စာကြည့်တိုက် ပေါက်စနထဲတွင် မြန်မာမဂ္ဂဇင်း အဟောင်း တချို့တစ်ဝက် ရှိသည်။ စပယ်ဖြူနှင့် နွယ်နီ အတန်အသင့်၊ စတိုင်သစ်၊ ရနံ့သစ်၊ ချယ်ရီ အနည်းငယ်နှင့် အခြားမဂ္ဂဇင်းဟောင်းများ တစ်အုပ်စနှစ်အုပ်စ။ စတိုင်သစ်ပါ ဆောင်းပါးများက အလွတ်နီးပါး ဖြစ်နေပြီ။ ထို့ကြောင့် နွယ်နီမဂ္ဂဇင်းလေး တစ်အုပ်ကို ရွေးချယ်ယူပြီး မာတောင့်တောင့် ခုံတန်းလျားပေါ်တွင်ပင် အကျအန လှဲအိပ်ပြီး ဖတ်နေလိုက်သည်။ နွယ်နီက မျက်မှောက် နိုင်ငံတကာရေးရာ ဇောင်းပေးဖော်ပြသည့်မဂ္ဂဇင်း။ ရသထက် သုတပိုင်းပိုများသည်။ ကျွန်တော်က ရှားရှားပါးပါး ပါရှိသည့် မြန်မာဝထ္ထုတို၊ ရသစာတမ်း စသည်တို့ကို အရင်ဆုံး ရွေးချယ်ဖတ်ရှုလိုက်သည်။ ထို့နောက်တွင် အိမ်မှာ မွေးထားသည့်ခွေးတွေအကြောင်းကို ဓာတ်ပုံများနှင့်တကွ တဖွဲ့တနွဲ့ရေးထားသည့် “မေမေကြီး” ၏ ဆောင်းပါးကို ဘာများပါလိမ့် သိချင်စိတ်ဖြင့် စိတ်ဝင်တစားဖတ်ကြည့်မိသည်။ အိမ်မှာမွေးထားသည့်ခွေး၏ မွေးနေ့ပွဲ၊ ခွေးယောက်ျားရသည့်အကြောင်းနှင့် ခွေးဗိုက်ကြီးသည့်အကြောင်း၊ ခွေးအိမ်ထောင်ရေး ဇာတ်လမ်း ဇာတ်ကွက်များကိုသာ အံ့အားတကြီးတွေ့လိုက်ရသည်။ တခြား ဘာမျှ မပါရှိ။ စိတ်ညစ်ညူးစွာဖြင့်သာ တခြား အကြောင်းအရာများဘက် လှည့်ရပြန်သည်။ နိုင်ငံတကာရေးရာ သတင်းများ၊ အဖြစ်အပျက်များက ရက်လွန်စာများလို ဖြစ်နေပြီ။ ၂၀၀၆ ခုနှစ်က သတင်းများကို ၂၀၀၉ မှာ ပြန်ဖတ်မနေချင်တော့။ သို့သော် သဘောတရားရေးရာ အမြင်များကျတော့လည်း ဖတ်ချင်သည်။ ဟောင်းသွားလို့ သုံးမရတော့ဆိုတာမျိုး ယူဆလို့မဖြစ်။ ဒီတော့ မြန်မာဂျာနယ်လစ် ဘိုးတော်ကြီးတစ်ယောက်၏ ဆောင်းပါးတစ်ပုဒ်ကို ဦးစားပေးရွေးချယ်လိုက်သည်။ “ရသ အော်လတာနေးတစ်” ဟု အမည်ပေးထားသည်။
သူ၏ဆောင်းပါး ဆိုလိုရင်းကို အကျဉ်းချုံးပြန်ရေးပြပါရစေ။ အဆိုပါဘိုးတော်ကြီးမှာ အသက်ကြီးမှ ကိုရီးယားဇာတ်လမ်းတွဲ မကြည့်ရမနေနိုင်လောက်အောင် စွဲလန်းနေသည်ဆို၏။ စွဲသွားရသည့် အကြောင်းရင်းမှာလည်း သူက သူငယ်ပြန်ချင်လို့မဟုတ်။ တီဗီက အိပ်ယာရှေ့ရောက်နေလို့သာ အိမ်သားများနှင့်အတူ အားနာပါးနာကြည့်ရပြီး ကြာတော့ စွဲသွားခဲ့ခြင်းဖြစ်သည်ဟု မည်သူကမျှ ရိုက်မစစ်ပါဘဲနှင့် ဖြေရှင်းချက်ပေးထားသည်။ (အမှန်တော့ မည်သို့ပင်စွဲစွဲ၊ စွဲလန်းခြင်းသည် သူ၏ အခွင့်အရေးသာဖြစ်သည်ဟု ယူဆပါသည်) ဤသို့ ကိုရီးယားဇာတ်လမ်း တမ်းတမ်းစွဲဖြစ်နေရင်းမှ သူက ရသတွင် အော်တာနေးတစ်ရှိကြောင်း သတိထားလိုက်မိသည်ဆို၏။ သူသည် ရသစာပေ ၀တ္ထုကဗျာ စသည်ဖြင့် ဖတ်ရှုခြင်းမရှိသော်လည်း ရသမကန်းပါဟု ငြင်းဆိုသည်။ ၀တ္ထုကဗျာစသည်ဖြင့် မဖတ်ရသည့်အကြောင်းရင်းမှာလည်း အပျင်းကြီးလို့ မဟုတ်ဘဲ သုတဆောင်းပါးတွေ တစ်ချိန်လုံး တစ်ကုန်းကုန်းရေးနေရရှာသဖြင့် အချိန်မရှိလို့ ဖြစ်ပါသည် ဟူ၏။ တခြားဂျာနယ်မဂ္ဂဇင်းတွေက တခြားစာရေးဆရာများ၏စာတွေကိုပင် မဖတ်ပါဟု သူကဆိုသည်။ သူ့စာမှတစ်ပါး တခြား စာများမဖတ်ပါတဲ့။ အနည်းငယ်တော့ အံ့သြသွားမိရသည်။
မြန်မာရသစာပေ အခြေအနေမကောင်းဘဲ ရုပ်သံဇာတ်လမ်းတွဲတွေ ခေတ်စားလာရခြင်းမှာ တကယ်တော့ “ရသလျော်ကြေး” တစ်မျိုးပင်ဖြစ်သည်ဟု ဘိုးတော်က ကောက်ချက်ဆွဲသည်။ Aesthetic compensation ရှိသည်ဟု လက်ချာပေးသည်။ ရသပမာဏကို တွက်ဆကြည့်လျှင် စာပေထက် ရုပ်သံက ပိုပြီး အားကောင်းသည်ဟုပင် ဆို၏။ မြန်မာစာပေ ကျဆင်းလာသည်ဟူသော အသံများအပေါ် သူက ခွဲခြမ်းစိတ်ဖြာပြသည်။ မြန်မာစာပေတွင် ရသစာပေနှင့် သုတစာပေဟူ၍ အကြမ်းဖျင်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါ လိမ့်မည်။ တကယ်တမ်း ကျဆင်းနေသည်က ရသစာပေဖြစ်သည်။ သုတစာပေတွေသာ လွှမ်းမိုးနေသည်။ ထို့ကြောင့် ရသစာပေ ကျဆင်းခြင်းကိုကြည့်ပြီး မြန်မာစာပေကျဆင်းနေသည်ဟု မသုံးသပ်သင့်ကြောင်း သူက ထောက်ပြသည်။ ထို့ပြင် ရသခံစားမှုတွင် အရုပ်နှင့် အသံသည်သာ အခရာဖြစ်သည်။ အရုပ်နှင့်အသံသည် အူဝဲကလေးမှစ၍ ခံစားရ၊ ခံစားနိုင်သော သဘာဝဖြစ်သည်။ စာလုံးစကားလုံးတို့သည် လူ၏ တီထွင်ချက် (Artifact) များသာဖြစ်သည်။ ခက်ခက်ခဲခဲ ဖတ်ရှုခံစားနေရမည့် ရသစာပေကို ဖတ်ရှုမည့်အစား ရုပ်သံဇာတ်လမ်းတွဲကြည့်ခြင်းက သဘာဝနှင့်ပိုမိုနီးစပ်သည်။ ထို့ကြောင့် ရသခံစားမှုတွင် လူတို့သည် သဘာဝဘက်သို့ ပြန်လည်ဦးလှည့်လာသည့်လာခြင်းသာ ဖြစ်ပြီး ကြိုဆိုရမည့်ကိစ္စသာဖြစ်ပေသည်။ အပြစ်မတင်အပ်ဟု သူက ဆိုသည်။ ရုပ်သံအခြေစိုက်ရသသည် စာပေရသလောက်မကောင်းဟု ဘယ်နည်းနှင့်မျှ မပြောနိုင်၊ ဤသို့ ရုပ်သံဘက်ဦးလှည့်လာခြင်းသည် ခေတ်ရေစီးတစ်ခုသာဖြစ်ပြီး ရသစာပေကျဆုံးခြင်းအတွက် ချုံးပွဲချ ငိုစရာမရှိဟုထင်ကြောင်း သူ၏အမြင်ကို ထုတ်ဖော်သည်။ ကျွန်တော် စမ်းသပ်ရေးသားနေသည့် ၀တ္ထုအတိုအစလေးများအား ချမ်းချမ်းနှင့် မီးပုံရှို့ရလျှင် အနွေးဓာတ်ကလေးတော့ အယုတ်ဆုံးအားဖြင့် ပြန်ရနိုင်သည်ဟု တွေးရတော့မလိုပင်…။ အဆိုပါ ဆောင်းပါးတွင် ဆွေးနွေးစရာအချက် အတော်များများ ရှိနေပါသည်။
ပထမဆုံးအနေဖြင့် မြန်မာစာပေသည် သုတနှင့်ရသ နှစ်မျိုးပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ မြန်မာစာပေ = သုတစာပေ + ရသစာပေ ဟူ၍ ဆိုနိုင်ပါသည်။ ထို့ကြောင့် ရသစာပေ ကျဆင်းသည်ဆိုလျှင် မြန်မာစာပေကျဆင်းသည်သာဖြစ်လိမ့်မည်။ အစုဝင် နှစ်ခုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် အရာတစ်ခုသည် ပါဝင်သည့်အစုတစ်ခုခုက အားနည်းသွားခဲ့လျှင် မူလအစုကြီးမှာလည်း အားနည်းသွားမည်သာ ဖြစ်လေသည်။ ထို့အတူ သုတနှင့်ရသ ပေါင်းစပ်ဖွဲ့စည်းထားသည့် မြန်မာစာပေသည် ရသဟူသည့် အစုအဖွဲ့တစ်ခု အားနည်းသွားခဲ့လျှင် မြန်မာစာပေတွင်ပါ အနည်းနှင့်အများ ကျဆင်းမှုရှိပါလိမ့်မည်။ ရသစာပေနေရာကို ပေါများလာသော သုတစာပေများက ၀င်ရောက်အစားထိုးနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပါ။ သို့သော် ရုပ်သံဇာတ်လမ်းတွဲများကရော မြန်မာရသစာပေကို အစားထိုးနိုင်ပါ မည်လော…။
ကိုရီးယားနှင့် တရုတ်ရုပ်သံဇာတ်လမ်းတွဲတို့က ပေးသော ရသကြောင့် မြန်မာရသစာပေကို ခေတ်ရေစီးနှင့် မလျော်ညီသဖြင့် ပျက်သုန်းသွားလည်း လှည့်ကြည့်စရာမလိုဟု သဘောထားခြင်းမှာ အလွန်ဆိုးရွားလှသည့် အယူအဆပင် ဖြစ်ပါသည်။ ဤသည်မှာ ခေတ်ရေစီးလည်းမဟုတ်ပါ။ ကိုရီးယားတွေ တရုတ်တွေက ဟမ်းဖုန်းတွေ အရမ်းသုံးနေသည့်အကြောင်း၊ စကပ်တိုတို ဂျင်းပန်န်ကျပ်ကျပ်နှင့် ဖလမ်းဖလမ်းထနေသည့် ဇာတ်လမ်းများတွင် မကြီးမငယ်ဖြင့် မိန်းမောပြီး ရသဟုအော်နေခြင်းမှာ အလွန်ပြုံးချင်စရာ ကောင်းပါသည်။ ရသကိုးပါးထဲတွင် ရင်တုန်ပန်းတုန် ရသနှင့်၊ အာခေါင်ခြောက်ရသတို့ကိုပါ ထပ်ဖြည့်ပြီး မီး (၁၁) ပါးနှင့်အမှီလိုက်နိုင်အောင် ရသ (၁၁) ပါး လုပ်ရမလိုပင်။ ကိုရီးယားဇာတ်လမ်းတွဲများ အရည်အသွေးကောင်းချင် ကောင်းပါမည်။ မငြင်းလိုပါ။ သို့သော် မြန်မာ့လူမှုဘ၀နှင့်တော့ အပ်စပ်မှုမရှိကြောင်း မာမာတင်းတင်း ငြင်းဆိုရလိမ့်မည်။ သူတို့ကပေးတဲ့ရသကို ကျွန်တော်တို့က တန်းတန်းစွဲဖြစ်နေလျှင် ကျွန်တော်တို့ (မြန်မာများ) ကိုယ်တိုင် ရသဖန်တီးနိုင်မှု အားနည်းခြင်းဖြစ်သည်ဟုပင် ၀န်ခံရလိမ့်မည်။ အကယ်၍ ရသသည် ရုပ်သံဘက်လှည့်လာပြီဆိုလျှင် “မြန်မာရုပ်သံဇာတ်လမ်းတွဲ” ကောင်းကောင်းများ ရိုက်ကူးခွင့်ရလာသည့်တစ်နေ့၊ ရှိလာသည့်တစ်နေ့… တစ်မျိုးတစ်ဖုံ ဖြစ်နိုင်ပါသည်။ မြန်မာရသစာပေကို ကိုရီးယားဇာတ်လမ်းတွဲနှင့် အစားထိုးခြင်းကတော့ စူးလိုက်ပါပေ့သူ့ဉာဏ်တော်ဟူ၍ပင် မှတ်ချက်ချရပေလိမ့်မည်။
“ကမ္ဘာ့ကုန်သွယ်ရေးစင်တာ” ၏ ၉/၁၁ အကြမ်းဖက်ဖြစ်ရပ်အား အိုလီဗာစတုန်းက ပြန်လည်ရိုက်ကူးထားခြင်းအပေါ် အဆိုပါအဖြစ်ဆိုးကြီးမှာ အနုပညာ ဖြစ်သွားပြီဟု ဝေဖန်သူတို့က ဆိုခဲ့ကြောင်း သူက ပြန်လည်ညွှန်းဆိုသည်။ ရုပ်သံချဲနယ်များကြောင့် စစ်ပွဲသတင်း၊ သေကြေပျက်စီးခြင်း များကို တိုက်ရိုက်ခံစားပြီး ကြေကွဲဝမ်းနည်းကြသည်။ အီမိုးရှင်းများဖြစ်ကြသည်။ ဆိုလိုရင်းမှာ အရုပ်နှင့်အသံတို့သည် ရသဖော်ထုတ်ရာတွင် ပိုမိုအင်အားကြီးမားသည်ဟု သူက ဆိုသည်။ မှန်ပါသည်။ အရုပ်နှင့်အသံတို့သည် ပိုမိုအင်အားကြီးမားပါသည်။ သို့သော် ထိုသို့ တိုက်ရိုက်ကြည့်ရှုနိုင်နေသည်အထိ နည်းပညာများတိုးတက်လာခြင်းသည်ပင် ကောင်းကျိုးရှိသလို ဆိုးပြစ်လည်း ရှိနေပါသည်။ ကလေးငယ်များ ခြေပြက်လက်ပြတ်ဖြစ်နေသည်ကို သတင်းများတွင် တိုက်ရိုက်ကြည့်ရှုရသည်။ ဂရုဏာသက်ကြသည်။ ဤ အခြေအနေသည် ကြာလာသောအခါ ခံစားချက် “ထုံထိုင်းခြင်း” (Numbness) ကို ဖြစ်ပေါ်စေတော့သည်။ တွေ့ရဖန်များလာသောအခါ ကလေးတွေ သေသည့်သတင်း ကြည့်နေလည်း ထူးထူးခြားခြား မခံစားရတော့။ ခြေပြတ်လက်ပြတ်မြင်လည်း တုန်လှုပ်မှုမရှိ၊ စသည့် “ထုံထိုင်းမှု” ဝေဒနာဖြစ်ပေါ်လာသည်။ ဆိုလိုသည်က နည်းပညာတွင် ကောင်းကျိုးရှိသလို ဆိုးပြစ်ကိုလည်း မေ့ထားလို့မဖြစ်ဟူသော အချက်ဖြစ်သည်။
တလောက ချားစ်ဒစ်ကင်း၏ ဒေးဗစ်ကော်ပါဖီး (David Copperfied) ကို ဖတ်ရှုမိသည်။ စာသင်သားများအတွက် ပြန်လည်ရေးသားထားသည့် Retold သာဖြစ်လေသည်။ မူရင်းအရေးအသားမဟုတ်ပါ။ အပျင်းပြေ လှန်လှောကြည့်ရင်းနှင့်ပင် ဇာတ်လမ်း၏ ဆွဲငင်အားက စာအုပ်တစ်အုပ်လုံး ပြီးဆုံးသည်အထိ ဆွဲခေါ်သွားသည်။ တကယ်တော့ ဤ၀တ္ထုမှာ ဒစ်ကင်း၏ ဂန္ဓ၀င်လက်ရာဖြစ်ပါသည်။ ကျွန်တော့်လိုလူအနေဖြင့်က တန်ရာတန်ရာ Retold အဆင့်ပဲဖတ်နိုင်ပါသည်။ ဇာတ်လမ်းက ကောင်လေးတစ်ယောက် ပထွေးနှင့်နေရပြီး ပထွေးကနှိပ်စက်၊ အမေလည်းဆုံး စည်းစိမ်ဥစ္စာတွေလည်းဆုံး။ နောက်ဆုံး အဒေါ်အိမ်တွင်နေပြီး ကျောင်းတက်၊ ဥပဒေဘွဲ့ရ၊ ပထွေးဖြစ်သူကို ဥပဒေပညာဖြင့် ပြန်လည်အနိုင်ယူချေမှုန်း။ ချစ်သူနှင့်လက်တွဲ။ ပျော်ရွှင်စွာနေထိုင်သွားကြလေ သတည်းဆိုသည့် ထူးမခြားနား ဇာတ်လမ်းဇာတ်ကွက်သာ ဖြစ်ပေသည်။ ဤသို့ သမားရိုးကျဇာတ်လမ်းသွား ကပင်၊ အဖွဲ့အနွဲ့ပိုင်းအရ အဆင့်နှိမ့်ပြီးရေးထားသည့် အရေးအသားဖြစ်သည့်ကြားမှပင် ဒေးဗစ်လေး တစ်ယောက် အနှိပ်စက်ခံနေရချိန်တွင် ကျွန်တော် မျက်ရည်လည်မိသည်။ မတရားအနိုင်ကျင့်သည့် ပထွေးဆိုသူကို မုန်းတီးမိသည်။ ကျွန်တော်လည်း စာဖတ်ခဲ့သည်မှာ စာဖတ်တတ်စကတည်းက ဖြစ်ပါသည်။ အနည်းငယ်တော့ ကြာခဲ့ပြီဟု ဆိုနိုင်ပါသည်။ သို့သော် စာရေးဆရာ ခံစားရစေချင်သည့်အတိုင်း မလွန်ဆန်နိုင်ဘဲ စာအုပ်ဖတ်ရင်း ဒေါသထွက်လိုက်၊ မျက်ရည်ဝဲလိုက် ဖြစ်နေမိသည်။
ဤသို့ ရသများထက်ပို၍ နက်နဲသိမ်မွေ့သည့်အရာမှာ ရသစာပေ၏ စာရိတ္တပြုပြင်မှု ဖြစ်ပါသည်။ မတရားမှုပြုခြင်းအကြောင်း ဇာတ်လမ်းကို ဖတ်ရှုနေစဉ်မှာပင် မတရားမှုကို မုန်းတီးခြင်း၊ ဆန့်ကျင်ခြင်း စိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်နေရပါသည်။ ရသခံစားမှုမှ အသိပညာအဖြစ်သို့ ဦးနှောက်ထဲ နှလုံးသားထဲ ဖြည်းဖြည်းချင်း စိမ့်ဝင်ပျံနှံ့နေသည်။ ရသစာပေကောင်းတစ်ခု၏ စာရိတ္တပြုပြင်မှုမှာ လွန်စွာသိမ်မွေ့သလို အလွန်ထိရောက်မှု ရှိသည့် နည်းလမ်းလည်း ဖြစ်ပါသည်။ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဟူ၍ တစ်တွတ်တွတ်ရွတ်ဆိုနေလည်း အသိဉာဏ်ထဲသို့ စွဲမြဲလိမ့်မည်မဟုတ်ပါ။ ရသစာပေမှတစ်ဆင့် စိမ့်ဝင်ပျံ့နှံ့လာသည့် စာရိတ္တပြုပြင်ရေးသည် လွန်စွာတန်ဖိုးရှိပြီး ထိရောက်စွာ အကျိုးပြုနိုင်ပါလိမ့်မည်။ ခေါင်းခေါက် ဆုံးမခြင်းမျိုးမဟုတ်ပါ။ ဤသို့ရသစာပေကို ရုပ်သံဇာတ်လမ်းဖြင့် အစားထိုးမည်ဆိုသော်… ထိုကိုရီးယားဇာတ်လမ်းများတွင် မည်သည့်စာရိတ္တပြုပြင်မှုမျိုးပါရှိပါသလဲ မေးခွန်းထုတ်ရန်လိုသည်။ ယနေ့ခေတ် ကောင်မလေးများ စကပ်အကွဲဝတ်လာခြင်း၊ ယောက်ျားလေးများအား ရည်းစားစကားစပြောလာခြင်း စသည့် စာရိတ္တပြုပြင်မှုမျိုးလား… စသည်ဖြင့် စောကျောရန် လိုပါလိမ့်မည်။ နိုင်ငံတော်အကျိုးပြု ဇာတ်လမ်းများကိုတော့ ထည့်၍ပင် ပြောစရာမလိုတော့ပါ။ ဦးနှောက်နှင့် နှလုံးသားထဲ စာရသ သိပ်မပါဟု ၀န်ခံခဲ့သည့် အနှီ သက်ကြီးဝါကြီး ဂုရုကြီးကို ပညာလို အိုသည်မရှိဟူ၍သာ မိကျောင်းမင်းရေခင်းပြရ ပေလိမ့်မည်။ ရသစာပေ၏ နူးညံ့သိမ်မွေ့ခြင်းကို ဒီအသက်အရွယ်ထိ မခံစားခဲ့ဖူးခြင်းကိုသာ ဂရုဏာသက်ရပေလိမ့်မည်။
ရသစာပေကပေးစွမ်းသည့်ရသကို ခံစားနိုင်ရန် လေ့ကျင့်ပျိုးထောင်ပေးမှု လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။ စာလုံး၊ စကားလုံးများသည် လူ့တီထွင်မှုများဖြစ်သည်မှာ မှန်ပါသည်။ သို့သော် ထိုစာလုံးစကားလုံးကို တီထွင်ဖန်တီးနိုင်ခဲ့မှုသည်ပင် လူ့ယဉ်ကျေးမှု၏ အစဖြစ်သည်ဟု ဆိုရိုးရှိပါသည်။ စကားလုံးများဖြင့် ပုံဖော်ဖွဲ့နွဲ့ထားသည့် ရသသည် သဘာဝနှင့်လွန်ဆန်နေသည်ဟု ယောင်ဝါးဝါးကောက်ချက်များ ချနိုင်မည်မထင်ပါ။ ဆောင်းပါးအဆုံးတွင် ဘိုးတော်က End of Word? ဟုပင် ပညာရှင်တစ်ဦးက မေးခွန်းထုတ်ထားသည်ဟု ဆို၏။ မည်သည့်ပညာရှင်ဟု ရေရေရာရာမပါပါ။ နည်းပညာတိုးတက်လာ သည်နှင့်အမျှ စကားလုံးများနေရာတွင် အရုပ်များအသံများဖြင့် အစားထိုးသုံးစွဲလာ နိုင်သည်မှာ မှန်ပါသည်။ သို့သော် ဤကိစ္စကို ရသစာပေနှင့် မိုက်မိုက်ကန်းကန်း ညီမျှခြင်းအတင်းထိုးကြည့်၍ ရမည်မထင်ပါ။ မူရင်းပညာရှင်၏ ဆိုလိုရင်းသည် တစ်မျိုးဖြစ်လိမ့်မည်ထင်သည်။
အရုပ်နှင့်အသံတို့သည် သဘာဝနှင့် ပိုမိုနီးစပ်လာသည်ဆိုရလျှင်… ပန်းချီသည်လည်း အရုပ်ဖြစ်ပါသည်။ ဂီတသည်လည်း အသံဖြစ်ပါသည်။ ရသပေးစွမ်းနိုင်သည့် အနုပညာများဖြစ်ပါသည်။ ဂီတကိုတော့ လူတိုင်းနီးပါး ခံစားတတ်ကြလိမ့်မည်ဟု ယူဆသည်။ ပန်းချီကို လူတိုင်း ခံစားတတ်ပါသလား စဉ်းစားကြည့်သင့်သည်။ ပန်းချီကို လူတိုင်းခံစားနိုင်စွမ်းမရှိသော်လည်း ပန်းချီသည် တန်ဖိုးရှိနေသည်သာ ဖြစ်သည်။ ရှင်သန်နေသည်သာ ဖြစ်သည်။ အကယ်၍ ပန်းချီပညာ ပျက်စီးပျောက်ဆုံးသွားတော့မည့် အန္တရာယ်ရှိခဲ့လျှင်လည်း လူ့ယဉ်ကျေးမှုအဖြစ် (အနည်းဆုံးအားဖြင့် ပြတိုက်ပို့ရန်သော်မှ) မပျောက်ပျက်အောင် ထိန်းသိမ်းရန် တာဝန်ရှိပေသည်။ ရသစာပေသည်လည်း ထို့အတူ ဖြစ်လိမ့်မည်။ နည်းပညာတိုးတက်လာခြင်းကြောင့် ရသစာပေ ဆုတ်ယုတ်မှုရှိခဲ့လျှင် Natural Selection အရ အင်အားနည်းသဖြင့် ပျက်သုန်းသွားရသည်ဟု သဘောမထားသင့်ဘဲ… အဖိုးတန်လူ့ယဉ်ကျေးမှုတစ်ခု ပျက်သုန်းမည့်အရေးဖြစ်သဖြင့် ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိပါသည်။ သို့မဟုတ်လျှင် စာပေ၏ နက်နဲသိမ်မွေ့လှသည့် စာရိတ္တပြုပြင်ရေး နည်းလမ်းကို ဆုံးရှုံးရမည်ဖြစ်လေသည်။ အကယ်၍ ရုပ်သံလွတ်လပ်ခွင့်များ ရရှိ၍ မြန်မာဒါရိုက်တာများ အတားအဆီးမရှိ ဖန်တီးနိုင်ခွင့်ရှိလာသည့် ကာလရောက်လာခဲ့လျှင်၊ အဆိုပါ ပညာပေးခြင်း၊ (တစ်နည်း) စာရိတ္တပိုင်းဆိုင်ရာ ပြုပြင်ရေးလုပ်ငန်းကို အတုံးလိုက်အတစ်လိုက်မဟုတ်ဘဲ ပညာသားပါပါ ရိုက်ကူး ဖန်တီးနိုင်စွမ်းရှိခဲ့လျှင်သော်မှ ရသစာပေအား မြောင်းထဲလွှင့်ပစ်ဖို့တန်ပြီ ပြော၍ မရနိုင်ပါ။ ကားနှင့် ရထားကဲ့သို့ သင့်တော်သည့်အရာ ရွေးချယ် စီးနင်းကြရမည့် “နည်းလမ်းများ” ဖြစ်ပါသည်။ များလေ ကောင်းလေ ဖြစ်ပါသည်။ တစ်ခုအားကောင်းလာ၍ တစ်ခုက သေဆုံးပေးစရာ လိုသည့်ကိစ္စမျိုး မဟုတ်ပါ။
အဆိုပါဆောင်းပါး နိဂုံးပိုင်းတွင်သော် ကဗျာစာပေကိုပါ အကိုးအကားအနည်းငယ်ဖြင့် ထောက်ပြထားသည်။ “ကဗျာသည် စာဖတ်သူ၏ ရောင်းရင်းကောင်းဖြစ်နိုင်ရန် ခက်ခဲပုံ” ဟူ၍ ဝေဖန်ရေးဆရာတစ်ယောက်ကို အကိုးအကားပြု၍ ဆိုသည်။ ဆရာချော (မောင်ချောနွယ်) တစ်ယောက် သေရွာမှပြန်လာပြီး၊ ထိုဘိုးတော်ရှေ့တွင်ပင် ကိုယ့်ကိုယ်ကို ထပ်သတ်သေသင့်သည်။ ရိုးရိုးလေးစဉ်းစားကြည့်လျှင် ပန်းချီ၊ ကဗျာစသည့် အနုပညာဖန်တီးမှုများသည် အမှိုက်ကောက်သည့်ကောင်လေး နားလည်ချင်မှ နားလည်ပါလိမ့်မည်။ အရေးမကြီးပါ။ နားလည်သူများ ရှိပါသည်။ ရေးသူများရှိပါသည်။ စွဲလန်းသူများရှိပါသည်။ “တန်ဖိုး” တစ်စုံတစ်ရာ ရှိပါသည်။ ကဗျာသည် လူထုနှင့်အံမ၀င်၊ လူသူလေးပါး နားလည်နိုင်စွမ်းမရှိ၊ ခေတ်ရေစီးနှင့်မကိုက်ညီယူဆသဖြင့် မျက်ကွယ်ပြုလိုသူများပြုပါ။ မတတ်နိုင်ပါ။ ခံစားတတ်သူတချို့၊ ရူးသွပ်သူတချို့က ဆက်လက်ဖက်တွယ်ပြီး ပုံဖော်သွားပါလိမ့်မည်။ သို့သော် စာပေသြဇာ အတိုင်းအတာတစ်ခုတစ်ခုအထိ ရှိနေသည့် ၀ါရင့်စာရေးဆရာကြီးက ဤသို့ ယောင်ကန်းကန်း အယူအဆများကို စာမျက်နှာထက်ပုံနှိပ်ဖော်ပြခြင်းက စာဖတ်သူများ အယူတိမ်းစေနိုင်သည်။
နိဂုံးချုပ်ရလျှင် အဆိုပါ “ရသ အော်တာနေးတစ်” ဆောင်းပါးမှာ ဆောင်းပါးရှင်၏ တောင်တွေးမြောက်တွေး စိတ်ကူးများကို အကိုးအကားအနည်းငယ် ဖြတ်ညှပ်ကပ်ပြီး အယူအဆ ဆန်းသစ်သယောင်ယောင် ဆောင်းပါးတစ်ပုဒ်ဖြစ်အောင် “လုပ်ရေး” ထားခြင်းမျှသာ ဖြစ်သည်။ အဆီအနှစ် တစ်ပြားသားမှ ပါရှိသည်မဟုတ်သည့်ပြင် အန္တရာယ်လည်း ကြီးပါသည်။ မိမိက ရသစာပေ ရေးသားခြင်းမရှိ (၀ါ) ရေးသားနိုင်စွမ်းမရှိသဖြင့် ရသစာပေကို အလကားဟာပါဟု ခပ်ပေါ့ပေါ့တွေး၊ ခပ်ပေါ့ပေါ့ရေးထားခြင်းများသာ ဖြစ်လေသည်။ မြန်မာရသစာပေ ဆုတ်ယုတ်နေသည်ဟုဆိုလျှင် ပြန်လည် အားကောင်းမောင်းသန်ဖြစ်လာစေရန် ကြိုးစားရမည်မှာ မြန်မာလူငယ်များ၏ တာဝန်ဖြစ်ပါသည်။ ခြင်မျိုးစိတ်များ မပျောက်ပျက်သွားအောင် ထိန်းသိမ်းနေသည်ဟူသည့် ယနေ့နည်းပညာခေတ်တွင် စာပေနှင့်ယဉ်ကျေးမှုကို ထိန်းသိမ်းရန်မှာ “တာဝန်” တစ်ရပ်သာဖြစ်ကြောင်း အထူးပြောစရာ လိုမည်မထင်ပါ။ ခက်သည်က ၀ါရင့်ကြီးများက ဤသို့တပ်လှန့်ရမည့်အစား ဖတ်ဖူးသမျှ အကျိုးအပဲ့များဖြင့် တန်ဆာဆင်ပုံဖျက်ပြီး ရှေ့က ကဖျက်ယဖျက် လုပ်နေခြင်း ဖြစ်သည်။ ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး သုံးသပ်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
ရည်ညွှန်း ။ ။ ၂၀၀၆ ခုနှစ် အောက်တိုဘာလထုတ်၊ နွယ်နီမဂ္ဂဇင်းတွင်ပါရှိသော “ဆရာမောင်စူးစမ်း” ၏ “အူဝဲ၊ ရောင်းရင်းကောင်း၊ ရသ အော်တာနေးတစ်” ဆောင်းပါး။
◄ တေဇာ ► အောက်တိုဘာ (၂၃) ၂၀၀၉
very good. you are absolutely right.
ReplyDeleteဒီလောက်ကောင်းတဲ့ ဆောင်းပါးကို ပုံနှိပ်စကားလုံးနဲ့ အကျယ်တဝင့်မြင်ရရင် ပိုကောင်းမှာ ...
ReplyDeleteကိုတေဇာရဲ့ ဘလော့ဂ်ကို ကျွန်မဆိုက် www.ainchannmyay.com မှာ လင့်ခ်ထားခွင့်ပြုပါ။
ReplyDeleteဒီပိုစ်အတွက်လည်း ကျေးဇူးထပ်တင်ပါတယ်။