတစ်ယောက်တည်း ဆိုတဲ့ အတွေးနဲ့ အထီးကျန်နေတယ်။ သူတစ်ယောက်ထဲ၊ ဒါပေမဲ့ အိမ်မြှောင်များလည်း သူနဲ့အတူတော့ ရှိနေသေးတယ်။ ရဲတင်းလှတဲ့ အိမ်မြှောင်များရဲ့ ပြေးလွှားလှုပ်ရှားမှုကြောင့် သူက သတိပြုမိသွားတယ်။ ဒါနဲ့ပဲ မတ်တပ်ရပ်ပြီး အိမ်မြှောင်အဖွဲ့အစည်းကြီးတစ်ရပ်လုံးကို စနစ်ပုံအနေအထားက အကဲခတ်နေ လိုက်မိတယ်။

ဒီကောင်တွေဟာ အိမ်မြှောင်တွေကိုး။ သူတို့ ကမ္ဘာမြေပေါ်မှာရှိကြောင်း ငါမေ့လျော့နေတာ ကြာခဲ့ပေါ့။ တကယ်တော့ သူတို့နဲ့ ငါဟာ သိပ်တော့မစိမ်းလှပါဘူး။ မစိမ်းလှဘူးဆိုပေမဲ့ ရင်းလည်း မရင်းနှီးဘူး။ တကယ်တော့ “ပိစိကွေး” (ကြောင်ကလေး) ရှိစဉ်တုန်းက သူက အိမ်မြှောင်တွေ ခုတ်လာတတ်တာကိုး။ အမြီးပြတ်ခေါင်းပြတ် ကိုးရိုးကားရားနဲ့ဆိုတော့ သိပ်မသတီလှဘူး။ သူတို့အနေနဲ့ကလည်း မျိုးနွယ်စုတစ်ရပ်လုံးရဲ့ ရန်သူတော်ကြီးရဲ့ သခင်ဖြစ်နေတယ်ဆိုတော့ သူ့ကို သိပ်သဘောကျကြလိမ့်မယ် မထင်ဘူး။ အခြေအနေအရ ရန်သူတွေလို တစ်ဖက်စီ ဖြစ်နေရပေမယ့် အိမ်မြှောင်တွေနဲ့ ကျောင်းတော်ကရန်စ ရှိခဲ့တာမျိုးတော့လည်း မဟုတ်ဘူး။ စနစ်တစ်ခုအတွင်း ကျရာနေရာက ကော်နဲ့ကပ်ထားသလို မခွာတမ်းကပ်ပြနေကြရတဲ့ သတ္တ၀ါတွေပါပဲလို့ ပညာရှိတို့တွေးပုံမျိုး တွေးဖူးတယ်ရှိအောင် တွေးကြည့်လိုက်သေးတယ်။ ပုံမှန်အားဖြင့်တော့ အိမ်မြှောင်တွေကို သူ သဘောကျမိသားပဲ။ အံမယ် သင်းတို့က နှိုင်းရသီအိုရီ (Relativity Theory) ကိုတောင် မခန့်တာပဲ။ မြေဆွဲအားကို မမှုဘဲ နံရံမှာ ကပ်နေရတယ်လို့…၊ ကြံကြံဖန်ဖန်။



အင်း… ဒါလည်းမဟုတ်သေးဘူး။ ပိုးဖလံတွေကို လုယက်စားသောက်ရင်း အရှိန်လွန်လို့ ကြမ်းပြင်ပေါ် တဖုတ်ဖုတ်ပြုတ်ကျလာတဲ့ အကောင်တွေလည်း နည်းမှမနည်းပဲ။ သတ္တိခဲတွေလို့ပဲပြောရမယ်။ သူ့ကိုလည်း မကြောက်ဘူး။ လူသားတစ်ယောက်ရဲ့ရှေ့ မှောက်ယက်ကြီးကျလာတာ တကယ်ဆို ဖုတ်ဖက်ခါပြီး အတင်းထပြေးသင့်တာပေါ့။ ခုတော့ သတိမေ့တဲ့ကောင်ကမေ့၊ ချော်လဲရောထိုင်လုပ်ပြီး ခုန်ချလိုက်တာကွ၊ ပြုတ်ကျတာမဟုတ်ဘူးဆိုတဲ့အကြည့်မျိုးနဲ့ ပေစောင်းစောင်းသူ့ကို ပြန်ကြည့်ချင်သေးတယ်။ ဒီတော့ မမုန်းပေမယ့် အမြင်တော့ နည်းနည်းကပ်မိတယ်။ လူကြီးသူမ မလေးစားတဲ့ကောင်ဆိုတော့ ငါ့ကိုလည်း အိမ်မြှောင်တောင် မလေးစားတော့ဘူးရယ်လို့ ကြိတ်ပြီးဝမ်းနည်းလိုက်မိသေးတယ်။ တကယ်တော့ အိမ်မြှောင်တွေလေးစားတာ ခံရလည်း ငါက ဘာလုပ်ရမှာလဲ။ ငါက ကြောင်မှမဟုတ်ဘဲ၊ သူတို့က ဘယ်လေးစားလိမ့်မလဲ။ သင်းတို့ဟာ အလကားသတ္တ၀ါတွေပဲ၊ မြေဆွဲအားကို အံတုနိုင်တဲ့စွမ်းရည် ရှိနေတာလည်းမဟုတ်ဘူး။ သင်းတို့တွေ လူတွေရဲ့ ခြေကြိုခြေကြား ပြေးလွှားနေရင်လည်း လမ်းလျှောက်လို့ ဘယ်အဆင်ပြေလိမ့်မလဲ။ တက်နင်းမိရင် ဖောက်ခနဲမြည်ပြီး ကားရားကြီးအသက်ထွက်၊ အမြီးပြတ်ပြန်တော့လည်း မလောက်လေးမလောက်စား အမြီးကလေးကတောင် တဆတ်ဆတ် ခုန်နေသေးတယ်။ ဒီတော့ တန်ရာတန်ရာ နံရံမှာ ခိုကပ်နေနေရတဲ့ ဘ၀။ ပန်းချီကားအောက်၊ ပြက္ခဒိန်အောက်၊ တံခါးကြား၊ ဒါတွေနဲ့ပဲ တန်တယ်။ လူတွေကြားမှာ သင်းတို့ နေလို့မှမရဘဲ။ လူတောမှ မတိုးဘဲ။ ဒါ့အပြင် ကြောင်နဲ့လူ မဟာမိတ်ဖြစ်သွားတော့ ပိုဆိုးတော့တာပေါ့။

တကယ်တော့ အိမ်မြှောင်တွေထဲမှာ အတွေးအခေါ် မခေလှတဲ့ အိမ်မြှောင်တွေလည်း အများအပြား ရှိနေပါတယ်။ သူတို့ကတော့ ခုနလို လူသားကတွေးတဲ့အတွေးတွေကို သိပ်မကြိုက်လှဘူး။ မကြိုက်ရုံဘယ်ဟုတ်မလဲ၊ အပြင်းအထန် ရှုတ်ချတယ်လို့တောင် သုံးနှုန်းလို့ရတယ်။ အိမ်မြှောင်အဖွဲ့အစည်းကြီး အဓွန့်ရှည်ဖို့ရာ အဓိကရန်သူနေရာကရပ်တည်နေတဲ့အထဲမှာ ကြောင်ပြီးရင် လူတွေက ထိပ်ဆုံးကကိုး။ လူသားတွေဟာ တိုလီမိုလီတွေ လက်ကမြင်းပြီးလုပ်တတ်သလောက် (ရုပ်ပိုင်းဆိုင်ရာတိုးတက်ခြင်းဆိုတဲ့ အသုံးအနှုန်းကို အိမ်မြှောင်တွေက ပယ်ချခဲ့ကြတယ်) အတွေးအခေါ်အရာမှာ အိမ်မြှောင်ဖလော်ဆော်ဖာအသိုင်းအ၀ိုင်းရဲ့ အမြီးဖျားတောင်မမီဘူးရယ်လို့ အမျှော်အမြင်ကြီးမားဟန်ရှိတဲ့ အိမ်မြှောင်ပျိုတစ်ကောင်က ငယ်ရွယ်သူပီပီ ပြတ်ပြတ်သားသား ဆိုတယ်။ သင်းတို့ဟာ ကြမ်းပြင်ထက်မှာ အံ့အားသင့်စရာကပ်နေတာက လွဲလို့ ကျုပ်တို့အတွက် ဘာမျှ ထူးခြားမှုမရှိဘူး။ အကျိုးတစ်စုံတစ်ရာလည်း မပြုဘူး။ တကယ်တော့ သင်းတို့ဟာ ကမ္ဘာမြေကို သူတို့ဘိုးဘွားပိုင်အမည်ပေါက် အမွေရထားတယ် သဘောထားကြတာ။ ခြေကြိုခြေကြား သူတို့အတွက် ရှုပ်နေမှာစိုးလို့ ကျုပ်တို့ကို သဘာဝတရားကြီးက နံရံပေါ်နဲ့ ချောင်ကြိုချောင်ကြား ပို့ထားတယ်လို့ အသားလွတ် တွေးနေတာပဲကြည့်လေ။ ခုလို သူတို့ဆောက်ထားတဲ့ အိမ်တွေမှာ ခိုကပ်မနေလည်း သစ်ပင်ပေါ်မှာ ကျုပ်တို့ နေလို့ရခဲ့သားပဲ။ အိမ်ကတော့ မိုးလုံလေလုံပိုရှိတာ ပေါ့လေ။ ထားပါ ဒီလိုကိစ္စတွေမှာ လူတွေ တလွဲဆံပင်ကောင်းပြီးတော်တယ်ဆိုတာ ၀န်ခံပါတယ်။ ကျုပ်တို့က အိမ်မြှောင်ပီပီ ရိုးသားကြရမယ် မဟုတ်လား။ လူသားတွေရဲ့ အတွေးတွေဝင်လာတဲ့အိမ်မြှောင်တွေကို ကြောင်စာကျွေးနေကျ မဟုတ်လားလို့ မိမိကိုယ်ကို အတွေးအခေါ်ထက်မြက်လှတယ်လို့ အထင်ရောက် နေဟန်တူတဲ့ မည်းပြာပြာအိမ်မြှောင်က အရှည်ကြီးပြောချလိုက်တယ်။ သူက အိမ်မြှောင်တွေရဲ့ အသွေးအရောင်ခွဲခြားမှု ကာကွယ်ရေးအကြီးအကဲလို့ သူ့ကိုယ်သူ ရာထူးပေးထားတယ်။ ဒီလိုသာဆိုတာပါ သူက ဘာလုပ်ရလို့လဲ။ ဘယ်အိမ်မြှောင်မကမှလည်း သူ့ကို အရောင်မည်းတယ်ဆိုပြီး မိတ်လိုက်ဖို့ ငြင်းပယ်ဖူးတာ မရှိဘူး။ သူကသာ သိမ်ငယ်သလို ဖြစ်နေတာကိုး။ သူကသာ လူ့အတွေးအခေါ်တွေ အိမ်မြှောင်တွေဆီဝင်လာခဲ့ရင် သူ့အတွက်ခက်လှချည်ရဲ့လို့ အတွေးခေါင်နေတာကိုး။ ပုတ်သင်ညိုတွေဆိုဘယ်လိုလုပ်မလဲ။ အရောင်ခဏခဏ ပြောင်းနေတော့ အသွေးအရောင်ခွဲခြားဆက်ဆံဖို့ အတော်ခက်မှာ။

တော်ကြစမ်း၊ တိတ်ကြစမ်း၊ ပါးစပ်ပေါက်ပိတ်ကြစမ်း။ အိမ်မြှောင်ဘာသာဗေဒနဲ့ မိုးခြိမ်းသံသလို ဆိုးရွားလှတဲ့ အသံကြီးကြားလိုက်ရလို့ အိမ်မြှောင်အားလုံး လန့်သွားမိတယ်။ အသံကြီးက ပလုံးပထွေးပေမယ်လို့ အိမ်မြှောင်တွေအားလုံး နားလည်လိုက်ကြတယ်။ ဒါ လူသံနဲ့ အိမ်မြှောင်စကားပြောနေတာပဲ။ ကြမ်းပြင်ကို ငုံ့ကြည့်လိုက်တော့ စောစောက အခန်းထဲကလူက အပေါ်ကိုမော့ကြည့်ပြီး သားရေကွင်းနဲ့ ချိန်ထား ပါပကော။ သားရေကွင်းဟာ လူကလေးငယ် တွေပဲ ဆော့ကြတာပါ၊ ဘယ့်နှယ်ကြောင့် မကြီးမငယ် လူဆီ ရောက်နေရပါလိမ့်။ သင်းက အိမ်မြှောင်စကားနားလည်တာကိုး… ငါတို့ပြောနေကြတာတွေ အကုန်လုံးကြား သွားပြီထင်တယ်လို့ အသက်ကြီးကြီးအိမ်မြှောင်ညိုတစ်ကောင်က မျက်စိပျက် မျက်နှာပျက်နဲ့ တီးတိုးပြောတယ်။ အိမ်မြှောင်ငယ်တွေက အိမ်မြှောင်ကြီးကတားလို့ မကြောက်ပေမဲ့ အလျှော့ပေး လိုက်ရတယ်ဆိုတဲ့ အထာနဲ့ မျက်နှာထားတင်းတင်း အတင်းလုပ်ထားရင်း ငြိမ်ကုပ်နေကြတယ်။ တကယ်တော့ သူတို့လည်း သားရေပင်ကို ကြောက်တာပါပဲ။ သားရေပင်မှန်ရင် ထိပ်ပေါက်ခေါင်းကွဲလောက်နဲ့ ပြီးတာမှ မဟုတ်တာ။ အမြီးပြတ်လိုပြတ်၊ ခေါင်းပြတ်လိုပြတ်။ အမြီးကအသစ်ပြန်ပေါက်လို့ မထောင်းသာပေမဲ့၊ ခေါင်းက ပြန်မပေါက်တာ ဆိုးတယ်။ လူ့အဖွဲ့အစည်းနဲ့မတူဘူး၊ အိမ်မြှောင်လောကမှာက ခေါင်းမရှိရင် အိမ်မြှောင်တောထဲတိုးလို့မရတော့ဘူး။ အမြီးက အိမ်မြှောင်တွေအတွက် ဘာအရေးလဲ…။ လူတွေကသာ သူတို့အမြီးမပေါက်တဲ့ကိစ္စ ကြံဖန်ဂုဏ်ယူတတ်ကြသေးတာ။ ကိုယ့်မှာ မရှိတဲ့အရာတစ်ခုအတွက်တောင် ဂုဏ်ယူတတ်တယ်ဆိုတော့.. တတ်လည်းတတ်နိုင်ကြတဲ့လူတွေ။

ဒီတော့လည်း အိမ်မြှောင်တွေက အသာငြိမ်နေကြရတယ်။ အာဏာသည် သားရေကွင်းမှာ တည်တယ် မဟုတ်လား။ အိမ်မြှောင်ရာဝင်ချင်တဲ့ အိမ်မြှောင်ကြီး တစ်ကောင်က လူရာပါဝင်ချင်လာဟန်တူတယ်။ အရဲစွန့်ပြီး ဘာကိစ္စရှိပါသလဲခင်ဗျာလို့ အိမ်မြှောင်ဘာသာနဲ့ ယဉ်ယဉ်ကျေးကျေး ပြန်မေးလိုက်တယ်။ မျက်နှာလိုမျက်နှာရ ပြုံးပြုံးလေးလုပ်ထားပေမယ့် သူ့မေးရိုးက စုတ်ချွန်းချွန်းဆိုတော့ လူရဲ့အမြင်မှာတော့ သရော်ပြုံးဖြစ်နေပါလေရော။ လူတွေအပေါ်ထားရှိတဲ့ အိမ်မြှောင်အဖွဲ့အစည်းရဲ့သဘောထားအမှန်ကို ရုတ်တရက် သိရှိထားရလို့ ဒေါသခြောင်းခြောင်း ထွက်နေတဲ့လူက လျှာမရှည်နဲ့လို့ ခပ်ပြတ်ပြတ်ဟောက်လိုက်တယ်။ အိမ်မြှောင်တွေအားလုံး ပြုံးစိစိဖြစ်သွားကြပြန်တယ်။ ကျွတ်..ကျွတ်..ကျွတ်..လို့ပဲ အလိုက်အထိုက်ဖြစ်အောင် ပြန်ပြောလိုက်ရတယ်။ အိမ်မြှောင်ပါဆိုမှ လျှာရှည်မှာပေါ့၊ လူတွေဟာ သားရေပင်အားကိုးနဲ့သာ အနိုင်ကျင့်ချင်တာ၊ ခပ်တုံးတုံးတွေပါလို့ အိမ်မြှောင်တွေအားလုံး တွေးလိုက်မိတော့ တစ်ကောင်မျက်နှာ တစ်ကောင်ကြည့်ကာ စုတ်ချွန်းချွန်း ပြုံးလိုက်မိကြတယ်။ ကံဆိုးချင်တော့ ကျွတ်…ကျွတ်…ကျွတ်…လို့ အလိုက်အထိုက်ဆိုလိုက်တာကို လူက စုတ်သပ်တာလို့ ယူဆသွားတော့ သူ့ရဲ့ဒေါသကို မထိန်းသိမ်းနိုင်တော့ဘူး။ တိတ်စမ်းလို့ပြောပြီး သားရေပင်ကို အိမ်မြှောင်အုပ်ရှိရာဆီ ရမ်းသမ်းပြီး ပစ်လိုက်တော့တယ်။ အိမ်မြှောင်တွေကတော့ ပြက္ခဒိန်အောက်၊ တိုင်ကပ်နာရီအောက်နဲ့ နီးစပ်ရာစွတ်ပြေးကြတာ ခဏတွင်းချင်း နံရံပေါ်မှာ ပြောင်သလင်းခါသွားတယ်။ ကံဆိုးတဲ့အိမ်မြှောင်တချို့က အဲယားကွန်းထဲ ၀င်ပြေးမိလို့ ခိုက်ခိုက်တုန်နေကြရရှာတာကလွဲလို့ တစ်ကောင်တလေမျှ ထိခိုက်ဒဏ်ရာမရကြပါဘူး။ စုတ်တော့လည်း မထိုးဝံ့ကြတော့ဘူး။ စုတ်ထိုးမိတဲ့ အိမ်မြှောင်ဟာ သားရေကွင်းကြည့်ရှောင်နိုင်မှဖြစ်လိမ့်မယ်လို့ သဘောပေါက်သွားကြပြီကိုး။

တကယ်တော့ အိမ်မြှောင်တွေအတွက် လျှာရှည်ဆိုတာ ပိုးဖလံတွေကို ဖမ်းနိုင်ဖို့ပဲ။ လူတွေလို စကားပြောဖို့ သီချင်းဆိုဖို့မှ မဟုတ်တာ။ သူတို့က စုတ်ထိုးတာက လွဲလို့ လျှာကလုပ်တဲ့အသံလည်း ထွက်မှမထွက်ကြတာ။ လျှာရှည်မှဗိုက်ဝမယ့် အိမ်မြှောင်တို့ရဲ့ဘ၀ပါပေါ့။ ခက်တာက လူတွေအဖို့လည်း လျှာရှည်မှဗိုက်ဝတယ်၊ အသံမြည်မှ အလုပ်ဖြစ်တယ်၊ လျှာနဲ့သာ အစာရှာရတယ်ဆိုတာကို အတွေးအခေါ်ကောင်းပါတယ်ဆိုတဲ့ အိမ်မြှောင်တွေတောင် မစဉ်းစားနိုင်ခဲ့ကြတာပဲ။ ခုချိန်ထိ အိမ်မြှောင်တွေဟာ “အလုပ်နဲ့လက်နဲ့မပြတ်ဘူး” ဆိုတဲ့ လူ့စကားကို အဟုတ်မှတ်နေကြရှာတုန်း။ အလုပ်နဲ့လျှာနဲ့မပြတ်ဘူးလို့ မှန်မှန်ကန်ကန်တွေးခေါ်နိုင်ဖို့ အိမ်မြှောင်တွေ သင်ယူကြရဦးမယ်။ ဒါပေမဲ့ လူတွေ တုံးတဲ့ကိစ္စကိုတော့ အိမ်မြှောင်တွေက ဖော်ကောင်မလုပ်ကြရှာပါဘူး။ သူတို့လျှာရှည်တာက စကားပြောဖို့မှမဟုတ်တာ။ အသံမပြုတတ်တဲ့ သူတို့ရဲ့ စေးပြစ်ပြစ်လျှာတွေမှာ ပိုးဖလံတွေ ကပ်နေတယ်လေ…. ကျွတ်.. ကျွတ်.. ကျွတ်.. ။

◄ တေဇာ ► အောက်တိုဘာ (၃၁) ၂၀၀၉

Comments

  1. ဒီလို သရော်စာမျိုးဖတ်ရတာ သဘောကျတယ်။ အိမ်မြှောင်တွေကို သားရေကွင်းနဲ့ ပစ်တာက လွဲရင်ပေါ့ =)

    ReplyDelete
  2. ဒီပို့စ်လေးကို တော်တော်လေး သဘောကျမိတယ်။ (သူတို့အနေနဲ့ကလည်း မျိုးနွယ်စုတစ်ရပ်လုံးရဲ့ ရန်သူတော်ကြီးရဲ့ သခင်ဖြစ်နေတယ်ဆိုတော့ သူ့ကို သိပ်သဘောကျကြလိမ့်မယ် မထင်ဘူး။) ဒါလေးက ဖြစ်နိုင်တယ်။ လူတွေက သတိမထားမိတာ ဖြစ်မယ်။ ပူးတေမှာ ကြောင် ၉ ကောင်တောင်ရှိတာလေ။ တွေးသာကြည့်တော့။ ဒါတောင်အရင်က ၁၃ ကောင် ပျောက်ကုန်တာနဲ့။ သေကုန်တာနဲ့။

    ReplyDelete
  3. ကောင်းတယ်ဗျာ။ အဓိက က သူ့ဘက်ကိုယ့်ဘက် မတွေးတတ်တာ မတွေးချင်ကြတာပဲဗျ။

    ReplyDelete
    Replies
    1. အိမ်မြှောင်ဘယ်လိုဖမ်းရလည်းခမျ ပြောပေးပါ

      Delete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ