Skip to main content

လွတ်လပ်မှု၏ အကျဉ်းစံ (သို့) “စု”


မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၏ ပူလောင်အိုက်စက်သော နေ့လယ်ခင်းတစ်ခု ဖြစ်ပါသည်။ လမ်းမများသည် ငြိမ်သက်တိတ်ဆိတ် နေသည်။ တစ်ခုသော အိမ်တစ်အိမ်အတွင်းမှ အမျိုးသမီးငယ်တစ်ဦးသည် စန္ဒယားရှိရာသို့ ရွေ့လျားသွားပြီး စတင် တီးခတ်လိုက်သည်။ သူမ၏ လက်ချောင်းသွယ်သွယ်များက စန္ဒယားခလုတ်များ တလျောက် ကျွမ်းကျင်လျင်မြန်စွာ ကခုန်နေပြီး လေထုနွေးနွေးအတွင်းသို့ ငြိမ့်ညောင်းသောဂီတသံက လွတ်လပ်စွာပျံ့လွင့်လာသည်။ “စု” သည် နေအိမ်အကျဉ်းကျနေသူဖြစ်သည်။ စင်စစ် သူမသည် ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးအတွက် ဖြစ်နိုင်သည့်နည်းလမ်းဖြင့် လက်တွေ့ တိုက်ပွဲဝင်နေသူ ဖြစ်လေသည်။


♥ ♥ ♥ ♥ ♥ ♥ ♥


ဒေါ်အောင်ဆန်းစုကြည်အား ၁၉၄၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အရေးပါအရာရောက်ပြီး ကြွယ်ဝချမ်းသာသည့် မိသားစုတစ်စုမှ မွေးဖွားခဲ့သည်။ သူမ၏ဖခင် (အားလုံးသိကြတဲ့အတိုင်း “ကျွန်တော်တို့ရဲ့ဗိုလ်ချုပ်” ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါသည်) မှာ သူမ နှစ်နှစ်သမီးအရွယ်တွင်ပင် လုပ်ကြံခံခဲ့ရသည်။ သို့သော် သူမ၏ ငယ်စဉ်ဘ၀မှာ ပျော်စရာကောင်းပြီး သက်တောင့်သက်သာ ဖြတ်သန်းနိုင်ခဲ့ပါသည်။ ဆယ့်ငါးနှစ်သမီးအရွယ်တွင် သူမတို့မိသားစုသည် အိန္ဒိယနိုင်ငံသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမှ “စု” သည် ထိုအရပ်ရှိ သူမအမေ၏ နိုင်ငံရေးဆိုင်ရာ အလုပ်များကို အလွန်စိတ်ပါဝင်စား လာခဲ့လေသည်။ နိုင်ငံရေး၏ စွမ်းအားကို ငယ်ငယ်ရွယ်ရွယ်နှင့်ပင် သူမ ကောင်းကောင်း သဘောပေါက်နားလည်ခဲ့ပါသည်။

အောက်စဖို့ (Oxford) တွင် ပညာသင်ကြားနေစဉ်အတွင်း “စု” သည် မိုက်ကယ်အဲရစ်ဆိုသူ ခပ်ချောချော အင်္ဂလိပ်အမျိုးသားငယ်တစ်ယောက်နှင့် စတင်တွေ့ဆုံခဲ့သည်။ မကြာခင်အတွင်း “မိုက်ကယ်” သည် “စု” ၏ အရှေ့တိုင်းဆန်ဆန် ချောမောလှပသည့် သွင်ပြင်နှင့် ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးတို့ကြောင့် ချစ်ကျွမ်းဝင်ခဲ့လေသည်။ လက်ထပ်ပြီးနောက် အာရှတစ်ခွင်တွင် အတူတကွ ခရီးလှည့်လည်၊ အလုပ်လုပ်ကိုင်ရင်း နှစ်အနည်းငယ် ကြာခဲ့သည်။ နောက်ဆုံးတွင် သူတို့၏ သားနှစ်ယောက်နှင့်အတူ ရိုးရှင်းပျော်ရွှင်သော ဘ၀တစ်ခုတွင် နေထိုင်ရန် အင်္ဂလန်နိုင်ငံသို့ ပြန်လာခဲ့လေသည်။ သို့သော် သူမ၏ သမိုင်းဇစ်မြစ်၊ သူမ၏ မိသားစု နှင့် မြန်မာနိုင်ငံရှိ သူမ၏ ပြည်သူလူထုကို “စု” တစ်ယောက် မမေ့နိုင်ခဲ့ပေ။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားသော သူမ၏ ဖခင်ကို သူမ ကောင်းကောင်းနားလည်ခဲ့ပြီ ဖြစ်သည်။ ၁၉၇၀ နှင့် ၁၉၈၀ ကြားကာလများသည်လည်း မြန်မာနိုင်ငံရေးလောက၏ မုန်တိုင်းထန် နှစ်ကာလများ ဖြစ်လေသည်။ သတင်းစာများကို ဖတ်ရင်းနှင့်ပင် “စု”သည် သူမဖခင်၏ “ရဲစွမ်းသတ္တိ” ကို မှတ်မှတ်ထင်ထင် ရှိနေခဲ့သည်။




၁၉၈၈ ခုနှစ်တွင် နာမကျန်းဖြစ်နေသည့် မိခင်ရှိရာ မြန်မာနိုင်ငံသို့ “စု” အလည် ရောက်ရှိခဲ့လေသည်။ ထိုကာလသည် တိုင်းပြည်၏ ခက်ခဲကြမ်းတမ်းသည့်ကာလပင် ဖြစ်ပါသည်။ “စစ်တပ်” သည် အစိုးရသစ်ဖွဲ့ရန် အလိုရှိနေချိန် ဖြစ်လေသည်။ ပြည်သူများမှာ အနာဂတ်အတွက် ရတက်မအေးဖြစ်နေရချိန်ဖြစ်သည်။ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ်၊ အတန်းစားမျိုးစုံသော လူထောင်ပေါင်းများစွာတို့မှာ မိမိတို့၏ ဆန္ဒကို ထုတ်ဖော်ပြသရန်အတွက် လမ်းမများပေါ်သို့ ထွက်လာကြသည်။ သို့သော် “စစ်တပ်” ၏ အလိုဆန္ဒမှာ “အာဏာ” သာဖြစ်လေသည်။ ပြည်သူတို့၏ ဆန္ဒအသံများကို နားထောင်ပေးရန် အလိုရှိသည် မဟုတ်ပါ။ သူတို့က လက်မရွံ့သတ်ဖြတ်နှိပ်ကွပ်ရန် အသင့်ပြင်ထားပြီး ဖြစ်လေသည်။ ထိုမှ မကြာခင်တွင်ပင် စစ်တပ်သည် သာမန်လူ အပြစ်မဲ့အရပ်သားထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပါသည်။ “စု” အတွက် ရွေးချယ်စရာလမ်း နှစ်လမ်း ကွဲပြားခဲ့သည်။ တစ်လမ်းမှာ အောက်စဖို့ရှိ မိသားစုနှင့်အတူ သာယာပျော်ရွှင်ဖွယ်ကောင်းသော ခရီးလမ်းဖြစ်ပါသည်။ နောက်တစ်လမ်းမှာ မြန်မာပြည်ရှိ ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များလှစွာသော နိုင်ငံရေး ခယောင်းလမ်းပင် ဖြစ်လေသည်။ သူမ၏ မိခင်ကြီးမှာလည်း နောက်ဆုံးအချိန်နီးကပ်လာခဲ့ပြီ ဖြစ်သည်။ “စု” သည် ဖခင်၏ ပြောင်မြောက်သော စွမ်းဆောင်မှုကို ဆက်လက်တာဝန်ယူရန် ရဲရဲဝင့်ဝင့် ဆုံးဖြတ်ချက် ချခဲ့ပါသည်။

စုသည် နိုင်ငံတကာသမိုင်းနှင့် နိုင်ငံရေးသဘောတရားတို့ကို အတော်လေးနှံ့စပ်သူ ဖြစ်ပါသည်။ “မာတင်လူသာကင်း” နှင့် “မဟတ္တမ ဂန္ဒီ” ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများ၏ အတွေးအခေါ်ကို အသုံးပြုရန် “စု” က အလိုရှိသည်။ အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယဟူသည့် နိုင်ငံကြီးများတွင် ထိုပုဂ္ဂိုလ်နှစ်ဦးသည် ပြည်သူလူထု၏ လွတ်လပ်ရေးအတွက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့ကြသည်။ မိမိတို့အား အုပ်ချုပ်မည့် အစိုးရကို မိမိတို့ကိုယ်တိုင် ရွေးချယ်လိုသည့် ဆန္ဒ၊ ပြည်သူပြည်သားများတွင် ရှိမှန်း “စု” သိသည်။ နိုင်ငံတစ်နံတလျားသို့ သူမ ခရီးထွက်ပြီး မိန့်ခွန်းပြောကြားရာတွင် ထောင်ပေါင်းများစွာသော ပြည်သူများက လာရောက်နားထောင်ခဲ့ကြ သည်။ “စစ်တပ်” သည် “စု”ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ သူမ၏ဘ၀သည် အန္တရာယ်လက်တစ်ကမ်းတွင်ပင် ရှိနေကြောင်း “စု” သိသည်။ သို့သော် တိုင်းပြည်၏ လွပ်လပ်ရေးသည် ပိုမို အရေးကြီးကြောင်း သူမ ယုံကြည်သည်။ “စု” သည် တိုက်ပွဲဝင်ရန် အဆင်သင့်ရှိနေခဲ့ပြီ ဖြစ်သည်။ သို့သော် လက်နက်ဖြင့်မဟုတ်ဘဲ သူမ၏ စူးရှထက်မြက်သော စကားလုံးများ၊ အတွေးအခေါ်များနှင့်သာ ဖြစ်လေသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ ချက်ချင်းဆိုသလိုပင် “စု” နှင့် အခြားသော မြန်မာ့နိုင်ငံရေးသမားများသည် အစိုးရကို ပြည်သူလူထု၏လက်ဝယ် ပြန်လည်ရောက်ရှိရန်နည်းလမ်းကို စီစဉ်ကြံဆခဲ့ကြသည်။ ဤသို့ဖြင့် ၁၉၈၉ ခုနှစ်၏ တစ်ခုသော နံနက်စောစောတွင် အင်အားအပြည့်အစုံနှင့် စစ်သားတစ်စု “စု” ၏ နေအိမ်သို့ မဖိတ်ခေါ်ဘဲ ရောက်ရှိခဲ့ပါသည်။ မြန်မာပြည်တွင် လုပ်နေသောအလုပ်များကို ရပ်တန်းကရပ်ပြီး အင်္ဂလန်သို့ပြန်ရမည်ဟု သူတို့က ပြောသည်။ သို့သော် “စု” က ရဲရင့်တည်ကြည်စွာ ငြင်းပယ်ခဲ့ ပါသည်။ မပြန်ဘူးဆိုလျှင် နေအိမ်မှ အပြင်ထွက်ခွင့်မရှိဘူး။ အခုချိန်ကစပြီး နေအိမ်အကျယ်ချုပ်ဖြင့်နေထိုင်သော အကျဉ်းသားတစ်ဦးဖြစ်သွားပြီဟု စစ်သားများက ဆက်လက် ပြောကြား ခဲ့လေသည်။

သူမ၏ နိုင်ငံရေးအဖွဲ့ကို နေအိမ်အကျဉ်းထောင်မှနေ၍ပင် “စု” က ဆက်လက် စီမံဖွဲ့စည်းခဲ့သည်။ စစ်တပ်သည် စက္ကန့်မလပ်နီးပါး သူမကို စောင့်ကြည့်နေသည်။ သို့သော် လျှို့ဝှက် ဖုန်းခေါ်ဆိုမှုများ၊ စာများကို သူမက သတိကြီးစွာဖြင့် လုပ်ဆောင်ခဲ့ပါသည်။ နေ့စဉ်နေ့တိုင်းသည် တစ်ကိုယ်ထီးသာ ဖြစ်ပါသည်။ လွတ်လပ်မှုအတွက် အန္တရာယ်ပြွန်းတီးနေသည့် တိုက်ပွဲကို ဆင်နွဲနေခဲ့ရသည်။ မိမိနေအိမ်အတွင်းမှာပင် “စု” သည် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် မရရှိခဲ့၊ သူမ၏ မိသားစုနှင့် တွေ့ဆုံခွင့်မရရှိခဲ့ပေ။ သို့သော် ဤသို့ ကြောက်မတ်ဖွယ်ကောင်း လှသော အထီးကျန်မှုသည် “စု” ၏စိတ်ဓာတ်ကို မူလထက်ပင် ပိုမိုအားကောင်းခိုင်မာလာစေရန်နှင့် ပိုမိုရဲရင့်လာစေရန် တစ်ဘက်က လုပ်ဆောင်ခဲ့လေသည်။

၁၉၉၀ ခုနှစ်တွင် “နိုင်ငံတော်အစိုးရ” အတွက် မဲဆန္ဒပေး ရွေးချယ်ခဲ့လေသည်။ (မှတ်ချက်။ နိုင်ငံတော်အစိုးရသည် စစ်အစိုးရ (သို့) တပ်မတော်အစိုးရ မဟုတ်ပါ။ ယခု အာဏာရယူထားသည့် စစ်အစိုးရက မိမိတို့ကိုယ်ကို နိုင်ငံတော်အစိုးရဟု ယောင်တောင်ပေါင်တောင် သုံးစွဲနေခြင်းကို လူငယ်များ အမှတ်မမှားမိစေရန် လေးနက်စွာ ပြောကြားလိုပါသည်) “စု” ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့်၊ အင်န်အယ်ဒီပါတီ (NLD) သည် မဲဆန္ဒပေါင်း ၈၂ ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ သို့သော် စစ်တပ်က အာဏာလွှဲပြောင်းပေးအပ်ရန် ငြင်းဆန်ခဲ့ပါသည်။ “စု” ကိုလည်း နေအိမ်အကျယ်ချုပ်နှင့်ပင် ဆက်လက် ထားရှိခဲ့သည်။ မြန်မာနိုင်ငံနှင့် ပြည်သူများ၏ သာယာပျော်ရွှင်သည့် အနာဂတ်မှာ စစ်တပ်ကြောင့် ရက်ရက်စက်စက် ချေမွဖျက်စီးခြင်းကို ခံခဲ့ရလေသည်။

သို့သော် “စု” သည် သူမ၏တိုင်းပြည်အတွက် ဆက်လက်ရုန်းကန် တိုက်ပွဲဝင်နေဆဲပင် ဖြစ်ပါသည်။ သူမ၏ ငြိမ်းချမ်းစွာ လက်နက်မဲ့ တိုက်ပွဲဝင်ရေးနည်းလမ်းမှာ ကမ္ဘာတစ်ဝှမ်း ကျော်ကြားလူသိများလာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် သူမသည် နိုဘယ်ငြိမ်းချမ်းဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့လေသည်။ သူမဂုဏ်ယူသည့် သားနှစ်ဦးမှာ နိုဘယ်ဆိုကို သူမကိုယ်စား နော်ဝေနိုင်ငံသို့ သွားရောက်ပြီး လက်ခံရယူခဲ့သည်။ ထိုမှတစ်နှစ်ကြာသည်အထိ သားနှစ်ဦးကို “စု” တွေ့ခွင့်မရခဲ့ပါ။ နောက်ဆုံးတွင်တော့ မိသားစုမှ လာရောက်တွေ့ဆုံရန် ခွင့်ပြုချက် ရရှိခဲ့သည်။ သို့သော် သူမသည် အကျဉ်းစံဘ၀မှာပင် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။

အကျဉ်းချထားခြင်းအားဖြင့် “စု” ကို လူအများ ပိုမိုလေးစား ဂရုဏာသက်ကြပြီး၊ “စု” ၏ စိတ်ဓာတ်ကို ပိုမိုပြင်းထန်လာစေသည်ဟု စစ်တပ်က တွေးထင်ခဲ့သည်။ ထို့ကြောင့် သူမကို လွှတ်ပေးရန် ဆုံးဖြတ်ခဲ့လေသည်။ ၁၉၉၅ ခုနှစ်တွင် “စု” သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည်။ လွတ်မြောက်သည်နှင့်ချက်ချင်း သူမသည် နိုင်ငံတလျား ခရီးစတင်ထွက်ခွာပြီး ပြုပြင်ပြောင်းလဲမှုအတွက် ဟောကြားခြင်းများ မဆိုင်းမတွ ပြုလုပ်ခဲ့သည်။ စစ်တပ်က သူမ၏ လှုပ်ရှားမှုမှန်သမျှကို မျက်လုံးထောက်ထောက် ကြည့်ရှုနေခဲ့သည်။ ဟောပြောပွဲတစ်ခုချင်း၊ ခရီးတစ်ခုချင်းစီသည် သူမအတွက် လွန်စွာအန္တရာယ်ကြီးလှပါသည်။ သို့သော် “စု” သည် သူမ၏ ရဲစွမ်းသတ္တိကို မဆုံးရှုံးခဲ့ပေ။

၁၉၉၉ ခုနှစ် အစောပိုင်းတွင် “စု” ၏ ခင်ပွန်းမှာ အသည်းအသန် နာမကျန်းဖြစ်ခဲ့လေသည်။ ခင်ပွန်းထံ သွားတွေ့ချင်လျှင် သွားတွေ့နိုင်ကြောင်း စစ်တပ်က အကြံပြုခဲ့သည်။ “စု” က စစ်တပ်၏ အကြံအစည်ကို သိပြီးဖြစ်သဖြင့် လုံးဝ ယုံကြည်လက်ခံခြင်းမရှိဘဲ အဆိုပါအကြံပြုချက်အား ငြင်းပယ်ခဲ့ပါသည်။ အကယ်၍ သူမ ပြည်တော်ပြန်ခဲ့လျှင် စစ်တပ်သည် မြန်မာနိုင်ငံသို့ လုံးဝ ပြန်လာခွင့်ပြုတော့မည်မဟုတ်ဟု သူမက စဉ်းစားမိခဲ့သည်။ ခင်ပွန်းဖြစ်သူသည် သူမကို ချစ်မှန်း သူမ ကောင်းကောင်းသိသည်။ သူ နားလည်ပေးနိုင်မည်ဟု လည်း သူမသိပါသည်။ ထိုနှစ် မတ်လတွင်ပင် သူ ဆုံးပါးသွားခဲ့ပြီး သူမ၏နှလုံးသားတွင် ဒဏ်ရာတစ်ခု ထပ်တိုးလာခဲ့ရလေသည်။

ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများသည် မြန်မာနိုင်ငံတွင် လွတ်လပ်မှုမရှိပါ။ မြန်မာသတင်းထောက်များ အနေဖြင့် အမြဲတစေ အစိုးရ၏ မူဝါဒနှင့် ကိုက်ညီရမည် ဖြစ်လေသည်။ သို့သော် “စု” ၏ မိန့်ခွန်းများမှာ ကွဲပြားသည့် အတွေးအခေါ်၊ အယူအဆများနှင့်သာ ပြည့်လျှံနေခဲ့သည်ဖြစ်ရာ ဤသည်ကို စစ်တပ်က စိုးရိမ်လာခဲ့ပြီး ခရီးသွားဟောပြောခြင်းကို ရပ်တန့်ရန် သူမကို တားဆီးခဲ့သည်။ “စု” က ငြင်းဆန်သည်။ သို့နှင့်ပင် ၂၀၀၀ ခုနှစ်တွင် “စု” သည် စစ်တပ်၏ အကျဉ်းသား တစ်ဖန်ပြန်ဖြစ်ရပြန်လေသည်။ သူမ၏ ခင်ပွန်း သေဆုံးပြီး နောက်ပိုင်းမှစ၍ “စု” သည် ခါတိုင်းထက် ပိုမို အထီးကျန်အဖော်မဲ့နေသလို ခံစားလာခဲ့ရသည်။ သို့သော် သူမသည် နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများ၊ လေ့လာမှုများ၊ လေ့ကျင့်ခန်းများနှင့် စန္ဒယားတီးခတ်ခြင်းတို့ဖြင့် အမြဲတစေ အလုပ်ရှုပ်နေခဲ့လေသည်။

နှစ်ပေါင်း ၂၀ ကာလအတွင်း အချိန်အများစုမှာ အကျဉ်းသားဘ၀သာ ဖြစ်ခဲ့ရသော်လည်း “စု” သည် သူမ၏ တိုက်ပွဲကို ယနေ့အချိန်ထိ ရပ်တန့်အရှုံးပေးခြင်း မရှိခဲ့ပါ။ ၂၀၀၂ ခုနှစ်တွင် သူမ ပြန်လည်လွတ်မြောက်ခဲ့သေး သော်လည်း ၂၀၀၃ ခုနှစ်တွင် စစ်တပ်သည် အင်န်အယ်ဒီ (NLD) ကို တိုက်ခိုက်ခဲ့ပြီး ပါတီဝင် အများအပြား သေဆုံးခဲ့ရသည်။ စစ်တပ်သည် “စု” ၏ အယူအဆကို ပိုမိုနီးကပ်စွာ နားထောင်လာလိမ့်မည်လား ??? ဤသို့ ယူဆသူများ ရှိသည့်တိုင် ထိုမေးခွန်းမှာ ယနေ့အချိန်ထိ အဖြေမရှိသေးသည့် ပုစ္ဆာတစ်ခုသာ ဖြစ်လေသည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်… “စု” ၏ အားအင်သတ္တိတို့သည် ပြည်သူများကို မျှော်လင့်ချက်ရောင်ခြည် ပေးစွမ်းလျက် ရှိနေပေသေးသည်။ ဤမျှော်လင့်ချက်ရောင်ခြည်မှာ… ငြိမ်းချမ်းရေးနှင့် လွတ်လပ်မှုအတွက် အနာဂတ် မျှော်လင့်ချက်ရောင်ခြည်ပင် ဖြစ်လေသည်။

မှတ်ချက်။ ။ အတိုက်အခံခေါင်းဆောင် “ဒေါ်အောင်ဆန်းစုကြည်” သို့မဟုတ်၊ ကျွန်တော်တို့ မြန်မာလူငယ်များက ချစ်စနိုးခေါ်ကြသော “အန်တီစု” အား ဤဆောင်းပါးတွင် “စု” ဟုသာ အတိုကောက် ခေါ်ဝေါ်သုံးစွဲခဲ့ပါသည်။ ဤသည်မှာ အရိုအသေတန်သည့် သဘောမျိုးဖြင့် သုံးစွဲခြင်းမဟုတ်ဘဲ... ချစ်ခင်ရင်းနှီးခြင်း၏ အမှတ်အသားတစ်ခုအဖြစ်သာ ယူဆကြစေလိုပါသည်။


♥ ♥ ♥ ♥ ♥ ♥ ♥

လွတ်လပ်မှု၏ အကျဉ်းသားအဖြစ် တိုက်ပွဲဝင်နေသော “စု” အား အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း

လေးနက်စွာ ဆန္ဒပြုပါ၏။


♥ ♥ ♥ ♥ ♥ ♥ ♥

◄ တေဇာ ► အောက်တိုဘာ (၂၂) ၂၀၀၉
Ref: Prisoner for Peace by Clare Swain

Comments

  1. လွတ်လပ်မှု၏ အကျဉ်းသားအဖြစ် တိုက်ပွဲဝင်နေသော “စု” အား အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း လေးနက်စွာ ဆန္ဒပြုပါ၏။

    ML

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ