ဒီ အသွားမျိုးတွေ ပြောနေတာ
မီးကို တုတ်နဲ့သတ်လို့ရသလား
မီးကိုမီးနဲ့သတ်ရတယ် ဆိုသလားလို့။
စားသောက်ဖွယ်ဆိုင်းဘုတ်လေးတစ်ခု ရေးတာတောင် လက်က အမှတ်လေးတစ်ခုတော့ တို့ချင်ဆိတ်ချင်
ဘ၀ဟာ လုံလောက်ပါပြီ ဘ၀ဟာ
လုံလောက်ပါပြီ နေခွင့်ရတာလေးကိုက
ရတာလေးကိုက ကိုက လိုအပ်တဲ့ ရလဒ်ကွက်ကလေးကိုက ကွက်လပ်ကလေးလို လုံလောက်ပါပြီ။
လူကြီးမင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ
ကျွန်တော် ဒီဘ၀မရောက်ခင်
ရောက်ခဲ့ရတဲ့ ဒုက္ခကတောင်
လူကြီးမင်းဆီ မရောက်ရောက်အောင်လာပြီး
ကျေးဇူးတင်ကြောင်းပြောမလို့ ဆိုလား။
ကိုယ့်လူကလည်း ပြောလိုက်ရောပေါ့
ဒီလမ်းဆုံးကအိမ်ဟာ ကိုယ့်အိမ်ပဲလို့
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကူညီရမှာပဲမဟုတ်လား
ကိုယ့်လူလည်း လူသားပဲမဟုတ်လားဗျာ။
ဟာ…ဟိတ်ကောင် လူဆို ဘယ်လိုဖြစ်လာတာလည်းကွာ
မင်းလူရုပ်နဲ့မတူတော့တာ သတိများထားမိသေးရဲ့လား
ဒီဆံပင်အရှည်ကြီးတွေ ဖြတ်ပစ်လိုက်စမ်း
ကိုယ့်ကို ဒီလို နွမ်းပါးနေချိန်မှာ အထင်သေးကြတဲ့အထဲ
ကြယ်သီးကို စုံနေအောင်တပ်
မင်းဖိနပ်ကလည်း အရှေ့ကတစ်ဖက် အနောက်ကတစ်ဖက်
လွန်ခဲ့တဲ့နှစ်လက ရူးမလိုတောင်
ဖြစ်သွားသေးတယ်ဆို
ဟေ့ကောင် ခွေးတစ်ကောင်တောင် အမှိုက်ပုံမှာ ငါ့လောက်
လောက်လောက်ငငခံနိုင်ရည်နဲ့ စောင့်နိုင်မှာမဟုတ်ဘူး
အခုမင်းပေးမယ့် ဆံပင်ညှပ်ခ နှစ်ရာဟာ
အမှိုက်ပုံနဲ့ငါ တစ်မနက်လောက် စိတ်ကောက်လို့ရတယ်။
ဟုတ်ကဲ့၊ သူလာပါလိမ့်မယ်
ဒါပေမဲ့ ဒီကိစ္စကို သူတာဝန်ယူ
ဖြေရှင်းပေးနိုင်မယ်တော့ မထင်လှဘူး
လူကြီးမင်းလည်း သိပါတယ်
ဘ၀ သဘောတူညီအချက် အပုဒ်ခုနစ်မှာ
အတိအလင်းဆိုထားတာပဲ
ဆေးကို ဈေးမစစ်ရဘူးဆိုတာ။
တစ်ဘ၀နဲ့တစ်ဘ၀ ပုံမှန်ဆက်ဆံရေး
ထူထောင်ဖို့ စိတ်အားထက်သန်နေတာပါဗျာ
(ခေါင်းရမ်းရင်း) မဖြစ်ပါဘူး၊ ဒေါက်တာတို့
အနေနဲ့ကော စကားတန်းလန်းနဲ့သူ့လက်က နက်နက်သွင်း
ထားတာကို
မကြည့်ချင်တာနဲ့ သူ့ကျန်းမာရေးကို ထောက်ခံလိုက်လို့
သင့်တော်ပါ့မလား
ရှင်နေလို့ ပြောင်းပြန်လှန်ထားတာ
ဟုတ်လား… ဒါနဲ့ နေပါဦး
ခင်ဗျားကိုကျွန်တော် မမေးဖြစ်သေးဘူးနော်
ခင်ဗျားက ဘာဒေါက်တာလဲ
ဘာနဲ့ ဒေါက်တာဘွဲ့ရတာလဲ မေးမလို့ပါ
ဖီလိုဆော်ဖီလား
ကိုယ့်လူကလည်း ပြောရော့မယ်
ငါ့ကိုနောက်ထပ် ကားခနှစ်ဆယ်တန်တစ်ရွက် ထပ်ပေးကွာ။
◄ မိုးဝေး ► ၂၀၀၅ခုနှစ်၊ ဧပြီလထုတ် မဟေသီမဂ္ဂဇင်းမှ...။

Comments
Post a Comment